ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
ဧပြီ ၁၃-၁၉
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ကမ္ဘာဦး ၃၁
“ယာကုပ်နဲ့ လာဗန် ငြိမ်းချမ်းရေး ပဋိညာဉ်ဖွဲ့”
(ကမ္ဘာဦး ၃၁:၄၄-၄၆) ကဲ၊ ကတိသစ္စာပြုကြရအောင်။ ဒို့နှစ်ယောက်အတွက် သက်သေပေါ့ကွာ” လို့ပြောတယ်။ ၄၅ ယာကုပ်လည်း ကျောက်တုံးတစ်တုံးကို ယူပြီး စိုက်ထူလိုက်တယ်။ ၄၆ သူ့လူတွေကို “ကျောက်တုံးတွေ စုကြ” လို့ပြောတော့ ကျောက်တုံးတွေကို စုပုံကြတယ်။ ပြီးနောက် အဲဒီကျောက်ပုံပေါ်မှာ သူတို့စားသောက်ကြတယ်။
it-1 ၈၈၃ ပိုဒ်. ၁
ဂါလဒ်
အငြင်းပွားမှုကို ဖြေရှင်းပြီးနောက်မှာ ယာကုပ်နဲ့ လာဗန်ဟာ ပဋိညာဉ်ဖွဲ့ဖို့ သဘောတူလိုက်တယ်။ ယာကုပ်ဟာ ကျောက်တုံးတစ်တုံးကို ယူပြီး စိုက်ထူလိုက်တယ်။ သူ့ “လူတွေ” ကို ကျောက်တုံးတွေ စုပုံခိုင်းတယ်။ ကျောက်တုံးတွေကို စားပွဲပုံစံဖြစ်အောင် ပုံလိုက်တာဖြစ်နိုင်တယ်။ အဲဒီပေါ်မှာ ပဋိညာဉ်သက်သေအဖြစ် စားသောက်ကြတယ်။ အဲဒီကျောက်ပုံကို လာဗန်က အာရမိတ် (ဆီးရီးယား) လို ယေဂါဆဟာဒုသလို့ နာမည်ပေးတယ်။ ယာကုပ်ကတော့ ဟီဘရူးလို “ဂါလဒ်” လို့ နာမည်ပေးတယ်။ လာဗန်က “ဒီနေ့ ဒီကျောက်ပုံ [ဟီဘရူးလို ဂါ] ဟာ ဒို့နှစ်ယောက်အတွက် သက်သေ [ဟီဘရူးလို အက်] ပဲ” လို့ ပြောတယ်။ (က ၃၁:၄၄-၄၈) ကျောက်ပုံ (နဲ့ ကျောက်တိုင်) ဟာ ဖြတ်သန်းသွားလာသူတွေအတွက် သက်သေဖြစ်ခဲ့တယ်။ အခန်းငယ် ၄၉ မှာပါတဲ့အတိုင်း “ကင်းမျှော်စင် [ဟီဘရူးလို မိဇပါ]” လို့လည်းခေါ်တဲ့ အဲဒီကျောက်ပုံနဲ့ ကျောက်တိုင်ဟာ ယာကုပ်နဲ့ လာဗန်ကြား၊ သူတို့ရဲ့ နောင်လာနောက်သားတွေကြား သင့်သင့်မြတ်မြတ်နေဖို့ သဘောတူကြောင်း သက်သေဖြစ်တယ်။ (က ၃၁:၅၀-၅၃) နောက်ပိုင်းအဖြစ်အပျက်တွေမှာ ကျောက်တုံးတွေကို အသံတိတ်သက်သေတွေအဖြစ် အသုံးပြုခဲ့ကြတယ်။—ယရ ၄:၄-၇။ ၂၄:၂၅-၂၇။
