ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ—ချီးမွမ်းပေးခြင်းဖြင့်
၁ စိတ်ရင်းမှန်ဖြင့် ချီးမွမ်းပေးခြင်းက လူတို့၏စိတ်ဓာတ်ကို အားတက်စေ၏၊ လုပ်ဆောင်ရန် လှုံ့ဆော်ပေးပြီး သူတို့ကို ပျော်ရွှင်စေသည်။ လယ်ကွင်းဓမ္မအမှုတွင် စိတ်ရင်းမှန်ဖြင့် အနည်းငယ်ချီးမွမ်းပေးခြင်းက လူတို့ကိုနားထောင်လာစေရန် အကူအညီဖြစ်စေကြောင်း ကြေညာသူများတွေ့ရှိခဲ့ကြပြီ။ လူတို့ထံ သတင်းကောင်းပြောပြသောအခါ သူတို့ကို မည်သို့ချီးမွမ်းနိုင်မည်နည်း။
၂ မျက်စိရှင်ရှင်ထားပါ– ဘုန်းထင်ရှားသော ယေရှုခရစ်သည် အာရှမိုင်းနားရှိ အသင်းတော်ခုနှစ်ခု၏ ကောင်းသောလုပ်ရပ်များကို သတိပြုမိခဲ့သည်။ (ဗျာ. ၂:၂၊ ၃၊ ၁၃၊ ၁၉; ၃:၈) ထပ်တူပင်၊ ဓမ္မအမှုတွင် ကျွန်ုပ်တို့တွေ့ဆုံသည့်လူတို့အပေါ် စစ်မှန်သောစိတ်ဝင်စားမှုရှိခြင်းက ချီးမွမ်းပေးရန် အခွင့်အရေးများရှာဖွေစေသည်။ ဥပမာ၊ ကောင်းစွာသန့်ရှင်းထားသောနေအိမ်၊ မိဘတစ်ဦးက သူ့ကလေးများကို ချစ်ခင်တွယ်တာမှု ပြနေသည်၊ အိမ်ရှင်၏ခင်မင်ရင်းနှီးသောအပြုံးနှင့် နှုတ်ဆက်စကားတို့သည် ကျွန်ုပ်တို့အတွက် ချီးမွမ်းပြောဆိုနိုင်သည့် အခွင့်အရေးများပင်ဖြစ်သည်။ အမှန်ပင်မျက်စိရှင်ရှင်ထားကာ ယင်းသို့သောအခွင့်အရေးများကို သင်အရယူပါသလော။
၃ ကောင်းစွာနားထောင်သူတစ်ဦးဖြစ်ပါ– အခြားသူတို့ကို ဟောပြောသောအခါ သင့်လျော်သောမေးခွန်းများ မေးခြင်းအားဖြင့် သူတို့အကြောင်းကို သူတို့ဘာသာပြောလာရန် သူတို့ကို ဖိတ်ခေါ်ပါ။ သူတို့ပြောဆိုသည့်အရာကို ကောင်းစွာအာရုံစိုက်နားထောင်ပေးခြင်းဖြင့် သူတို့ကို ဂုဏ်တင်ပါ။ (ရော. ၁၂:၁၀) သို့ဖြင့် စိတ်ရင်းမှန်ဖြင့် ချီးမွမ်းပြောဆိုနိုင်မည့် တစ်စုံတစ်ရာကို သင်တွေ့ရှိကောင်းတွေ့ရှိမည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက်သဘောတူညီနိုင်မည့်အရာကို အခြေချနိုင်မည်ဖြစ်သည်။
၄ ပိုင်းခြားသိမြင်မှုကို အသုံးပြုပါ– အိမ်ရှင်သည် ကျမ်းစာအမှန်တရားနှင့်မညီသည့် တစ်စုံတစ်ခုကို ပြောဆိုလာမည်ဆိုလျှင် ကျွန်ုပ်တို့ မည်သို့ပြုလုပ်သင့်သနည်း။ မှားယွင်းသောဖော်ပြချက်ကို ငြင်းခုံနေမည့်အစား အိမ်ရှင်၏ပြောဆိုချက်များအတွက် ကျေးဇူးတင်ကြောင်းပြောပြီး “ဒီကိစ္စကို မိတ်ဆွေတော်တော်အလေးထားတာကို ကျွန်တော်နားလည်ပါတယ်” စသည်ဖြင့် ဆက်ပြောဆိုနိုင်သည်။ (ကော. ၄:၆) ငြင်းခုံတတ်သူတစ်ဦးဖြစ်နေလျှင်ပင် သူငြင်းခုံသည့် အကြောင်းအရာတွင် စစ်မှန်သောစိတ်ဝင်စားမှုရှိသည့်အတွက် သူ့ကို ကျွန်ုပ်တို့ အဖန်ဖန်ချီးမွမ်းနိုင်သည်။ ထိုသို့သော နူးညံ့သိမ်မွေ့သည့်ချဉ်းကပ်နည်းက သတင်းကောင်းကို လုံးလုံးအတိုက်အခံပြုပုံပေါက်သူတစ်ဦးကို စိတ်ပျော့ပျောင်းစေနိုင်ပေမည်။—သု. ၂၅:၁၅။
၅ အားပေးမှုဖြစ်စေရန် ကျွန်ုပ်တို့၏ချီးမွမ်းပြောဆိုမှုသည် စိတ်ရင်းမှန်ဖြင့်ဖြစ်ရမည်။ ထိုသို့သောတည်ဆောက်မှုဖြစ်စေသည့် ပြောဆိုနည်းကို အသုံးပြုခြင်းက ယေဟောဝါကို ဂုဏ်တင်ပြီး အခြားသူတို့ကို နိုင်ငံတော်သတင်းတရားဘက်သို့ ဆွဲဆောင်စေပေမည်။