ကျမ်းစာသင်အံမှုတစ်ခုရရှိစေတဲ့ နည်းလမ်းငါးသွယ်
၁။ သင့်ရပ်ကွက်မှာ ကျမ်းစာသင်အံမှုရှာရတာ ခက်နေသလား။ ဘာလုပ်သင့်ပါသလဲ၊ ဘာကြောင့်လဲ။
၁ ကျမ်းစာသင်အံမှုတစ်ခုရှာရတာ သင့်အတွက် ခက်နေသလား။ လက်မလျှော့ပါနဲ့။ ဘုရားသခင့်အလိုတော်ဆောင်ဖို့ ဇွဲမလျှော့ဘဲကြိုးစားတဲ့သူတွေကို ယေဟောဝါ ကောင်းချီးပေးတယ်။ (ဂလ. ၆:၉) အောက်ပါအကြံပြုချက်ငါးချက်က သင့်အတွက် အကူအညီဖြစ်ပါလိမ့်မယ်။
၂။ သင်အံမှုတစ်ခုစဖို့ ဘယ်လို တိုက်ရိုက်ကမ်းလှမ်းနိုင်သလဲ။
၂ တိုက်ရိုက်ကမ်းလှမ်းကြည့်ပါ– လူများစွာက ကျွန်ုပ်တို့ကို ကင်းမျှော်စင်နဲ့ နိုးလော့!ဝေငှသူတွေအနေနဲ့သိကြပေမဲ့ ကျမ်းစာသင်ပေးသူတွေအနေနဲ့ မသိကြဘူး။ တစ်အိမ်မှတစ်အိမ်သွားတဲ့အခါ တိုက်ရိုက်ကမ်းလှမ်းကြည့်ရင် မကောင်းဘူးလား။ စိတ်ဝင်စားကြောင်းပြတဲ့သူတွေကို ကျမ်းစာလေ့လာလိုမလို မေးကြည့်နိုင်တယ်။ သူတို့ငြင်းတယ်ဆိုရင် စာပေဆက်ဝေငှနိုင်ပြီး သူစိတ်ဝင်စားလာအောင် ပျိုးထောင်နိုင်ပါတယ်။ ညီအစ်ကိုတစ်ယောက်က မဂ္ဂဇင်းလမ်းကြောင်းအနေနဲ့ ဇနီးမောင်နှံတစ်စုံဆီလည်ပတ်တာ နှစ်နဲ့ချီကြာနေပြီ။ တစ်ခါတော့၊ နောက်ဆုံးထုတ်မဂ္ဂဇင်းတွေပေးပြီး ပြန်ဖို့ပြင်ရာကနေ နောက်ပြန်လှည့်ပြီး ကျမ်းစာလေ့လာလိုပါသလားလို့ မေးလိုက်တယ်။ လေ့လာချင်တယ်လို့ ပြန်ဖြေတဲ့အတွက် သူ အံ့သြခဲ့ရတယ်။ အခုဆိုရင် သူတို့ နှစ်ခြင်းခံပြီးကြပြီ။
၃။ စည်းဝေးတက်ရောက်တဲ့သူတွေဟာ တစ်ယောက်ယောက်နဲ့ ကျမ်းစာလေ့လာနေသူတွေဖြစ်တယ်လို့ ဘာကြောင့် မယူမှတ်သင့်သလဲ။ ရှင်းပြပါ။
၃ စည်းဝေးတက်ရောက်သူများ– အသင်းတော်အစည်းအဝေးတွေ တက်ရောက်နေတဲ့ စိတ်ဝင်စားသူအားလုံးဟာ ကျမ်းစာသင်နေသူတွေပါလို့ ယူမှတ်လို့မရဘူး။ ညီအစ်ကိုတစ်ယောက်က ဒီလိုပြောတယ်– “ကျွန်တော် သင်အံမှုလုပ်ခဲ့တဲ့ တစ်ဝက်ကျော်က အစည်းအဝေးလာတက်တဲ့သူတွေကို ကမ်းလှမ်းရာကနေ ရခဲ့တာဖြစ်တယ်။” ညီအစ်မတစ်ယောက်က အသင်းတော်ကနှစ်ခြင်းခံပြီးသားညီအစ်မနှစ်ယောက်ရဲ့ ရှက်တတ်တဲ့မိခင်ကိုချဉ်းကပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီအမျိုးသမီးက အစည်းအဝေးတွေတက်နေတာ ၁၅ နှစ်လောက်ရှိပြီ။ စည်းဝေးစခါနီးမှရောက်လာပြီး စည်းဝေးပြီးတာနဲ့ချက်ချင်းပြန်သွားသူဖြစ်တယ်။ နောက်ဆုံး သူ သင်အံမှုလက်ခံပြီး ညီအစ်မတစ်ဦးဖြစ်လာတယ်။ ကျမ်းစာသင်ပေးတဲ့ညီအစ်မက ခုလိုရေးတယ်– “၁၅ နှစ်လုံးလုံး ကျမ်းစာသင်အံမှုလုပ်ဖို့ မကမ်းလှမ်းခဲ့မိတာကို ကျွန်မ စိတ်မကောင်းဘူး။”
၄။ သင်အံမှုတစ်ခုရဖို့ ဘယ်လို မေးကြည့်နိုင်သလဲ။
