ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ
ဧပြီ ၃-၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယေရမိ ၁၇-၂၁
“သင့်ရဲ့ အပြုအမူနဲ့ စဉ်းစားတွေးခေါ်ပုံကို ယေဟောဝါ ပုံသွင်းပါစေ”
(ယေရမိ ၁၈:၁-၄) ယေရမိသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပါဌ်တော်ဟူမူကား၊ ၂ သင်သည် ထ၍ အိုးထိန်းသမားအိမ်သို့ သွားလော့။ ထိုအရပ်၌ ငါ့စကားကို ငါကြားစေမည်ဟု မိန့်တော်မူသည်အတိုင်း၊ ၃ ငါသည် သွား၍ အိုးထိန်းစက်နှင့်လုပ်လျက်ရှိသော အိုးထိန်းသမားကို တွေ့၏။ ၄ အိုးမြေဖြင့်လုပ်သောအိုးသည် အိုးထိန်းသမားလက်၌ ပျက်စီးသောကြောင့် သူသည် အလိုအလျောက် အသစ်ပြု ပြင်၍ အခြားသောအိုးကို လုပ်ပြန်လေ၏။
သင့်အတွေးအခေါ်ကို မည်သူပုံသွင်းသနည်း
ယေဟောဝါ၏ ပုံသွင်းမှုကိုခံခြင်းမှ အကျိုးခံစားလိုလျှင် သင့်ဘက်မှ တလိုတလား နာခံလိုစိတ် ရှိဖို့လိုကြောင်း ပရောဖက်ယေရမိအား အိုးထိန်းသမားတစ်ဦး၏ အလုပ်ရုံသို့ လည်ပတ်ရန် ကိုယ်တော် မိန့်မှာသော ပုံဥပမာတွင် ထိရောက်စွာ ဖော်ပြခဲ့သည်။ အိုးထိန်းသမား ကြိုးစားလုပ်ခဲ့သော အိုးမြေသည် “အိုးထိန်းသမား၏လက်၌ ပျက်စီး” သောအခါ သူသည် စိတ်ပြောင်းကာ အခြားအိုးပြန်လုပ်သည်ကို ယေရမိ တွေ့မြင်ခဲ့သည်။ ထို့နောက် ယေဟောဝါက ဤသို့ဆို၏– “အိုဣသရေလအမျိုး၊ အိုးထိန်းသမားပြုသကဲ့သို့ သင်တို့ကို ငါမပြုနိုင်သလော။ အိုဣသရေလအမျိုး၊ အိုးမြေသည် အိုးထိန်းသမားလက်၌ ရှိသကဲ့သို့ သင်တို့သည် ငါ့လက်၌ရှိကြ၏။” (ယေရမိ ၁၈:၁-၆) ယင်းကြောင့် ဣသရေလနိုင်ငံရှိ လူတို့သည် အိုးတစ်မျိုးမဟုတ် တစ်မျိုးသို့ ပုံသွင်းရန် ယေဟောဝါ၏ လက်တော်တွင် အသက်မဲ့အိုးမြေသဖွယ်သာ ဖြစ်သည်ဟု ဆိုလိုနေခြင်းလော။
(ယေရမိ ၁၈:၅-၁၀) ထိုအခါ ထာဝရဘုရား၏ နှုတ်ကပါဌ်တော်သည် ငါ့ဆီသို့ရောက်လာ၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ၆ အိုဣသရေလအမျိုး အိုးထိန်းသမားပြုသကဲ့သို့ သင်တို့ကို ငါမပြုနိုင်သလော။ အိုဣသရေလအမျိုး အိုးမြေသည် အိုးထိန်းသမားလက်၌ ရှိသကဲ့သို့ သင်တို့သည် ငါ့လက်၌ရှိကြ၏။ ၇ အကြင်တိုင်းနိုင်ငံကို နုတ်ပယ် ဖြိုချ ဖျက်ဆီးခြင်းငှာ ငါအမိန့်တော်ရှိ၏။ ၈ ငါ့အမိန့်တော်နှင့်ဆိုင်သော ထိုတိုင်းနိုင်ငံသည် မိမိဒုစရိုက်ကို စွန့်ပစ်လျှင် ငါကြံစည်သော ဘေးဒဏ်ကို ငါနောင်တရမည်။ ၉ အကြင်တိုင်းနိုင်ငံကို တည်ထောင်ပြုစုခြင်းငှာ ငါအမိန့်တော်ရှိ၏။ ၁၀ ထိုတိုင်းနိုင်ငံသည် ငါ့စကားကို နားမထောင်၊ ငါ့မျက်မှောက်၌ ဒုစရိုက်ကိုပြုလျှင် သူ၏အကျိုးအလိုငှာ ပြုစုမည်ဟူသော စကား၌ပါသော ကျေးဇူးကို ငါနောင်တရမည်။
it-2-E ၇၇၆ အပိုဒ် ၄
နောင်တ
အိုးထိန်းသမားတစ်ယောက်ဟာ အိုးတစ်လုံးလုပ်နေရင်း ‘လုပ်နေတဲ့မြေအိုးဟာ သူ့လက်ထဲမှာ ပျက်စီးသွားတဲ့အခါ’ နောက်အိုးတစ်လုံးကို ပြန်လုပ်တယ်။ (ယေ. ၁၈:၃၊ ၄) ဒီပုံဥပမာထဲက လူသားအိုးထိန်းသမားရဲ့လက်ထဲမှာ အိုးဟာ ပျက်စီးသွားနိုင်ပေမဲ့ ယေဟောဝါကတော့ အဲဒီလိုမဟုတ်ဘူး။ ယေဟောဝါမှာ လူသားတွေအပေါ် အခွင့်အာဏာရှိပြီး ကိုယ်တော့် ဖြောင့်မတ်ခြင်းနဲ့ ကရုဏာကို လူတွေ တုံ့ပြန်ပုံ၊ ပျက်ကွက်ပုံပေါ်မူတည်ပြီး ဆက်ဆံပုံကို ပြောင်းလဲနိုင်တဲ့ အခွင့်အာဏာရှိတယ်။ (ဟေရှာ. ၄၅:၉။ ရော. ၉:၁၉-၂၁ နဲ့ နှိုင်းယှဉ်ပါ။) ဒါကြောင့် ဘုရားနဲ့ဆက်ဆံရေး ရှိနှင့်ပြီးသားဖြစ်ပေမဲ့ တိုင်းနိုင်ငံတွေရဲ့ တုံ့ပြန်ပုံအရ ‘သူတို့အပေါ် ကျရောက်စေမယ်လို့ ရည်ရွယ်ထားတဲ့ ဘေးဆိုးနဲ့ပတ်သက်ပြီး ကိုယ်တော် နောင်တရ’ နိုင်သလို ‘လုပ်ဆောင်ပေးမယ်လို့ ရည်ရွယ်ထားတဲ့ ကောင်းမှုနဲ့ပတ်သက်ပြီး နောင်တရ’ နိုင်ပါတယ်။ (ယေ. ၁၈:၅-၁၀) ဒါက ကြီးမြတ်တဲ့အိုးထိန်ရှင် ယေဟောဝါ အမှားလုပ်မိလို့မဟုတ်ဘဲ လူသား “မြေအိုး” တွေ စိတ်သဘောထားပြောင်းလဲပြီး နောင်တယူကြတဲ့အတွက် ယေဟောဝါဘက်ကလည်း စိတ်ပြောင်းလဲတာဖြစ်တယ်။
(ယေရမိ ၁၈:၁၁) ယခုမှာ ထာဝရဘုရား မိန့်တော်မူသည်ကား သင်တို့အဖို့ ဘေးဒဏ်ကို ငါပြင်ဆင်၏။ သင်တို့ကို ဆန့်ကျင်ဘက်ပြု၍ ငါကြံစည်၏။ သို့ဖြစ်၍ ဆိုးသောလမ်းမှ အသီးအသီး ပြန်လာကြလော့။ သင်တို့လိုက်သောလမ်းနှင့် သင်တို့ကျင့်သောအကျင့်ကို ဖြောင့်စေကြလော့ဟု ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့အား ဆင့်ဆိုလော့။
သင့်အတွေးအခေါ်ကို မည်သူပုံသွင်းသနည်း
ယေဟောဝါသည် လူသားတို့၏ဆန္ဒကို လွန်ဆန်၍ မိမိ၏အတိုင်းအဆမဲ့တန်ခိုးတော်ကို ဘယ်တော့မျှ အသုံးမပြုချေ၊ အိုးထိန်းသမားတစ်ဦးကြောင့် အပြစ်အနာအဆာရှိအိုးများ ဖြစ်ပေါ်လာစေကာမူ ကိုယ်တော်နှင့်ပတ်သက်၍ကား ထိုသို့မဟုတ်ချေ။ (တရားဟောရာ ၃၂:၄) ယေဟောဝါက အပြုသဘောဖြင့် ပုံသွင်းရန် ကြိုးစားသော်လည်း ကိုယ်တော့်ညွှန်ကြားမှုကို ဆန့်ကျင်၍ ပုံသွင်းမခံကြသောအခါ အပြစ်အနာအဆာများ ဖြစ်ပေါ်လာတတ်၏။ ယင်းသည် သင်နှင့် အသက်မဲ့သောအိုးမြေ၏ ကွာခြားမှုကြီးတစ်ခု ဖြစ်သည်။ သင့်မှာ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိသည်။ ယင်းလုပ်ပိုင်ခွင့်ကို အသုံးပြုကာ ယေဟောဝါ၏ ပုံသွင်းခြင်းကိုခံဖို့ သို့မဟုတ် တမင်တကာ ငြင်းဆန်ဖို့ သင်ရွေးချယ်နိုင်သည်။
အလေးအနက် စဉ်းစားစရာ သင်ခန်းစာပါတကား! “ငါဘာလုပ်ရမယ်ဆိုတာကို ဘယ်သူမှ ပြောစရာမလိုဘူး” ဟုစိတ်ကြီးဝင်ကာ ပြောမည့်အစား ယေဟောဝါ၏ စကားတော်ကို နားထောင်ရန် မည်မျှပိုကောင်းသည်တကား! ကျွန်ုပ်တို့အားလုံး ယေဟောဝါ၏လမ်းပြမှု သြဇာခံရန်လိုသည်။ (ယောဟန် ၁၇:၃) “အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အားပြညွှန်၍ ခရီးတော်တို့ကို သွန်သင်တော်မူပါ” ဟုဆုတောင်းခဲ့သူ ဆာလံဆရာဒါဝိဒ်ကဲ့သို့ ဖြစ်ကြစို့။ (ဆာလံ ၂၅:၄) ဘုရင်ရှောလမုန် ပြောခဲ့သည့် ဤစကားကို သတိရပါ– “ပညာရှိသောသူသည် နားထောင်သဖြင့် ပညာအတတ် တိုးပွားရလိမ့်မည်။” (သု. ၁:၅) သင်နားထောင်မည်လော။ နားထောင်မည်ဆိုလျှင် “သမ္မာသတိသည် သင့်ကိုထိန်းသိမ်း၍ ဉာဏ်သည်လည်းစောင့်ရှောက်” လိမ့်မည်။—သု. ၂:၁၁။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ယေရမိ ၁၇:၉) စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။
သင်၏နှလုံးကို စောင့်ရှောက်လော့
၁၃ ယေရမိက “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏” ဟုသတိပေးခဲ့သည်။ (ယေရမိ ၁၇:၉) ကျွန်ုပ်တို့၏နှလုံးသည် စဉ်းလဲကြောင်း ကျွန်ုပ်တို့အမှားများကို ဆင်ခြေပေးခြင်း၊ ချွတ်ယွင်းချက်များကို အသေးအဖွဲဖြစ်စေခြင်း၊ ပင်ကိုအကျင့်စရိုက်ဆိုးများကို ဆင်ခြေပေး ရှင်းလင်းချက်တင်ပြခြင်း ပြုသောအခါ သို့မဟုတ် ပြီးမြောက်အောင်မြင်မှုများကို ပုံကြီးချဲ့သောအခါ ပေါ်လွင်နိုင်သည်။ ထင်ရာစိုင်းတတ်သော နှလုံးသည် ပုံစံနှစ်မျိုး—ချိုသာသည့်အပြောက တစ်မျိုး၊ အလုပ်က အခြားတစ်မျိုး—ဖမ်းနိုင်သည်။ (ဆာလံ ၁၂:၂; သု. ၂၃:၇) နှလုံးထဲမှထွက်သမျှကို ကျွန်ုပ်တို့စစ်ဆေးရာတွင် ရိုးသားဖို့ အရေးကြီးလှသည်တကား!