(ကမ္ဘာဦး ၃၁:၄၇-၅၀) ဒီကျောက်ပုံကို လာဗန်က ယေဂါဆဟာဒုသလို့ခေါ်ပြီး ယာကုပ်ကတော့ ဂါလဒ်လို့ခေါ်တယ်။ ၄၈ လာဗန်က “ဒီနေ့ ဒီကျောက်ပုံဟာ ဒို့နှစ်ယောက်အတွက် သက်သေပဲ” လို့ပြောတယ်။ ဒါကြောင့် အဲဒီကျောက်ပုံကို ဂါလဒ်လို့ ခေါ်တယ်။ ၄၉ ကင်းမျှော်စင်လို့လည်း ခေါ်တယ်။ လာဗန်က “ဒို့နှစ်ယောက် မျက်ကွယ်ရာရောက်တဲ့အခါ ယေဟောဝါက ငါတို့ကို စောင့်ကြည့်နေပါစေ။ ၅၀ ငါ့သမီးတွေကို မင်း နှိပ်စက်ရင်၊ ငါ့သမီးတွေအပြင် တခြားမိန်းမတွေ ထပ်ယူရင် လူတွေမမြင်ပေမဲ့ ငါတို့ရဲ့သက်သေ ဘုရားသခင် မြင်တယ်ဆိုတာ သတိရပါ” လို့ပြောပြီး၊
it-2 ၁၁၇၂
ကင်းမျှော်စင်
ယာကုပ် စိုက်ထူခဲ့တဲ့ ကျောက်ပုံကို “ဂါလဒ်” (“သက်သေအစုအပုံ” ဆိုတဲ့ အဓိပ္ပာယ်ရှိ) နဲ့ “ကင်းမျှော်စင်” လို့ ခေါ်တယ်။ အဲဒီနောက် လာဗန်က “ဒို့နှစ်ယောက် မျက်ကွယ်ရာရောက်တဲ့အခါ ယေဟောဝါက ငါတို့ကို စောင့်ကြည့်နေပါစေ” လို့ ပြောခဲ့တယ်။ (က ၃၁:၄၅-၄၉) ကျောက်ပုံဟာ ငြိမ်းချမ်းရေး ပဋိညာဉ်အတိုင်း ယာကုပ်နဲ့ လာဗန် လုပ်မလုပ်ဆိုတာကို ယေဟောဝါ စောင့်ကြည့်နေတယ်ဆိုတဲ့ သက်သေဖြစ်တယ်။
(ကမ္ဘာဦး ၃၁:၅၁-၅၃) ဒီမှာ ကျောက်ပုံရှိတယ်။ ငါတို့ ကတိသစ္စာပြုခဲ့တယ်ဆိုတဲ့ သက်သေအဖြစ် ကျောက်တိုင်လည်း ရှိတယ်။ ၅၂ ငါက မင်းကို အန္တရာယ်ပြုဖို့ ဒီကျောက်ပုံကို ကျော်မလာဘူး။ မင်းလည်း ငါ့ကို အန္တရာယ်ပြုဖို့ ဒီကျောက်ပုံနဲ့ ကျောက်တိုင်ကို ကျော်မလာရဘူး။ ဒီကျောက်ပုံနဲ့ ကျောက်တိုင်ဟာ သက်သေပဲ။ ၅၃ အာဗြဟံကိုးကွယ်တဲ့ ဘုရား၊ နာခေါ်ကိုးကွယ်တဲ့ ဘုရား၊ သူတို့အဖေကိုးကွယ်တဲ့ ဘုရားက ဒို့နှစ်ယောက်ကို တရားစီရင်ပါစေ” လို့ပြောတယ်။ ယာကုပ်လည်း ဖခင်အိဇက် ကြောက်ရွံ့တဲ့အရှင်ကို တိုင်တည်ပြီး သစ္စာဆိုတယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ကမ္ဘာဦး ၃၁:၁၉) လာဗန် သိုးမွေးညှပ်ဖို့ သွားနေတုန်း ရာခေလက အဖေ့ရဲ့ တေရပ်ရုပ်တုကို ခိုးယူခဲ့တယ်။
it-2 ၁၀၈၇-၁၀၈၈
တေရပ်ရုပ်တု
မက်ဆိုပိုတေးမီးယားနဲ့ အနီးတစ်ဝိုက်ဒေသတွေမှာ ရှေးဟောင်းသုတေသန ပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိချက်အရ တေရပ်ရုပ်တု ပိုင်ဆိုင်သူဟာ မိသားစုအမွေ ဆက်ခံပိုင်ခွင့်ရှိသူဖြစ်ကြောင်း ဖော်ပြတယ်လို့ သိရတယ်။ နူဇီဒေသမှာ တွေ့ရှိခဲ့တဲ့ ကျောက်ပြားတစ်ချပ်အရ မိသားစုဘုရားတွေကို ပိုင်ဆိုင်ထားတဲ့ သားမက်တစ်ယောက်ဟာ တချို့သောအခြေအနေအောက်မှာ တရားရုံးကို လာပြီး ကွယ်လွန်သွားသူ ယောက္ခမရဲ့ ပိုင်ဆိုင်ရာတွေကို ရယူဖို့ လျှောက်ထားနိုင်တယ်။ (၁၉၇၄ ခုနှစ်မှာ ဂျေ. ပရီချာဒ် တည်းဖြတ်တဲ့ Ancient Near Eastern Texts, စာ. ၂၁၉၊ ၂၂၀ နဲ့ အောက်ခြေမှတ်ချက် ၅၁) ဒါကိုသိထားတဲ့ ရာခေလဟာ ဖခင်က ခင်ပွန်းဖြစ်သူ ယာကုပ်ကို လှည့်စားခဲ့တာကြောင့် တေရပ်ရုပ်တုကို မိမိပိုင်ဆိုင်ခွင့်ရှိတယ်လို့ တွေးခဲ့တာ ဖြစ်နိုင်တယ်။ (က ၃၁:၁၄-၁၆ နဲ့ နှိုင်းယှဉ်ပါ။) အမွေဆက်ခံခွင့်နဲ့ သက်ဆိုင်တဲ့ အရေးကြီးပစ္စည်းဖြစ်လို့ တေရပ်ရုပ်တု ပြန်ရဖို့ လာဗန် စိတ်စောနေတာ ဖြစ်တယ်။ အဲဒါကြောင့် လာဗန်ဟာ အမျိုးတော်စပ်တဲ့ ညီအစ်ကိုတွေကိုခေါ်ပြီး ယာကုပ်နောက်ကို ခုနစ်ရက်ကြာခရီး လိုက်ခဲ့တယ်။ (က ၃၁:၁၉-၃၀) ဒါပေမဲ့ ရာခေလရဲ့ လုပ်ရပ်ကို ယာကုပ် လုံးလုံး မသိခဲ့ဘူး (က ၃၁:၃၂)။ လာဗန်ရဲ့ သားတွေဆီကနေ အမွေလုယူဖို့ တေရပ်ရုပ်တုကို ယာကုပ် သုံးခဲ့တယ်လို့လည်း မဖော်ပြထားဘူး။ ယာကုပ်ဟာ ရုပ်တုတွေနဲ့ လုံးလုံးမပတ်သက်ခဲ့ဘူး။ နောက်ဆုံး မိမိရဲ့အိမ်သူအိမ်သားတွေမှာ ပါလာတဲ့ နတ်ဘုရားရုပ်တုအားလုံးကို ရှေခင်မြို့နားက အပင်ကြီးအောက်မှာ မြှုပ်လိုက်တဲ့အခါ တေရပ်ရုပ်တုလည်း ပါသွားပါလိမ့်မယ်။—က ၃၅:၁-၄။
(ကမ္ဘာဦး ၃၁:၄၁၊ ၄၂) ဦးကြီးအိမ်မှာ အနှစ် ၂၀ လုံးလုံး ဒီလိုအပင်ပန်းခံခဲ့တယ်။ ဦးကြီးရဲ့သမီးနှစ်ယောက်အတွက် ၁၄ နှစ်၊ တိရစ္ဆာန်တွေအတွက် ၆ နှစ် အလုပ်လုပ်ခဲ့တယ်။ ဦးကြီးက ကျွန်တော့်လုပ်အားခကိုလည်း ဆယ်ကြိမ် ပြောင်းလဲပစ်တယ်။ ၄၂ အာဗြဟံကိုးကွယ်တဲ့ဘုရား၊ ကျွန်တော့်အဖေအိဇက် ကြောက်ရွံ့တဲ့ဘုရားသာ ကျွန်တော့်ဘက်မှာ မရှိဘူးဆိုရင် ဦးကြီးက ကျွန်တော့်ကို လက်ချည်းသက်သက် ပြန်လွှတ်လိုက်မှာပဲ။ ကျွန်တော်ဒုက္ခခံပြီး ပင်ပင်ပန်းပန်း လုပ်ခဲ့တာကို ဘုရားသခင်သိလို့ မနေ့ညက ဦးကြီးကို ဆုံးမတာပါ” လို့ပြောတယ်။
