ယေဟောဝါ၏ကျွေးမွေးမှုကို ခံယူရမည့် ရွှင်လန်းဖွယ်အခါသမယ
၁။ ယေဟောဝါသည် မိမိကျေးကျွန်များ၏ ဝိညာဏလိုအပ်ရာများကို မည်သို့ဂရုစိုက်တော်မူသနည်း။
၁ ယေဟောဝါသည် မိမိကျေးကျွန်များ၏ ဝိညာဏလိုအပ်ချက်ကို မေတ္တာပါစွာ ဂရုစိုက်တော်မူသည်။ လောကရှိလူအများစုသည် ဝိညာဉ်ရေးအရ ငတ်မွတ်နေသော်လည်း ကျွန်ုပ်တို့သည် အမှန်ပင် ကြွယ်ဝစွာစားသုံးခွင့်ရကြသည်။ (ဟေရှာ. ၆၅:၁၃) ယေဟောဝါသည် ကျွန်ုပ်တို့ကို နှစ်စဉ် ခရိုင်စည်းဝေးကြီးများမှတစ်ဆင့် ဝိညာဏအစာ ကျွေးမွေးလျက်ရှိသည်။ “ဘုရားသခင့်စွမ်းအားတော် ဦးဆောင်လမ်းပြမှု” ဟူသော လာမည့်ခရိုင်စည်းဝေးကြီး၏ အစီအစဉ်အားလုံးကို တက်ရောက်ရန် သင် ကြိုတင်ပြင်ဆင်နေသလော။ အာဟာရပြည့်ဝပြီး အရသာရှိလှသော ဝိညာဏစားသောက်ပွဲကြီးကို ပြင်ဆင်ထားပါသည်။
၂။ စည်းဝေးကြီးအတွက်ကြိုတင်ပြင်ဆင်ရာတွင် အဘယ်အရာပါဝင်သနည်း။
၂ ကြိုတင်စီစဉ်ပါ– “လုံ့လဝီရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝခြင်းနှင့် . . . ဆိုင်ပေ၏။” (သု. ၂၁:၅) ထို့ကြောင့် စည်းဝေးကြီးသုံးရက်စလုံးတွင်ပါဝင်ရန် ကြိုတင်ပြင်ဆင်ရာတွင် အလုပ်မှ ခွင့်ယူရန်လိုအပ်ပါက သင်၏အလုပ်ရှင်ကို ယခုကတည်းက ခွင့်တောင်းထားပါ။ ညအိပ်တည်းခိုရန် နေရာထိုင်ခင်းလိုအပ်ပါက ယင်းအတွက် သင်စီစဉ်ပြီးပြီလော။ စည်းဝေးကြီးကျင်းပရာနေရာတွင် ညီအစ်ကိုညီအစ်မများနှင့် နေ့လယ်စာ အတူတကွစားသုံးနိုင်ရန်အတွက်လည်း သင်စီစဉ်လိုပေမည်။ ထိုင်ခုံနေရာရရန်နှင့် အဖွင့်သီချင်းနှင့်ဆုတောင်းချက်တွင် ပါဝင်နိုင်ရန် စည်းဝေးကြီးသို့ အချိန်မီရောက်ရှိနိုင်ဖို့ စီစဉ်ပါ။
၃။ မည်သည့်အဝတ်အစားမျိုးကို ဝတ်ဆင်ရန် စီစဉ်သင့်သနည်း။
၃ ကျွန်ုပ်တို့၏အဝတ်အစားသည် သန့်ရှင်းသပ်ရပ်ပြီး ဣန္ဒြေရှိကြောင်း သေချာစေသင့်သည်။ (၁ တိ. ၂:၉၊ ၁၀) ခရိုင်စည်းဝေးကြီးများသည် လူများကို သက်သေခံရန် အကောင်းဆုံးအခွင့်အရေးရသောအချိန် ဖြစ်သည်။ စည်းဝေးကြီးကျင်းပရာမြို့တွင် ကျွန်ုပ်တို့သည် လျောက်ပတ်စွာ ဝတ်စားဆင်ယင်ပြီး စည်းဝေးကြီးရင်ထိုးကတ်များကို တပ်ဆင်ခြင်းဖြင့် မယုံကြည်သူများနှင့်မတူကြောင်း အကဲခတ်နေသူများ သတိပြုမိကာ အထင်ကြီးလေးစားမှုဖြစ်စေနိုင်သည်။
၄။ အစီအစဉ်မှ အကျိုးအပြည့်အဝရရန် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏မိသားစုကို အဘယ်အရာက အကူအညီဖြစ်စေသနည်း။
