သင်၏ ရှေးဦးစွာသောချစ်ခြင်းမေတ္တာမပျောက်စေပါနှင့်
၁ ဘုန်းရှိသောယေရှုသည် ပထမရာစုမှ ဧဖက်အသင်းတော်အား “သင်သည် ရှေးဦးစွာသောချစ်ခြင်းမေတ္တာလျော့ပြီဟု သင်၌ အပြစ်တင်စရာရှိ၏” ဟူ၍ဆုံးမခဲ့သည်။ (ဗျာ. ၂:၄) အများစုမှာ ယေဟောဝါအပေါ်ထားသော သူတို့၏ ရှေးဦးစွာသောချစ်ခြင်းမေတ္တာ ပျောက်ဆုံးသွားကြောင်း ထင်ရှားခဲ့သည်။ သမ္မာတရားကို ကျွန်ုပ်တို့လေ့လာခဲ့ကြစဉ်က ဘုရားသခင်နှင့် အိမ်နီးချင်းအပေါ်ထားသည့် ခိုင်မြဲသောချစ်ခြင်းမေတ္တာကို ပြုစုပျိုးထောင်ခဲ့ကြပြီး ယင်းက ကျွန်ုပ်တို့အသစ်တွေ့ရှိထားသော မျှော်လင့်ချက်ကို ဇွဲနှင့်ပြောဆိုရန် လှုံ့ဆော်ပေးခဲ့သည်။ ကျွန်ုပ်တို့၏ ရှေးဦးစွာသောချစ်ခြင်းမေတ္တာ ပျောက်မသွားစေရန်နှင့် ဓမ္မအမှုတွင် ဇွဲလျော့မသွားစေရန် အဘယ်အရာက ကာကွယ်ပေးမည်နည်း။
၂ ကိုယ်ပိုင်လေ့လာမှုနှင့် အစည်းအဝေးတက်ခြင်း– သမ္မာတရားကို ကျွန်ုပ်တို့စလေ့လာချိန်တွင် အဘယ်အရာက ဘုရားသခင်နှင့် အိမ်နီးချင်းအပေါ် ချစ်သောမေတ္တာကို တိုးပွားရင့်သန်စေသနည်း။ ယေဟောဝါအကြောင်း သမ္မာကျမ်းစာမှ လေ့လာခြင်းဖြင့်မဟုတ်ပေလော။ (၁ ယော. ၄:၁၆၊ ၁၉) ထို့ကြောင့် ကျွန်ုပ်တို့သည် “မေတ္တာပါရမီ တိုးပွား၍ပြည့်စုံ” နေရန် “ဘုရားသခင်၏နက်နဲသောအရာ” ကို ရှာဖွေလေ့လာကာ တိကျမှန်ကန်သောအသိပညာကို ဆက်လက်ဆည်းပူးနေရမည်။ —ဖိ. ၁:၉-၁၁; ၁ ကော. ၂:၁၀။
၃ စိုးရိမ်ပူပန်မှုနှင့် စိတ်ပျံ့လွင့်စရာများပြည့်နှက်နေသည့် ဤနောက်ဆုံးကာလတွင် ကိုယ်ပိုင်လေ့လာမှုအစီအစဉ်ကောင်းကို ထိန်းသိမ်းထားရန်မှာ တကယ့်စိန်ခေါ်ချက်တစ်ခု ဖြစ်နိုင်သည်။ (၂ တိ. ၃:၁) ကျွန်ုပ်တို့သည် ဝိညာဉ်အစာစားသုံးရန် အချိန်ဇယားဆွဲထားရမည်။ အထူးသဖြင့် “တရားစီရင်တော်မူရာနေ့ရက်နီးကပ်လာ” သဖြင့် အသင်းတော်အစည်းအဝေးများ မှန်မှန်တက်ခြင်းသည်လည်း အရေးပါသည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅၊ ခမ။
၄ ဓမ္မအမှု– ဓမ္မအမှုတွင် ထက်သန်စွာပါဝင်ခြင်းက ဘုရားသခင်အပေါ်ထားသော ကျွန်ုပ်တို့၏ ရှေးဦးစွာသောချစ်ခြင်းမေတ္တာကို ဆက်ထိန်းထားစေနိုင်သည်။ သတင်းကောင်းဟောပြောခြင်းက ယေဟောဝါ၏ မေတ္တာပြည့်ဝသောကတိတော်များကို သတိရနေစေသည်။ ယင်းက ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို တောက်ပစေရန်နှင့် ကျွန်ုပ်တို့၏ချစ်ခြင်းမေတ္တာကို ရှင်သန်နေစေရန် ကူညီပေးသည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာအမှန်တရားကို သွန်သင်ပေးရန် ကိုယ်တိုင်ရှင်းရှင်းလင်းလင်း နားလည်ဖို့ စေ့စေ့စပ်စပ်လေ့လာရမည်ဖြစ်သည်။ ယင်းသို့ပြုခြင်းက ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေသည်။—၁ တိ. ၄:၁၅၊ ၁၆။
၅ ယေဟောဝါသည် ကျွန်ုပ်တို့၏မေတ္တာအပါအဝင် အရာခပ်သိမ်း၏ချီးမွမ်းမှုကို ခံထိုက်တော်မူ၏။ (ဗျာ. ၄:၁၁) သင်၏မေတ္တာကို မပျောက်ဆုံးစေပါနှင့်။ ကိုယ်ပိုင်လေ့လာမှုကို စွဲစွဲမြဲမြဲပြုလုပ်ခြင်း၊ အစည်းအဝေးများ မှန်မှန်တက်ခြင်း၊ သင့်အတွက် တန်ဖိုးအရှိဆုံးအရာကို အခြားသူများအား စိတ်အားထက်သန်စွာပြောပြခြင်းဖြင့် သင်၏ ရှေးဦးစွာသောမေတ္တာကို ဆက်ခိုင်မြဲပါလေစေ။—ရော. ၁၀:၁၀၊ ၁၁။