(၁ ပေတရု ၂:၁၈) အစေခံတွေလည်း သခင်ကို အပြည့်အဝ ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့ လက်အောက်ခံကြပါစေ။ သဘောကောင်းပြီး အကျိုးသင့်အကြောင်းသင့်ရှိတဲ့ သခင်ကိုသာမက အလိုမကျနိုင်တဲ့ သခင်ကိုပါ လက်အောက်ခံကြပါ။
ယေဟောဝါဟာ ကျွန်ုပ်တို့ရဲ့ ခိုနားရာဖြစ်
၈ ယာကုပ် ခါရန်မြို့ကို ရောက်တဲ့အခါ သူ့ဦးလေးလာဗန်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ပြီး နောက်တော့ သူ့ကို လေအာ၊ ရာခေလနဲ့ ပေးစားလိုက်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လာဗန်က ယာကုပ်ကိုလှည့်စားပြီး သူ့လုပ်အားခကို ဆယ်ကြိမ်ပြောင်းလဲခဲ့တယ်။ (က. ၃၁:၄၁၊ ၄၂) ဒါပေမဲ့ ယာကုပ်က ယေဟောဝါ သူ့ကို ဂရုစိုက်စောင့်ရှောက်မယ်ဆိုတာ ယုံကြည်စိတ်ချပြီး အဲဒီမတရားတဲ့လုပ်ရပ်တွေကို သည်းခံခဲ့တယ်။ ကိုယ်တော် သူ့ကို တကယ် ကောင်းချီးပေးခဲ့တယ်။ ဘုရားသခင်က ယာကုပ်ကို ခါနာန်ပြည်ပြန်ဖို့ ပြောတဲ့အချိန်မှာ ယာကုပ်ဟာ “ကျွန်ယောက်ျား၊ ကျွန်မိန်းမတွေ၊ ကုလားအုတ်တွေနဲ့ မြည်းတွေအများကြီး ပိုင်ဆိုင်” နေပြီ။ (က. ၃၀:၄၃၊ ကဘ) တကယ်ကျေးဇူးတင်လေးမြတ်စိတ်နဲ့ ယာကုပ် ဒီလိုဆုတောင်းခဲ့တယ်– “ကိုယ်တော်ပြခဲ့တဲ့ ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာစောင့်သိမှုအားလုံးကို ကျွန်တော် မခံထိုက်ပါဘူး။ ဂျော်ဒန်မြစ်ကို တောင်ဝှေးတစ်ချောင်းနဲ့ပဲ ကျွန်တော် ဖြတ်ကူးခဲ့တာ။ အခုတော့ ကျွန်တော့်မှာ အုပ်စုနှစ်စုရှိနေပါပြီ။”—က. ၃၂:၁၀၊ ကဘ။
ကျမ်းစာဖတ်ရှုခြင်း
ဧပြီ ၂၀-၂၆
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ကမ္ဘာဦး ၃၂-၃၃
“ကောင်းချီးရဖို့ သင် နပန်းလုံးသလား”
(ကမ္ဘာဦး ၃၂:၂၄) နောက်ဆုံး၊ ယာကုပ်တစ်ယောက်တည်း ကျန်ရစ်တဲ့အခါ လူတစ်ယောက် ရောက်လာပြီး မိုးလင်းခါနီးအထိ သူနဲ့ နပန်းလုံးတယ်။
ယေဟောဝါကို ဇွဲရှိရှိ ရှာနေပါသလော
