ကျမ်းစာသင်အံမှုတစ်ခုကျင်းပရန် ပန်းတိုင်ထားပါ
၁ “စပါးရိတ်ခြင်းအလို့ငှာ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကို မျှော်၍ကြည့်ကြလော့။” (ယော. ၄:၃၅) ယေရှုခရစ်မိန့်ဆိုခဲ့သည့် ထိုစကားများသည် ယနေ့ ခရစ်ယာန်ဓမ္မအမှုဆောင်များ ရင်ဆိုင်နေရသောအခြေအနေနှင့် လုံးဝသက်ဆိုင်သည်။
၂ ယေဟောဝါ၏နည်းလမ်းတော်များကို သင်ယူလိုစိတ်ရှိသော စိတ်ရိုးဖြောင့်သူများကို တွေ့ရှိနေရဆဲဖြစ်သည်။ ယင်းကို နှစ်စဉ် တပည့်သစ်များ နှစ်ခြင်းခံသည့်အရေအတွက်က ဖော်ပြသည်။ သင်သည် ကျမ်းစာသင်အံမှုတစ်ခု အမှန်တကယ်ကျင်းပလိုပါက အဘယ်အရာပြုလုပ်နိုင်သနည်း။
၃ ပန်းတိုင်တစ်ခုထားပါ– ဦးစွာ၊ ကျမ်းစာသင်အံမှုတစ်ခု စတင်ပြီး ပုံမှန်ကျင်းပရန် ပန်းတိုင်ထားပါ။ ထိုပန်းတိုင်ကို စိတ်စွဲမှတ်ထားပြီး လယ်ကွင်းလုပ်ငန်းတွင် ပါဝင်ပါ။ ကျွန်ုပ်တို့၏ခရစ်ယာန်တာဝန်တွင် ဟောပြောခြင်းနှင့်အတူ သွန်သင်ခြင်းလည်း ပါဝင်သောကြောင့် ကျွန်ုပ်တို့အားလုံးသည် ကျမ်းစာသင်အံမှုလုပ်ငန်းတွင် တိုး၍ပါဝင်နိုင်ရန် အခွင့်အရေးများရှာကြံသင့်သည်။—မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀။
၄ စိတ်စွဲမှတ်ထားရမည့် အခြားအချက်များ– နိုင်ငံတော်သတင်းကြွေးကြော်သူများအနေဖြင့် စိတ်အားထက်သန်စွာ ဆုတောင်းရမည်။ တစ်ခါတစ်ရံ၊ ဘုရားသခင်အကြောင်း ပို၍သိလာနိုင်ရန် ကူညီပေးပါဟု ဆုတောင်းထားသူများကို ကျွန်ုပ်တို့တွေ့ရတတ်သည်။ ထိုသို့သောသူများကို ရှာဖွေပြီး သွန်သင်ပေးရာတွင် ယေဟောဝါ၏အသုံးတော်ခံရခြင်းက အခွင့်ထူးပါတကား!—ဟဂ္ဂဲ ၂:၇; တ. ၁၀:၁၊ ၂။
၅ ညီအစ်မတစ်ဦးသည် ကျမ်းစာသင်အံမှုတစ်ခုရလိုကြောင်း ဆုတောင်းပြီးနောက် သမ္မာကျမ်းစာအကြောင်း သင်ပိုမိုသိလိုပါသလော ဝေစာများကို သူအလုပ်လုပ်သည့်နေရာတွင် တင်ထားလိုက်သည်။ အမျိုးသမီးတစ်ဦးသည် ဝေစာတစ်စောင်ကို ကောက်ယူဖတ်ရှုပြီးနောက် နောက်ကျောပါ ကူပွန်တွင် ဖြည့်လေသည်။ သို့ဖြင့် ညီအစ်မသည် သူနှင့်စကားပြောပြီး ကျမ်းစာသင်အံမှုတစ်ခု စတင်နိုင်ခဲ့သည်။
၆ ကျမ်းစာသင်အံမှုများ စတင်ရာတွင်၊ ကျင်းပရာတွင် အောင်မြင်နေသော ကြေညာသူချင်းများသည် ကျမ်းစာသင်အံမှုတစ်ခုကျင်းပရန်ဟူသော သင့်ပန်းတိုင်သို့ရောက်ရန် သင့်ကို ကူညီပေးနိုင်ပါသည်။ ကျမ်းစာသင်အံမှုတစ်ခုရရှိရန် ဘုရားသခင်ထံဆုတောင်းပြီး ထိုပန်းတိုင်ရောက်ရန် ရရှိနိုင်သောအကူအညီအားလုံးကို ကောင်းစွာအသုံးချပါလေ။ ကျမ်းစာသင်အံမှုကျင်းပခြင်း၏ ရွှင်လန်းမှုကို မကြာမီ သင်ခံစားရပါလိမ့်မည်။