ကပ်ကျော်ရန်အတွက် သင့်မိသားစုပြင်ဆင်နေပါသလော
၁ ပြည့်စုံပြီးသောကျမ်းစာပရောဖက်ပြုချက်သည် ဆိုးသွမ်းသောဤလောက၏အဆုံး အလျင်အမြန်ချဉ်းကပ်နေကြောင်း ယုံကြည်စိတ်ချရသောသက်သေကိုပေးသည်။ ယခု ကျွန်ုပ်တို့အသက်ရှင်နေသည့် ခဲယဉ်းသောကာလသည် ရေလွှမ်းမိုးခြင်းမတိုင်မီအချိန်နှင့် အလွန်ဆင်တူသည်။ (မ. ၂၄:၃၇-၃၉) နောဧသည် “ဘုရားသခင်နှင့်အတူသွားလာ” သောကြောင့် ထိုရှေးလောကဖျက်ဆီးခြင်းမှ ကပ်ကျော်ခဲ့သည်။ (က. ၆:၉) နောဧ၏မိသားစုသည်လည်း ရေလွှမ်းမိုးခြင်းကို ကပ်ကျော်ခဲ့သောကြောင့် နောဧသည် သူတို့အား ယေဟောဝါ၏နည်းလမ်းတော်များအကြောင်း သင်ပေးခဲ့သည်မှာသေချာသည်။ နောဧကို အဘယ်နည်းဖြင့် တုပနိုင်ပြီး ဤအစီအစဉ်စနစ်ဆိုး၏ဆုံးခန်းကို မိသားစုလိုက်ကပ်ကျော်ရန် မည်သို့ပြင်ဆင်နိုင်သနည်း။
၂ ဖြောင့်မတ်ခြင်းတရားဟောပြောသူ– နောဧသည် “ဖြောင့်မတ်ခြင်းတရား ဟောပြောသူ” အဖြစ် နှစ်ပေါင်း ၄၀၊ ၅၀ ခန့်အထိ စွဲစွဲမြဲမြဲအမှုဆောင်ခဲ့သည်။ (၂ ပေ. ၂:၅၊ ကဘ) သူ၏အိမ်နီးနားချင်းများသည် လူယောင်ဖန်ဆင်းသော ပုန်ကန်သည့်ကောင်းကင်တမန်များ၏ ဩဇာလွှမ်းမိုးမှုခံခဲ့ရသည်ဖြစ်စေ၊ မခံခဲ့ရသည်ဖြစ်စေ သူ၏ဟောပြောခြင်းကို ပြောင်လှောင်ခဲ့ကြသည်။ ကျွန်ုပ်တို့၏ဓမ္မအမှုသည် လျစ်လျူရှုခံရ၊ ပြောင်လှောင်ခံရလေ့ရှိသည်၊ ယင်းက ဤအစီအစဉ်စနစ်၏အဆုံးနီးပြီဖြစ်ကြောင်း သက်သေပြနေသည်။ (၂ ပေ. ၃:၃၊ ၄) သို့သော် နောဧခေတ်ရှိလူတို့နှင့်မတူဘဲ လူများစွာတို့သည် ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုများကို တုံ့ပြန်နေကြပြီး ယေဟောဝါ၏ဝတ်ပြုကိုးကွယ်ရေးသို့ “စီတန်းတက်လာကြ” သည်။ (ဟေရှာ. ၂:၂၊ သမ္မာ) ကျွန်ုပ်တို့သည် စွဲစွဲမြဲမြဲအမှုဆောင်မှသာလျှင် ‘ကိုယ်ကိုလည်းကောင်း၊ နားထောင်သောသူတို့အားလည်းကောင်း’ ကယ်တင်လိမ့်မည်။ (၁ တိ. ၄:၁၆) ထို့ကြောင့် မိဘများအနေနှင့် ဟောပြောခြင်းလုပ်ငန်း၏အရေးတကြီးဖြစ်မှုကို မိမိတို့ကလေးများအား အပြောနှင့်ရော ပုံသက်သေအားဖြင့်ပါ သင်ပေးရန် အလွန်အရေးကြီးသည်!—၂ တိ. ၄:၂။
၃ “မှာထားတော်မူသည်အတိုင်း” လုပ်ဆောင်ခဲ့– နောဧနှင့် သူ၏မိသားစု ကပ်ကျော်ခြင်းသည် ယေဟောဝါ၏ညွှန်ကြားချက်များကို ဂရုတစိုက်လိုက်လျှောက်ခြင်းအပေါ် မူတည်ခဲ့သည်။ (က. ၆:၂၂) ယနေ့ ကျွန်ုပ်တို့လည်း သမ္မာကျမ်းစာနှင့် သစ္စာရှိကျွန်မှလာသောလမ်းညွှန်ချက်ကို “နာခံရန် အသင့်ရှိ” ဖို့အရေးကြီးသည်။ (ယာ. ၃:၁၇၊ ကဘ) မိသားစုတစ်စုရှိ အရွယ်ရောက်နေပြီဖြစ်သောသားသမီးများသည် ယေဟောဝါအဖွဲ့အစည်းမှရရှိသော အကြံပေးချက်များကို သူတို့၏ဖခင်က မည်သို့လက်တွေ့ကျင့်သုံးခဲ့ကြောင်း ပြန်အမှတ်ရကြသည်။ ဥပမာ၊ သူသည် အကြံပြုထားသကဲ့သို့ အပတ်တိုင်း မိသားစုသင်အံမှုကျင်းပခဲ့ပြီး ရက်သတ္တပတ်အဆုံးတိုင်း မိသားစုကို ဓမ္မအမှုသို့ ခေါ်သွားခဲ့သည်။ သူသည် ဓမ္မအမှုတွင် တစ်ပတ်လျှင် ကလေးတစ်ယောက်နှင့်တွဲရန် ကြိုးစားခဲ့သည်။ “မှာထားတော်မူသည်အတိုင်း” လုပ်ဆောင်ရာတွင် သူ၏တည်ကြည်မြဲမြံမှုက သူ့ကလေးများအား များစွာစွဲမှတ်စေခဲ့သည်၊ ကလေးခြောက်ယောက်စလုံး ယေဟောဝါ၏သစ္စာရှိကျေးကျွန်များအဖြစ် ကြီးပြင်းလာခဲ့ကြသည်။
၄ ဤအစီအစဉ်စနစ်၏အဆုံးသည် ရုတ်တရက်ရောက်လာမည်။ (လု. ၁၂:၄၀) ကယ်တင်ခြင်းအတွက် နောဧကိုတုပပြီး ယုံကြည်ခြင်းတင်ပြခြင်းအားဖြင့် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏မိသားစုသည် အမှန်တကယ် အဆင်သင့်ဖြစ်ကြပါလိမ့်မည်!—ဟေဗြဲ ၁၁:၇။