ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
ဇွန် ၃-၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဂလာတိ ၄-၆
“ကျွန်တော်တို့အတွက် အဓိပ္ပာယ်ရှိတဲ့ ‘တင်စားချက်’”
(ဂလာတိ ၄:၂၄၊ ၂၅) ဒါတွေဟာ တင်စားချက်တွေပဲ။ ဒီအမျိုးသမီးနှစ်ယောက်ဟာ ပဋိညာဉ်နှစ်ခုကို တင်စားတယ်။ ဆိုင်းနိုင်းတောင်မှာ ဖွဲ့ခဲ့တဲ့ပဋိညာဉ်ဟာ ကျွန်ဖြစ်မယ့် သားသမီးတွေကို မွေးဖွားတဲ့ ဟာဂရဖြစ်တယ်။ ၂၅ ဟာဂရက အာရပ်ပြည်မှာရှိတဲ့ ဆိုင်းနိုင်းတောင်ကို ဆိုလိုတယ်။ သားသမီးတွေနဲ့အတူ ကျွန်ခံနေရတဲ့အတွက် လက်ရှိဂျေရုဆလင်မြို့ကိုလည်း ဆိုလိုတယ်။
it-1 ၁၀၁၈ ပိုဒ်. ၂
ဟာဂရ
တမန်တော်ပေါလုရဲ့ စကားအရ ဟာဂရဟာ ပကတိအစ္စရေးလူမျိုးကို ပုံဆောင်တယ်။ ယေဟောဝါဟာ ဆိုင်းနိုင်းတောင်မှာ အဲဒီလူမျိုးနဲ့ ပညတ်ပဋိညာဉ် ဖွဲ့ခဲ့တယ်။ အဲဒီပညတ်ပဋိညာဉ်က “ကျွန်ဖြစ်မယ့် သားသမီးတွေ” ကို မွေးဖွားခဲ့တယ်။ အစ္စရေးလူမျိုးဟာ အပြစ်သားတွေ ဖြစ်လို့ ပညတ်ပဋိညာဉ်ကို မလိုက်နာနိုင်ကြဘူး။ ဒါကြောင့် သူတို့ဟာ ပညတ်ပဋိညာဉ်အောက်မှာ လွတ်လပ်သူတွေ ဖြစ်မလာနိုင်ဘူး။ အပြစ်ရဲ့ကျွန်တွေ ဖြစ်ကြလို့ သေခြင်းတရားရဲ့ လက်အောက်ကနေ မလွတ်နိုင်ဘူး။ (ယဟ ၈:၃၄။ ရ ၈:၁-၃) ဟာဂရဟာ ပေါလုလက်ထက်က ဂျေရုဆလင်မြို့ကို ပုံဆောင်တယ်။ အကြောင်းက ပကတိအစ္စရေးလူမျိုးတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ဂျေရုဆလင်မြို့တော်ဟာ သားသမီးတွေနဲ့အတူ ကျွန်ခံနေရတဲ့အတွက် ဖြစ်တယ်။ ဘိသိက်ခံခရစ်ယာန်တွေကျတော့ ဘုရားသခင့် ပုံဆောင်မိန်းမဖြစ်တဲ့ “အထက်ဂျေရုဆလင်” ရဲ့ သားသမီးတွေ ဖြစ်တယ်။ ဒီဂျေရုဆလင်ဟာ အစေခံမဟုတ်တဲ့ စာရာလိုပဲ တစ်ခါမှ ကျွန်မခံခဲ့ရဘူး။ အိဇက်ဟာ အိရှမေလ ညှဉ်းဆဲတာ ခံခဲ့ရသလို သားတော်ကြောင့် လွတ်မြောက်လာတဲ့ “အထက်ဂျေရုဆလင်” ရဲ့ သားသမီးတွေလည်း ညှဉ်းဆဲတာ ခံခဲ့ရတယ်။ ကျွန်ခံနေရတဲ့ဂျေရုဆလင်ရဲ့ သားသမီးတွေက သူတို့ကို ညှဉ်းဆဲကြတယ်။ ဟာဂရနဲ့ သူ့သားကို မောင်းထုတ်လိုက်တာက ပကတိအစ္စရေးလူမျိုးကို ယေဟောဝါ ပစ်ပယ်လိုက်တာကို ပုံဆောင်တယ်။—ဂ ၄:၂၁-၃၁။ ယဟ ၈:၃၁-၄၀ ကိုလည်း ကြည့်ပါ။
(ဂလာတိ ၄:၂၆၊ ၂၇) အထက်ဂျေရုဆလင်ကတော့ အစေခံ မဟုတ်တဲ့မိန်းမ၊ ကျွန်တော်တို့ရဲ့ မိခင်ပဲ။ ၂၇ “ကလေး မမွေးဖူးတဲ့ အမြုံမ၊ ဝမ်းမြောက်ပါ။ သားဖွားဝေဒနာ မခံစားဖူးတဲ့ အမျိုးသမီး၊ ရွှင်လန်းစွာ ကြွေးကြော်ပါ။ စွန့်ပစ်ခံရတဲ့ အမျိုးသမီးရဲ့ သားသမီးတွေဟာ ခင်ပွန်းရှိတဲ့ အမျိုးသမီးရဲ့ သားသမီးတွေထက် ပိုများလာပြီ” လို့ကျမ်းစာမှာ ရေးထားတယ်။
နိုင်ငံတော်ကို အခိုင်အမာယုံကြည်ပါ
၁၁ အာဗြဟံရဲ့သားစဉ်မြေးဆက်တွေ ကတိထားရာပြည်ထဲ ဝင်ချိန်မှာ အာဗြဟံပဋိညာဉ်မှာပါတဲ့ကတိတွေ ဦးဆုံးအကြိမ် ပြည့်စုံခဲ့တယ်။ ဒါပေမဲ့ ဒီပဋိညာဉ်ဟာ ပိုကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိစေမယ်လို့ ကျမ်းစာဖော်ပြတယ်။ (ဂလ. ၄:၂၂-၂၅) တမန်တော်ပေါလုက အာဗြဟံအမျိုးအနွယ်ရဲ့ အဓိကအပိုင်းဟာ ယေရှုခရစ်ဖြစ်ပြီး ဒုတိယအပိုင်းကတော့ ဘိသိက်ခံခရစ်ယာန် ၁၄၄,၀၀၀ ဖြစ်တယ်လို့ ရှင်းပြတယ်။ (ဂလ. ၃:၁၆၊ ၂၉။ ဗျာ. ၅:၉၊ ၁၀။ ၁၄:၁၊ ၄) ဧဒင်မှာပြုတဲ့ကတိမှာပါတဲ့ မိန်းမဟာ ဘုရားသခင့်အဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာအပိုင်း ဖြစ်တယ်။ ဒီမိန်းမကို “အထက်ဂျေရုဆလင်” လို့ခေါ်ထားတယ်။ သစ္စာရှိ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတယ်။ (ဂလ. ၄:၂၆၊ ၃၁) အာဗြဟံပဋိညာဉ်မှာ ကတိပြုထားတဲ့အတိုင်း မိန်းမအမျိုးအနွယ်ဟာ လူသားတွေကို ထာဝရအကျိုးကျေးဇူးတွေ ရရှိစေပါလိမ့်မယ်။
(ဂလာတိ ၄:၂၈-၃၁) ညီအစ်ကိုတို့၊ ခင်ဗျားတို့ဟာ အိဇက်လိုပဲ ကတိတော်ကြောင့်ရတဲ့ သားသမီးတွေပါ။ ၂၉ တစ်ချိန်တုန်းက သမားရိုးကျမွေးဖွားတဲ့ သားက စွမ်းအားတော်အားဖြင့်မွေးတဲ့ သားကို ညှဉ်းဆဲခဲ့သလို အခုလည်း အဲဒီလိုပဲဖြစ်နေတယ်။ ၃၀ ဒါပေမဲ့ ကျမ်းစာမှာ ဘာပြောထားသလဲ။ “ဒီအစေခံမနဲ့ သူ့သားကို မောင်းထုတ်လိုက်ပါ။ အစေခံမရဲ့သားက အစေခံ မဟုတ်တဲ့မိန်းမရဲ့ သားနဲ့အတူ လုံးဝ အမွေမခံရဘူး လို့ပြောထားတယ်။ ၃၁ ဒါကြောင့် ညီအစ်ကိုတို့၊ ကျွန်တော်တို့ဟာ အစေခံမရဲ့ သားသမီးတွေ မဟုတ်ဘူး။ အစေခံ မဟုတ်တဲ့မိန်းမရဲ့ သားသမီးတွေဖြစ်တယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဂလာတိ ၄:၆) အခုတော့ ခင်ဗျားတို့ဟာ သားတွေဖြစ်နေပြီ။ ဒါကြောင့် ဘုရားသခင်က သားတော်ဆီမှာရှိတဲ့ စွမ်းအားတော်ကို ကျွန်တော်တို့ရဲ့ စိတ်နှလုံးထဲ ထည့်ပေးလိုက်ပြီ။ အဲဒီစွမ်းအားတော်ကြောင့် ကျွန်တော်တို့က “အဗ္ဗ၊ အဖ” လို့ ကြွေးကြော်ကြတယ်။
သင်သိပါသလော
ယေရှုသည် ဆုတောင်းသောအခါ ယေဟောဝါကို “အဗ္ဗ၊ အဖ” ဟု အဘယ်ကြောင့် ခေါ်ဝေါ်သနည်း။
အာရမိတ် စကားလုံး ‘အဗ္ဗ’ သည် “အဖ” သို့မဟုတ် “အိုအဖ” ဟူသော အဓိပ္ပာယ်ရှိနိုင်သည်။ ကျမ်းစာတွင် ထိုစကားလုံး သုံးကြိမ် ပါရှိသည်၊ သုံးကြိမ်စလုံးသည် ဆုတောင်းစကားများတွင် ပါဝင်ပြီး ကောင်းကင်ခမည်းတော် ယေဟောဝါကို ရည်ညွှန်းရာတွင် အသုံးပြုသည်။ ထိုစကားလုံး၏ အဓိပ္ပာယ်ကား အဘယ်နည်း။
