ချီးမွမ်းပေးခြင်းက အားရှိစေ
၁ ကလေးမတစ်ဦးက အိပ်ရာဝင်ချိန်တွင် “ဒီနေ့ သမီး လိမ္မာတယ်မဟုတ်လား” ဟု ရှိုက်ကြီးတငင်ဖြင့် ပြောရှာသည်။ ထိုမေးခွန်းက သူ၏မိခင်ကို အံ့အားသင့်စေသည်။ သူ၏သမီးငယ်လေးသည် ထိုနေ့တွင် အလွန်ကြိုးစားပြီး လိမ္မာစွာနေထိုင်ခဲ့ကြောင်းကို သတိပြုမိလျက်နှင့် ချီးမွမ်းစကား တစ်ခွန်းမျှ မပြောဆိုခဲ့ချေ။ ထိုကလေးမ၏မျက်ရည်များက လူကြီးလူငယ်မဟူ ကျွန်ုပ်တို့အားလုံး ချီးမွမ်းခြင်းကို လိုအပ်ကြကြောင်း သတိပေးချက်ဖြစ်စေသင့်၏။ လုပ်ဆောင်ခဲ့သောကောင်းမှုအတွက် ချီးမွမ်းစကားပြောဆိုခြင်းဖြင့် ကျွန်ုပ်တို့၏ဝန်းကျင်ရှိ လူတို့ကို အားရှိစေကြသလော။—သု. ၂၅:၁၁။
၂ ခရစ်ယာန်ချင်းများကို ချီးမွမ်းရန် အကြောင်းကောင်းများစွာရှိ၏။ အကြီးအကဲများ၊ ဓမ္မအမှုထမ်းများနှင့် ရှေ့ဆောင်များသည် သူတို့၏တာဝန်များကိုကျေပွန်ရန် ကြိုးစားလုပ်ဆောင်ကြသည်။ (၁ တိ. ၄:၁၀; ၅:၁၇) ဘုရားသခင်ကိုကြောက်ရွံ့သောမိဘများသည် သားသမီးများအား ယေဟောဝါ၏နည်းလမ်းတော်နှင့်အညီမွေးမြူရန် အစွမ်းကုန်ကြိုးစားကြသည်။ (ဧ. ၆:၄) ခရစ်ယာန်လူငယ်များသည် “လောကီဝိညာဉ်” ကိုတွန်းလှန်ရန် ကြိုးစားတိုက်လှန်ကြသည်။ (၁ ကော. ၂:၁၂; ဧ. ၂:၁-၃) အခြားသူတို့မှာ အသက်အရွယ်ကြီးခြင်း၊ ကျန်းမာရေးပြဿနာများ သို့မဟုတ် အခြားသောစုံစမ်းမှုများကြား ယေဟောဝါ၏အမှုတော်ကို သစ္စာရှိရှိ ထမ်းဆောင်ကြသည်။ (၂ ကော. ၁၂:၇) ထိုသူတို့အားလုံးသည် ချီးမွမ်းခံထိုက်၏။ သူတို့၏ချီးမွမ်းထိုက်သောကြိုးစားမှုများကို ကျွန်ုပ်တို့အသိအမှတ်ပြုကြသလော။
၃ တစ်ဦးစီနှင့် သတ်သတ်မှတ်မှတ်– ကျွန်ုပ်တို့အားလုံးသည် စင်မြင့်ပေါ်မှ ချီးမွမ်းသံကြားရသည်ကို အမှန်ပင်နှစ်သက်ကြသည်။ သို့သော် ကျွန်ုပ်တို့ကိုယ်တိုင်ကို တိုက်ရိုက်ချီးမွမ်းသည့်အခါ ပို၍ပင်အားရှိသည်။ ရောမမြို့သားများထံရေးသည့်စာ အခန်းကြီး ၁၆ တွင် ပေါလုသည် အခြားသူများအပါအဝင် ဖိဗေ၊ ပြစ်ကိလနှင့် အာကုလ၊ တရုဖဲနနှင့် တရုဖောသ၊ ပေရသိတို့ကို သတ်သတ်မှတ်မှတ်ချီးမွမ်းပြောဆိုခဲ့သည်။ (ရော. ၁၆:၁-၄၊ ၁၂) သူ၏စကားများက ထိုသစ္စာရှိသူများကို မည်မျှအားရှိစေခဲ့မည်တကား! ထိုသို့ချီးမွမ်းခြင်းက ကျွန်ုပ်တို့၏ညီအစ်ကိုညီအစ်မများသည် လိုအပ်သူများဖြစ်ကြောင်းကို စိတ်ချစေကာ ပိုမိုရင်းနှီးချစ်ခင်စေ၏။ သင်သည် မကြာသေးမီက ပုဂ္ဂိုလ်ရေးအရသတ်သတ်မှတ်မှတ် ချီးမွမ်းခဲ့ဖူးသလော။—ဧ. ၄:၂၉။
၄ နှလုံးထဲမှ– အမှန်တကယ်အားရှိစေရန် သဘောရိုးဖြင့် ချီးမွမ်းရမည်။ ကျွန်ုပ်တို့သည် နှလုံးထဲမှပြောဆိုခြင်းလော သို့မဟုတ် “လျှာနှင့်မြှောက်ပင့်” နေရုံမျှသာလောဟူသည်ကို လူတို့ခွဲခြားနိုင်သည်။ (သု. ၂၈:၂၃၊ သမ) အခြားသူများ၏ကောင်းကွက်များကို သတိပြုမိရန် ကျွန်ုပ်တို့ကိုယ်ကို လေ့ကျင့်ပေးသည်နှင့်အမျှ ကျွန်ုပ်တို့၏နှလုံးသည် ချီးမွမ်းရန် လှုံ့ဆော်ခံရပါလိမ့်မည်။ ‘အချိန်တန်၍ပြောသောစကားသည် အလွန်လျောက်ပတ်’ ကြောင်းသိရှိကာ သဘောရိုးဖြင့် များများချီးမွမ်းနိုင်ကြပါစေ!—သု. ၁၅:၂၃။