(ယေရမိ ၂၀:၇) အိုထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူသည်အတိုင်း အကျွန်ုပ်လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက် အားကြီး၍ နိုင်တော်မူပြီ။ အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကို နေ့တိုင်းခံရပါ၏။ လူတိုင်း ပြက်ပြယ်ခြင်းကို ပြုတတ်ကြပါ၏။
ယေရမိကျမ်းမှ ပေါ်လွင်ချက်များ
၂၀:၇—“ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူသည်အတိုင်း အကျွန်ုပ် လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက် အားကြီး၍ နိုင်တော်မူပြီ” ဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ယေရမိသည် ယေဟောဝါ၏ တရားစီရင်ချက်ကို ကြေညာရာတွင် လျစ်လျူရှုမှု၊ ဆန့်ကျင်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှု ခံရသောကြောင့် ဆက်မကြေညာနိုင်တော့ဟု ခံစားခဲ့ရသည်။ သို့သော် ထိုခံစားချက်ကို တွန်းလှန်ရန်နှင့် ဆက်အမှုဆောင်နိုင်ရန် ယေဟောဝါ ခွန်အားပေးခဲ့သည်။ ဤသို့ဖြင့် ယေဟောဝါသည် ယေရမိ မစွမ်းဆောင်နိုင်ဟု ယူဆသောအရာများကို ပြီးမြောက်အောင်မြင်စေရန် သွေးဆောင်တော်မူသည်။
ကျမ်းစာဖတ်ရှုခြင်း
(ယေရမိ ၂၁:၃-၁၄) ယေရမိက သင်တို့သည် ဇေဒကိမင်းကြီးအား ပြန်ပြောရမည်မှာ၊ ၄ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား သင်တို့၏မြို့ပြင်မှာ တပ်စွဲ၍နေသော ဗာဗုလုန်ရှင်ဘုရင် ခါလဒဲအမျိုးသားတို့ကို စစ်တိုက်လျက် သင်တို့စွဲကိုင်သော လက်နက်များကို ငါလွဲစေမည်။ ထိုသူတို့ကို မြို့ထဲ၌ ငါစည်းဝေးစေမည်။ ၅ ငါကိုယ်တိုင်လည်း အလွန်ပြင်းစွာထွက်သော အမျက်အရှိန်အားကြီး၍ ဆန့်သောလက်၊ သန်စွမ်းသောလက်ရုံးနှင့် သင်တို့ကိုတိုက်မည်။ ၆ ဤမြို့၌နေသော လူသတ္တဝါ တိရစ္ဆာန်တို့ကို ငါသည်ဒဏ်ခတ်၍ ပြင်းစွာသောကာလနာဖြင့် သေရကြလိမ့်မည်။ ၇ ထာဝရဘုရား မိန့်တော်မူသည်ကား ထို့နောက်မှ နာဘေး၊ ဓားဘေး၊ မွတ်သိပ်ခြင်းဘေးနှင့် လွတ်၍ ကျန်ကြွင်းသောမြို့သား တည်းဟူသော ယုဒရှင်ဘုရင် ဇေဒကိမှစ၍ သူ၏ကျွန်များ၊ သူ၏လူများတို့ကို ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာအစရှိသော ရန်သူများ၊ သတ်ချင်သောသူများလက်သို့ ငါအပ်၍ ထိုမင်းသည် သနားခြင်းကရုဏာမရှိ။ မစုံမက်၊ မနှမြောဘဲ၊ ဓားနှင့်ကွပ်မျက်လိမ့်မည်ဟု ဆင့်ဆိုလေ၏။ ၈ ထာဝရဘုရားကလည်း သင်သည် ဤလူမျိုးတို့အား ဆင့်ဆိုရသော ထာဝရဘုရား၏ အမိန့်တော်ဟူမူကား အသက်ရှင်ရာလမ်း၊ သေရာလမ်းတို့ကို သင်တို့ရှေ့မှာ ငါဖွင့်ထား၏။ ၉ ဤမြို့ထဲမှာ နေသောသူသည် ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာခြင်းဘေးဖြင့် သေလိမ့်မည်။ မြို့ပြင်သို့ထွက်၍ မြို့ပြင်မှာ တပ်စွဲလျက်နေသော ခါလဒဲလူတို့ဘက်သို့ ဝင်စားသောသူသည် အသက်ချမ်းသာ၍ လုယူရသောဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည်။ ၁၀ ထာဝရဘုရား မိန့်တော်မူသည်ကား ဤမြို့ကို ကျေးဇူးမပြု၊ အပြစ်ပြုခြင်းငှာ ငါသည် မျက်နှာထားသည်ဖြစ်၍ ဤမြို့ကို ဗာဗုလုန်ရှင်ဘုရင်လက်သို့ ငါအပ်သဖြင့် သူသည် မီးရှို့လိမ့်မည်။ ၁၁ ယုဒရှင်ဘုရင်အမျိုးကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသော စကားတော်ကို နားထောင်ကြလော့။ ၁၂ အိုဒါဝိဒ်မင်းကြီးအမျိုး ထာဝရဘုရား မိန့်တော်မူသည်ကား မဆိုင်းမလင့်၊ တရားသဖြင့် စီရင်ကြလော့။ လုယူခြင်းခံရသောသူကို ညှဉ်းဆဲသောသူ၏လက်မှ ကယ်နုတ်ကြလော့။ သို့မဟုတ် သင်တို့ပြုသော ဒုစရိုက်အပြစ်ကြောင့် ငါ့အမျက်သည် မီးကဲ့သို့ဖြစ်၍ အဘယ်သူမျှမသတ်နိုင်အောင် လောင်လိမ့်မည်။ ၁၃ ထာဝရဘုရား မိန့်တော်မူသည်ကား အိုချိုင့်၌နေသောသူ၊ အိုလွင်ပြင်၌ရှိသောကျောက် သင့်တစ်ဖက်၌ ငါနေ၏။ သင်တို့က ငါတို့ကို အဘယ်သူစစ်တိုက်နိုင်မည်နည်း။ ငါတို့နေရာထဲသို့ အဘယ်သူဝင်နိုင်မည်နည်းဟု ဆိုတတ်သော်လည်း၊ ၁၄ သင်တို့အကျင့်နှင့် ထိုက်လျောက်အောင် အပြစ်ဒဏ်ကို ငါပေးမည်။ သင်တို့တောကို ငါရှို့သောမီးသည် ပတ်လည်၌ ရှိသမျှသောအရာတို့ကို လောင်လိမ့်မည်ဟု မိန့်တော်မူ၏။
ဧပြီ ၁၀-၁၆
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယေရမိ ၂၂-၂၄
“ယေဟောဝါကို ‘သိတဲ့စိတ်နှလုံး’ ရှိလား”
(ယေရမိ ၂၄:၁-၃) ထာဝရဘုရား ပြတော်မူသော ရူပါရုံဟူမူကား ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယုဒရှင်ဘုရင် ယောယကိမ်သား ယေခေါနိမင်းအစရှိသော ယုဒမှူးမတ်များ၊ လက်သမား၊ ပန်းပဲသမားများတို့ကို ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသောနောက် ထာဝရဘုရား၏ ဗိမာန်တော်ရှေ့၌ထားသော သင်္ဘောသဖန်းသီး တောင်းနှစ်လုံးသည် ထင်ရှားလေ၏။ ၂ တောင်းတစ်လုံး၌ကား အဦးမှည့်သော သင်္ဘောသဖန်းသီးကဲ့သို့ အလွန်ကောင်းသော သင်္ဘောသဖန်းသီးနှင့် ပြည့်လျက်ရှိ၏။ တစ်လုံး၌ကား မစားနိုင်အောင် အလွန်ညံ့သော သင်္ဘောသဖန်းသီးနှင့် ပြည့်လျက်ရှိ၏။ ၃ ထာဝရဘုရားကလည်း ယေရမိ သင်သည် အဘယ်အရာကိုမြင်သနည်းဟု မေးတော်မူလျှင် အကျွန်ုပ်သည် သင်္ဘောသဖန်းသီးကို မြင်ပါ၏။ ကောင်းသောသင်္ဘောသဖန်းသီးသည် အလွန်ကောင်းပါ၏။ ညံ့သောသင်္ဘောသဖန်းသီးသည် မစားနိုင်အောင် အလွန်ညံ့ပါသည်ဟု ပြန်လျှောက်၏။
သင့်မှာ ယေဟောဝါကို “သိနိုင်တဲ့စိတ်နှလုံး” ရှိသလား
၂ တစ်ခါတုန်းက ယေဟောဝါဟာ စိတ်နှလုံးကို သဖန်းသီးနဲ့ နှိုင်းယှဉ်ဖော်ပြခဲ့တယ်။ ဘုရားသခင်က သဖန်းသီးကနေရတဲ့ အာဟာရကောင်းကျိုးတွေအကြောင်း ပြောနေတာ မဟုတ်ဘူး။ ပုံဆောင်သဘောနဲ့ ပြောတာဖြစ်တယ်။ ပရောဖက်ယေရမိကတစ်ဆင့် ယေဟောဝါပြောခဲ့တဲ့ စကားတွေက သင့်စိတ်နှလုံးနဲ့ရော သင်ချစ်တဲ့သူတွေရဲ့ စိတ်နှလုံးနဲ့ပါ သက်ဆိုင်တယ်။ ကိုယ်တော်ပြောခဲ့တဲ့အချက်ကို ဆွေးနွေးတဲ့အခါ အဲဒါက ခရစ်ယာန်တွေအတွက် ဘာအဓိပ္ပာယ်ရှိသလဲဆိုတာ စဉ်းစားကြည့်ပါ။