သမ္မာကျမ်းစာ၌ ယေဟောဝါကို စိတ်ရောကိုယ်ပါ ရှာခဲ့ကြသူတို့၏ ပုံနမူနာ ဒုနှင့်ဒေးရှိပါသည်။ ထိုသူတို့တွင် ကိုယ်ယောင်ပြခဲ့သူ ဘုရားသခင့်ကောင်းကင်တမန်နှင့် မိုးလင်းသည့်တိုင် အားသွန်ခွန်စိုက် နပန်းလုံးခဲ့သည့် ယာကုပ်ပါဝင်၏။ ရလဒ်အနေနှင့်၊ ယာကုပ်ကို ဣသရေလ (ဘုရားသခင်နှင့် ဆိုင်ပြိုင်တိုက်လှန်သူ) ဟု အမည်ပေးခဲ့သည်၊ အကြောင်းမှာ သူသည် ဘုရားသခင်နှင့် “မဆုတ်မနစ်ဇွဲဖြင့်” “[သူကိုယ်တိုင်] အားစိုက်ထုတ်ကာ၊” အလျှော့မပေးဘဲ ဆိုင်ပြိုင်တိုက်လှန်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သူ၏ဇွဲရှိရှိ ကြိုးပမ်းမှုအတွက် ကောင်းကင်တမန်က သူ့ကို ကောင်းချီးပေးခဲ့သည်။—ကမ္ဘာဦး ၃၂:၂၄-၃၀၊ ကဘ၊ အောက်ခြေမှတ်ချက်။
(ကမ္ဘာဦး ၃၂:၂၅၊ ၂၆) နပန်းလုံးရင်း အဲဒီလူက မနိုင်တော့မှန်း သိတဲ့အခါ ယာကုပ်ရဲ့ပေါင်ဆစ်ရိုးကို ပုတ်လိုက်တယ်။ ယာကုပ်ရဲ့ပေါင်ဆစ် လွဲသွားတယ်။ ၂၆ သူက “ကျုပ်ကို လွှတ်ပါ။ မိုးလင်းတော့မယ်” လို့ပြောတော့ ယာကုပ်က “ကောင်းချီးမပေးမချင်း မလွှတ်ဘူး” လို့ပြန်ပြောတယ်။
it-2 ၁၉၀
ထော့နဲ့
ယာကုပ် ထော့နဲ့ထော့နဲ့ဖြစ်။ ယာကုပ် အသက် ၉၇ နှစ်လောက်မှာ လူယောင်ဆောင်ထားတဲ့ ကောင်းကင်တမန်တစ်ပါးနဲ့ တစ်ညလုံး နပန်းလုံးခဲ့တယ်။ ကောင်းချီးမပေးမချင်း ကောင်းကင်တမန်ကို ယာကုပ် မလွှတ်ပေးခဲ့ဘူး။ သူတစ်ပြန် ကိုယ်တစ်ပြန် ဖြစ်နေချိန်မှာ ကောင်းကင်တမန်က ယာကုပ်ရဲ့ ပေါင်ဆစ်ရိုးကို ပုတ်လိုက်တဲ့အခါ အဆစ်လွဲသွားတယ်။ အဲဒါနဲ့ ယာကုပ် ထော့နဲ့ထော့နဲ့ ဖြစ်သွားတယ်။ (က ၃၂:၂၄-၃၂။ ဟော ၁၂:၂-၄) ယာကုပ်ဟာ “လူတွေနဲ့ရော ဘုရားသခင် [ဘုရားသခင်ရဲ့ ကောင်းကင်တမန်] နဲ့ပါ ယှဉ်ပြိုင်ပြီး အနိုင်ရ” တယ်လို့ ကောင်းကင်တမန် ပြောပေမဲ့ တကယ်တော့ တန်ခိုးကြီးတဲ့ ဘုရားသခင့်ကောင်းကင်တမန်ကို ယာကုပ် မနိုင်ပါဘူး။ ကောင်းကင်တမန်နဲ့ ယှဉ်ပြိုင်စေဖို့ ဘုရားသခင် ရည်ရွယ်ပြီး ခွင့်ပြုခဲ့ခြင်းသာ ဖြစ်တယ်။ ဘုရားသခင့်ကောင်းချီးကို ယာကုပ် အလွန်တန်ဖိုးထားမှန်း သက်သေပြစေခဲ့တာ ဖြစ်တယ်။