“ယေရှုခေတ်မှ နေ့စဉ်သုံးစကားတွင် အဗ္ဗဟူသော စကားလုံးသည် အဓိကအားဖြင့် သားသမီးများက ၎င်းတို့၏ဖခင်ကို ချစ်ခင်လေးစားသောအားဖြင့် ခေါ်ဝေါ်သည့် အသုံးအနှုန်းဖြစ်၏” ဟု နိုင်ငံတကာစံတင်ကျမ်းစာ စွယ်စုံကျမ်းတွင် ဖော်ပြသည်။ ယင်းသည် ဖခင်ကို ချစ်စနိုးခေါ်သော စကားလုံးဖြစ်ပြီး ကလေးတစ်ဦး ဦးဆုံး ပြောတတ်သော စကားလုံးများတွင် ပါဝင်သည်။ ခမည်းတော်ထံ စိတ်ထက်သန်စွာ ဆုတောင်းချိန်တွင် ထိုစကားလုံးကို ယေရှု အသုံးပြုခဲ့သည်။ ကိုယ်တော် မသေဆုံးမီ နာရီပိုင်းအလို၊ ဂေသရှေမန်ဥယျာဉ်၌ ဆုတောင်းချိန်တွင် ယေဟောဝါကို “အဗ္ဗ၊ အဖ” ဟု ခေါ်ခဲ့သည်။—မာကု ၁၄:၃၆။
အထက်ပါစွယ်စုံကျမ်းတွင် ဤသို့ဆက်ဆို၏– “ဘုရားသခင်ကို အဗ္ဗဟူ၍ ခေါ်ခြင်းသည် ဂရိနှင့် ရောမခေတ်မှ ဂျူးစာပေများတွင် သုံးလေ့သုံးထ မရှိပေ၊ အကြောင်းမှာ ဘုရားသခင်ကို ထိုသို့တရင်းတနှီးခေါ်ခြင်းသည် မခန့်လေးစား ပြုရာရောက်သောကြောင့် ဖြစ်၏။ သို့သော် ယေရှုဆုတောင်းစဉ် . . . ထိုသို့ခေါ်ဝေါ်သုံးနှုန်းခြင်းက ဘုရားသခင်နှင့် အလွန် ရင်းနှီးကျွမ်းဝင်သည် ဟူသော ကိုယ်တော်၏အဆို မှန်ကန်ကြောင်း သွယ်ဝိုက်၍သက်သေထူသည်။” တမန်တော်ပေါလု ရေးသည့် ကျမ်းစောင်များတွင် “အဗ္ဗ” ဟူသောစကားလုံး နှစ်ကြိမ် ပါရှိခြင်းက ပထမရာစုမှ ခရစ်ယာန်များလည်း ဆုတောင်းသည့်အခါ ထိုစကားလုံးကို အသုံးပြုခဲ့ကြောင်း ဖော်ပြသည်။—ရောမ ၈:၁၅။ ဂလာတိ ၄:၆။
(ဂလာတိ ၆:၁၇) ကျွန်တော့်ကိုယ်မှာ ယေရှုရဲ့ကျွန်ဆိုပြီး အမှတ်အသား ခတ်နှိပ်ထားပြီဖြစ်လို့ အခုကစပြီး ကျွန်တော့်ကို ဘယ်သူမှ ဒုက္ခမပေးကြပါနဲ့။
သင်သိပါသလား
မိမိရဲ့ကိုယ်မှာ “ယေရှု၏ကျွန်ဟူ၍ တံဆိပ်ခတ်ထား” တယ်လို့ တမန်တော်ပေါလု ပြောဆိုတဲ့အခါ ဘာကို ရည်ညွှန်းခဲ့တာလဲ။—ဂလာတိ ၆:၁၇။
▪ ပထမရာစုက လူတွေဟာ ပေါလုရဲ့စကားကို အဓိပ္ပာယ်အမျိုးမျိုး ကောက်နိုင်ဖွယ်ရှိတယ်။ ဥပမာ၊ ရှေးခေတ်တုန်းက စစ်သုံ့ပန်းတွေ၊ ဝတ်ပြုရာအိမ်တော်ကို လုယက်တဲ့သူတွေ၊ ဝရမ်းပြေးကျွန်တွေကို ခွဲခြားသိမြင်နိုင်ဖို့ သူတို့ရဲ့ကိုယ်မှာ သံပူထိုးပြီး တံဆိပ်ခတ်ထားကြတယ်။ အဲလိုသံပူထိုးပြီး တံဆိပ်ခတ်ခံရတဲ့သူတွေကို ဂုဏ်အသရေမရှိတဲ့ သူတွေအဖြစ် သတ်မှတ်ကြတယ်။
ဒါပေမဲ့ သံပူထိုးထားတဲ့ တံဆိပ်တွေကို ဂုဏ်အသရေမရှိတဲ့ အရာတွေအဖြစ် အမြဲ မသတ်မှတ်ထားပါဘူး။ ရှေးခေတ်ကလူတွေဟာ မိမိတို့က ဘယ်လူမျိုးစုအဝင်၊ ဘယ်ဘာသာအဝင် ဖြစ်တယ်ဆိုတာ ဖော်ပြဖို့ အဲဒီတံဆိပ်တွေကို အသုံးပြုခဲ့ကြတယ်။ ဥပမာ၊ “ဆီးရီးယားလူမျိုးတွေဟာ မိမိတို့က ဟာဒဒ်နဲ့ အာတာဂေးတစ် နတ်ဘုရားတွေကို ဝတ်ပြုကိုးကွယ်သူတွေ ဖြစ်ကြောင်း သူတို့ရဲ့ လက်ကောက်ဝတ် ဒါမှမဟုတ် လည်ပင်းမှာ သံပူထိုးပြီး တံဆိပ်ခတ်ထားကြတယ်။ . . . ဂရိနတ်ဘုရား ဒိုင်ရာနီစက်စ်ကို ကိုးကွယ်တဲ့သူတွေကတော့ တိုက်ကပ်နွယ်အရွက်နဲ့ တံဆိပ်ခတ်ထားကြတယ်” လို့ ကျမ်းစာအဘိဓာန်တစ်အုပ် (Theological Dictionary of the New Testament) မှာဖော်ပြထားတယ်။
တမန်တော်ပေါလုဟာ ခရစ်ယာန်သာသနာပြုနေစဉ်အတွင်း ညှဉ်းပန်းနှိပ်စက်ခံရတုန်းက ရရှိခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေကို သူရည်ညွှန်းနေတာ ဖြစ်တယ်လို့ ခေတ်သစ် ကျမ်းစာအနက်ဖွင့်သူတွေက ယူဆကြတယ်။ (၂ ကောရိန္သု ၁၁:၂၃-၂၇) ဒါပေမဲ့ မိမိက ခရစ်ယာန်တစ်ယောက်ဖြစ်တယ်ဆိုတာကို ပကတိဒဏ်ရာဒဏ်ချက်တွေနဲ့ မဟုတ်ဘဲ မိမိရဲ့ဘဝလမ်းစဉ်နဲ့ ခွဲခြားသိမြင်စေတယ်လို့ ပေါလုဆိုလိုတာ ဖြစ်နိုင်ပါတယ်။
ကျမ်းစာဖတ်ရှုခြင်း
(ဂလာတိ ၄:၁-၂၀) ကျွန်တော်ပြောမယ်၊ အမွေဆက်ခံမယ့်သူဟာ အမွေပစ္စည်း ရှိသမျှကို ပိုင်ဆိုင်တာမှန်ပေမဲ့ အရွယ်မရောက်သေးခင်မှာတော့ ကျွန်နဲ့ မခြားပါဘူး။ ၂ သူဟာ ဖခင်သတ်မှတ်ထားချိန် မရောက်မချင်း ကြီးကြပ်သူနဲ့ ဘဏ္ဍာထိန်းရဲ့ လက်အောက်မှာ ရှိနေတယ်။ ၃ အလားတူပဲ၊ ကျွန်တော်တို့လည်း ငယ်ရွယ်စဉ်မှာတော့ လောကရဲ့ အခြေခံတရားတွေအောက် ကျွန်ခံရတယ်။ ၄ သတ်မှတ်ထားချိန်စေ့တဲ့အခါ ဘုရားသခင်က သားတော်ကို စေလွှတ်လိုက်တယ်။ အဲဒီသားတော်ဟာ အမျိုးသမီးတစ်ဦးကနေ မွေးဖွားလာပြီး ပညတ်လက်အောက်မှာ ရှိခဲ့တယ်။ ၅ သားတွေအဖြစ် ကျွန်တော်တို့ မွေးစားခံရအောင် အဲဒီသားတော်က ပညတ်လက်အောက်မှာ ရှိတဲ့သူတွေကို ဝယ်ပြီး လွတ်မြောက်စေတယ်။ ၆ အခုတော့ ခင်ဗျားတို့ဟာ သားတွေဖြစ်နေပြီ။ ဒါကြောင့် ဘုရားသခင်က သားတော်ဆီမှာရှိတဲ့ စွမ်းအားတော်ကို ကျွန်တော်တို့ရဲ့ စိတ်နှလုံးထဲ ထည့်ပေးလိုက်ပြီ။ အဲဒီစွမ်းအားတော်ကြောင့် ကျွန်တော်တို့က “အဗ္ဗ၊ အဖ” လို့ ကြွေးကြော်ကြတယ်။ ၇ ခင်ဗျားတို့ဟာ ကျွန်တွေ မဟုတ်တော့ဘဲ သားတွေ ဖြစ်သွားပြီ။ သားဆိုရင် ဘုရားသခင်က အမွေခံလို့ သတ်မှတ်တယ်။ ၈ ခင်ဗျားတို့ဟာ ဘုရားသခင်ကို မသိခင်တုန်းကတော့ မှားယွင်းတဲ့ ဘုရားတွေဆီမှာ ကျွန်ခံခဲ့ကြတယ်။ ၉ အခုတော့ ခင်ဗျားတို့ ဘုရားသခင်ကို သိလာကြပြီ။ ဘုရားသခင်ကလည်း ခင်ဗျားတို့ကို သိထားပြီ။ ဒါနဲ့တောင် အကျိုးမရှိ၊ အသုံးမဝင်တဲ့ အခြေခံတရားတွေဆီ ပြန်လှည့်ပြီး ဘာလို့ ကျွန်ခံချင်ရတာလဲ။ ၁၀ ခင်ဗျားတို့က နေ့တွေ၊ လတွေ၊ ရာသီချိန်တွေ၊ နှစ်တွေကို အထူးတလည် စောင့်ထိန်းနေကြတယ်။ ၁၁ ခင်ဗျားတို့အတွက် ကျွန်တော် ကြိုးစားအားထုတ်ခဲ့တာတွေ အချည်းနှီးဖြစ်သွားမှာ စိုးရိမ်မိတယ်။ ၁၂ ညီအစ်ကိုတို့၊ ကျွန်တော်လည်း ခင်ဗျားတို့လို ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်တော် ပြောင်းလဲလိုက်ပြီဆိုတော့ ကျွန်တော့်လိုပဲ ပြောင်းလဲကြပါလို့ တောင်းပန်ချင်တယ်။ ခင်ဗျားတို့ ကျွန်တော့်အပေါ် ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ ၁၃ ကျွန်တော် နေမကောင်းဖြစ်သွားတဲ့အတွက် ခင်ဗျားတို့ကို ဦးဆုံးအကြိမ် သတင်းကောင်း ဟောပြောခွင့်ရတာ ခင်ဗျားတို့သိပါတယ်။ ၁၄ ကျွန်တော် နေမကောင်းဖြစ်လို့ ခင်ဗျားတို့ အခက်တွေ့ရတာ မှန်ပေမဲ့ ကျွန်တော့်ကို မထီမဲ့မြင်ပြုတာ၊ ရွံပြီး တံတွေးနဲ့ထွေးတာတွေ မလုပ်ခဲ့ဘူး။ ဘုရားရဲ့ ကောင်းကင်တမန်လို၊ ခရစ်တော်ယေရှုလို သဘောထားပြီး ကျွန်တော့်ကို လက်ခံခဲ့တယ်။ ၁၅ အဲဒီတုန်းက ခင်ဗျားတို့ ပျော်ရွှင်ခဲ့တာတွေ ဘယ်ရောက်သွားပြီလဲ။ ခင်ဗျားတို့ရဲ့ မျက်စိကိုသာ ထုတ်ပြီး ပေးလို့ရရင် ကျွန်တော့်ကို ပေးခဲ့မှာပဲဆိုတာ ကျွန်တော် ပြောရဲတယ်။ ၁၆ ကျွန်တော် အမှန်အတိုင်း ပြောလိုက်လို့ ခင်ဗျားတို့ရဲ့ရန်သူ ဖြစ်သွားပြီလား။ ၁၇ အဲဒီလူတွေ ခင်ဗျားတို့ကို အသည်းအသန် စည်းရုံးနေတာ စိတ်ရင်းမှန်နဲ့ မဟုတ်ဘူး။ ကျွန်တော်နဲ့ သွေးကွဲပြီး သူတို့ဘက်ပါသွားအောင် လုပ်ချင်နေကြတာ။ ၁၈ ကျွန်တော် ရှိနေတဲ့အချိန်လောက်တင်မကဘဲ အမြဲတမ်း ခင်ဗျားတို့ကို စိတ်ရင်းမှန်နဲ့ စည်းရုံးတဲ့သူရှိရင်တော့ ကောင်းပါတယ်။ ၁၉ ချစ်ရတဲ့သားသမီးတို့၊ ခင်ဗျားတို့ကြောင့် ကျွန်တော်ဟာ သားဖွားတော့မယ့် မိခင်လို နာကျင်ခံစားရပြန်ပြီ။ ခင်ဗျားတို့ဆီမှာ ခရစ်တော်ရဲ့ အရည်အသွေးတွေ ရုပ်လုံးမပေါ်မချင်း အဲဒီလို ခံစားနေရမှာပဲ။ ၂၀ ကျွန်တော့်မှာ ခင်ဗျားတို့နဲ့ပတ်သက်ပြီး ကြံရာမရဖြစ်နေလို့ ဒီအချိန်မှာ ခင်ဗျားတို့နဲ့အတူ ရှိပြီး ညင်ညင်သာသာ ပြောပြချင်လိုက်တာ။
ဇွန် ၁၀-၁၆
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဧဖက် ၁–၃
“ယေဟောဝါရဲ့ စီမံခန့်ခွဲမှုနဲ့ ၎င်းရဲ့ လုပ်ဆောင်မှု”
(ဧဖက် ၁:၈၊ ၉) ဘုရားသခင်က အဲဒီမဟာကရုဏာတော်ကို ဉာဏ်ပညာ၊ သိနားလည်နိုင်စွမ်းနဲ့အတူ ရက်ရက်ရောရော ပေးသနားတယ်။ ၉ ဒီနည်းနဲ့ ကျွန်တော်တို့ကို အလိုတော်နဲ့ဆိုင်တဲ့ မြင့်မြတ်တဲ့လျှို့ဝှက်ချက်ကို သိစေတယ်။ အဲဒီလျှို့ဝှက်ချက်ဟာ အလိုတော်အတိုင်း၊ ရည်ရွယ်ထားတဲ့ အတိုင်းပါပဲ။
it-2 ၈၃၇ ပိုဒ်. ၄
မြင့်မြတ်တဲ့ လျှို့ဝှက်ချက်
မေရှိယနိုင်ငံ။ ပေါလုရဲ့ စာစောင်တွေမှာ ခရစ်တော်အကြောင်း မြင့်မြတ်တဲ့ လျှို့ဝှက်ချက်ကို အပြည့်အဝ ဖော်ပြထားတယ်။ ဧဖက် ၁:၉-၁၁ မှာ ပေါလုက အလိုတော်နဲ့ဆိုင်တဲ့ “မြင့်မြတ်တဲ့ လျှို့ဝှက်ချက်” ကို ဘုရားသခင် သိစေတဲ့အကြောင်း ပြောထားတယ်။ သူ ဒီလိုပြောတယ်– “အဲဒီလျှို့ဝှက်ချက်ဟာ ရည်ရွယ်ထားတဲ့အတိုင်းပါပဲ။ ဘုရားသခင်က သတ်မှတ်ထားချိန်စေ့တဲ့အခါ ကောင်းကင်ပေါ်၊ ကမ္ဘာမြေပေါ် ရှိသမျှကို ခရစ်တော်ဆီမှာ တစ်ပေါင်းတစ်စည်းတည်း ဖြစ်စေဖို့ စီမံခန့်ခွဲထားတယ်။ ကျွန်တော်တို့ကို ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သူတွေ၊ အမွေခံတွေ ဖြစ်စေတယ်။ အလိုတော်အတိုင်း အရာရာကို ပြီးမြောက်စေတဲ့အရှင်ရဲ့ ရည်ရွယ်ချက်နဲ့အညီ ကြိုတင်ပြဋ္ဌာန်းခဲ့တယ်။” အဲဒီ “လျှို့ဝှက်ချက်” မှာ အစိုးရတစ်ခုဖြစ်တဲ့ ဘုရားသခင့် မေရှိယနိုင်ငံတော် ပါဝင်တယ်။ ပေါလု ရည်ညွှန်းတဲ့ ‘ကောင်းကင်ပေါ်ရှိသမျှ’ ဆိုတာဟာ ခရစ်တော်နဲ့အတူ ကောင်းကင်နိုင်ငံမှာ အုပ်စိုးမယ့် အမွေခံတွေ ဖြစ်တယ်။ “ကမ္ဘာမြေပေါ် ရှိသမျှ” ကျတော့ နိုင်ငံတော်အုပ်ချုပ်မှုအောက် မြေကြီးပေါ် အသက်ရှင်မယ့်သူတွေ ဖြစ်တယ်။ ယေရှုက “ခင်ဗျားတို့ဟာ ဘုရားသခင့်နိုင်ငံတော်နဲ့ပတ်သက်တဲ့ မြင့်မြတ်တဲ့ လျှို့ဝှက်ချက်အကြောင်း နားလည်ခွင့်ရတယ်” လို့ တပည့်တွေကို ပြောတဲ့အခါ အဲဒီ မြင့်မြတ်တဲ့ လျှို့ဝှက်ချက်ဟာ နိုင်ငံတော်နဲ့ပတ်သက်တယ်လို့ ပြောနေတာဖြစ်တယ်။—မာ ၄:၁၁။
(ဧဖက် ၁:၁၀) ဘုရားသခင်က သတ်မှတ်ထားချိန်စေ့တဲ့အခါ ကောင်းကင်ပေါ်၊ ကမ္ဘာမြေပေါ် ရှိသမျှကို ခရစ်တော်ဆီမှာ တစ်ပေါင်းတစ်စည်းတည်း ဖြစ်စေဖို့ စီမံခန့်ခွဲထားတယ်။
“တစ်ပါးတည်းသော ယေဟောဝါ” က မိမိရဲ့မိသားစုကို စုစည်း
၃ မောရှေက အစ္စရေးလူမျိုးကို “ငါတို့ရဲ့ဘုရားသခင် ယေဟောဝါက တစ်ပါးတည်းသော ယေဟောဝါ ဖြစ်တယ်” လို့ပြောခဲ့တယ်။ (တရား. ၆:၄၊ ကဘ) ယေဟောဝါလုပ်သမျှက ကိုယ်တော့်ရည်ရွယ်ချက်နဲ့ လိုက်လျောညီထွေဖြစ်တယ်။ ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးပေါ်မှာရှိတဲ့ အသိဉာဏ်ရှိ ဖန်ဆင်းခံသတ္တဝါအားလုံးကို မိသားစုတစ်ခုအဖြစ် စုစည်းဖို့ စတင်ပြင်ဆင်တယ်။ ကိုယ်တော်က ဒီပြင်ဆင်မှုတွေကို ‘စီမံခန့်ခွဲမှု’ လို့ခေါ်တယ်။ (ဧဖက် ၁:၈-၁၀ ကိုဖတ်ပါ။) ဒီစီမံခန့်ခွဲမှုမှာ အပိုင်းနှစ်ပိုင်း ပါတယ်။ ပထမအပိုင်းက ကောင်းကင်မျှော်လင့်ချက်ရှိသူတွေကို ကောင်းကင်အသက်တာအတွက် ပြင်ဆင်ပေးခြင်းဖြစ်တယ်၊ သူတို့က ကောင်းကင်မှာ ယေရှုခရစ်ရဲ့ အခွင့်အာဏာအောက်မှာ ဆက်အလုပ်လုပ်ကြမယ်။ ကောင်းကင်မှာ ခရစ်တော်နဲ့အတူ အုပ်ချုပ်မယ့်သူတွေကို ယေဟောဝါ စတင်စုသိမ်းတဲ့ အေဒီ ၃၃ မှာ ဒီပြင်ဆင်မှု စတင်ခဲ့တယ်။ (တ. ၂:၁-၄) ခရစ်တော်ရဲ့ ရွေးနုတ်ဖိုး ပူဇော်သကာကြောင့် ဘုရားသခင်က ကောင်းကင်အတန်းအစားတွေကို ကောင်းကင်အသက်တာရထိုက်တဲ့ ဖြောင့်မတ်သူတွေအဖြစ် ရှုမြင်တယ်။ သူတို့က “ဘုရားသခင်၏သားသမီး” တွေအဖြစ် မွေးစားခံရတယ်ဆိုတာကို သိကြတယ်။—ရော. ၃:၂၃၊ ၂၄; ၅:၁; ၈:၁၅-၁၇။