(ယေရမိ ၂၄:၄-၇) တစ်ဖန် ထာဝရဘုရား၏နှုတ်ကပါဌ်တော်သည် ငါ့ဆီသို့ရောက်လာ၍ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ၅ ဤအရပ်မှ ခါလဒဲပြည်သို့ ငါစေလွှတ်၍ သိမ်းသွားခြင်းကို ခံရသော ယုဒအမျိုးသားတို့သည် ဤကောင်းသော သင်္ဘောသဖန်းသီးကဲ့သို့ ဖြစ်ကြသည်ဟု ငါဝန်ခံမည်။ ၆ သူတို့၌ ကျေးဇူးပြုမည်ဟု ငါကြံစည်၍ ဤပြည်သို့ တစ်ဖန်ဆောင်ခဲ့ဦးမည်။ နောက်တစ်ဖန် မဖြိုမဖျက်ဘဲ တည်ဆောက်မည်။ မနုတ်မပယ်ဘဲ စိုက်ထားမည်။ ၇ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိနိုင်သော စိတ်နှလုံးကို ငါပေးမည်။ သူတို့သည် ငါ၏လူဖြစ်ကြ၍ ငါသည်လည်း သူတို့၏ဘုရားသခင် ဖြစ်လိမ့်မည်။ ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့နှင့် ပြန်လာကြလိမ့်မည်။
သင့်မှာ ယေဟောဝါကို “သိနိုင်တဲ့စိတ်နှလုံး” ရှိသလား
၄ ကောင်းတဲ့သဖန်းသီးအဖြစ် တင်စားခံရသူတွေကို ယေဟောဝါက “ငါဟာ ယေဟောဝါဖြစ်တယ်ဆိုတာ သူတို့သိနိုင်တဲ့စိတ်နှလုံးကို သူတို့ကို ငါပေးမယ်။ သူတို့က ငါ့လူတွေဖြစ်ရလိမ့်မယ်” လို့ပြောခဲ့တယ်။ (ယေ. ၂၄:၇၊ ကဘ) အဲဒါက ဒီဆောင်းပါးရဲ့ အဓိကကျမ်းချက်ဖြစ်ပြီး ဘယ်လောက်တောင် အားရှိစရာကောင်းလိုက်သလဲ။ ဘုရားသခင်က ကျွန်ုပ်တို့ကို ကိုယ်တော့်ကို “သိနိုင်တဲ့စိတ်နှလုံး” ပေးချင်တယ်။ ကိုယ်တော့်ကို သိနိုင်တဲ့စိတ်နှလုံးဆိုတာ ကိုယ်တော့်အကြောင်းသိချင်ပြီး ကိုယ်တော့်လူမျိုးအဝင် ဖြစ်ချင်တာကိုဆိုလိုတယ်။ ဘယ်လိုနည်းနဲ့ အဲဒီလိုလူမျိုး ဖြစ်နိုင်သလဲ။ သမ္မာကျမ်းစာကို လေ့လာပြီး လက်တွေ့ကျင့်သုံးရမယ်။ နောင်တယူ ပြောင်းလဲရမယ်။ သင့်ကိုသင် ဘုရားသခင်ထံဆက်ကပ်အပ်နှံပြီး ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောစွမ်းအားတော်ရဲ့ နာမမှာ နှစ်ခြင်းခံဖို့လိုတယ်။ (မ. ၂၈:၁၉၊ ၂၀; တ. ၃:၁၉) အဲဒီအဆင့်တွေကို သင် လုပ်ဆောင်ပြီးပြီလား။ ဒါမှမဟုတ် အခု သင်ဟာ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေကို ပုံမှန်တက်ပြီး အဲဒီအဆင့်တွေကို လုပ်ဆောင်နေသလား။
(ယေရမိ ၂၄:၈-၁၀) မစားနိုင်အောင် အလွန်ညံ့သော သင်္ဘောသဖန်းသီးကဲ့သို့ ငါသည် ယုဒရှင်ဘုရင် ဇေဒကိမှစ၍ မှူးတော်မတ်တော်၊ ဤပြည်၌ ကျန်ကြွင်းသော ယေရုရှလင်မြို့သား၊ အဲဂုတ္တုပြည်၌နေသော အမျိုးသားတို့ကို ဖြစ်စေမည်။ ၉ သူတို့သည် ငါနှင်ရာအရပ်ရပ်တို့၌ ကဲ့ရဲ့ခြင်း၊ ပုံခိုင်းခြင်း၊ ဆဲရေးခြင်း၊ ကျိန်ခြင်းတို့ကို ခံရမည်အကြောင်း ငါသည် မြေပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့၌ နှောင့်ယှက်ညှဉ်းဆဲခြင်းသို့ သူတို့ကိုအပ်လိုက်မည်။ ၁၀ သူတို့နှင့် သူတို့၏ဘိုးဘေးတို့အား ငါပေးသောပြည်မှ သူတို့ကို မပယ်ရှင်းမီတိုင်အောင် ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးကို သူတို့ရှိရာသို့ ငါစေလွှတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
သင့်မှာ ယေဟောဝါကို “သိနိုင်တဲ့စိတ်နှလုံး” ရှိသလား
၃ ဘီစီ ၆၁၇ မှာ ယုဒလူမျိုးတွေဟာ ယေဟောဝါ မုန်းတီးတဲ့ လုပ်ရပ်တွေကို လုပ်ခဲ့ကြတယ်။ ဘုရားသခင်က ရှေ့မှာ သူတို့ကြုံတွေ့ရမယ့်အရာနဲ့ ပတ်သက်ပြီး ရူပါရုံတစ်ခု ပေးခဲ့တယ်၊ အဲဒီရူပါရုံမှာ “အလွန်ကောင်းသော” သဖန်းသီးနဲ့ “အလွန်ညံ့သော” သဖန်းသီးဆိုပြီး နှစ်မျိုး ပါတယ်။ (ယေရမိ ၂၄:၁-၃ ကိုဖတ်ပါ။) ညံ့တဲ့သဖန်းသီးက ဘုရင်နေဗုခဒ်နေဇာနဲ့ သူ့စစ်တပ်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ ဘုရင်ဇေဒကိနဲ့ သူ့လူတွေကို ပုံဆောင်တယ်။ ဒါပေမဲ့ ကောင်းတဲ့သဖန်းသီးနဲ့ တူတဲ့သူတွေလည်း ရှိပါတယ်။ သူတို့ထဲက တချို့ကတော့ ဗာဗုလုန်ကို ရောက်နေပြီဖြစ်တဲ့ ယေဇကျေလ၊ ဒံယေလနဲ့ သူ့အဖော်သုံးယောက် အပါအဝင် နောက်ပိုင်းမှာ ဗာဗုလုန်ကို သုံ့ပန်းအဖြစ် ခေါ်သွားခံရတဲ့ တခြားသူတွေ ဖြစ်တယ်။ နောက်ပိုင်းမှာ အဲဒီအထဲက ဂျူးတချို့ဟာ ဂျေရုဆလင်မြို့ကို ပြန်လာပြီး မြို့နဲ့ ဗိမာန်တော်ကို တည်ဆောက်ကြပါလိမ့်မယ်။—ယေ. ၂၄:၈-၁၀; ၂၅:၁၁၊ ၁၂; ၂၉:၁၀။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ယေရမိ ၂၂:၃၀) ထာဝရဘုရား မိန့်တော်မူသည်ကား ဤမင်းကို သားမရှိသောသူ ဟူ၍လည်းကောင်း၊ တစ်သက်လုံး မကောင်းစားသောသူ ဟူ၍လည်းကောင်း ရေးမှတ်လော့။ သူ၏သားမြေး တစ်စုံတစ်ယောက်မျှ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသောအခွင့်နှင့် ယုဒပြည်ကို စိုးစံရသောအခွင့် မရှိရ။
ယေရမိကျမ်းမှ ပေါ်လွင်ချက်များ
၂၂:၃၀—ယင်းအမိန့်တော်က ယေရှုခရစ်သည် ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင် ထိုင်ပိုင်ခွင့်မရှိဟု ဆိုလိုသလော။ (မဿဲ ၁:၁၊ ၁၁) မဆိုလိုပါ။ ထိုအမိန့်တော်က ယောယကိမ်မင်းဆက်သည် “ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်မှာ ထိုင်ရသောအခွင့်နှင့် ယုဒပြည်ကိုစိုးစံရသောအခွင့်မရှိ” ကြောင်းကို ဆိုလိုခြင်းဖြစ်သည်။ ယေရှုသည် ယုဒနိုင်ငံ၏ ပလ္လင်ပေါ်မှမဟုတ်ဘဲ ကောင်းကင်မှနေ၍ အုပ်စိုးတော်မူသည်။
(ယေရမိ ၂၃:၃၃၊ ကဘ) “ဒီလူတွေဖြစ်ဖြစ်၊ ပရောဖက်ဖြစ်ဖြစ်၊ ပုရောဟိတ်ဖြစ်ဖြစ် ‘ယေဟောဝါဆီက ဝန်ထုပ်ဟာဘာလဲ’ လို့ မင်းကို မေးခဲ့ရင် ‘“အဲဒီဝန်ထုပ်ဟာ မင်းတို့ပဲ။ မင်းတို့ကို ငါပစ်ချမယ်” လို့ ယေဟောဝါပြောတယ်’ ဆိုပြီး ဖြေရမယ်။
ယေရမိကျမ်းမှ ပေါ်လွင်ချက်များ