(ကမ္ဘာဦး ၃၂:၂၇၊ ၂၈) ဒါနဲ့ “ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ” လို့ သူမေးတော့ “ယာကုပ်ပါ” ဆိုပြီးဖြေတယ်။ ၂၈ သူက “လူတွေနဲ့ရော ဘုရားသခင်နဲ့ပါ ယှဉ်ပြိုင်ပြီး အနိုင်ရတဲ့အတွက် ခင်ဗျားကို အစ္စရေး လို့ခေါ်ရမယ်။ ယာကုပ်လို့ မခေါ်ရတော့ဘူး” ဆိုပြီးပြောတယ်။
it-1 ၁၂၂၈
အစ္စရေး
၁။ ယာကုပ်အသက် ၉၇ နှစ်မှာ ဘုရားသခင်က သူ့ကို အဲဒီနာမည် ပေးခဲ့တယ်။ အစ်ကိုဧသောနဲ့တွေ့ဖို့ သွားနေစဉ် ယာဗုတ်သဲချောင်းကိုဖြတ်တဲ့ ည၊ ကောင်းကင်တမန်တစ်ပါးနဲ့ နပန်းလုံးတဲ့ ညမှာဖြစ်တယ်။ ဇွဲနပဲကြီးကြီး နပန်းလုံးခဲ့လို့ ဘုရားသခင့်ကောင်းချီးရမယ်ဆိုတဲ့ အမှတ်အသားအဖြစ် ယာကုပ်ရဲ့နာမည်ကို အစ္စရေးလို့ ပြောင်းပေးလိုက်တယ်။ အဲဒီအဖြစ်ကို အမှတ်ရစေဖို့ ယာကုပ်က အဲဒီနေရာကို ပေနေလ ဒါမှမဟုတ် ပေနွေလလို့ နာမည်ပေးလိုက်တယ်။ (က ၃၂:၂၂-၃၁) နောက်ပိုင်း ဗေသလအရပ်မှာ ယာကုပ်ရဲ့နာမည်ကို ဘုရား အတည် ပြောင်းပေးလိုက်တယ်။ အဲဒီအချိန်ကစပြီး ယာကုပ်ကို သေဆုံးချိန်အထိ အစ္စရေးလို့ အကြိမ်ကြိမ် ခေါ်ခဲ့တယ်။ (က ၃၅:၁၀၊ ၁၅။ ၅၀:၂။ ၁ရ ၁:၃၄) အစ္စရေးဆိုတဲ့ နာမည် အကြိမ်ပေါင်း ၂,၅၀၀ ကျော်ပါပေမဲ့ အများစုကတော့ ယာကုပ်ကနေဆင်းသက်လာတဲ့ လူမျိုးကို ရည်ညွှန်းတာဖြစ်တယ်။—ထွ ၅:၁၊ ၂။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ကမ္ဘာဦး ၃၂:၁၁) အစ်ကိုဧသောရဲ့လက်ကနေ ကယ်တင်ပေးပါလို့ ဆုတောင်းပါတယ်။ ကျွန်တော့်ကိုရော သားမယားတွေကိုပါ သူတိုက်ခိုက်မှာ စိုးလို့ပါ။
(ကမ္ဘာဦး ၃၂:၁၃-၁၅) အဲဒီနောက် ယာကုပ်က အဲဒီမှာ ညအိပ်တယ်။ အစ်ကိုဧသောကို လက်ဆောင်တွေပေးဖို့ သူ့တိရစ္ဆာန်တွေထဲက၊ ၁၄ ဆိတ်မ ၂၀၀၊ ဆိတ်ထီး ၂၀၊ သိုးမ ၂၀၀၊ သိုးထီး ၂၀၊ ၁၅ သားပေါက်ရှိတဲ့ ကုလားအုတ်မ ၃၀၊ နွားမ ၄၀၊ နွားထီး ၁၀၊ မြည်းမ ၂၀၊ မြည်းထီး ၁၀ ကောင်ကို ဖယ်ထားတယ်။
နှစ်လို့ဖွယ်စကားက ဆက်ဆံရေးကို တိုးတက်စေ