၄ ကောင်းစွာနားထောင်ပါ– ဤစည်းဝေးကြီးအစီအစဉ်မှ မည်သည့်အကြောင်းအရာကိုမျှ ကျွန်ုပ်တို့ လက်လွတ်မခံလိုကြပါ။ (သု. ၂၂:၁၇၊ ၁၈) ကျမ်းချက်များဖွင့်ဖတ်ခြင်းနှင့် တိုတုတ်သောမှတ်ချက်များယူခြင်းသည် အစီအစဉ်တွင် အပြည့်အဝအာရုံစိုက်ရန်နှင့် စိတ်မပျံ့လွင့်ရန် ကျွန်ုပ်တို့ကို အကူအညီဖြစ်စေသည်။ ထို့နောက် ညနေပိုင်းတွင် အစီအစဉ်မှပေါ်လွင်ချက်များကို အခြားသူများနှင့် ဆွေးနွေးရန် ထိုမှတ်ချက်များကို အသုံးပြုနိုင်သည်။ မကြာသေးမီနှစ်များတွင် လူငယ်အချို့သည် စည်းဝေးကြီးတွင် အတူထိုင်ကာ အစီအစဉ်ကျင်းပနေစဉ်အတွင်း စကားပြောဆိုနေကြောင်း သို့မဟုတ် ဆဲလ်ဖုန်းဖြင့် စာပေးပို့နေကြောင်း သတိပြုမိသည်။ ထို့ကြောင့် မိဘတို့သည် ဆယ်ကျော်သက်များအပါအဝင် ကလေးငယ်များကို အခြားလူငယ်များနှင့်အတူထိုင်ရန် ခွင့်ပြုမည့်အစား မိမိတို့နှင့်အတူထိုင်စေပြီး မိသားစုလိုက် အစီအစဉ်ကိုနားထောင်ပါက အလွန်အကျိုးရှိပေမည်။
၅။ စည်းဝေးကြီးတွင် ပျော်မွေ့ရန် ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်နိုင်သနည်း။
၅ ပေါင်းသင်းမှုတွင် ပျော်မွေ့ပါ– အရသာရှိသောအစာကို မိတ်ဆွေများနှင့်အတူ စားသုံးသောအခါ ပိုခံတွင်းတွေ့သည်။ (သု. ၁၅:၁၇) အလားတူ၊ စည်းဝေးကြီးတွင် ညီအစ်ကိုညီအစ်မများနှင့် ပေါင်းသင်းရခြင်းသည် ကျွန်ုပ်တို့ကို ပို၍ပျော်ရွှင်စေသည်။ ထို့ကြောင့် အစီအစဉ်မစတင်မီ တက်ရောက်လာသူများကို ကိုယ်တိုင်အစပြုနှုတ်ဆက်ကာ ပေါင်းသင်းရခြင်းသည် အလွန်နှစ်သက်ဖွယ်ကောင်းလှသည်။ (ဆာ. ၁၃၃:၁) တေးသံမစတင်မီ နေရာယူရန် သဘာပတိက အသိပေးသောအခါ ကျွန်ုပ်တို့သည် စကားဆက်မပြောတော့ဘဲ အစီအစဉ်အတွက် နေရာယူသင့်သည်။
၆။ စည်းဝေးကြီးကျင်းပရာမြို့တွင် လူများကို မည်သို့သက်သေခံနိုင်ကြောင်း ဖော်ပြသည့် ကိုယ်ပိုင်တွေ့ကြုံမှုတစ်ခု ပြောပြပါ။
၆ သက်သေခံရန် အခွင့်အရေးရှာပါ– စည်းဝေးကြီးအချိန်သည် သက်သေခံရန် အကောင်းဆုံးအခွင့်အရေးရလေ့ရှိသည်။ အစီအစဉ်ပြီးနောက် စားသောက်ဆိုင်သွားကြသူများကို စားပွဲထိုးများနှင့်အခြားသူများက ရင်ထိုးကတ်တွင် ရေးထားသော စည်းဝေးကြီး၏ခေါင်းစဉ်အကြောင်း မေးမြန်းတတ်သည်။ ယင်းက စကားလက်ဆုံပြောရန်နှင့် အမှန်တရားအကြောင်း သက်သေခံရန် အခွင့်အရေးရစေသည်။ မေးမြန်းသူအချို့ကို စည်းဝေးကြီးတက်ရောက်ရန် ဖိတ်ခေါ်ခဲ့ရာ သူတို့ တက်ရောက်ခဲ့ကြသည်။
၇။ လာမည့်ခရိုင်စည်းဝေးကြီးကို အဘယ်ကြောင့် တက်ရောက်သင့်သနည်း။
၇ ဤအစီအစဉ်ကို ကြိုတင်ပြင်ဆင်ရန်၊ စည်းဝေးကြီးကျင်းပရာအဆောက်အဦကို စီစဉ်ရန်၊ စည်းဝေးကြီးဌာနများကို ဖွဲ့စည်းရန်နှင့် ဟောပြောချက်များကို ပြင်ဆင်ရန် နာရီပေါင်းများစွာ အသုံးပြုရသည်။ ဤစည်းဝေးကြီးဖြစ်မြောက်ရေးအတွက် ပြင်ဆင်ရာတွင် မေတ္တာပါသော လုပ်ဆောင်မှုအားလုံးသည် လူမျိုးတော်အပေါ် ယေဟောဝါ၏ဂရုစိုက်မှုကို ဖော်ပြသည်။ ကျွန်ုပ်တို့အားလုံး ပါဝင်တက်ရောက်ပြီး အပြည့်အဝအကျိုးရယူနိုင်ကြပါစေ။ ထိုသို့ပြုခြင်းဖြင့် လောကနှင့်မတူဘဲ ကျွန်ုပ်တို့သည် “ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုကြလိမ့်မည်။”—ဟေရှာ. ၆၅:၁၄။