၄ ဒုတိယအနေနဲ့ ဘုရားသခင်က မေရှိယနိုင်ငံတော်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ မြေကြီးပရဒိသုမှာနေထိုင်မယ့် သူတွေကို ပြင်ဆင်တယ်။ “လူအုပ်ကြီး” က ပရဒိသုမြေကြီးပေါ်မှာ အရင်ဦးဆုံး နေထိုင်ရမယ့်သူတွေ ဖြစ်ပါလိမ့်မယ်။ (ဗျာ. ၇:၉၊ ၁၃-၁၇; ၂၁:၁-၅) အဲဒီနောက် ခရစ်တော်ရဲ့အနှစ်တစ်ထောင်အုပ်ချုပ်မှုအောက်မှာ သန်းထောင်နဲ့ချီတဲ့သူတွေ ထမြောက်လာကြပြီး ကမ္ဘာပေါ်မှာ လူအုပ်ကြီးနဲ့အတူ နေထိုင်ပါလိမ့်မယ်။ (ဗျာ. ၂၀:၁၂၊ ၁၃) ရှင်ပြန်ထမြောက်ခြင်းက စည်းလုံးမှုတင်ပြနိုင်တဲ့ နောက်ထပ်အခွင့်အရေးတွေကို ရရှိစေမှာ ဖြစ်တယ်။ လူအုပ်ကြီးနဲ့ ထမြောက်လာမယ့်သူတွေဟာ “မြေကြီးပေါ်ရှိအရာများ” ဖြစ်ပါလိမ့်မယ်။ သူတို့တွေဟာ အနှစ်တစ်ထောင်အကုန်မှာ စမ်းသပ်ခံရဦးမှာဖြစ်ပြီး သစ္စာရှိသူတွေကတော့ မြေကြီးပေါ်မှာရှိတဲ့ “ဘုရားသခင့်သားသမီး” တွေအဖြစ် မွေးစားခံရကြမယ်။—ရော. ၈:၂၁; ဗျာ. ၂၀:၇၊ ၈။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဧဖက် ၃:၁၃) ကျွန်တော်ကြုံနေရတဲ့ ဆင်းရဲဒုက္ခကိုကြည့်ပြီး စိတ်ဓာတ်မကျဖို့ ပြောချင်တယ်။ ဒါဟာ ခင်ဗျားတို့ အကျိုးအတွက်ဖြစ်လို့ ဂုဏ်ယူကြပါ။
သင့်ကို ဂုဏ်ကျက်သရေ မရရှိအောင်လုပ်ဖို့ ဘယ်အရာကိုမှ ခွင့်မပြုပါနဲ့
၁၅ ယေဟောဝါရဲ့အလိုတော်ကို ကျွန်ုပ်တို့ ဇွဲရှိရှိလုပ်ဆောင်တာက တခြားသူတွေ ဂုဏ်အသရေရှိစေဖို့ ကူညီပေးရာရောက်ပါတယ်။ ဧဖက်အသင်းတော်ကို ပေါလု ဒီလိုစာရေးခဲ့တယ်– “သို့ဖြစ်၍ သင်တို့အတွက် ငါခံရသော ဆင်းရဲဒုက္ခများသည် သင်တို့ဂုဏ်အသရေရှိစေရန် ဖြစ်သောကြောင့် လက်မလျှော့ကြရန် ငါတောင်းပန်ပါ၏။” (ဧ. ၃:၁၃) ပေါလုက သူခံရတဲ့ ဆင်းရဲဒုက္ခဟာ ဧဖက်အသင်းတော်မှာရှိတဲ့ သူတွေအတွက် “ဂုဏ်အသရေရှိစေ” တယ်လို့ ဘာကြောင့် ပြောတာလဲ။ ပေါလုဟာ အခက်အခဲတွေကြားမှာ အမှုဆောင်ခြင်းအားဖြင့် ခရစ်ယာန်တွေရဲ့ အသက်တာမှာ တန်ဖိုးအရှိဆုံးက ဘုရားသခင့်အမှုတော်ဆောင်ခြင်းပဲဆိုတာ သူတို့ကို ပြသခဲ့တယ်။ ပေါလုသာ အခက်အခဲကြုံတာနဲ့ အမှုဆောင်လုပ်ငန်းကို ဆက်မလုပ်တော့ဘူးဆိုရင် ယေဟောဝါနဲ့ သူတို့ရဲ့ဆက်ဆံရေး၊ ဘုရားသခင့်အမှုဆောင်လုပ်ငန်းနဲ့ သူတို့ရဲ့မျှော်လင့်ချက်က အရေးမကြီးဘူးလို့ ညီအစ်ကိုတွေက ယူဆသွားမှာဖြစ်တယ်။ ပေါလုဟာ သူ့ရဲ့ ခံနိုင်ရည်ပုံသက်သေအားဖြင့် ခရစ်တော်ရဲ့တပည့်တစ်ယောက်ဖြစ်ဖို့ ဘယ်စွန့်လွှတ်မှုမျိုးကိုမဆို လုပ်ထိုက်တယ်ဆိုတာ ဖော်ပြခဲ့တယ်။
(ဧဖက် ၃:၁၉) အသိပညာထက် သာလွန်တဲ့ ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာကို သိလာကြပါစေ။ ဒီနည်းနဲ့ ဘုရားသခင် ပေးသနားတဲ့ အရည်အသွေးတွေ ပြည့်ဝလာကြပါစေ။
“ခရစ်တော်၏မေတ္တာတော်ကို သိနားလည်ခြင်း”
၂၁ “သိနားလည်ခြင်း” ဟုဘာသာပြန်ဆိုထားသော ဂရိအသုံးအနှုန်းမှာ “အတွေ့အကြုံမှ လက်တွေ့ကျကျ” သိရှိခြင်းဟု အဓိပ္ပာယ်ရ၏။ ယေရှုကဲ့သို့ပင် ကျွန်ုပ်တို့ မေတ္တာပြကြရာတွင် အခြားသူတို့၏ အကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ ကိုယ့်ကိုယ်ကို ပေးဆက်မည်၊ သူတို့၏လိုအပ်ရာများကို သနားကြင်နာစွာ ဖြည့်စွက်ပေးမည်၊ ကျွန်ုပ်တို့စိတ်နှလုံးထဲမှ သူတို့ကို ခွင့်လွှတ်မည်ဆိုလျှင် ကိုယ်တော်၏ခံစားချက်များကို ကျွန်ုပ်တို့ အမှန်တကယ်ပင် သဘောပေါက်နားလည်နိုင်ကြပေလိမ့်မည်။ ဤနည်းဖြင့် ကျွန်ုပ်တို့ကိုယ်တိုင် “ကိုယ်ဉာဏ်နှင့်မသိနိုင်သော ခရစ်တော်၏မေတ္တာတော်ကို သိနားလည်” လာလိမ့်မည်။ ထို့ပြင် ခရစ်တော်နှင့် ကျွန်ုပ်တို့တူလာလေ ယေရှု စုံလင်စွာတုပတော်မူသည့် ကျွန်ုပ်တို့၏မေတ္တာရှင် ယေဟောဝါဘုရားသခင်ထံသို့ သာ၍ နီးကပ်လာလေလေ ဖြစ်ကြောင်း ဘယ်တော့မျှမမေ့ဘဲ နေကြပါစို့။
ကျမ်းစာဖတ်ရှုခြင်း
(ဧဖက် ၁:၁-၁၄) ဘုရားသခင့် အလိုတော်ကြောင့် ခရစ်တော်ယေရှုရဲ့ တမန်တော်ဖြစ်နေတဲ့ ကျွန်တော်ပေါလုက ဧဖက်မြို့မှာရှိတဲ့ သန့်ရှင်းသူတွေ၊ ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်တဲ့ သစ္စာရှိသူတွေဆီ စာရေးလိုက်ပါတယ်။ ၂ အဖဘုရားသခင်နဲ့ သခင်ယေရှုခရစ်ဆီက မဟာကရုဏာတော်နဲ့ ငြိမ်သက်ခြင်းကို ခင်ဗျားတို့ ခံစားရပါစေ။ ၃ သခင်ယေရှုခရစ်ရဲ့အဖ ဘုရားသခင်ကို ချီးမွမ်းကြပါ။ ဘုရားသခင်က ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိတဲ့ ကျွန်တော်တို့ကို ကောင်းကင်မှာ ကောင်းချီး အမျိုးမျိုး ပေးသနားထားတယ်။ ၄ ကျွန်တော်တို့ကို ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်စေဖို့ လူ့လောကအစပြုချိန် မတိုင်ခင်ကတည်းက ဘုရားသခင် ရွေးချယ်ခဲ့တယ်။ ဘုရားသခင်ကို ချစ်တဲ့စိတ်နဲ့ ရှေ့တော်မှာ သန့်ရှင်းပြီး အပြစ်အနာအဆာ ကင်းသူတွေ ဖြစ်စေဖို့ပဲ။ ၅ အလိုဆန္ဒတော်အတိုင်း ယေရှုခရစ်ကတစ်ဆင့် ကျွန်တော်တို့ကို သားတွေအဖြစ် မွေးစားဖို့ ကြိုတင်ပြဋ္ဌာန်းခဲ့တယ်။ ၆ ချစ်သားတော်ကိုသုံးပြီး ကျွန်တော်တို့ကို မဟာကရုဏာတော်ပြတဲ့အတွက် ဘုရားကို လူတွေ ချီးမွမ်းကြတယ်။ ၇ သားတော်ကြောင့် ရွေးနုတ်ခံရတဲ့အတွက် ကျွန်တော်တို့ လွတ်မြောက်သွားပြီ။ သူ့ရဲ့သွေးကြောင့် အပြစ်တွေ ခွင့်လွှတ်ခံရပြီ။ ဘုရားရဲ့ မဟာကရုဏာတော်ဟာ တကယ်ကြီးမားလှတယ်။ ၈ ဘုရားသခင်က အဲဒီ မဟာကရုဏာတော်ကို ဉာဏ်ပညာ၊ သိနားလည်နိုင်စွမ်းနဲ့အတူ ရက်ရက်ရောရော ပေးသနားတယ်။ ၉ ဒီနည်းနဲ့ ကျွန်တော်တို့ကို အလိုတော်နဲ့ဆိုင်တဲ့ မြင့်မြတ်တဲ့လျှို့ဝှက်ချက်ကို သိစေတယ်။ အဲဒီလျှို့ဝှက်ချက်ဟာ အလိုတော်အတိုင်း၊ ရည်ရွယ်ထားတဲ့အတိုင်းပါပဲ။ ၁၀ ဘုရားသခင်က သတ်မှတ်ထားချိန်စေ့တဲ့အခါ ကောင်းကင်ပေါ်၊ ကမ္ဘာမြေပေါ် ရှိသမျှကို ခရစ်တော်ဆီမှာ တစ်ပေါင်းတစ်စည်းတည်း ဖြစ်စေဖို့ စီမံခန့်ခွဲထားတယ်။ ၁၁ ကျွန်တော်တို့ကို ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်သူတွေ၊ အမွေခံတွေ ဖြစ်စေတယ်။ အလိုတော်အတိုင်း အရာရာကို ပြီးမြောက်စေတဲ့အရှင်ရဲ့ ရည်ရွယ်ချက်နဲ့အညီ ကြိုတင်ပြဋ္ဌာန်းခဲ့တယ်။ ၁၂ ဒါကြောင့် ခရစ်တော်ကို ဦးဆုံးမျှော်လင့်ခဲ့ကြတဲ့ ကျွန်တော်တို့အားဖြင့် ဘုရားသခင်ကို လူတွေ ဂုဏ်တင်ချီးမွမ်းကြလိမ့်မယ်။ ၁၃ ခင်ဗျားတို့လည်း ကယ်တင်ခြင်း သတင်းကောင်းဖြစ်တဲ့ အမှန်တရားကို ကြားသိရပြီးနောက် ခရစ်တော်ကို မျှော်လင့်ခဲ့ကြတယ်။ အဲဒီလို ယုံကြည်လာပြီးတဲ့နောက် ကတိတော်အတိုင်း ခရစ်တော်ကတစ်ဆင့် သန့်ရှင်းသော စွမ်းအားတော်နဲ့ တံဆိပ်ခတ်ခံရတယ်။ ၁၄ အဲဒီစွမ်းအားတော်ဟာ ကျွန်တော်တို့ အမွေရမယ်ဆိုတဲ့ အာမခံချက်ပဲ။ အဲဒီလို တံဆိပ်ခတ်တာဟာ ဘုရားသခင့် ပိုင်ဆိုင်ရာတွေကို ရွေးဖိုးအားဖြင့် လွတ်မြောက်စေဖို့၊ ဘုရားကို ဂုဏ်တင်ချီးမွမ်းစေဖို့ ဖြစ်တယ်။
ဇွန် ၁၇-၂၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဧဖက် ၄-၆
“ဘုရားသခင်ဆီက ချပ်ဝတ်တန်ဆာ အပြည့်အစုံကို ဝတ်ဆင်ထားပါ”
(ဧဖက် ၆:၁၁-၁၃) မာရ်နတ်ရဲ့ ဉာဏ်နီဉာဏ်နက်များတဲ့ လုပ်ရပ်တွေကို ခုခံပြီး အခိုင်အမာရပ်တည်နိုင်ဖို့ ဘုရားသခင်ဆီက ချပ်ဝတ်တန်ဆာ အပြည့်အစုံကို ဝတ်ဆင်ကြပါ။ ၁၂ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ အသွေးအသားဖြစ်တဲ့လူတွေနဲ့ တိုက်ခိုက်နေရတာ မဟုတ်ဘူး။ အုပ်စိုးသူတွေ၊ အခွင့်အာဏာရှိသူတွေ၊ အမှောင်လောကရဲ့ အုပ်စိုးရှင်တွေဖြစ်တဲ့ ကောင်းကင်က နတ်ဆိုးများစွာနဲ့ တိုက်ခိုက်နေရတာပါ။ ၁၃ ဒါကြောင့် ဘုရားသခင်ဆီက ချပ်ဝတ်တန်ဆာ အပြည့်အစုံကို ဝတ်ဆင်ထားပါ။ အရာရာ အသင့်ဖြစ်နေပြီဆိုရင် ဆိုးညစ်တဲ့အချိန် ရောက်တဲ့အခါ ခုခံပြီး အခိုင်အမာ ရပ်တည်နိုင်လိမ့်မယ်။
လူငယ်တို့—မာရ်နတ်ကို ခုခံပြီး အခိုင်အမာရပ်တည်ကြပါ
တမန်တော် ပေါလုက ခရစ်ယာန်အသက်တာကို တိုက်ပွဲဝင်မယ့် စစ်သည်တွေနဲ့ နှိုင်းယှဉ်ထားတယ်။ ကျွန်တော်တို့ တိုက်နေတာ ပကတိစစ်ပွဲ မဟုတ်ဘူး။ ဒါပေမဲ့ ရန်သူနဲ့တော့ တကယ်ရင်ဆိုင်နေရတာ ဖြစ်တယ်။ စာတန်နဲ့ နတ်ဆိုးတွေဟာ ဝါရင့်စစ်သည်တွေနဲ့ တူတယ်။ သူတို့ကို အနိုင်ယူဖို့ မဖြစ်နိုင်ပုံပဲလို့ ထင်ရတယ်။ အထူးသဖြင့် ခရစ်ယာန်လူငယ်တွေဟာ အကာအကွယ်မဲ့နေပုံရတယ်။ လူထက် အစွမ်းကြီးတဲ့ နတ်ဆိုးတွေကို ဘယ်လို ရင်ဆိုင်အောင်မြင်နိုင်မလဲ။ လူငယ်တွေ အောင်မြင်နိုင်ပါတယ်။ အောင်လည်း အောင်မြင်နေကြတယ်။ ဘာကြောင့်လဲ။ “ဘုရားသခင်ဆီက တန်ခိုးကို ခံယူ” ကြလို့ပဲ။ သူတို့ဟာ ကောင်းစွာလေ့ကျင့်ခံထားရတဲ့ စစ်သားတွေလို “ဘုရားသခင်ဆီက ချပ်ဝတ်တန်ဆာ အပြည့်အစုံကို ဝတ်ဆင်” ထားကြတယ်။—ဧဖက် ၆:၁၀-၁၂ ကိုဖတ်ပါ။
(ဧဖက် ၆:၁၄၊ ၁၅) ဒီတော့ အမှန်တရားခါးပန်းကို စည်းထားကြ၊ ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာကို ဝတ်ဆင်ပြီး အခိုင်အမာ ရပ်တည်ကြ။ ၁၅ ငြိမ်သက်ခြင်းသတင်းကောင်း ဟောဖို့ အသင့်ရှိနေခြင်းဆိုတဲ့ ဖိနပ်ကို စီးထားကြ။
လူငယ်တို့—မာရ်နတ်ကို ခုခံပြီး အခိုင်အမာရပ်တည်ကြပါ
၄ ကျမ်းစာကနေ သိလာတဲ့ အမှန်တရားတွေဟာ မှားယွင်းတဲ့ သွန်သင်ချက်တွေကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကာကွယ်ပေးတယ်။ (ယော. ၈:၃၁၊ ၃၂။ ၁ ယော. ၄:၁) ကျမ်းစာအမှန်တရားကို မြတ်နိုးလေ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေနဲ့အညီ နေထိုင်မယ်ဆိုတဲ့ “ရင်အုပ်တန်ဆာ” ကို သယ်ဆောင်ဖို့ ပိုလွယ်ကူလေပဲ။ (ဆာ. ၁၁၁:၇၊ ၈။ ၁ ယော. ၅:၃) ဒါ့အပြင် ကျမ်းစာအမှန်တရားကို ရှင်းရှင်းလင်းလင်း သဘောပေါက်မယ်ဆိုရင် ဆန့်ကျင်သူတွေကို ခုခံပြီး အခိုင်အမာ ရပ်တည်နိုင်မယ်။—၁ ပေ. ၃:၁၅။
၇ စိတ်နှလုံးကို ကာကွယ်ပေးတဲ့ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို ထိထိရောက်ရောက် ပုံဖော်ပေးလိုက်တာပဲ။ (ပညာ. ၄:၂၃) စစ်သားတစ်ယောက်ဟာ သံရင်အုပ်တန်ဆာကို အရည်အသွေးမကောင်းတဲ့ ရင်အုပ်တန်ဆာနဲ့ လဲမှာ မဟုတ်သလို ကျွန်တော်တို့လည်း ယေဟောဝါရဲ့ စံနှုန်းတွေကို ကိုယ့်စံနှုန်းတွေနဲ့ မလဲချင်ကြဘူး။ ကျွန်တော်တို့ရဲ့ စံနှုန်းက လိုအပ်တဲ့ ကာကွယ်မှု မပေးနိုင်ဘူး။ (ပညာ. ၃:၅၊ ၆) ဒါကြောင့် နှလုံးကို ကာကွယ်ဖို့ ယေဟောဝါပေးတဲ့ “ရင်အုပ်တန်ဆာ” ကို ကောင်းကောင်း ဝတ်ဆင်နေရဲ့လားဆိုတာ ပုံမှန် စစ်ဆေးပါ။
၁၀ ရောမစစ်သားတွေရဲ့ ဖိနပ်က တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်စေသလို ခရစ်ယာန်တွေရဲ့ ပုံဆောင်ဖိနပ်ကလည်း ငြိမ်သက်ခြင်း သတင်းဟောဖို့ အသင့်ဖြစ်စေတယ်။ (ဟေရှာ. ၅၂:၇။ ရော. ၁၀:၁၅) ဒါပေမဲ့ အခွင့်အရေးရတဲ့အခါ ဟောနိုင်ဖို့ သတ္တိလိုတယ်။ အသက် ၂၀ အရွယ် ညီအစ်ကို ဘိုက “အတန်းဖော်တွေကို သက်သေမခံရဲဘူး။ ရှက်တယ်။ ဘာကြောင့် အဲဒီလိုဖြစ်မှန်း မသိဘူး။ အခုတော့ အတန်းဖော်တွေကို သက်သေခံရတာ ပျော်နေပြီ” လို့ ပြောတယ်။
(ဧဖက် ၆:၁၆၊ ၁၇) အဲဒါတွေအပြင် ဆိုးညစ်သူပစ်ခတ်တဲ့ မီးမြားတွေကို ငြိမ်းသတ်နိုင်တဲ့ ယုံကြည်ခြင်း ဒိုင်းလွှားကြီးကိုလည်း ကိုင်ဆောင်ထားကြ။ ၁၇ ကယ်တင်ခြင်း သံခမောက်ကို ဆောင်းထားကြ။ ဘုရားသခင့် တရားစကားဖြစ်တဲ့ စွမ်းအားတော်ဓားကိုလည်း ကိုင်စွဲကြ။
က၁၈.၀၅ ၂၉-၃၁ ပိုဒ်. ၁၃၊ ၁၆၊ ၂၀
လူငယ်တို့—မာရ်နတ်ကို ခုခံပြီး အခိုင်အမာရပ်တည်ကြပါ
