အသင်းတော်အစည်းအဝေး အစီအစဉ်သစ်
၁၊ ၂။ ၂၀၀၉၊ ဇန်နဝါရီမှစ၍ အစည်းအဝေးများတွင် အဘယ်အပြောင်းအလဲများရှိမည်နည်း။
၁ ကမ္ဘာတစ်ဝန်းရှိ ညီအစ်ကိုညီအစ်မများသည် ၂၀၀၈၊ ဧပြီ ၂၁-၂၇ အပတ်အတွင်း ဤစိတ်လှုပ်ရှားဖွယ်ကြေညာချက်တစ်ရပ်ကို ကြားသိခဲ့ကြသည်။ “၂၀၀၉၊ ဇန်နဝါရီ ၁ ရက်မှစ၍ အသင်းတော်စာအုပ်ကြီးသင်တန်းကို သီအိုကရက်တစ်ဓမ္မအမှုကျောင်း၊ လုပ်ငန်းတော်အစည်းအဝေးတို့နှင့်အတူ တစ်ချိန်တည်း ကျင်းပပါမည်။ အသင်းတော်စာအုပ်ကြီးသင်တန်း၏အမည်ကို အသင်းတော်ကျမ်းစာလေ့လာမှုဟု ပြောင်းလဲပါမည်။”
၂ ထိုပတ်စဉ်အစည်းအဝေးအတွက် အစီအစဉ်– သီချင်းနှင့်ဆုတောင်းချက်များအပါအဝင် ဤအစည်းအဝေး၏ စုစုပေါင်းကြာချိန်မှာ ၁ နာရီနှင့် ၄၅ မိနစ်ဖြစ်သည်။ အစည်းအဝေးသည် သီချင်းနှင့်ဆုတောင်းချက် (၅ မိ.) ဖြင့်အစပြုကာ အသင်းတော်ကျမ်းစာလေ့လာမှု (၂၅ မိ.) ကိုကျင်းပပါမည်။ ထို့နောက် သီအိုကရက်တစ်ဓမ္မအမှုကျောင်း (၃၀ မိ.) ကို ဆက်ကျင်းပပါမည်။ ပြီးနောက် သီချင်းတစ်ပုဒ် (၅ မိ.) ဖြင့်အစပြုကာ လုပ်ငန်းတော်အစည်းအဝေး (၃၅ မိ.) ကို ဆက်ကျင်းပပါမည်။ သီချင်းနှင့်ဆုတောင်းချက် (၅ မိ.) ဖြင့် အစည်းအဝေးကို နိဂုံးချုပ်ပါမည်။ ထိုအစည်းအဝေးများအတွက် ပြင်ဆင်နိုင်ရန် အထောက်အကူအဖြစ် အသင်းတော်ကျမ်းစာလေ့လာမှု၊ သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့် လုပ်ငန်းတော်အစည်းအဝေး၏ အစီအစဉ်ကို ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင် လစဉ် ဖော်ပြသွားပါမည်။
၃။ အသင်းတော်ကျမ်းစာလေ့လာမှုကို မည်သို့ကိုင်တွယ်မည်နည်း။
၃ အသင်းတော်ကျမ်းစာလေ့လာမှု– ဤအစည်းအဝေးသည် ကင်းမျှော်စင်သင်တန်းနှင့် ဆင်တူပါလိမ့်မည်။ ယခင်အပတ်အကြောင်းအရာကို ပြန်လည်သုံးသပ်ခြင်းဖြင့် အစပြုရန် မလိုအပ်ပါ။ ယင်းအစား တိုတုတ်သောနိဒါန်းဖြင့် အစပြုသင့်သည်။ ယင်းက တက်ရောက်လာသူအားလုံးကို မှတ်ချက်တိုများ ပေးစေနိုင်ပါလိမ့်မည်။ ဦးစီးကြီးကြပ်မှူးသည် ဤအစည်းအဝေးကို အကြီးအကဲများ တစ်ပတ်လျှင်တစ်ဦး အလှည့်ကျကိုင်တွယ်ရန် တာဝန်ခန့်အပ်ပေးပါလိမ့်မည်။
