“အချိန်တန်အစာ”
၁။ ဒီနှစ်ရဲ့အထူးစည်းဝေးပွဲနေ့အစီအစဉ်က သင်နဲ့ အခြားသူတွေကို ဘယ်လိုကူညီပေးခဲ့သလဲ။
၁ အထူးစည်းဝေးပွဲနေ့ကို တက်ရောက်ပြီးနောက် “ဒါ ကျွန်တော်တို့လိုအပ်နေတဲ့အရာပဲ” လို့ပြောတတ်ကြတယ်။ နောက်ဆုံးကျင်းပသွားတဲ့ စည်းဝေးပွဲအစီအစဉ်အပြီးမှာ တိုက်နယ်အတွင်းမှာရှိတဲ့သူတွေက ဓမ္မအမှုမှာ ပိုပြီးပါဝင်ချင်တယ်လို့ ပြောလာကြကြောင်း တိုက်နယ်ကြီးကြပ်မှူးတစ်ဦးက မှတ်ချက်ချတယ်။ နယ်လှည့်ကြီးကြပ်မှူးတစ်ဦးက ဒီလိုပြောတယ်– “ခေတ်ရေစီးကြောင်းရဲ့ဘယ်အပိုင်းမှာ ကျွန်တော်တို့ရောက်နေပြီလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိမြင်စေဖို့၊ ဘဝမှာ ကျွန်တော်တို့ရဲ့ရွေးချယ်မှုတွေကို ပြန်သုံးသပ်ဖို့ဒီစည်းဝေးပွဲက ကူညီပေးတယ်။” နောက်တစ်ဦးကလည်း ဒီလိုပြောတယ်– “ကြေညာသူအတော်များများက အရေးကြီးဆုံးဖြစ်တဲ့ ဓမ္မအမှုကို အာရုံစိုက်နေကြောင်း သေချာစေဖို့ ဒီစည်းဝေးပွဲဟာ သူတို့အတွက် ရှင်းလင်းတဲ့သတိပေးချက်ပဲဆိုပြီး ပြောကြတယ်။” အထူးစည်းဝေးပွဲနေ့က သင့်ကို ဘယ်လိုကူညီပေးခဲ့သလဲ။
၂။ ဒီလုပ်ငန်းတော်နှစ်အတွင်း ကျင်းပမယ့်အစီအစဉ်မှာ ဘာအကြောင်းတွေ သုံးသပ်ကြမလဲ။
၂ ဒီလုပ်ငန်းတော်နှစ်မှာ ကျင်းပမယ့်အစီအစဉ်ဟာလည်း ကျွန်တော်တို့လိုအပ်ရာပဲ ဖြစ်ပါလိမ့်မယ်။ အကြောင်းအရာက ‘ယေဟောဝါ၌ ခိုလှုံပါ’ ဖြစ်ပြီး ဆာလံ ၁၁၈:၈၊ ၉ ကနေ ထုတ်နုတ်ထားတာဖြစ်တယ်။ ဆွေးနွေးတင်ဆက်မယ့် အကြောင်းအရာတချို့က– “ဘေးရောက်ရာကာလမှာ ယေဟောဝါက ခံတပ်ဖြစ်၊” “ယေဟောဝါရဲ့အတောင်တော်အောက်မှာ ခိုလှုံရာရှာဖို့ အခြားသူများကို အကူအညီပေးပါ၊” “ကာကွယ်မှုပေးရာမှာ ယေဟောဝါကို တုပပါ၊” “လူငယ်တို့၊ ယေဟောဝါကို သင်တို့ရဲ့ယုံကြည်ကိုးစားရာဖြစ်စေပါ၊” “ကျွန်ုပ်တို့၏လက်ရှိပရဒိသု– ယေဟောဝါပြင်ဆင်ပေးသောခိုလှုံရာ” တို့ဖြစ်တယ်။
၃။ တက်ရောက်ခြင်းကနေ အကျိုးအပြည့်အဝရရှိနိုင်ဖို့ ဘာလုပ်ရမလဲ။
၃ အကျိုးရနိုင်ပုံ– စည်းဝေးပွဲရက်စွဲကြေညာတာနဲ့ တက်ရောက်ဖို့ သေချာစီစဉ်ပါ၊ သင်နဲ့အတူတက်ရောက်ဖို့ ကျမ်းစာသင်သားတွေကို ဖိတ်ခေါ်ပါ။ “ခံနိုင်ရည်ဖြင့် အသီးသီး” နိုင်ဖို့ ကျွန်တော်တို့ကြားသိရာကို စိတ်စွဲမှတ်ထားရမယ်။ (လု. ၈:၁၅) ဒါကြောင့် တင်ဆက်ရာတွေကို ကောင်းစွာနားထောင်ပါ၊ သင့်အသက်တာမှာနဲ့ ဓမ္မအမှုမှာအသုံးပြုဖို့ ရည်ရွယ်ထားတဲ့ အဓိကအချက်တွေနဲ့ ညွှန်ကြားချက်တွေကို မှတ်ချက်တိုယူပါ။ စည်းဝေးပွဲပြီးနောက် တင်ဆက်သွားရာတွေကို မိသားစုလိုက် အချိန်ယူဆွေးနွေးပါ၊ သင်နဲ့ သင့်မိသားစုအသုံးပြုနိုင်မယ့် သတ်သတ်မှတ်မှတ်နည်းတွေကို သုံးသပ်ပါ။
၄။ လာမယ့်အထူးစည်းဝေးပွဲနေ့ကို ဘာကြောင့်စောင့်မျှော်နေသင့်ပါသလဲ။
၄ အရသာရှိပြီး အာဟာရပြည့်ဝတဲ့ဟင်းတစ်ခွက်လို ဒီနှစ်အထူးစည်းဝေးပွဲနေ့ကို မေတ္တာ၊ အမြော်အမြင်ကြီးစွာဖြင့် ပြင်ဆင်ထားပါတယ်။ စည်းဝေးပွဲတက်ရောက်ပြီး ခရစ်ယာန်ဓမ္မအမှုဆောင်တွေကို ယုံကြည်ခြင်းခိုင်ခံ့စေတဲ့ ဒီ “အချိန်တန်အစာ” တွေကနေ အကျိုးရယူဖို့ သင်တို့ရဲ့ကြိုးစားအားထုတ်မှုကို ယေဟောဝါကောင်းချီးပေးပါစေ။—မ. ၂၄:၄၅။