၁၃ စာတန်ပစ်ခတ်တဲ့ “မီးမြားတွေ” ထဲမှာ ယေဟောဝါက သင့်ကို ဂရုမစိုက်ဘူး၊ မချစ်ဘူးဆိုတဲ့ အလိမ်အညာတွေ ပါတယ်။ အသက် ၁၉ နှစ်အရွယ် အီဒါက သူ့ကိုယ်သူ အသုံးမကျဘူးဆိုပြီး ခံစားနေရတယ်။ “ယေဟောဝါနဲ့ မရင်းနှီးဘူး၊ ယေဟောဝါက ကျွန်မနဲ့ မိတ်ဆွေမဖြစ်ချင်ဘူးလို့ ခံစားနေရတယ်” လို့ပြောတယ်။ သူဘယ်လို ဖြေရှင်းခဲ့သလဲ။ “အစည်းအဝေးတွေက ယုံကြည်ခြင်းကို ပိုခိုင်ခံ့စေတယ်။ အရင်ကဆို အစည်းအဝေးတွေ တက်ပေမဲ့ ထိုင်နားထောင်ရုံပဲ။ ကျွန်မပြောတာကို ဘယ်သူမှ နားထောင်ချင်မှာ မဟုတ်ဘူးလို့ တွေးပြီး မှတ်ချက်မပေးခဲ့ဘူး။ အခုတော့ အစည်းအဝေးတွေအတွက် ပြင်ဆင်ပြီး နှစ်ကြိမ် သုံးကြိမ်လောက် မှတ်ချက်ပေးတယ်။ အဲဒီလိုလုပ်ရတာ ခက်ပေမဲ့ ပိုပျော်လာတယ်။ ညီအစ်ကို/မတွေကလည်း အားပေးကြတယ်။ အစည်းအဝေး တက်ပြီးတိုင်း ကျွန်မကို ယေဟောဝါ ချစ်တယ်လို့ ခံစားလာရတယ်။”
၁၆ သံခမောက်က စစ်သားရဲ့ ခေါင်းကို ကာကွယ်ပေးသလို “ကယ်တင်ခြင်းရမယ်ဆိုတဲ့ မျှော်လင့်ချက်” က ကျွန်တော်တို့ရဲ့ စိတ်နဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို ကာကွယ်ပေးတယ်။ (၁ သက်. ၅:၈။ ပညာ. ၃:၂၁) ဘုရားသခင့် ကတိတွေကို အာရုံစိုက်စေပြီး ပြဿနာတွေကို အမှန်အတိုင်း ရှုမြင်စေတယ်။ (ဆာ. ၂၇:၁၊ ၁၄။ တ. ၂၄:၁၅) “သံခမောက်” ကနေ ထိထိရောက်ရောက် အကာအကွယ်ရနိုင်ဖို့ လက်မှာ မကိုင်ဘဲ ခေါင်းမှာ ဆောင်းထားရမယ်။
၂၀ ပေါလုဟာ ဘုရားသခင့် တရားစကားကို ဓားနဲ့ တင်စားထားတယ်။ ဒါပေမဲ့ ယုံကြည်ချက်တွေကို ခုခံကာကွယ်ရာမှာ၊ အတွေးအခေါ်တွေ ပြုပြင်ရာမှာ ကျမ်းစာကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ဖို့ သင်ယူရမယ်။ (၂ ကော. ၁၀:၄၊ ၅။ ၂ တိ. ၂:၁၅) ဘယ်လို ကျွမ်းကျင်လာနိုင်သလဲ။ အသက် ၂၁ နှစ်အရွယ် စီဘတ်စီယန်းက “ကျမ်းစာဖတ်တဲ့အခါ အခန်းကြီးတိုင်းမှာ အကြိုက်ဆုံး အခန်းငယ်တစ်ခု ချရေးပြီး စာရင်းလုပ်ထားတယ်။ ဒီနည်းနဲ့ ယေဟောဝါ စဉ်းစားသလို ပိုစဉ်းစားတတ်လာတယ်” လို့ပြောတယ်။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဒန်နီယယ်က “ကျမ်းစာဖတ်တဲ့အခါ အမှုဆောင်လုပ်ငန်းမှာ အသုံးဝင်မယ်လို့ထင်တဲ့ အခန်းငယ်တွေကို မှတ်ထားတယ်။ လူတွေက ကျမ်းစာကို ကျွန်တော်တို့ မြတ်နိုးကြောင်း၊ သူတို့ကို အတတ်နိုင်ဆုံး ကူညီပေးလိုကြောင်း တွေ့တဲ့အခါ ကောင်းကောင်း တုံ့ပြန်လာကြတယ်” လို့ ပြောတယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဧဖက် ၄:၃၀) ဘုရားသခင်ရဲ့ သန့်ရှင်းသော စွမ်းအားတော်ကို ဝမ်းနည်းအောင် မလုပ်ပါနဲ့။ ရွေးဖိုးကြောင့် လွတ်မြောက်မယ့်နေ့အတွက် ခင်ဗျားတို့ကို အဲဒီစွမ်းအားတော်နဲ့ တံဆိပ်ခတ်ထားတာ။
it-1 ၁၁၂၈ ပိုဒ်. ၃
သန့်ရှင်းမှု
သန့်ရှင်းသော စွမ်းအားတော်။ ယေဟောဝါရဲ့ စွမ်းအားတော်ဟာ ကိုယ်တော့်ထိန်းချုပ်မှုအောက် ရှိပြီး ရည်ရွယ်တော်မူချက်ကို အမြဲပြည့်စုံစေတယ်။ သန့်ရှင်းစင်ကြယ်၊ မြင့်မြတ်ပြီး ဘုရားအသုံးပြုဖို့ သီးသန့်ဖယ်ထား ခံရတယ်။ ဒါကြောင့် “သန့်ရှင်းသော စွမ်းအားတော်” လို့ ခေါ်တယ်။ (ဆ ၅၁:၁၁။ လု ၁၁:၁၃။ ရ ၁:၄။ ဧ ၁:၁၃) သန့်ရှင်းသော စွမ်းအားတော်ဟာ လူတွေကို သန့်ရှင်းစင်ကြယ်စေတယ်။ မသန့်ရှင်းတဲ့၊ မှားယွင်းတဲ့ အမူအကျင့်တွေဟာ စွမ်းအားတော်ကို ဆန့်ကျင် ဒါမှမဟုတ် “ဝမ်းနည်း” စေတဲ့အရာတွေ ဖြစ်တယ်။ (ဧဖက် ၄:၃၀) သန့်ရှင်းသော စွမ်းအားတော်က ပုဂ္ဂိုလ် မဟုတ်ပေမဲ့ ဘုရားသခင်ရဲ့ သန့်ရှင်းတဲ့ ပင်ကိုစရိုက်ကို ဖော်ပြတဲ့အရာ ဖြစ်တဲ့အတွက် “ဝမ်းနည်း” နိုင်တယ်။ မကောင်းတဲ့ ဘယ်အကျင့်မဆိုဟာ ‘စွမ်းအားတော်မီးကို ငြိမ်း’ စေတယ်။ (၁သ ၅:၁၉) အဲဒီအကျင့်မျိုးကို ဆက်ကျင့်ကြံနေမယ်ဆိုရင် ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော်ဟာ “ဝမ်းနည်း” ပြီး ဘုရားသခင်ဟာ အဲဒီလိုပုန်ကန်နေသူရဲ့ ရန်သူ ဖြစ်လာမယ်။ (ရှာ ၆၃:၁၀) သန့်ရှင်းသော စွမ်းအားတော်ကို ဝမ်းနည်းစေတဲ့သူဟာ စွမ်းအားတော်ကို စော်ကားပြောဆိုတဲ့အထိ ဖြစ်လာနိုင်တယ်။ အဲဒီအပြစ်ဟာ လက်ရှိ လောကစနစ်မှာရော အနာဂတ်မှာပါ ခွင့်လွှတ်ခံရမှာ မဟုတ်ဘူးလို့ ယေရှုခရစ် ပြောတယ်။—မ ၁၂:၃၁၊ ၃၂။ မာ ၃:၂၈-၃၀။
(ဧဖက် ၅:၅) လိင်အကျင့်ယိုယွင်းသူ၊ မသန့်ရှင်းသူ၊ ရုပ်တုကိုးကွယ်သူဖြစ်တဲ့ လောဘကြီးသူ တစ်ယောက်မှ ခရစ်တော်နဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမွေမခံရမှန်း ခင်ဗျားတို့ ကောင်းကောင်း သိထားတာပဲ။
it-1 ၁၀၀၆ ပိုဒ်. ၂
လောဘကြီးခြင်း
လုပ်ရပ်တွေမှာ ထင်ရှားလာ။ ဗြောင်ကျကျပြုလုပ်တဲ့ လုပ်ရပ်တချို့မှာ လောဘစိတ် ထင်ရှားလာမယ်။ အဲဒီလုပ်ရပ်တွေက ပြုလုပ်သူရဲ့ မှားယွင်းပြီး လွန်ကဲနေတဲ့ အလိုဆန္ဒကို ဖော်ပြတယ်။ အဲဒီအလိုဆန္ဒ ကြီးထွားလာရင် အပြစ်လုပ်မိစေတယ်လို့ ကျမ်းရေးသူ ယာကုပ် ပြောပြတယ်။ (ယာ ၁:၁၄၊ ၁၅) ဒါကြောင့် လောဘကြီးသူကို သူ့လုပ်ရပ်တွေအားဖြင့် သိနိုင်တယ်။ လောဘကြီးသူဟာ ရုပ်တုကိုးကွယ်သူ ဖြစ်တယ်လို့ တမန်တော်ပေါလု ပြောတယ်။ (ဧ ၅:၅) လောဘကြီးသူဟာ သူလိုချင်တဲ့အရာကို ဘုရားအဖြစ် သဘောထားတယ်။ ဖန်ဆင်းရှင်ကို ဝတ်ပြုကိုးကွယ်တာထက် အဲဒါတွေကို ပိုအလေးထားတယ်။—ရ ၁:၂၄၊ ၂၅။
ကျမ်းစာဖတ်ရှုခြင်း