၁၀ နှစ်လို့ဖွယ်စကားနှင့် ကောင်းသောပြောဆိုဆက်သွယ်မှုက သင့်မြတ်သောဆက်ဆံရေးကို ရရှိစေပြီး ယင်းကိုထိန်းသိမ်းထားရန် ထောက်ကူသည်။ အခြားသူများနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို တိုးတက်စေသည့် လုပ်ရပ်များကလည်း အခြားသူတို့နှင့် ပြောဆိုဆက်သွယ်မှုကို တိုးတက်စေနိုင်သည်။ အခွင့်အရေးရှာကာ အကူအညီပေးခြင်း၊ စိတ်ရင်းမှန်ဖြင့် လက်ဆောင်ပေးခြင်း၊ ဧည့်ဝတ်ပျူငှာခြင်းတို့ဖြစ်သော ကြင်နာသောလုပ်ရပ်များသည် ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်သွယ်နိုင်ရန် အထောက်အကူပြုသည်။ ယင်းသည် လူတစ်ဦးအပေါ် “မီးခဲကိုပုံထား” ခြင်းဖြစ်ပြီး ယင်းမှ ကောင်းသောအရည်အသွေးများကို တင်ပြလာစေကာ ပြဿနာများကို ပွင့်ပွင့်လင်းလင်း ဖြေရှင်းရန် ပိုလွယ်ကူစေသည်။—ရော. ၁၂:၂၀၊ ၂၁။
၁၁ ရှေးဘိုးဘေးယာကုပ်သည် ယင်းအချက်ကို သဘောပေါက်ခဲ့သည်။ သူ၏အမြွှာအစ်ကို ဧသောသည် အလွန်စိတ်ဆိုးနေရာ မိမိအားသတ်မည်ဟု ယူဆကာ ယာကုပ် ထွက်ပြေးခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် ယာကုပ် ပြန်လာခဲ့သည်။ ဧသောသည် ယာကုပ်နှင့် တွေ့ရန် လူ ၄၀၀ နှင့် ချီလာသည်။ ယာကုပ်သည် အကူအညီအတွက် ယေဟောဝါထံ ဆုတောင်းခဲ့သည်။ ထို့နောက် ဧသောထံသို့ တိရစ္ဆာန်များစွာကို လက်ဆောင်အဖြစ် ကြိုတင်ပေးပို့ခဲ့သည်။ ယင်းလက်ဆောင်သည် ရည်ရွယ်ချက်ကို အထမြောက်စေခဲ့သည်။ သူတို့တွေ့ဆုံချိန်တွင် ဧသော၏သဘောထား ပျော့ပျောင်းသွားပြီဖြစ်ရာ ယာကုပ်အား ပြေးဖက်ခဲ့လေသည်။—က. ၂၇:၄၁-၄၄; ၃၂:၆၊ ၁၁၊ ၁၃-၁၅; ၃၃:၄၊ ၁၀။
(ကမ္ဘာဦး ၃၃:၂၀) ပြီးနောက် ယာကုပ်က ပူဇော်ရာပလ္လင်ကို တည်ပြီး ဘုရားသခင်ဟာ အစ္စရေးရဲ့ ဘုရားသခင်ပဲလို့ နာမည်ပေးတယ်။
it-1 ၉၈၀
ဘုရားသခင်ဟာ အစ္စရေးရဲ့ ဘုရားသခင်
ပေနေလအရပ်မှာ ယေဟောဝါရဲ့ ကောင်းကင်တမန်တစ်ပါးနဲ့ တွေ့ဆုံပြီးနောက်မှာ ယာကုပ်ရဲ့နာမည်ကို အစ္စရေးလို့ ပြောင်းလိုက်တယ်။ အစ်ကိုဧသောနဲ့ ပြေပြေလည်လည် တွေ့ဆုံပြီးနောက်မှာ ယာကုပ်ဟာ သုကုတ်အရပ်နဲ့ နောက်ပိုင်း ရှေခင်မြို့မှာ နေထိုင်ခဲ့တယ်။ ဟာမော်ရဲ့သားတွေဆီကနေ မြေကွက်တစ်ကွက် ဝယ်ပြီး