၄ မေးကြည့်ပါ။ ညီအစ်မတစ်ယောက်က တခြားသူတွေရဲ့ ကျမ်းစာသင်အံမှုတွေကို လိုက်သွားဖို့ကြိုးစားတယ်။ ကျမ်းစာသင်ပေးသူကို အရင်ခွင့်ပြုချက်တောင်းပြီး ကျမ်းစာလေ့လာလိုသူ တစ်ယောက်ယောက်ကို သိသလားလို့ သင်သားကို မေးတယ်။ ပြန်လည်ပတ်မှုတွေကို သမ္မာကျမ်းစာသွန်သင်ရာ စာအုပ် ဝေငှတဲ့အခါ ဒီစာအုပ်ကို အသိမိတ်ဆွေထဲက တစ်ယောက်ယောက်များ ဖတ်ချင်မလားလို့ သင် မေးကြည့်နိုင်တယ်။ တစ်ခါတလေ၊ အခြေအနေအရ တချို့ကြေညာသူတွေ၊ ရှေ့ဆောင်တွေက ရပ်ကွက်မှာတွေ့တဲ့သူတွေနဲ့ ကျမ်းစာသင်အံမှုမလုပ်နိုင်ကြဘူး။ ဒါကြောင့် သင်ဟာ ကျမ်းစာသင်အံမှုလုပ်ဖို့ လိုလိုလားလားရှိကြောင်း တခြားသူတွေကို အသိပေးထားပါ။
၅။ ညီအစ်ကို၊ ညီအစ်မတွေရဲ့ မယုံကြည်သူအိမ်ထောင်ဖက်တွေကို ကျမ်းစာလေ့လာလိုမလို ဘာကြောင့် မေးနိုင်သလဲ။
၅ မယုံကြည်သူအိမ်ထောင်ဖက်များ– သင့်အသင်းတော်က ကြေညာသူတချို့မှာ မယုံကြည်သူ အိမ်ထောင်ဖက်တွေ ရှိသလား။ မယုံကြည်သူအိမ်ထောင်ဖက်တချို့က အိမ်ထောင်ဖက်နဲ့ ကျမ်းစာအကြောင်းမပြောလိုကြပေမဲ့ မိသားစုဝင်မဟုတ်သူတစ်ယောက်က ကမ်းလှမ်းတဲ့အခါ လက်ခံတတ်ကြတယ်။ အထိရောက်ဆုံးကမ်းလှမ်းနိုင်ဖို့အတွက် မယုံကြည်သူအိမ်ထောင်ဖက်နဲ့ စကားမပြောခင် ယုံကြည်သူအိမ်ထောင်ဖက်နဲ့ အရင်ဆုံးတိုင်ပင်ခြင်းက ကောင်းလေ့ရှိပါတယ်။
၆။ သင်အံမှုတစ်ခုရဖို့ ကြိုးစားနေတဲ့အခါ ဆုတောင်းခြင်းက ဘယ်လောက် တန်ခိုးပါသလဲ။
၆ ဆုတောင်းပါ– ဆုတောင်းခြင်းရဲ့ တန်ခိုးပါမှုကို လျှော့မတွက်ပါနဲ့။ (ယာ. ၅:၁၆) အလိုတော်နဲ့ညီတဲ့ဆုတောင်းချက်တွေကို နားထောင်မယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ (၁ ယော. ၅:၁၄) အလုပ်အရမ်းများတဲ့ ညီအစ်ကိုတစ်ယောက်က ကျမ်းစာသင်အံမှုတစ်ခုရဖို့ စဆုတောင်းခဲ့တယ်။ ခင်ပွန်းသည်ဟာ အလုပ်များတဲ့ကြားက သင်သားကို ဘယ်လိုဂရုစိုက်နိုင်မလဲ၊ အထူးသဖြင့် ပြဿနာများတဲ့သင်သားဆိုရင် ဘယ်လိုလုပ်မလဲလို့ ဇနီးဖြစ်သူ စိုးရိမ်ခဲ့တယ်။ ဒါနဲ့ ခင်ပွန်းသည် သင်အံမှုရဖို့ ယေဟောဝါဆီဆုတောင်းပေးရင်း သူ့ရဲ့စိုးရိမ်မှုကိုပါ ထည့်တောင်းခဲ့တယ်။ နှစ်ပတ်လောက်အကြာမှာ အသင်းတော်မှာရှိတဲ့ ရှေ့ဆောင်တစ်ဦးက ကျမ်းစာလေ့လာလိုတဲ့ အမျိုးသားတစ်ယောက်ကိုတွေ့ပြီး ခင်ပွန်းသည်ကို သင်အံမှုလွှဲပေးတဲ့အခါ သူတို့နှစ်ယောက်ရဲ့ ဆုတောင်းချက် အဖြေရခဲ့တယ်။ ဇနီးဖြစ်သူ ဒီလိုရေးခဲ့တယ်– “ကျမ်းစာသင်အံမှုတစ်ခုကို တာဝန်မယူနိုင်လောက်ဘူးလို့ ခံစားရတဲ့သူတွေကို ကျွန်မပြောချင်တာက သတ်သတ်မှတ်မှတ်ဆုတောင်းပါ။ ဆုတောင်းတာကို မရပ်လိုက်ပါနဲ့။ ကျွန်မတို့ မထင်မှတ်ထားတဲ့ ပျော်ရွှင်မှုကို ခံစားခဲ့ရတယ်။” ဇွဲရှိမယ်ဆိုရင် သင်လည်း သင်အံမှုတစ်ခု ရှာတွေ့နိုင်ပြီး တစ်စုံတစ်ဦးကို “အသင်ရှင်ခြင်းသို့ ရောက်သောလမ်း” ပေါ်ရောက်အောင် ကူညီပေးခြင်းကနေ ရွှင်လန်းမှု ခံစားရပါလိမ့်မယ်။—မ. ၇:၁၃၊ ၁၄။