၂၃:၃၄၊ ခမ—ယေဟောဝါ၏ “ဝန်ထုပ်ဝန်ပိုး” ကား အဘယ်နည်း။ ယေရမိကြွေးကြော်သော ယေရုရှလင်မြို့ပျက်စီးခြင်း သတင်းသည် ထိုမြို့သားများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်၏။ တစ်ဖန် တုံ့ပြန်မှုမရှိသူများသည် ယေဟောဝါအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး သူတို့ကို ကိုယ်တော် ငြင်းပယ်တော်မူမည်။ အလားတူ ခရစ်ယာန်ဘောင် ဖျက်ဆီးခံရတော့မည်ဟူသော ကျမ်းစာသတင်းစကားသည် ခရစ်ယာန်ဘောင်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သည်။ ထိုသတင်းကို လက်မခံသူတို့သည် ဘုရားသခင်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်၏။
ကျမ်းစာဖတ်ရှုခြင်း
(ယေရမိ ၂၃:၂၅-၃၆) ငါသည် အိပ်မက်မြင်ပြီ။ အိပ်မက်မြင်ပြီဟု ငါ့နာမကိုအမှီပြု၍ မုသာဖြင့်ဟောပြောသော ပရောဖက်တို့၏စကားကို ငါကြားပြီ။ ၂၆ ထိုပရောဖက်တို့သည် အဘယ်မျှကာလပတ်လုံး ဤသို့ကြံစည်ကြလိမ့်မည်နည်း။ သူတို့သည် မုသာစကားကိုဟောပြောတတ်ကြ၏။ ကိုယ်စိတ်နှလုံးလှည့်စားသည်အတိုင်း ဟောပြောတတ်ကြ၏။ ၂၇ ဘိုးဘေးတို့သည် ဗာလကြောင့် ငါ့နာမကိုမေ့လျော့သကဲ့သို့ သူတို့သည် အိမ်နီးချင်း တစ်ယောက်ကိုတစ်ယောက် ပြောတတ်သော အိပ်မက်များအားဖြင့် ငါ၏လူမျိုးသည် ငါ့နာမကိုမေ့လျော့စေမည်ဟု အကြံရှိကြသည်တကား။ ၂၈ အိပ်မက်မြင်သော ပရောဖက်သည် အိပ်မက်စကားကို ပြောပါလေစေ။ ငါ၏နှုတ်ကပါဌ်တော်ကို ခံရသောသူသည် နှုတ်ကပါဌ်စကားတော်ကို မှန်ကန်စွာ ဟောပြောပါလေစေ။ အဖျင်းသည် စပါးနှင့် အဘယ်သို့ဆိုင်သနည်းဟု ထာဝရဘုရား မိန့်တော်မူ၏။ ၂၉ ငါ၏နှုတ်ကပါဌ်တော်သည် မီးကဲ့သို့လည်းကောင်း၊ ကျောက်ကိုထုချေသော သံတူကဲ့သို့လည်းကောင်း ဖြစ်သည်မဟုတ်လောဟု ထာဝရဘုရား မေးတော်မူ၏။ ၃၀ သို့ဖြစ်၍ ငါ့စကားတော်ကို အိမ်နီးချင်း တစ်ယောက်မှတစ်ယောက် ခိုးသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ ၃၁ မိမိတို့အလိုအလျောက် ဟောပြောလျက်နှင့် အမိန့်တော်ရှိသည်ဟုဆိုသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ ၃၂ မှားသောအိပ်မက်ကို ဟောပြော၍ မုသာစကားနှင့် အချည်းနှီးစကားအားဖြင့် ငါ၏လူမျိုးကို မှားယွင်းစေသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်။ သူတို့ကို ငါမစေလွှတ်၊ မမှာထားသောကြောင့် ဤလူမျိုးသည် ကျေးဇူးမရှိဟု ထာဝရဘုရား မိန့်တော်မူ၏။ ၃၃ ဤလူမျိုးတွင် ဆင်းရဲသားဖြစ်စေ၊ ပရောဖက်ဖြစ်စေ၊ ယဇ်ပုရောဟိတ်ဖြစ်စေ၊ တစ်စုံတစ်ယောက်က ထာဝရဘုရား၏ ဗျာဒိတ်တော် အဘယ်သို့နည်းဟု သင့်ကိုမေးလျှင် ပြန်ပြောရမည်မှာ သင်တို့နှင့်ဆိုင်သော ဗျာဒိတ်တော်ဟူမူကား သင်တို့ကို ငါစွန့်ပစ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ ၃၄ ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟု ပြောဆိုသော ပရောဖက်၊ ယဇ်ပုရောဟိတ်၊ ပြည်သူပြည်သားကိုလည်းကောင်း၊ ထိုသူ၏ အိမ်သူအိမ်သားတို့ကိုလည်းကောင်း၊ ငါသည် ဒဏ်ပေးမည်။ ၃၅ သင်တို့က ထာဝရဘုရားသည် အဘယ်သို့ပြန်ပြောတော်မူသနည်း ဟူ၍လည်းကောင်း၊ အဘယ်သို့မိန့်တော်မူသနည်းဟူ၍လည်းကောင်း အိမ်နီးချင်း၊ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက် မေးမြန်းရမည်။ ၃၆ ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိသည်ဟူ၍ နောက်တစ်ဖန်မဆိုရ။ လူတိုင်း မိမိစကားမှတစ်ပါး အခြားသော ဗျာဒိတ်တော်မရှိရ။ အကြောင်းမူကား သင်တို့သည် အသက်ရှင်တော်မူသောဘုရား၊ ငါတို့၏ဘုရားသခင်တည်းဟူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ စကားတော်ကို ဖျက်ကြပြီ။
ဧပြီ ၁၇-၂၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယေရမိ ၂၅-၂၈
“ယေရမိလို သတ္တိရှိပါ”
(ယေရမိ ၂၆:၂-၆) ထာဝရဘုရား မိန့်တော်မူသည်ကား ဗိမာန်တော်၌ ကိုးကွယ်အံ့သောငှာ ရောက်လာသော ယုဒမြို့သူ ရွာသားအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှာ ငါသည် သင်၌မှာထားသမျှသော စကားတို့ကို ဗိမာန်တော်တံတိုင်းထဲမှာ ရပ်လျက် သူတို့အား ပြန်ပြောလော့။ တစ်ခွန်းကိုမျှ မထိမ်မဝှက်နှင့်။ ၃ သူတို့သည် နားထောင်၍ အသီးအသီး မိမိတို့အဓမ္မလမ်းမှ လွှဲရှောင်ကောင်း လွှဲရှောင်ကြလိမ့်မည်။ ငါသည်လည်း သူတို့ပြုသော ဒုစရိုက်ကြောင့် အပြစ်ပေးမည်ဟု ကြံစည်ခြင်းကို နောင်တရမည်။ ၄ သို့ဖြစ်၍ သင်သည် ဆင့်ဆိုရမည်မှာ ထာဝရဘုရား မိန့်တော်မူသည်ကား သင်တို့သည် ငါ့စကားကို နားမထောင်၊ သင်တို့၌ငါထားသော ပညတ်တရားလမ်းသို့မလိုက်၊ ၅ ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်သော ငါ၏ကျွန်ပရောဖက်တို့၏ စကားကို နားမထောင်ဘဲနေသကဲ့သို့ ယခုလည်း နားမထောင်ဘဲနေလျှင်၊ ၆ ဤအိမ်ကို ရှိလောရွာကဲ့သို့ ငါဖြစ်စေမည်။ ဤမြို့ကိုလည်း မြေပေါ်မှာ လူအမျိုးမျိုး ကျိန်ဆဲသောမြို့ ဖြစ်စေမည်ဟု မိန့်တော်မူ၏။
ယေရမိ လက်မလျှော့ခဲ့
အကျင့်ဆိုးတွေကို မပြောင်းလဲဘူးဆိုရင် ဂျေရုဆလင်မြို့ကို ဖျက်ဆီးမယ်ဆိုပြီး လူတွေကို သတိပေးဖို့ ယေရမိကို ယေဟောဝါဘုရားသခင် စေခိုင်းခဲ့တယ်။ အဲဒီသတိပေးချက်ကို ယေရမိ ပြောတဲ့အခါ လူတွေက ဒေါသထွက်လာပြီး “ဤသူသည် အသေခံထိုက်” ၏လို့ ပြောကြတယ်။ ဒါပေမဲ့ ယေရမိက ‘ယေဟောဝါဘုရားသခင်၏ စကားတော်ကို နားထောင်ကြ’ ပါဆိုပြီး သူတို့ကို တောင်းပန်ခဲ့တယ်။ ပြီးတော့ ‘သင်တို့သည် ငါ့ကိုသတ်လျှင် အပြစ်မရှိသောသူကို သတ်ခြင်းဖြစ်မည်ဟု သိမှတ်ကြလော့။ အကြောင်းမှာ သင်တို့အား ကြားပြောမည်အကြောင်း ဘုရားသခင်သည် ငါ့ကို စေလွှတ်တော်မူခြင်းဖြစ်၏’ ဆိုပြီး သူပြောတယ်။ နောက်တော့ ဘာဖြစ်သွားသလဲဆိုတာ ကလေးတို့ သိသလား။
