မည်သို့ကြားနိုင်ပါမည်နည်း
၁။ ဟောပြောခြင်းလုပ်ငန်းသည် အဘယ်ကြောင့်ခက်ခဲနိုင်သနည်း၊ ကျွန်ုပ်တို့ အဘယ်ကြောင့် မဆုတ်မနစ် ဆက်ဟောပြောကြသနည်း။
၁ ယေဟောဝါ၏နေ့ကြီးသည် အလျင်အမြန်ချဉ်းကပ်လာနေရာ ဘုရားသခင်အကြောင်း၊ လူသားတို့အတွက် ကိုယ်တော့်ရည်ရွယ်ချက်အကြောင်းနှင့်ပတ်သက်သည့် တိကျမှန်ကန်သောအသိပညာကို လူများသည်ထက်များများ ရရှိနိုင်ရန် ကူညီပေးဖို့ အရေးတကြီးလိုအပ်နေသည်။ (ယော. ၁၇:၃; ၂ ပေ. ၃:၉၊ ၁၀) သို့သော် လူများစွာသည် ကျွန်ုပ်တို့ဟောသောသတင်းတရားကို စိတ်မဝင်စားကြ သို့မဟုတ် ဟောပြောခြင်းလုပ်ငန်းကြောင့် ကျွန်ုပ်တို့ကို ကဲ့ရဲ့လှောင်ပြောင်ကြမည်ဖြစ်သောကြောင့် တစ်ခါတစ်ရံ ယင်းသို့ကူညီပေးဖို့ ခက်ခဲနိုင်သည်။ (၂ ပေ. ၃:၃၊ ၄) မည်သို့ပင်ဖြစ်စေ၊ သတင်းကောင်းကိုကြားသည်နှင့် လက်ခံမည့်သူများ ကျွန်ုပ်တို့၏ရပ်ကွက်တွင်ရှိနေဆဲဖြစ်သည်ဟု ယုံကြည်ရန် ခိုင်လုံသောအကြောင်းရင်းများရှိပါသည်။ ဟောပြောမည့်သူမရှိပါက သူတို့ မည်သို့ကြားနိုင်ပါမည်နည်း။—ရော. ၁၀:၁၄၊ ၁၅။
၂။ တမန်တော်ပေါလု၏ပုံသက်သေက ကျွန်ုပ်တို့ကို မည်သို့အားရှိစေသနည်း။
၂ ဆန့်ကျင်မှုများကို ရင်ဆိုင်ခြင်း– နိုင်ငံတော်သတင်းတရားကို ကြားလိုသူတို့ရှိနေဆဲဖြစ်သောကြောင့် ကျွန်ုပ်တို့ စိတ်မပျက်ရပါ။ ဖိလိပ္ပိမြို့သည် တမန်တော်ပေါလုဟောပြောသော သတင်းကောင်းကို ကြားနာခဲ့ရသည့် ဦးဆုံးဥရောပမြို့ဖြစ်သည်။ ပေါလုနှင့်သိလသည် မဟုတ်မမှန်စွပ်စွဲခံရပြီးနောက် ကြိမ်လုံးနှင့်ရိုက်ခံရကာ ထောင်ချခံခဲ့ရသည်။ (တ. ၁၆:၁၆-၂၄) သို့သော် ထိုနာကျင်ဖွယ်ဖြစ်ရပ်ကြောင့် ပေါလုသည် ကြောက်ရွံ့သွားပြီး ဆက်မဟောတော့ဘဲ မနေခဲ့ပါ။ သာသနာပြုခရီးစဉ်၏ နောက်တစ်မြို့ဖြစ်သော သက်သာလောနိတ်မြို့သို့လည်ပတ်စဉ် သူသည် “ဘုရားသခင်အားဖြင့် သတ္တိမွေး” ခဲ့၏။ (၁ သက်. ၂:၂) ပေါလု၏ပုံသက်သေက ကျွန်ုပ်တို့ “လက်မလျှော့” သင့်သည့်အကြောင်းရင်းကို ဖော်ပြနေသည်မဟုတ်လော။—ဂလ. ၆:၉။
၃။ ယခင်က စိတ်မဝင်စားသူအချို့ကို အဘယ်အရာများက သဘောထားပြောင်းလဲသွားစေနိုင်သနည်း။
၃ ကျွန်ုပ်တို့၏သတင်းတရားကို နှစ်နှင့်ချီ၍ နားမထောင်ခဲ့သူများစွာသည် သဘောထားပြောင်းလဲခဲ့ကြပြီ။ စီးပွားရေးပြဿနာကြုံခြင်း၊ နာမကျန်းဖြစ်ခြင်း၊ မိသားစုဝင်တစ်ဦးသေဆုံးခြင်း သို့မဟုတ် ကမ္ဘာ့အခြေအနေများ၏ စိတ်ပျက်ဖွယ်မှတ်တမ်းများက ထိုသို့ပြောင်းလဲစေခဲ့ပြီ။ (၁ ကော. ၇:၃၁) တစ်ချိန်က ဆန့်ကျင်သောမိဘများ၏ သားသမီးများသည် ယခုကြီးပြင်းလာပြီး သတင်းကောင်းကို နားထောင်လိုကြသည်။ ကျွန်ုပ်တို့ဆက်ဟောနေခြင်းက အချိန်မနှောင်းမီ “ယေဟောဝါဘုရား၏နာမတော်ကို ခေါ်” နိုင်ရန် ထိုသို့သောသူတို့ကို အခွင့်အရေးရရှိစေပါလိမ့်မည်။—ရော. ၁၀:၁၃။
၄။ ဓမ္မအမှုတွင် “မပြတ်” ပါဝင်ရန် အဘယ်အရာက ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသနည်း။
၄ “မပြတ်” ဟောပြောခြင်း– ပထမရာစုမှ တမန်တော်များနည်းတူ ဘုရားသခင်နှင့်လူသားတို့ကိုချစ်သော ကျွန်ုပ်တို့၏မေတ္တာက ဟောပြောခြင်းနှင့်တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် “မပြတ်” ပါဝင်ရန် လှုံ့ဆော်ပေးပါလိမ့်မည်။ (တ. ၅:၄၂) ယနေ့ လူများစွာသည် ဖြစ်ပျက်နေသော “စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့် ညည်းတွားငိုကြွေး” နေကြ၏။ (ယေဇ. ၉:၄) ထိုသို့သောသူတို့ သတင်းကောင်းကို ကြားရချိန်တွင် အလွန်စိတ်သက်သာရာရပြီး မျှော်လင့်ချက်ရှိလာကြသည်။ ကျွန်ုပ်တို့ဟောသောသတင်းတရားကို လူအများစု နားမထောင်လျှင်ပင် ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုများကို ယေဟောဝါအားရနှစ်သက်သည်ဟု ကျမ်းစာတွင် အာမခံထားသည်။—ဟေဗြဲ ၁၃:၁၅၊ ၁၆။