၄။ လုပ်ငန်းတော်အစည်းအဝေးသည် မည်မျှပြောင်းလဲမှုရှိမည်နည်း။
၄ လုပ်ငန်းတော်အစည်းအဝေး– လုပ်ငန်းတော်အစည်းအဝေးသည် ယခင်အတိုင်းဖြစ်မည်ဖြစ်သော်လည်း အပိုင်းများသည် ပို၍တိုသွားပါလိမ့်မည်။ ကြေညာချက်သည် များသောအားဖြင့် ငါးမိနစ်ဖြစ်ပါလိမ့်မည်။ ယင်းသည် အရေးကြီးသောကြေညာချက်များနှင့် ဌာနခွဲမှ စာအချို့အတွက် အချိန်လုံလောက်သင့်သည်။ လယ်ကွင်းလုပ်ငန်းနှင့် သန့်ရှင်းရေးအစီအစဉ်များ၊ စာရင်းအင်းမှတ်တမ်း၊ ဌာနခွဲရုံးမှ ပုံမှန်ပို့စာများကဲ့သို့သော ကြေညာချက်များကို စင်မြင့်ပေါ်မှ ဖတ်ပြရန် မလိုအပ်ပါ၊ ယင်းအစား ညီအစ်ကိုများဖတ်ရှုနိုင်ရန် ယင်းတို့ကို ကြော်ငြာသင်ပုန်းတွင် ကပ်ထားပေးပါမည်။ လုပ်ငန်းတော်အစည်းအဝေးတွင် တာဝန်ကျသူများသည် ကောင်းစွာပြင်ဆင်ကာ ပေးထားသောညွှန်ကြားချက်များကို အနီးကပ်လိုက်နာပြီး ခွင့်ပြုထားသောအချိန်အတွင်း အပြီးတင်ဆက်သင့်သည်။
၅။ တိုက်နယ်ကြီးကြပ်မှူးလည်ပတ်သည့်အပတ်အတွင်း အသင်းတော်အစည်းအဝေးအစီအစဉ် မည်သို့ရှိမည်နည်း။
၅ တိုက်နယ်ကြီးကြပ်မှူး လည်ပတ်မှု– တိုက်နယ်ကြီးကြပ်မှူး၏ အပတ်စဉ်အစီအစဉ်ကို ပြောင်းလဲမည်မဟုတ်ပါ။ အင်္ဂါနေ့တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့် လုပ်ငန်းတော်အစည်းအဝေးကို သီချင်းတစ်ပုဒ်ဖြင့် စတင်ကျင်းပပါမည်။ ထို့နောက် တိုက်နယ်ကြီးကြပ်မှူးသည် မိနစ် ၃၀ ကြာ ဟောပြောချက်ပေးပါမည်။ တိုက်နယ်အပတ်တွင် လက်ရှိပြုလုပ်နေသည့်အတိုင်း အခြားနေ့တစ်နေ့၏ညနေတွင် အသင်းတော်ကျမ်းစာလေ့လာမှုကို သီချင်းတစ်ပုဒ်ဖြင့် အစပြုကျင်းပပြီး တိုက်နယ်ကြီးကြပ်မှူး၏ လုပ်ငန်းတော်ဟောပြောချက်ကို ဆက်ဟောပါမည်။ အစည်းအဝေးကို သီချင်းနှင့်ဆုတောင်းချက်ဖြင့် နိဂုံးချုပ်ပါမည်။
၆။ အုပ်စုကြီးကြပ်မှူး၏တာဝန်ကား အဘယ်နည်း။
၆ လယ်ကွင်းလုပ်ငန်းအတွက် စုဆုံမှုများ– လယ်ကွင်းလုပ်ငန်းအုပ်စုများကို ဦးဆောင်ကာ ဂရုစိုက်ရန်နှင့် အုပ်စုတွင်ပါသောသူတစ်ဦးချင်းစီကို သိုးထိန်းလည်ပတ်ရန် အုပ်စုကြီးကြပ်မှူးများကို အကြီးအကဲအဖွဲ့က ခန့်အပ်ပါလိမ့်မည်။ ဓမ္မအမှုထမ်းတစ်ဦးသည် ထိုတာဝန်ကိုထမ်းဆောင်ရန် လိုအပ်ပါက သူ့ကို “အုပ်စုအမှုထမ်း” အဖြစ် ခန့်အပ်သင့်သည်။