(ယေရမိ ၂၆:၈၊ ၉) လူများအပေါင်းတို့အား ဆင့်ဆိုစေခြင်းငှာ ထာဝရဘုရား မှာထားတော်မူသမျှသော စကားတော်ကို အကုန်အစင် ဟောပြောပြီးမှ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ လူများအပေါင်းတို့သည် ယေရမိကို ဖမ်းဆီး၍ သင်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ၉ ဤအိမ်တော်သည် ရှိလောရွာကဲ့သို့ ဖြစ်လိမ့်မည်။ ဤမြို့သည် လူမရှိ။ ဆိတ်ညံရာအရပ် ဖြစ်လိမ့်မည်ဟု သင်သည် ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍ အဘယ်ကြောင့် ဟောသနည်းဟု ပြောဆိုလျက် လူများအပေါင်းတို့သည် ဗိမာန်တော်တွင် ယေရမိတစ်ဖက်၌ စုဝေးကြ၏။
(ယေရမိ ၂၆:၁၂၊ ၁၃) ယေရမိကလည်း သင်တို့ကြားသမျှအတိုင်း ဤအိမ်တော်နှင့် ဤမြို့တော်ကို ဆန့်ကျင်ဘက်ပြု၍ ဟောပြောစေခြင်းငှာ ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မူပြီ။ ၁၃ ယခုမှာ သင်တို့၏ ကျင့်ကြံပြုမူခြင်းတို့ကို ပြောင်းလဲကြလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်ကြလော့။ သို့ပြုလျှင် ထာဝရဘုရားသည် သင်တို့၌ ဘေးဥပဒ်ရောက်စေမည်ဟု ခြိမ်းတော်မူသော်လည်း တစ်ဖန် နောင်တရတော်မူလိမ့်မည်။
“အဆုံးပိုင်းကာလ” မှာ အမှုဆောင်ခြင်း
၁၃ ယုဒပြည်ရဲ့ ဘာသာရေးနဲ့ နိုင်ငံရေး အခြေအနေတွေကိုကြည့်ရင် ယေရမိရဲ့စကားကို ဘာသာရေးခေါင်းဆောင်တွေ ဘယ်လိုတုံ့ပြန်မယ်ထင်သလဲ။ “ယဇ်ပုရောဟိတ်၊ ပရောဖက်၊ လူများအပေါင်းတို့သည် ယေရမိကိုဖမ်းဆီး၍ ‘သင်သည် အသေသတ်ခြင်းကို အမှန်ခံရမည်’” လို့ပြောကြတယ်ဆိုပြီး ယေရမိကိုယ်တိုင် ရေးခဲ့တယ်။ သူတို့က “ဤသူသည် အသေခံထိုက်ပေ၏” ဆိုပြီး ဒေါသတကြီးကြွေးကြော်ခဲ့ကြတယ်။ (ယေရမိ ၂၆:၈-၁၁ ကိုဖတ်ပါ။) ဒါပေမဲ့ ယေရမိကိုဆန့်ကျင်သူတွေ မအောင်မြင်ခဲ့ကြဘူး။ ယေဟောဝါက ယေရမိနဲ့အတူရှိပြီး သူ့ကိုကယ်နုတ်ခဲ့တယ်။ ဆန့်ကျင်သူတွေဟာ အရေအတွက်များတဲ့အပြင် ဩဇာအာဏာလည်း ကြီးမားပေမဲ့ သူတို့ကို ယေရမိ မကြောက်ခဲ့ဘူး။ သင်လည်း မကြောက်ပါနဲ့။
(ယေရမိ ၂၆:၁၆) ထိုအခါ မှူးမတ်အစရှိသောလူများအပေါင်းတို့က ဤသူသည် အသေခံထိုက်သည်မဟုတ်။ ငါတို့ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍ ငါတို့အား ဟောပြောလေပြီဟု ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့အား ပြောဆိုကြ၏။
(ယေရမိ ၂၆:၂၄) သို့သော်လည်း ရှာဖန်သား အဟိကံသည် ယေရမိကိုမစသောကြောင့် အသေခံစေခြင်းငှာ လူများတို့လက်သို့မအပ်ရ။
“ဉာဏ်ပညာဟာ အကာအကွယ်ဖြစ်”
‘မှူးမတ်အစရှိသော လူများအပေါင်းတို့က “ဤသူသည် အသေခံထိုက်သည်မဟုတ်လော။ ငါတို့ဘုရားသခင် ယေဟောဝါ၏နာမတော်ကို အမှီပြု၍ ငါတို့အား ဟောပြောလေပြီ” ဟုယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့အား ပြောဆိုကြ၏’ ဆိုပြီး ကျမ်းစာမှာဖော်ပြထားတယ်။ ယေရမိက ကြောက်စိတ်ကြောင့် လက်လျှော့သွားဖို့ သူ့ကိုယ်သူ ခွင့်မပြုခဲ့တဲ့အတွက် ယေဟောဝါဘုရားသခင် သူ့ကို ကာကွယ်ပေးခဲ့တယ်။ ယေဟောဝါဘုရားသခင်ရဲ့ နောက်ပရောဖက်တစ်ပါးဖြစ်တဲ့ ဥရိယအကြောင်း အခု သုံးသပ်ကြည့်ကြစို့။ သူကတော့ ယေရမိနဲ့လုံးဝမတူဘူး။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ယေရမိ ၂၇:၂၊ ၃) ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား ကြိုးနှင့်ထမ်းပိုးများကိုလုပ်၍ သင်၏လည်ပင်း၌ တပ်လော့။ ၃ ယုဒရှင်ဘုရင် ဇေဒကိထံ ယေရုရှလင်မြို့သို့ရောက်လာသော သံတမန်တို့တွင် ထိုကြိုးနှင့်ထမ်းပိုးတို့ကို ဧဒုံမင်း၊ မောဘမင်း၊ အမ္မုန်မင်း၊ တုရုမင်း၊ ဇိဒုန်မင်းသို့ ပေးလိုက်လော့။
“အဆုံးပိုင်းကာလ” မှာ အမှုဆောင်ခြင်း
၂၁ ဇေဒကိနန်းစံချိန် အစောပိုင်းလောက်မှာ ဧဒုံဘုရင်၊ မောဘဘုရင်၊ အမ္မုန်ဘုရင်၊ တုရုဘုရင်နဲ့ ဇိဒုန်ဘုရင်ရဲ့ စေတမန်တွေက ဂျေရုဆလင်မြို့ကို ရောက်လာကြတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က နေဗုခဒ်နေဇာကိုဆန့်ကျင်မယ့် မဟာမိတ်အုပ်စုမှာ ဇေဒကိကိုလည်း ပါဝင်စေချင်လို့ဖြစ်နိုင်တယ်။ ဒါပေမဲ့ ယေရမိက ဗာဗုလုန်ကိုပဲ လက်အောက်ခံပါလို့ ဇေဒကိကိုတိုက်တွန်းတယ်။ ယေရမိက အဲဒီဘုရင်တွေလည်း ဗာဗုလုန်ကိုလက်အောက်ခံသင့်တယ်ဆိုတာ သိစေဖို့ စေတမန်တွေကို ထမ်းပိုးတွေပေးလိုက်တယ်။ (ယေ. ၂၇:၁-၃၊ ၁၄) ယေရမိပြောတဲ့အကြောင်းကို လူတွေမကြိုက်ကြဘူး။ ဒီကြားထဲ ဟာနနိကြောင့် သူ ပိုအခက်တွေ့ခဲ့ရတယ်။ ပရောဖက်အတုအယောင်ဖြစ်တဲ့ ဟာနနိက ဗာဗုလုန်ရဲ့ထမ်းပိုးဟာ အချိုးခံရလိမ့်မယ်လို့ ဘုရားသခင့်နာမည်ကိုသုံးပြီး လူသိရှင်ကြားကြေညာနေတယ်။ ဒါပေမဲ့ ဟာနနိဟာ တစ်နှစ်အတွင်း သေရမယ်ဆိုပြီး ယေရမိကတစ်ဆင့် ယေဟောဝါပြောခဲ့တယ်။ ပြောတဲ့အတိုင်း တကယ်ဖြစ်ခဲ့တယ်။—ယေ. ၂၈:၁-၃၊ ၁၆၊ ၁၇။
(ယေရမိ ၂၈:၁၁) ထာဝရဘုရားမိန့်တော်မူသည်ကား ထိုသို့ လူအမျိုးမျိုးတို့၏လည်ပင်းပေါ်မှာ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာတင်သောထမ်းပိုးကို နှစ်နှစ်အတွင်းတွင် ငါချိုးပယ်မည်ဟုမိန့်တော်မူကြောင်းကို လူအပေါင်းတို့ရှေ့မှာပြောဆို၏။ ထိုအခါ ပရောဖက်ယေရမိသည် ထွက်သွားလေ၏။
“ငါသည် တိတ်ဆိတ်စွာမနေနိုင်”