[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]
ခရိုင်စည်းဝေးကြီးသတိပေးချက်များ
◼ အစီအစဉ်အချိန်များ– အစီအစဉ်ကို သုံးရက်စလုံး နံနက် ၉:၂၀ နာရီတွင် စတင်မည်။ နံနက် ၈:၀၀ နာရီတွင် တံခါးများကိုဖွင့်မည်။ ပဏာမတေးသံသာစတင်သောအခါ မိမိတို့၏ထိုင်ခုံများ၌ အားလုံးထိုင်နေသင့်သည်၊ သို့မှသာ အစီအစဉ်ကို သိက္ခာရှိရှိ၊ စနစ်တကျစတင်နိုင်မည်ဖြစ်သည်။ သောကြာနေ့နှင့် စနေနေ့တွင် ညနေ ၄:၅၅ နာရီ၌၊ တနင်္ဂနွေနေ့တွင်မူ ညနေ ၄:၀၀ နာရီ၌ အစီအစဉ်ကို နိဂုံးချုပ်ပါမည်။
◼ ထိုင်ခုံဦးခြင်း– သင်နှင့်အတူ တစ်ကားတည်းစီးလာသူများ သို့မဟုတ် သင်နှင့်အတူ တစ်အိမ်တည်းနေသူများအတွက်သာ ထိုင်ခုံများဦးထားနိုင်သည်။
◼ နေ့လယ်စာ– နေ့လယ်ခေတ္တရပ်နားချိန်တွင် စည်းဝေးကြီးနေရာမှ အပြင်ထွက်ကာ အစားအစာသွားဝယ်စားမည့်အစား ကျေးဇူးပြု၍ နေ့လယ်စာယူလာပါ။ အရက်ယမကာများကို စည်းဝေးကြီးအဆောက်အအုံထဲသို့ ယူလာခွင့်မပြုပါ။
◼ အလှူငွေ– နိုင်ငံတော်ခန်းမတွင် သို့မဟုတ် စည်းဝေးကြီးတွင် ကမ္ဘာချီလုပ်ငန်းအတွက် စေတနာအလျောက် အလှူငွေများထည့်ဝင်ခြင်းဖြင့် စည်းဝေးကြီးအစီအစဉ်ကို ကျေးဇူးတင်လေးမြတ်ကြောင်း ပြသနိုင်သည်။
◼ မတော်တဆထိခိုက်မှုများနှင့် အရေးပေါ်အခြေအနေများ– စည်းဝေးကြီးကျင်းပသည့်နေရာတွင် ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် ရှေးဦးသူနာပြုဌာနသို့ ချက်ချင်းအကြောင်းကြားပေးမည့် အနီးအနားရှိ ဧည့်ကြိုတစ်ဦးနှင့် ကျေးဇူးပြု၍ဆက်သွယ်ပါ၊ သို့မှသာ ကျွန်ုပ်တို့၏အရည်အချင်းရှိ ရှေးဦးသူနာပြုများက အခြေအနေသည် စိုးရိမ်စရာရှိမရှိ အကဲဖြတ်ကာ အကူအညီပေးနိုင်ပါလိမ့်မည်။
◼ ဆက်လိုက်ပေးပါပုံစံ– စည်းဝေးကြီးအတွင်း အလွတ်သဘောသက်သေခံသည့်အခါ စိတ်ဝင်စားမှုပြသူများ၏ အချက်အလက်များကို မှတ်သားရန် ကျေးဇူးပြု၍ဆက်လိုက်ပေးပါ (S-43) ပုံစံကို အသုံးပြုသင့်သည်။ ကြေညာသူများသည် ဆက်လိုက်ပေးပါပုံစံတစ်ရွက်နှစ်ရွက်ကို စည်းဝေးကြီးသို့ ယူလာသင့်သည်။ ဖြည့်စွက်ပြီးသောပုံစံများကို စာအုပ်စာတမ်းကောင်တာ သို့မဟုတ် သင့်အသင်းတော်သို့ပြန်ရောက်သည့်အခါ အတွင်းရေးမှူးကို ပေးနိုင်သည်။—၂၀၀၅၊ ဖေဖော်ဝါရီလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စ. ၆ တွင်ကြည့်ပါ။
◼ စားသောက်ဆိုင်များ– စားသောက်ဆိုင်များတွင် သင်၏အမူအကျင့်ကောင်းများဖြင့် ယေဟောဝါ၏နာမတော်ကို ဂုဏ်တင်ပါ။