၇။ အသင်းတော်အစည်းအဝေး အစီအစဉ်သစ်မှ ကျွန်ုပ်တို့ အဘယ်အရာမျှော်လင့်နိုင်သနည်း။
၇ အထက်ပါအချက်များအရ ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံရေး ရှိနိုင်ရန်ကူညီပေးမည့် သွန်သင်မှုနှင့်အားပေးမှုဖြစ်စေသည့် အကြောင်းအရာများကို ထိုအစည်းအဝေးများတွင် ကျွန်ုပ်တို့ ကြားနာခွင့်ရရှိမည်မှာ သေချာသည်။ ယင်းက ကျွန်ုပ်တို့ကို ပို၍သီးပွင့်ဖြစ်ထွန်းသောဓမ္မအမှုအတွက် လေ့ကျင့်ပေးခံရသော ထိရောက်သည့်ဟောပြောသွန်သင်သူများ ဖြစ်စေပါလိမ့်မည်။—ဧ. ၄:၁၃၊ ၁၄; ၂ တိ. ၃:၁၇။
၈။ ကြိုတင်ပြင်ဆင်ခြင်းက ကျွန်ုပ်တို့တစ်ဦးစီအပြင် အခြားသူများကိုပါ မည်သို့အကျိုးပြုနိုင်သနည်း။
၈ ထိုအစည်းအဝေးများအတွက် ကြိုတင်လေ့လာထားခြင်းက အစည်းအဝေးအတွင်း အလေးပေးဖော်ပြမည့် အဓိကအချက်များကို ရှင်းလင်းစွာအာရုံစိုက်နိုင်ရန် ကူညီပေးလိမ့်မည်။ ကျွန်ုပ်တို့အားလုံးသည် မှတ်ချက်များပေးခြင်းဖြင့် အချင်းချင်းကို အားရသက်သာစေနိုင်ကြပါလိမ့်မည်။ (ရော. ၁:၁၁၊ ၁၂; ဟေဗြဲ ၁၀:၂၄) ကျွန်ုပ်တို့၏ပန်းတိုင်မှာ “သမ္မာတရားကို မှန်ကန်စွာပိုင်းခြားတတ်” ခြင်းဖြင့် ကျွန်ုပ်တို့၏ “တိုးပွားခြင်းကို လူအပေါင်းတို့အားထင်ရှားစေ” ရန်ဖြစ်သင့်သည်။—၁ တိ. ၄:၁၅; ၂ တိ. ၂:၁၅။
၉။ ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကား အဘယ်နည်း၊ အဘယ်ကြောင့်နည်း။
၉ အသင်းတော်အစည်းအဝေးများနှင့်ပတ်သက်သည့် ဤထူးခြားသည့်အပြောင်းအလဲအတွက် ကျွန်ုပ်တို့ဝမ်းမြောက်ပါသည်။ ‘သစ္စာနှင့်သတိပညာရှိကျွန်’ ပြင်ဆင်ပေးသော လမ်းညွှန်ချက်ကို ကျွန်ုပ်တို့အားလုံး ဆက်အသုံးပြုနိုင်ကြပါစေ။ ထို့ပြင် မဟာသိုးထိန်းရှင်သည် မကြာမီရောက်လာတော့မည့် ကြီးစွာသော “ဒုက္ခ” အတွက် ကျွန်ုပ်တို့အားလုံးကို အသင့်ပြင်ဆင်ပေးစဉ် ကိုယ်တော်နှင့် ဆက်၍အနီးကပ်နေနိုင်ကြပါစေ။—မ. ၂၄:၂၁၊ ၄၅; ဟေဗြဲ ၁၃:၂၀၊ ၂၁; ဗျာ. ၇:၁၄။