၁၁ ယေရမိက တစ်ဇွတ်ထိုးသမား မဟုတ်ဘူး ဆိုတဲ့အချက်ကိုလည်း သတိရသင့်တယ်။ သူက ဆန့်ကျင်သူတွေနဲ့ ကြုံရတဲ့အခါ ဉာဏ်သုံးခဲ့တယ်။ ဘယ်အချိန်မှာ ရှောင်ထွက်သွားရမယ်ဆိုတာ သူသိတယ်။ ဥပမာ၊ ဟာနနိနဲ့ ထိပ်တိုက်တွေ့ချိန်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာ သုံးသပ်ကြည့်ပါ။ အဲဒီပရောဖက် အတုအယောင်က ယေရမိဟောတဲ့ ယေဟောဝါရဲ့စကားကို လူရှေ့သူရှေ့မှာ ဆန့်ကျင်ပြီးတဲ့နောက် ယေရမိက သူ့ကိုတည့်မတ်ပေးပြီး စစ်မှန်တဲ့ပရောဖက်ကို ဘယ်လိုခွဲခြားသိနိုင်တဲ့အကြောင်း ရှင်းပြခဲ့တယ်။ ဗာဗုလုန်ရဲ့ထမ်းပိုးကို ထမ်းရမယ်ဆိုတာကို ပြဖို့ သစ်သားထမ်းပိုးတစ်ချောင်းကို ယေရမိ ထမ်းပြခဲ့တယ်။ အဲဒီအခါ ဟာနနိက ကြမ်းတမ်းလာပြီး ထမ်းပိုးကို ချိုးပစ်တယ်။ ဟာနနိ ဘာဆက်လုပ်မယ်ဆိုတာကို ဘယ်သူပြောနိုင်မလဲ။ ဒါကြောင့် ယေရမိ ဘာလုပ်ခဲ့သလဲ။ “ထိုအခါ ပရောဖက်ယေရမိသည် ထွက်သွားလေ၏” လို့ဖော်ပြထားတဲ့အတွက် အဲဒီနေရာကနေ ယေရမိ ရှောင်ထွက်သွားဆိုတာ သိနိုင်တယ်။ နောက်ပိုင်းမှာ ယေဟောဝါရဲ့ ညွှန်ကြားချက်အရ ယေရမိက ဟာနနိဆီ ပြန်လာပြီး ဂျူးတွေက ဗာဗုလုန်ဘုရင်ဆီမှာ ကျွန်ခံရမယ်၊ ဟာနနိကတော့ သေရလိမ့်မယ်ဆိုတဲ့ ဘုရားသခင် လုပ်ဆောင်မယ့်အရာအကြောင်း ပြောခဲ့တယ်။—ယေ. ၂၈:၁-၁၇။
၁၂ ဒီဖြစ်ရပ်က ကျွန်တော်တို့ ဟောပြောတဲ့အခါ ရဲစွမ်းသတ္တိအပြင် ချင့်ချိန်သုံးသပ်နိုင်စွမ်း ရှိဖို့လည်း လိုတယ်ဆိုတာ ဖော်ပြတယ်။ လူတစ်ယောက်က ကျွန်တော်တို့ ဟောပြောတာကို လက်မခံဘဲ ဒေါသကြီးလာတယ်၊ အကြမ်းဖက်လာတယ်ဆိုရင် ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ပြီး နောက်တစ်အိမ်ကို ဆက်သွားနိုင်တယ်။ နိုင်ငံတော်သတင်းကောင်းနဲ့ပတ်သက်ပြီး ဘယ်သူနဲ့မှ ငြင်းခုံနေစရာ မလိုဘူး။ “အဆိုးကို သည်းခံနိုင်သူ” ဖြစ်ခြင်းအားဖြင့် ပိုအဆင်ပြေတဲ့အချိန်မှာ အိမ်ရှင်နားထောင်လာအောင် လမ်းဖွင့်ထားနိုင်တယ်။—၂ တိမောသေ ၂:၂၃-၂၅ ကိုဖတ်ပါ; သု. ၁၇:၁၄။
ကျမ်းစာဖတ်ရှုခြင်း
(ယေရမိ ၂၇:၁၂-၂၂) ထိုစကားတော်ရှိသမျှကို ငါပြန်၍ ယုဒရှင်ဘုရင် ဇေဒကိအား လျှောက်ဆိုသည်ကား ဗာဗုလုန်ရှင်ဘုရင်၏ ထမ်းပိုးကိုထမ်း၍ သူနှင့်သူ၏လူများ အစေကိုခံလျက် အသက်ချမ်းသာပါလော့။ ၁၃ ဗာဗုလုန်ရှင်ဘုရင်၏အစေကို မခံသောလူမျိုးကို ထာဝရဘုရား ရ ည်မှတ်၍ မိန့်တော်မူသည်အတိုင်း ကိုယ်တော်နှင့် ကိုယ်တော်၏လူတို့သည် ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် အဘယ်ကြောင့် သေရပါမည်နည်း။ ၁၄ သင်တို့သည် ဗာဗုလုန်ရှင်ဘုရင်၏ အစေကိုမခံရဟု သင်တို့အား ဟောပြောသော ပရောဖက်တို့၏ စကားကို နားမထောင်ကြနှင့်။ သူတို့သည် မုသာစကားကိုဟောပြောတတ်ကြ၏။ ၁၅ ထာဝရဘုရား မိန့်တော်မူသည်ကား သင်တို့နှင့် သင်တို့အားဟောပြောသော ပရောဖက်တို့ကို ငါနှင်ထုတ်၍ ဆုံးရှုံးစေခြင်းငှာ ငါမစေလွှတ်ဘဲ သူတို့သည် ငါ့နာမကို အမှီပြု၍ မုသာစကားကို ဟောပြောတတ်ကြ၏။ ၁၆ ယဇ်ပုရောဟိတ်တို့နှင့် လူအပေါင်းတို့အားလည်း ထာဝရဘုရား၏ အမိန့်တော်ကို ငါပြန်ပြောသည်ကား ကာလမကြာမမြင့်မီ ဗိမာန်တော်တန်ဆာတို့ကို ဗာဗုလုန်မြို့မှ တစ်ဖန်ဆောင်ခဲ့လိမ့်မည်ဟု သင်တို့အား ဟောပြောသော ပရောဖက်တို့၏ စကားကို နားမထောင်ကြနှင့်။ သူတို့သည် မုသာစကားကို ဟောပြောတတ်ကြ၏။ ၁၇ သူတို့၏စကားကို နားမထောင်ကြနှင့်။ ဗာဗုလုန်ရှင်ဘုရင်၏ အစေကိုခံ၍ အသက်ချမ်းသာကြလော့။ ဤမြို့သည် အဘယ်ကြောင့် ပျက်စီးခြင်းသို့ ရောက်ရမည်နည်း။ ၁၈ သူတို့သည် ထာဝရဘုရား၏ ဗျာဒိတ်တော်ကိုခံ၍ ပရောဖက်မှန်လျှင် ဗိမာန်တော်၌လည်းကောင်း၊ နန်းတော်၌လည်းကောင်း၊ ယေရုရှလင်မြို့၌လည်းကောင်း ကျန်ကြွင်းသေးသော တန်ဆာတို့ကို ဗာဗုလုန်မြို့သို့ ယူ၍မသွားရမည်အကြောင်း ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအား တောင်းပန်ကြလော့။ ၁၉ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယုဒရှင်ဘုရင် ယောယကိမ်သား ယေခေါနိ အစရှိသော ယုဒပြည် ယေရုရှလင်မြို့ မှူးတော်မတ်တော် အပေါင်းတို့ကို ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသောအခါ၊ ၂၀ ထိုရှင်ဘုရင်သည် မသိမ်းမယူ၊ ဗိမာန်တော်၌လည်းကောင်း၊ နန်းတော်၌လည်းကောင်း၊ ယေရုရှလင်မြို့၌လည်းကောင်း ကျန်ကြွင်းသေးသော တိုင်၊ ရေကန်၊ ရေကန်အခြေအမြစ်များ၊ ကျန်ကြွင်းသေးသော တန်ဆာများတို့ကို ရည်မှတ်၍၊ ၂၁ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ၂၂ ထိုတန်ဆာတို့ကို ဗာဗုလုန်မြို့သို့ ယူသွားရလိမ့်မည်။ ငါအကြည့်အရှု မကြွလာမီတိုင်အောင် ထိုမြို့၌ ရှိနေရကြလိမ့်မည်။ ငါကြွလာသောအခါ ထိုတန်ဆာတို့ကို ငါဆောင်ခဲ့၍ ဤအရပ်၌ ပြန်ထားမည်ဟု မိန့်တော်မူ၏။
ဧပြီ ၂၄-၃၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယေရမိ ၂၉-၃၁
“ယေဟောဝါက ပဋိညာဉ်သစ်အကြောင်း ကြိုပြောခဲ့”
(ယေရမိ ၃၁:၃၁၊ ကဘ) ယေဟောဝါ ပြောတာက– “အစ္စရေးအမျိုး၊ ယုဒအမျိုးနဲ့ ငါပဋိညာဉ်သစ် ဖွဲ့မယ့်နေ့ ရောက်လာလိမ့်မယ်။
it-1-E ၅၂၄ အပိုဒ် ၃-၄
ပဋိညာဉ်
ပဋိညာဉ်သစ်။ ယေဟောဝါဟာ ဘီစီခုနစ်ရာစုမှာ ပဋိညာဉ်သစ်အကြောင်းကို ပရောဖက်ယေရမိကတစ်ဆင့် ကြိုတင်မိန့်ဆိုခဲ့ပြီး အစ္စရေးလူမျိုး ချိုးဖောက်ခဲ့တဲ့ ပညတ်ပဋိညာဉ်နဲ့မတူကြောင်း ပြောခဲ့တယ်။ (ယေ ၃၁:၃၁-၃၄) ယေရှုခရစ်က မသေဆုံးခင် အေဒီ ၃၃၊ နိသန် ၁၄ ရက် ညမှာ သခင့်ညစာစားပွဲပြုလုပ်တဲ့အခါ ပဋိညာဉ်သစ်အကြောင်း ကြေညာခဲ့တယ်။ သူ့ရဲ့ယဇ်အားဖြင့် ဒီပဋိညာဉ်ကို အတည်ပြုမှာဖြစ်တယ်။ (လု ၂၂:၂၀) ရှင်ပြန်ထမြောက်ပြီး ရက် ၅၀ အကြာ၊ ခမည်းတော်ဆီတက်ကြွပြီး ၁၀ ရက်အကြာမှာ ယေရှုဟာ ယေဟောဝါဆီကရရှိတဲ့ သန့်ရှင်းသောစွမ်းအားကို ဂျေရုဆလင် အထက်ခန်းမမှာ စုရုံးနေတဲ့ တပည့်တွေပေါ် သွန်းလောင်းပေးခဲ့တယ်။—တ ၂:၁-၄၊ ၁၇၊ ၃၃; ၂က ၃:၆၊ ၈၊ ၉; ဗြဲ ၂:၃၊ ၄။