(ဧဖက် ၄:၁၇-၃၂) လူမျိုးခြားတွေလို မကျင့်ကြံကြဖို့ သခင်ရဲ့နာမည်ကို အမှီပြုပြီး ခင်ဗျားတို့ကို ကျွန်တော် တိုက်တွန်းနှိုးဆော်တယ်။ သူတို့ရဲ့ အကြံအစည်တွေဟာ အချည်းနှီးပဲ။ ၁၈ သူတို့ဟာ စိတ်နှလုံး ထုံထိုင်းပြီး မသိနားမလည်တဲ့အတွက် ဉာဏ်အလင်းကွယ်နေတယ်။ ပြီးတော့ ဘုရားသခင် ပေးသနားတဲ့အသက်နဲ့ ကင်းကွာနေတယ်။ ၁၉ ကိုယ်ကျင့်တရား မရှိတော့တဲ့အတွက် မျက်နှာပြောင်တိုက်တဲ့ လုပ်ရပ်တွေ လုပ်လာတယ်၊ မသန့်ရှင်းတဲ့အကျင့် အမျိုးမျိုးကို ငမ်းငမ်းတက် ကျင့်ကြတယ်။ ၂၀ ဒါပေမဲ့ ခရစ်တော်ဟာ အဲဒီလို လူစားမျိုး မဟုတ်မှန်း ခင်ဗျားတို့ သင်ယူသိရှိခဲ့တာပဲ။ ၂၁ တကယ်တော့ ယေရှုသွန်သင်ခဲ့တဲ့ အမှန်တရားနဲ့အညီ ကြားနာခဲ့ရ၊ သင်ယူခဲ့ရတာပါ။ ၂၂ လှည့်ဖြားတတ်တဲ့ အလိုဆန္ဒတွေကြောင့် ယိုယွင်းနေတဲ့ စရိုက်ဟောင်း၊ ဘဝလမ်းစဉ်ဟောင်းကို ချွတ်ပယ်ဖို့ သင်ယူခဲ့ရတာပါ။ ၂၃ ဒါကြောင့် ခင်ဗျားတို့က စိတ်သဘောကို အသစ်ဖြစ်အောင် အမြဲပြုပြင်နေရမယ်။ ၂၄ စစ်မှန်တဲ့ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်သိခြင်းနဲ့အညီ အလိုတော်အတိုင်း ဘုရားသခင်ဖန်ဆင်းတဲ့ စရိုက်သစ်ကိုလည်း ဝတ်ဆင်ရမယ်။ ၂၅ ခင်ဗျားတို့ဟာ ကိုယ်အင်္ဂါချင်းတွေပဲ။ ဒါကြောင့် လိမ်လည်ပြောဆိုတာကို ဖယ်ရှားပြီး အချင်းချင်း မှန်တဲ့စကားကိုပဲ ပြောကြပါ။ ၂၆ ဒေါသထွက်ရင်တောင် အပြစ်မလုပ်မိစေနဲ့။ စိတ်ဆိုးမပြေဘဲ နေမဝင်စေနဲ့။ ၂၇ မာရ်နတ်ကို အခွင့်အရေး မပေးမိစေနဲ့။ ၂၈ ခိုးတတ်တဲ့သူလည်း မခိုးပါနဲ့တော့။ ကောင်းတဲ့အလုပ်ကို ကိုယ်တိုင်ကြိုးစားလုပ်ဆောင်ပါ။ ဒါမှ လိုအပ်သူကို ပေးကမ်းနိုင်မယ်။ ၂၉ ညစ်ညမ်းတဲ့စကား တစ်ခွန်းမှ နှုတ်ကနေ မထွက်ပါစေနဲ့။ နားထောင်သူအတွက် အကျိုးရှိစေတဲ့စကား ဖြစ်နိုင်ဖို့ အချိန်အခါကိုကြည့်ပြီး ကောင်းတဲ့စကားကိုပဲ အပြုသဘောပါပါ ပြောကြပါ။ ၃၀ ဘုရားသခင်ရဲ့ သန့်ရှင်းသော စွမ်းအားတော်ကို ဝမ်းနည်းအောင် မလုပ်ပါနဲ့။ ရွေးဖိုးကြောင့် လွတ်မြောက်မယ့်နေ့အတွက် ခင်ဗျားတို့ကို အဲဒီစွမ်းအားတော်နဲ့ တံဆိပ်ခတ်ထားတာ။ ၃၁ အမျိုးမျိုးသော နာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းနဲ့ မကောင်းမှုရှိသမျှကို ဖယ်ရှားကြပါ။ ၃၂ အချင်းချင်း သနားကြင်နာကြပါ။ ကရုဏာပြကြပါ။ ဘုရားသခင်က ခရစ်တော်ကြောင့် ခင်ဗျားတို့ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်သလို ခင်ဗျားတို့လည်း အချင်းချင်း ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ။
ဇွန် ၂၄-၃၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဖိလိပ္ပိ ၁-၄
“ဘာမှ မစိုးရိမ်ပါနဲ့”
(ဖိလိပ္ပိ ၄:၆) ဘာမှ မစိုးရိမ်ဘဲ အရာရာမှာ ကျေးဇူးတော်ကို ချီးမွမ်းကြပါ၊ ဆုတောင်းကြပါ၊ တိုးလျှိုးအသနားခံကြပါ၊ ဘုရားသခင်ဆီ အသနားခံကြပါ။
“လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်း”
၁၀ ဘာမှ မစိုးရိမ်ဘဲ “ဘုရားသခင့် ငြိမ်သက်ခြင်း” ရရှိဖို့ ဘာက ကူညီပေးနိုင်သလဲ။ စိုးရိမ်စိတ်ရဲ့ ဖြေဆေးက ဆုတောင်းခြင်းပဲဆိုတာ ဖိလိပ္ပိအသင်းတော်ကို ရေးတဲ့ ပေါလုရဲ့ စကားတွေက ဖော်ပြတယ်။ စိုးရိမ်ပူပန်တဲ့အခါ ရင်ဖွင့် ဆုတောင်းလိုက်ပါ။ (၁ ပေတရု ၅:၆၊ ၇ ကိုဖတ်ပါ။) ယေဟောဝါ ဂရုစိုက်တယ်ဆိုတဲ့ ယုံကြည်မှုအပြည့်နဲ့ ဆုတောင်းပါ။ ကိုယ်ခံစားရတဲ့ ကောင်းချီးတွေကို သတိရပြီး “ကျေးဇူးတော်ကို ချီးမွမ်း” ပါ။ “ကျွန်တော်တို့ တောင်းလျှောက်သမျှ၊ ကြံစည်သမျှထက် အတိုင်းထက်အလွန် လုပ်ဆောင်နိုင်” တယ်ဆိုတာ အမှတ်ရမယ်ဆိုရင် ဘုရားအပေါ် ယုံကြည်စိတ်ချမှု တိုးများလာပါလိမ့်မယ်။—ဧ. ၃:၂၀။
(ဖိလိပ္ပိ ၄:၇) ဒါဆိုရင် လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်းက ခရစ်တော်ယေရှုကတစ်ဆင့် ခင်ဗျားတို့ရဲ့ စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေး ပါလိမ့်မယ်။
“လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်း”
၇ ဖိလိပ္ပိမြို့က ညီအစ်ကိုတွေ ပေါလုရဲ့စာကို ဖတ်ရတဲ့အခါ ပေါလု ကြုံခဲ့ရတဲ့ အဖြစ်အပျက်အကြောင်း၊ မျှော်လင့်မထားတာတွေကို ယေဟောဝါ ဘယ်လို လုပ်ဆောင်ခဲ့ကြောင်း အမှတ်ရခဲ့ကြမှာပဲ။ သူတို့ကို ပေါလု ဘာသင်ပေးနေတာလဲ။ မစိုးရိမ်ဖို့ သင်ပေးနေတာပါ။ ဆုတောင်းပါ။ ဒါဆိုရင် ဘုရားသခင့် ငြိမ်သက်ခြင်း ရရှိလိမ့်မယ်။ “ဘုရားသခင့် ငြိမ်သက်ခြင်းက” “လူ့ဉာဏ်နဲ့ မမီနိုင်” ကြောင်း သတိပြုပါ။ ဘာကို ဆိုလိုသလဲ။ ဘာသာပြန်တချို့က “လူ့စိတ်ကူးနဲ့ မမီနိုင်၊” “လူ့အကြံအစည်တွေထက် သာလွန်” လို့ ပြန်ဆိုကြတယ်။ “ဘုရားသခင့် ငြိမ်သက်ခြင်း” ဟာ စိတ်ကူးလို့ မရနိုင်လောက်အောင် သာလွန်ကောင်းမွန်တယ်လို့ ပေါလု ပြောနေတာပါ။ ဒါကြောင့် လူ့ရှုထောင့်ကကြည့်ရင် ပြဿနာတွေရဲ့ ဖြေရှင်းနည်းကို မမြင်နိုင်ပေမဲ့ ယေဟောဝါကတော့ မြင်နိုင်ပြီး မျှော်လင့်မထားတာတွေ လုပ်ဆောင်နိုင်တယ်။—၂ ပေတရု ၂:၉ ကိုဖတ်ပါ။
“လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်း”
၁၆ “လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်း” ရရှိတဲ့အခါ ဘာအကျိုးတွေ ခံစားရသလဲ။ ‘ခရစ်တော်ယေရှုကတစ်ဆင့် ကျွန်တော်တို့ရဲ့ စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေးပါလိမ့်မယ်’ လို့ ကျမ်းစာ အဖြေပေးတယ်။ (ဖိ. ၄:၇) “စောင့်ရှောက်” ဆိုတဲ့ မူရင်းစကားလုံးဟာ စစ်ဘက်ဆိုင်ရာ အသုံးအနှုန်းဖြစ်တယ်။ ရှေးခေတ်တုန်းက မြို့တွေကို စောင့်ဖို့ တာဝန်ကျတဲ့ တပ်ဖွဲ့ကို ရည်ညွှန်းတယ်။ ဖိလိပ္ပိမြို့ဟာ အဲဒီလိုမြို့မျိုး ဖြစ်တယ်။ မြို့တံခါးတွေကို စစ်သားတွေ စောင့်ကြပ်နေတယ်ဆိုတဲ့ အသိစိတ်ကြောင့် ဖိလိပ္ပိမြို့သားတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်တယ်။ အလားတူပဲ “ဘုရားသခင့် ငြိမ်သက်ခြင်း” က ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို ငြိမ်းအေးစေတယ်။ ကျွန်တော်တို့ကို ယေဟောဝါ ဂရုစိုက်ကြောင်း၊ အောင်မြင်စေချင်ကြောင်း သိထားကြတယ်။ (၁ ပေ. ၅:၁၀) အဲဒီအသိက စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှုကြောင့် ဖိစီးမနေဖို့ ကာကွယ်ပေးတယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဖိလိပ္ပိ ၂:၁၇) ယုံကြည်ခြင်းကြောင့် ခင်ဗျားတို့ဆက်သတဲ့ ပူဇော်သက္ကာနဲ့ အမှုဆောင်လုပ်ငန်းအပေါ်မှာ ကိုယ့်ကိုယ်ကိုယ် သွန်းလောင်းရာအလှူလို သွန်းလောင်းရမယ်ဆိုရင်တောင် ကျွန်တော် ဝမ်းသာတယ်။ ခင်ဗျားတို့အားလုံးနဲ့အတူ ဝမ်းမြောက်ရွှင်လန်းတယ်။
