ဆန့်ကျင်မှုများကို ရင်ဆိုင်နိုင်ရန် လူသစ်များကို ပြင်ဆင်ပေးပါ
၁ ကျမ်းစာစလေ့လာပြီး “ဘုရားဝတ်၌မွေ့လျော်၍နေခြင်းငှာ အလိုရှိ” လာသူတို့သည် စာတန်၏ အထူးပစ်မှတ်များ ဖြစ်လာသည်။ (၂ တိ. ၃:၁၂) အလုပ်ဖော်၊ ကျောင်းနေဖက် သို့မဟုတ် အိမ်နီးချင်းများထံမှ ဆန့်ကျင်မှုများ ကြုံရနိုင်သည်။ အထူးသဖြင့် စိတ်ရင်းကောင်းသောဆွေမျိုးများက လူသစ်များကိုဆန့်ကျင်ချိန်တွင် အလွန်ခက်ခဲနိုင်သည်။—မ. ၁၀:၂၁; မာ. ၃:၂၁။
၂ ကြိုဟောထားသော ဆန့်ကျင်မှု– နှိပ်စက်ညှဉ်းပန်းမှုများကို မျှော်လင့်ထားရမည်ဖြစ်ကြောင်း၊ ယင်းသည် ခရစ်တော်၏တပည့်စစ်ဖြစ်လာပြီကို ဖော်ပြကြောင်း လူသစ်များ နားလည်ထားရမည်။ (ယော. ၁၅:၂၀) ယေဟောဝါသက်သေများကို နားလည်မှုလွဲနေခြင်းကြောင့်လည်း ဆန့်ကျင်မှုများ ကြုံရလေ့ရှိသည်။ ယေရှု၏နောက်လိုက်ဖြစ်ခြင်းကြောင့်၊ ဘုရားသခင်ကို နာခံခြင်းကြောင့် အရှက်ခွဲခံရခြင်းက အလွန်ရွှင်လန်းစေကြောင်း စိတ်စွဲမှတ်ထားပါ။ (တ. ၅:၂၇-၂၉၊ ၄၀၊ ၄၁) ယေဟောဝါသည် မေတ္တာပါစွာထောက်မပေးနေကြောင်း လူသစ်များကို စိတ်ချစေပါ။ (ဆာ. ၂၇:၁၀; မာ. ၁၀:၂၉၊ ၃၀) သူတို့သည် သမာဓိစောင့်ထိန်းခြင်းဖြင့် စကြဝဠာအချုပ်အခြာအာဏာ အရေးကိစ္စတွင် ယေဟောဝါဘက် ရပ်တည်နိုင်ပါသည်။—သု. ၂၇:၁၁။
၃ တိကျမှန်ကန်သောအသိပညာ၏ ကဏ္ဍ– ပြဿနာများ ကြုံတွေ့ရနိုင်သော်လည်း တိကျမှန်ကန်သောအသိပညာကို ဆက်ဆည်းပူးခြင်းသည် အလွန်အရေးကြီးကြောင်း သင်၏ကျမ်းစာသင်သားများအား စိတ်စွဲမှတ်စေပါ။ သူတို့သင်ယူနေသောအရာများသည် သူတို့၏ပုံဆောင်နှလုံးတွင် အမြစ်မစွဲစေရန် ဆန့်ကျင်မှုများကို စာတန်အသုံးပြုနေသည်။ (သု. ၄:၂၃; လု. ၈:၁၃) ယုံကြည်ခြင်းတွင် အခိုင်အမာအမြစ်စွဲနိုင်ရန် သမ္မာကျမ်းစာမှ တိကျမှန်ကန်သောအသိပညာကို သူတို့ဆက်ဆည်းပူးရမည်။—ဆာ. ၁:၂၊ ၃; ကော. ၂:၆၊ ၇။
၄ ခံနိုင်ရည်ရှိဖို့လို– မည်သည့်ခက်ခဲသောအခြေအနေကိုမဆို ခံနိုင်ရည်ရှိရန် မရှိမဖြစ်လိုအပ်ပြီး ယင်းက ရလဒ်ကောင်းများ ရရှိစေနိုင်သည်။ (လု. ၂၁:၁၆-၁၉၊ ကဘ) ဆန့်ကျင်မှုများကို လူသစ်များ ခံနိုင်ရည်ရှိခြင်းက သူတို့ကိုယ်တိုင်နှင့်အခြားသူများကို အကျိုးပြုသည်။ သစ္စာရှိရှိခံရပ်သူများကို ယေဟောဝါ ကြွယ်ဝစွာဆုချနိုင်ကြောင်း သူတို့တွေ့ကြုံခံစားကြရမည်။—ယာ. ၁:၁၂၊ ကဘ။
၅ တမန်တော်ပေါလုသည် သက်သာလောနိတ်မြို့ရှိ ညီအစ်ကိုများ၏ ဝိညာဉ်ရေးတိုးတက်မှုအတွက် ဝမ်းမြောက်ခဲ့သည်။ အမှန်တရားတွင် ကြီးထွားနိုင်ရန် သူတို့ကို ပေါလုကူညီပေးခဲ့ရာ သူတို့အတွက် ဘုရားသခင်ကို သူကျေးဇူးတင်ခဲ့သည်။ (၂ သက်. ၁:၃-၅) ကျွန်ုပ်တို့လည်း ကျွန်ုပ်တို့၏ကျမ်းစာသင်သားများအား ဆန့်ကျင်မှုများကို ရင်ဆိုင်ခံရပ်နိုင်ရန် ပြင်ဆင်ပေးမည်ဆိုပါက အလားတူဝမ်းမြောက်မှုကို ရရှိခံစားနိုင်ပါသည်။