ပဋိညာဉ်သစ်မှာပါဝင်သူတွေက ယေဟောဝါနဲ့ “ဘုရားသခင်၏အစ္စရေးလူမျိုး၊” တစ်နည်းအားဖြင့် ခရစ်တော်ရဲ့အသင်းတော် ဒါမှမဟုတ် ကိုယ်ခန္ဓာအဖြစ် ဖွဲ့စည်းထားတဲ့၊ ခရစ်တော်နဲ့ တစည်းတလုံးတည်းဖြစ်တဲ့ ဘိသိက်ခံတွေဖြစ်တယ်။ (ဗြဲ ၈:၁၀; ၁၂:၂၂-၂၄; ဂ ၆:၁၅၊ ၁၆; ၃:၂၆-၂၈; ရ ၂:၂၈၊ ၂၉) ပဋိညာဉ်သစ်ဟာ ယေရှုခရစ်ရဲ့သွေး (လူသားအသက်ကို ယဇ်ပူဇော်ခြင်း) ကြောင့် စတင်အကျိုးသက်ရောက်မှု ရှိလာတယ်။ ယေရှုဟာ ကောင်းကင်ကို ပြန်တက်ကြွသွားပြီးနောက် ဒီသွေးရဲ့တန်ဖိုးကို ယေဟောဝါဆီ ဆက်သတယ်။ (မ ၂၆:၂၈) ဘုရားသခင်က တစ်ဦးတစ်ယောက်ကို ကောင်းကင်ခေါ်တော်မူခြင်းခံရဖို့ ရွေးချယ်တဲ့အခါ (ဗြဲ ၃:၁) ခရစ်တော်ရဲ့ယဇ်ပေါ်အခြေခံပြီး သူ့ကို ပဋိညာဉ်ထဲ ပါဝင်စေတာဖြစ်တယ်။ (ဆ ၅၀:၅; ဗြဲ ၉:၁၄၊ ၁၅၊ ၂၆) ယေရှုခရစ်ဟာ ပဋိညာဉ်သစ်ရဲ့ ဖျန်ဖြေသူ (ဗြဲ ၈:၆; ၉:၁၅)၊ အာဗြဟံရဲ့ အဓိကမျိုးနွယ် ဖြစ်တယ်။ (ဂ ၃:၁၆) ယေရှုဟာ ပဋိညာဉ်သစ်ရဲ့ ဖျန်ဖြေသူဖြစ်တာကြောင့် ပဋိညာဉ်မှာပါဝင်သူတွေ အပြစ်တွေ ခွင့်လွှတ်ခံရပြီး အာဗြဟံရဲ့စစ်မှန်တဲ့မျိုးနွယ် ဖြစ်လာဖို့ (ဗြဲ ၂:၁၆; ဂ ၃:၂၉) ကူညီပေးတယ်။ ဒီလိုနဲ့ ယေဟောဝါက သူတို့ကို ဖြောင့်မတ်ကြောင်း ကြေညာတယ်။—ရ ၅:၁၊ ၂; ၈:၃၃; ဗြဲ ၁၀:၁၆၊ ၁၇။
(ယေရမိ ၃၁:၃၂၊ ၃၃) သူတို့၌ ငါပေးသော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်ကို ဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသောအချိန်ကာလ ရောက်လိမ့်မည်။ အရင်ငါပေးဖူးသော ပဋိညာဉ်တရားကို သူတို့သည်ဖျက်၍ ငါသည်လည်း သူတို့ကိုရွံရှာ၏။ ၃၃ နောင်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား ငါထာဝရဘုရားသည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ဘုရား ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူ ဖြစ်ကြလိမ့်မည်။
ပဋိညာဉ်တရားသစ်ကနေ သင် အကျိုးကျေးဇူးရရှိနိုင်
၁၁ ပဋိညာဉ်တရားသစ်ရဲ့ ထူးခြားတဲ့နောက်ကဏ္ဍတွေကို သင်သိချင်သလား။ ပဋိညာဉ်တရားသစ်နဲ့ ပညတ်ပဋိညာဉ်ရဲ့ အဓိကကွာခြားချက်ကတော့ ဘယ်ပေါ်မှာရေးထားတယ်ဆိုတဲ့အချက်ပဲ။ (ယေရမိ ၃၁:၃၃ ကိုဖတ်ပါ။) ပညတ်ပဋိညာဉ်မှာပါတဲ့ ပညတ်ချက်ဆယ်ခုကို ကျောက်ပြားပေါ်မှာ ရေးခဲ့တယ်။ အဲဒါက နောက်ဆုံးမှာ ပျောက်ကွယ်သွားတယ်။ ဒါပေမဲ့ ပဋိညာဉ်တရားသစ်မှာပါတဲ့ပညတ်ကိုတော့ လူတွေရဲ့နှလုံးသားပေါ်မှာရေးမယ်၊ အဲဒါက ထာဝစဉ်တည်မြဲမယ်လို့ ယေရမိကြိုဟောခဲ့တယ်။ ပဋိညာဉ်တရားသစ်ရဲ့အဖွဲ့ဝင်တွေဖြစ်တဲ့ ဘိသိက်ပေးခံရတဲ့ခရစ်ယာန်တွေက အဲဒီပညတ်ကို သိပ်တန်ဖိုးထားကြတယ်။ ပဋိညာဉ်တရားသစ်မှာတိုက်ရိုက်မပါဝင်တဲ့၊ မြေကြီးပေါ်မှာ ထာ၀စဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိတဲ့ “အခြားသိုး” တွေကော ဘယ်လိုလဲ။ (ယော. ၁၀:၁၆) သူတို့လည်း ဘုရားသခင့်ပညတ်ကို နှစ်သက်ကြတယ်။ သူတို့က မောရှေပညတ်ကိုလက်ခံပြီး အဲဒီကနေ အကျိုးခံစားခဲ့ရတဲ့ အစ္စရေးပြည်ကတိုင်းတစ်ပါးသားတွေနဲ့ တူတယ်။—ဝတ်. ၂၄:၂၂; တော. ၁၅:၁၅။
၁၂ ‘ဘိသိက်ပေးခံရတဲ့ခရစ်ယာန်တွေရဲ့ နှလုံးသားပေါ် ရေးထားတဲ့ပညတ်က ဘာလဲ’ လို့ အမေးခံရရင် သင်ဘယ်လိုဖြေမလဲ။ အဲဒီပညတ်ကို “ခရစ်တော်၏တရား” လို့လည်းခေါ်တယ်။ အဲဒီပညတ်ကို ပဋိညာဉ်တရားသစ်မှာပါဝင်တဲ့ ပုံဆောင်အစ္စရေးတွေကို ဦးဆုံးပေးခဲ့တာဖြစ်တယ်။ (ဂလ. ၆:၂; ရော. ၂:၂၈၊ ၂၉) “ခရစ်တော်၏တရား” ကို မေတ္တာဆိုတဲ့ စကားလုံးတစ်လုံးတည်းနဲ့ အကျဉ်းချုပ်ဖော်ပြနိုင်တယ်။ (မ. ၂၂:၃၆-၃၉) ဘိသိက်ပေးခံရသူတွေက သူတို့ရဲ့နှလုံးသားပေါ်မှာ ရေးထားတဲ့ အဲဒီပညတ်ကို ဘယ်လိုနည်းနဲ့ရကြသလဲ။ စစ်မှန်တဲ့ဝတ်ပြုရေးရဲ့ ကဏ္ဍတွေဖြစ်တဲ့ ကျမ်းစာကို လေ့လာခြင်း၊ ယေဟောဝါဆီ ဆုတောင်းခြင်းအားဖြင့် ရ ကြတယ်။ တကယ်တော့ ပဋိညာဉ်တရားသစ်မှာ မပါဝင်ပေမဲ့ အဲဒီကနေ အကျိုးခံစားချင်တဲ့ ခရစ်ယာန်စစ်အားလုံးလည်း အဲဒါတွေကို ပုံမှန်လုပ်ဆောင်သင့်တယ်။
(ယေရမိ ၃၁:၃၄) ထိုသူတို့က ထာဝရဘုရားကိုသိလော့ဟု အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဆုံးမသြဝါဒမပေးရကြ။ အကြောင်းမူကား အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။ ထိုအခါ ငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြုသောဒုစရိုက်များကို မအောက်မေ့ဘဲနေမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
ပဋိညာဉ်တရားသစ်ကနေ သင် အကျိုးကျေးဇူးရရှိနိုင်
၁၈ ပဋိညာဉ်တရားသစ်က အပြစ်ရှိတဲ့လူသားအားလုံးနဲ့ ယေဟောဝါရဲ့ဆက်ဆံပုံကို အလေးပေးဖော်ပြတယ်။ အဲဒီလူတွေထဲမှာ ပဋိညာဉ်တရားသစ်မှာပါတဲ့ ဘိသိက်ပေးခံရသူတွေရော မြေကြီးမျှော်လင့်ချက်ရှိတဲ့သူတွေပါ ပါဝင်တယ်။ ယေဟောဝါက သင့်အပြစ်တွေကိုခွင့်လွှတ်လိုက်ပြီဆိုရင် အဲဒီအပြစ်တွေကို ပြန်အစဖော်တော့မှာမဟုတ်ဘူးဆိုတာ သင်စိတ်ချနိုင်ပါတယ်။ ဒါကြောင့် ပဋိညာဉ်တရားသစ်နဲ့ပတ်သက်တဲ့ ဘုရားသခင့်ကတိကနေ ကျွန်တော်တို့ယောက်တိုင်း သင်ခန်းစာယူနိုင်တယ်။ ‘ငါက ဘုရားသခင်ကိုအတုယူတဲ့အနေနဲ့ တခြားသူတွေ ငါ့အပေါ်လုပ်တဲ့အမှားတွေ၊ စိတ်ဆိုးစရာတွေကို ခွင့်လွှတ်ပြီးတဲ့နောက် ပြန်အစမဖော်ဘဲနေရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ်မေးကြည့်ပါ။ (မ. ၆:၁၄၊ ၁၅) အဲဒါက စိတ်ဆိုးစရာအသေးအဖွဲကိစ္စတွေအပြင် အိမ်ထောင်ဖက်တစ်ဦး အိမ်ထောင်ရေးဖောက်ပြန်မှုလိုမျိုး ကြီးလေးတဲ့ကိစ္စတွေနဲ့လည်း သက်ဆိုင်တယ်။ ဖောက်ပြန်တဲ့အိမ်ထောင်ဖက် နောင်တရလို့ အပြစ်မဲ့တဲ့အိမ်ထောင်ဖက်က ခွင့်လွှတ်လိုက်ပြီဆိုရင် အပြစ်ကို “မအောက်မေ့ဘဲနေ” သင့်တယ်မဟုတ်လား။ အမှားတွေကို ကျောဘက်ပစ်လိုက်ဖို့ မလွယ်ကူပေမဲ့ ဒါက ယေဟောဝါကိုအတုယူနိုင်တဲ့နည်းတစ်နည်းဖြစ်တယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ယေရမိ ၂၉:၄) ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားစေတော်မူသောသူအပေါင်းတို့အား မိန့်တော်မူသည်ကား၊