it-2 ၅၂၈ ပိုဒ်. ၅
အလှူများ
သွန်းလောင်းရာအလှူများ။ အထူးသဖြင့် အစ္စရေးတွေ ကတိထားရာပြည်မှာ အခြေချပြီးတဲ့နောက် သွန်းလောင်းရာအလှူကို တခြားအလှူတွေနဲ့ အတူ ပူဇော်ရတယ်။ (တလ ၁၅:၂၊ ၅၊ ၈-၁၀) အဲဒီအထဲမှာ စပျစ်ဝိုင် (“အရက်ယမကာ”) ပါတယ်။ အဲဒါကို ပူဇော်ရာပလ္လင်ပေါ် သွန်းလောင်းရတယ်။ (တလ ၂၈:၇၊ ၁၄။ ထွ ၃၀:၉။ တလ ၁၅:၁၀ နဲ့ နှိုင်းယှဉ်ကြည့်ပါ။) ဖိလိပ္ပိမြို့က ခရစ်ယာန်တွေကို တမန်တော်ပေါလု ဒီလို စာရေးခဲ့တယ်– “ယုံကြည်ခြင်းကြောင့် ခင်ဗျားတို့ဆက်သတဲ့ ပူဇော်သက္ကာနဲ့ အမှုဆောင်လုပ်ငန်းအပေါ်မှာ ကိုယ့်ကိုယ်ကိုယ် သွန်းလောင်းရာအလှူလို သွန်းလောင်းရမယ်ဆိုရင်တောင် ကျွန်တော် ဝမ်းသာတယ်။” ဒီနေရာမှာ ပေါလုဟာ ခရစ်ယာန်ချင်းတွေအတွက် မိမိကိုယ်ကို လိုလိုလားလား ပေးဆက်ချင်တာကို သွန်းလောင်းရာအလှူ သွန်းလောင်းတာနဲ့ တင်စားပြောခဲ့တယ်။ (ဖိ ၂:၁၇) သူ မသေခင်လေးမှာ တိမောသေကို ဒီလိုစာရေးတယ်– “ငါကတော့ ကိုယ့်ကိုယ်ကိုယ် သွန်းလောင်းရာအလှူလို သဘောထားပြီး ပေးဆပ်ခဲ့ပြီ။ သေဆုံးမယ့်အချိန်လည်း နီးလာပြီ။”—၂ တိ ၄:၆။
(ဖိလိပ္ပိ ၃:၁၁) ဖြစ်နိုင်မယ်ဆိုရင် အစောပိုင်း ရှင်ပြန်ထမြောက်ခြင်းမှာ ကျွန်တော် ပါဝင်ခွင့်ရချင်တယ်။
“ပထမထမြောက်ခြင်း”—ယခု ဖြစ်မြောက်လျက်ရှိ
၅ နောက်တစ်ခုမှာ “ဘုရားသခင်၏ဣသရေလအမျိုး” အဝင်ဖြစ်သော ဝိညာဉ်တော်ဖွားများသည် ‘သခင်နှင့်အတူ အစဉ်မပြတ်နေ’ ကာ ကောင်းကင်ဘုန်းဝင်စားရန် သခင်ယေရှုခရစ်နှင့်အတူ ပူးပေါင်းကြရမည်။ (ဂလာတိ ၆:၁၆; ၁ သက်သာလောနိတ် ၄:၁၇) ယင်းအဖြစ်အပျက်ကို “စောစောထမြောက်ခြင်း၊” “ပထမထမြောက်ခြင်း” ဟုခေါ်သည်။ (ဖိလိပ္ပိ ၃:၁၀၊ ၁၁၊ ကဘ; ဗျာ. ၂၀:၆) ထိုရှင်ပြန်ထမြောက်ခြင်း ပြီးသွားသည့်အခါ သန်းနှင့်ချီသောသူတို့သည် ပရဒိသုတွင် ထာဝစဉ်အသက်ရှင်ရန် အလားအလာဖြင့် မြေကြီးပေါ်သို့ ရှင်ပြန်ထမြောက်လာကြမည်။ သို့ဖြစ်၍ ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် ကောင်းကင်ဖြစ်စေ၊ မြေကြီးဖြစ်စေ “ပထမထမြောက်ခြင်း” အကြောင်းကို စိတ်ဝင်စားသင့်သည်။ ယင်းသည် မည်သို့သော ထမြောက်ခြင်းဖြစ်မည်နည်း။ အဘယ်အချိန်တွင် ဖြစ်မြောက်သနည်း။
ကျမ်းစာဖတ်ရှုခြင်း
(ဖိလိပ္ပိ ၄:၁၀-၂၃) အခု ခင်ဗျားတို့ ထပ်ပြီးဂရုစိုက်ပေးကြလို့ သခင့်နောက်လိုက်အနေနဲ့ ကျွန်တော် သိပ်ဝမ်းသာပါတယ်။ ကျွန်တော့်ကို ခင်ဗျားတို့ ဂရုစိုက်ပေးချင်လျက်နဲ့ အခွင့်အရေး မရခဲ့ကြဘူး။ ၁၁ တစ်ခုခုလိုအပ်နေလို့ အခုလို ပြောတာမဟုတ်ပါဘူး။ ကျွန်တော်ဟာ ဘယ်အခြေအနေမှာမဆို ရောင့်ရဲတတ်ဖို့ သင်ယူထားပြီးပြီ။ ၁၂ အထောက်အပံ့ နည်းနည်းပဲရှိရှိ၊ များများပဲရှိရှိ ရောင့်ရဲတတ်ပြီ။ ဝဝလင်လင် စားရတာဖြစ်စေ၊ ဆာလောင်နေတာဖြစ်စေ၊ ကြွယ်ဝတာဖြစ်စေ၊ ချို့တဲ့တာဖြစ်စေ အရာရာတိုင်း၊ အခြေအနေတိုင်းမှာ ရောင့်ရဲတတ်တဲ့ လျှို့ဝှက်ချက်ကို သင်ယူထားပြီ။ ၁၃ ဘာလို့လဲဆိုတော့ ကျွန်တော့်ကို အစွမ်းခွန်အားပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်လို့ပဲ။ ၁၄ ကျွန်တော် ဆင်းရဲဒုက္ခကြုံရချိန်မှာ ခင်ဗျားတို့ ကူညီပေးခဲ့တာ တကယ် မွန်မြတ်ပါတယ်။ ၁၅ ဖိလိပ္ပိမြို့သားတို့၊ သတင်းကောင်းကို စတင်ဟောပြောပြီးနောက် မက်ဆီဒိုးနီးယားပြည်ကနေ ကျွန်တော် ထွက်ခွာလာတုန်းက ခင်ဗျားတို့ကလွဲလို့ ဘယ်အသင်းတော်ကမှ ကျွန်တော့်ကို မကူညီခဲ့ကြဘူး။ ကျွန်တော့်အကူအညီကိုလည်း မယူခဲ့ကြဘူး။ ၁၆ သက်သာလောနိတ်မြို့မှာ ကျွန်တော်ရှိတုန်းက လိုအပ်တာတွေကို နှစ်ကြိမ်တိတိ ခင်ဗျားတို့ ပို့ပေးခဲ့ကြတယ်။ ၁၇ ခင်ဗျားတို့ဆီက လက်ဆောင်ကို မျှော်နေတာ မဟုတ်ဘူး။ ပိုအကျိုးရစေမယ့် မွန်မြတ်တဲ့လုပ်ရပ်တွေ လုပ်စေချင်လို့ပါ။ ၁၈ ကျွန်တော့်မှာ လိုအပ်သမျှ ရှိထားရုံမက ပိုတောင် ပိုလျှံပါသေးတယ်။ ခင်ဗျားတို့ပို့လိုက်တဲ့ လက်ဆောင်ကို ဧပဖြောဒိတ်ဆီကနေ ရထားလို့ အရာရာ ပြည့်စုံနေတယ်။ အဲဒီလက်ဆောင်ဟာ မွှေးကြိုင်တဲ့ရနံ့၊ ဘုရားသခင် နှစ်သက်လက်ခံတဲ့ ပူဇော်သက္ကာနဲ့တူတယ်။ ၁၉ ဒါကြောင့် ဘုန်းအသရေနဲ့ ကြွယ်ဝပြည့်စုံတဲ့ ဘုရားသခင်ကလည်း ခင်ဗျားတို့ လိုအပ်သမျှကို ခရစ်တော်ယေရှုအားဖြင့် ဖြည့်ဆည်းပေးလိမ့်မယ်။ ၂၀ အဖဘုရားသခင်ရဲ့ ဘုန်းတော် အစဉ်ထာဝရ ထင်ရှားပါစေ။ အာမင်။ ၂၁ ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိနေတဲ့ သန့်ရှင်းသူအားလုံးကို နှုတ်ဆက်ပေးပါ။ ကျွန်တော်နဲ့အတူရှိနေတဲ့ ညီအစ်ကိုတွေကလည်း ခင်ဗျားတို့ကို နှုတ်ဆက်လိုက်တယ်။ ၂၂ သန့်ရှင်းသူအားလုံးက ခင်ဗျားတို့ကို နှုတ်ဆက်လိုက်တယ်။ အထူးသဖြင့် ဆီဇာရဲ့ နန်းတော်မှာရှိတဲ့ သန့်ရှင်းသူတွေက ခင်ဗျားတို့ကို နှုတ်ဆက်လိုက်တယ်။ ၂၃ ခင်ဗျားတို့ရဲ့ မွန်မြတ်တဲ့စိတ်ထားကြောင့် သခင် ယေရှုခရစ်ရဲ့ မဟာကရုဏာကို ခံစားရပါစေ။