(ယေရမိ ၂၉:၇) ငါသည် သင်တို့ကိုသိမ်းသွားစေသောမြို့သည်လည်း ငြိမ်သက်ခြင်းရှိမည်အကြောင်းကို ပြုစု၍ ထိုမြို့အဖို့အလိုငှာ ထာဝရဘုရားအား မေတ္တာပို့ကြလော့။ ထိုမြို့၏ ငြိမ်သက်ခြင်းအားဖြင့် သင်တို့သည်လည်း ငြိမ်သက်ခြင်း ရှိကြလိမ့်မည်။
ဘုရားသခင်နှင့် ကဲသာ
၅ ရာစုနှစ်ပေါင်းများစွာကြာပြီးနောက် ပြည်နှင်ဒဏ်ခံဂျူးလူမျိုးများအား ဗာဗုလုန်၌ ပြည်နှင်ဒဏ်ခံရစဉ် အုပ်ချုပ်သူများကို လက်အောက်ခံရန်နှင့် ထိုမြို့ငြိမ်းချမ်းမှုရှိဖို့အတွက် ဆုတောင်းပေးရန်အတွက်ပင် ယေဟောဝါ၏မှုတ်သွင်းခြင်းအားဖြင့် သစ္စာရှိ ပရောဖက်ယေရမိ ပြောကြားခဲ့လေသည်။ သူတို့ထံရေးသားခဲ့သောစာ၌ “ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် . . . သိမ်းသွားစေတော်မူသောသူအပေါင်းတို့အား မိန့်တော်မူသည်ကား ‘ငါသည် သင်တို့ကို သိမ်းသွားစေသောမြို့သည်လည်း ငြိမ်သက်ခြင်းရှိမည်အကြောင်းကိုပြုစု၍ ထိုမြို့အဖို့အလိုငှာ ထာဝရဘုရားအား မေတ္တာပို့ ကြလော့။ ထိုမြို့၏ငြိမ်သက်ခြင်းအားဖြင့် သင်တို့သည်လည်း ငြိမ်သက်ခြင်းရှိကြလိမ့်မည်’” ဟူ၍ ရေးသားဖော်ပြထားသည်။ (ယေရမိ ၂၉:၄၊ ၇) ယေဟောဝါ၏လူမျိုးတော်သည် ကိုယ်တော်အားလွတ်လပ်စွာဝတ်ပြုကိုးကွယ်နိုင်ခြင်းငှာ သူတို့အတွက်နှင့် သူတို့နေထိုင်နေသောနိုင်ငံအတွက် “ငြိမ်သက်ခြင်းကိုရှာဖွေ” ရန် အကြောင်းတရားအမြဲရှိ၏။—၁ ပေတရု ၃:၁၁၊ သမ။
(ယေရမိ ၂၉:၁၀) တစ်ဖန် မိန့်တော်မူသည်ကား ဗာဗုလုန်မြို့၌ အနှစ်ခုနစ်ဆယ်စေ့သောအခါ သင်တို့ကို ငါအကြည့်အရှု ကြွလာမည်။ ငါထားသောကတိကောင်းကို တည်စေ၍ သင်တို့ကို ဤပြည်သို့ ငါပို့ဆောင်ဦးမည်။
သမ္မာကျမ်းစာ—တိကျမှန်ကန်တဲ့ ပရောဖက်ပြုချက်တွေပါတဲ့ စာအုပ်၊ အပိုင်း ၂
ပြည့်စုံချက်– ပြည်နှင်ခံရတဲ့ ဘီစီ ၆၀၇ ကနေ အနှစ် ၇၀ ကြာပြီးနောက်ဖြစ်တဲ့ ဘီစီ ၅၃၇ မှာ ပါးရှားဘုရင် ကုရုက ဂျူးသုံ့ပန်းတွေကို ပြည်တော်ပြန်စေပြီး ဂျေရုဆလင်မြို့မှာ ဗိမာန်တော် ပြန်ဆောက်ဖို့ လွှတ်ပေးလိုက်တယ်။—ဧဇ ၁:၂-၄။
သမိုင်းဖော်ပြချက်-
• သမ္မာကျမ်းစာ ကြိုဟောတဲ့အတိုင်း အစ္စရေးတွေဟာ ဗာဗုလုန်မှာ သုံ့ ပန်းတွေအနေနဲ့ အနှစ် ၇၀ နေခဲ့ရသလား။ အစ္စရေးလူမျိုး ရှေးဟောင်းသုတေသန ပညာရှင် ဧဖရိမ် စတမ် ရဲ့စကားကို သတိပြုကြည့်ပါ။ “ဘီစီ ၆၀၄ ကနေ ၅၃၈ အတွင်း အစ္စရေးပြည်မှာ ရောင်းဝယ်ဖောက်ကားတယ်ဆိုတဲ့ အထောက်အထား လုံးဝမတွေ့ရဘူး။ အဲဒီအချိန်အတွင်းမှာ ဗာဗုလုန်တွေ ဖျက်ဆီးခဲ့တဲ့ ဘယ်မြို့မှာမှ လူနေထိုင်တာ မတွေ့ရဘူး။” ရောင်းဝယ်ဖောက်ကားတာ၊ လူနေထိုင်တာမရှိဆိုတဲ့ အချက်က အစ္စရေးတွေဟာ ဘီစီ ၆၀၇ ကနေ ၅၃၇ အထိ ဗာဗုလုန်မှာ ပြည်နှင်ခံနေရတယ်ဆိုတဲ့အချက်နဲ့ ကိုက်ညီနေပါတယ်။—၂ ရာဇဝင်ချုပ် ၃၆:၂၀၊ ၂၁။
ကျမ်းစာဖတ်ရှုခြင်း
(ယေရမိ ၃၁:၃၁-၄၀) ထာဝရဘုရား မိန့်တော်မူသည်ကား ငါသည် ဤလူမျိုး၏ ဘိုးဘေးတို့ကို လက်ဆွဲ၍ အဲဂုတ္တုပြည်မှ ဆောင်သွားသောအခါ၊ ၃၂ သူတို့၌ ငါပေးသောပဋိညာဉ်တရားနှင့် ခြားနားသောပဋိညာဉ်တရားသစ်ကို ဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသောအချိန်ကာလရောက်လိမ့်မည်။ အရင်ငါပေးဖူးသောပဋိညာဉ်တရားကို သူတို့သည်ဖျက်၍ ငါသည်လည်း သူတို့ကိုရွံရှာ၏။ ၃၃ နောင်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သောပဋိညာဉ်တရားဟူမူကား ငါထာဝရဘုရားသည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့သွင်းမည်။ သူတို့နှလုံးပေါ်မှာရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။ ၃၄ ထိုသူတို့က ထာဝရဘုရားကိုသိလော့ဟု အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဆုံးမသြဝါဒမပေးရကြ။ အကြောင်းမူကား အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။ ထိုအခါ ငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြုသောဒုစရိုက်များကို မအောက်မေ့ဘဲနေမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ၃၅ နေ့အချိန်၌လင်းစရာဖို့ နေကိုခန့်ထား၍ ညအချိန်၌လင်းစရာဖို့ လနှင့်ကြယ်တို့ကို စီရင်တော်မူထသော၊ သမုဒ္ဒရာကိုဆုံးမ၍ လှိုင်းတံပိုးဟုန်းကိုစေတော်မူထသော၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူသောဘွဲ့နာမရှိတော်မူသော ထာဝရဘုရားမိန့်တော်မူသည်ကား၊ ၃၆ ထိုတရားတို့သည် ငါ့ရှေ့မှာကွယ်ပျောက်လျှင် ဣသရေလအမျိုးသည် ငါ့ရှေ့မှာအမျိုးတိမ်မြုပ်၍ အစဉ်ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော်မူ၏။ ၃၇ တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား အထက်မိုးကောင်းကင်ကို တိုင်းထွာနိုင်လျှင်လည်းကောင်း၊ မြေကြီးအောက်ဆုံးအမြစ်တို့ကို လိုက်၍ စစ်နိုင်လျှင်လည်းကောင်း ဣသရေလအမျိုးသား အပေါင်းတို့ကို သူတို့ပြုမိသမျှသော အပြစ်တို့ကြောင့် ငါစွန့်ပစ်မည်ဟု မိန့်တော်မူ၏။ ၃၈ တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား ဟာနနေလ ရဲတိုက်မှစ၍ မြို့ထောင့်တံခါးတိုင်အောင် မြို့တော်ကို ထာဝရဘုရားအဖို့ တည်ထောင်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။ ၃၉ ဂါရက်တောင်ကိုလွန်၍ မျဉ်းကြိုးနှင့် တန်းချလိမ့်မည်။ ဂေါသတောင်ကိုလည်း ဝိုင်းမိလိမ့်မည်။ ၄၀ အရှေ့ဘက် မြင်းတံခါးရှိသော မြို့ထောင့်တိုင်အောင် အသေကောင်များ၊ ပြာများစွန့်ပစ်ရာချိုင့် တစ်လျှောက်လုံးနှင့် ကေဒြုန်ချောင်းအတွင်းတွင် လယ်ပြင်ရှိသမျှတို့သည် ထာဝရဘုရားအဖို့ သန့်ရှင်းကြလိမ့်မည်။ နောက်တစ်ဖန် နုတ်ပယ်ပြိုချခြင်း အလျှင်းမရှိရဟု မိန့်တော်မူ၏။