တဲထိုးနေထိုင်တယ်။ (က ၃၂:၂၄-၃၀။ ၃၃:၁-၄၊ ၁၇-၁၉) “ပြီးနောက် ယာကုပ်က ပူဇော်ရာပလ္လင်ကို တည်ပြီး ဘုရားသခင်ဟာ အစ္စရေးရဲ့ ဘုရားသခင်ပဲလို့ နာမည်ပေးတယ်။” (က ၃၃:၂၀) ပူဇော်ရာပလ္လင်ရဲ့ နာမည်ကို အစ္စရေးဆိုတဲ့ မိမိရဲ့နာမည်သစ်ထည့်ပြီး ခေါ်ဆိုခဲ့ခြင်းက ယာကုပ်ဟာ နာမည်သစ်ကို နှစ်သက်လက်ခံကြောင်း၊ ကတိထားရာပြည်ကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ဖို့ ဘုရားရဲ့ လမ်းညွှန်မှုကို လက်ခံကြောင်း ဖော်ပြတာဖြစ်တယ်။ ကျမ်းစာထဲမှာ အဲဒီအသုံးအနှုန်း တစ်ကြိမ်ပဲ ပါတယ်။
ကျမ်းစာဖတ်ရှုခြင်း
ဧပြီ ၂၇–မေ ၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ကမ္ဘာဦး ၃၄-၃၅
“မကောင်းတဲ့အပေါင်းအသင်းရဲ့ ဆိုးကျိုး”
(ကမ္ဘာဦး ၃၄:၁) ယာကုပ်နဲ့ လေအာရဲ့သမီး ဒိနဟာ ခါနန်ပြည်သူတွေဆီ သွားလည်ပြီး ပေါင်းသင်းလေ့ရှိတယ်။
ရှေခင်—တောင်ကြားမြို့
ထိုမြို့မှလူငယ်များသည် မိမိတို့မြို့သို့ တစ်ယောက်တည်း မှန်မှန်လာလည်ပတ်သော ဤငယ်ရွယ်သည့် အပျိုစင်ကို မည်ကဲ့သို့ ရှုမြင်မည်နည်း။ လူမျိုးစုအကြီးအကဲတစ်ဦး၏ သားသည် “ဒိနကိုမြင်လျှင် ယူသွား၍ အိပ်ဖော်ပြုလျက် သူ့အသရေကို ရှုတ်ချလေ၏။” ဒိနသည် စာရိတ္တယိုယွင်းသော ခါနာန်လူမျိုးများနှင့် ပေါင်းဖော်ခြင်းဖြင့် အဘယ့်ကြောင့် အန္တရာယ်ကို ဖိတ်ခေါ်ခဲ့သနည်း။ သူမနှင့်ရွယ်တူ အဖော်မိန်းကလေးများကို လိုအပ်သည်ဟု သူမထင်မှတ်သောကြောင့်လော။ တချို့သော သူမ၏အစ်ကိုများကဲ့သို့ပင် သူမသည် ခေါင်းမာ၍ အုပ်ချုပ်မှုကို မခံလိုသောသူလော။ ကမ္ဘာဦးမှတ်တမ်းကိုဖတ်၍ ရှေခင်မြို့သို့ မိမိတို့၏သမီး သွားရောက်လည်ပတ်သည့်အတွက် ဝမ်းနည်းကြေကွဲစရာကောင်းသည့် အကျိုးဆက်များကြောင့် ယာကုပ်နှင့် လေအာတို့ခံစားခဲ့ရမည့် စိတ်ဆင်းရဲမှုနှင့် အရှက်ရမှုတို့ကို အမှန်နားလည်ရန် ကြိုးစားပါလေ။—ကမ္ဘာဦး ၃၄:၁-၃၁; ၄၉:၅-၇; ဇွန် ၁၅ ရက်၊ ၁၉၈၅ ခုနှစ်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၃၁၊ [လိပ်] ကိုလည်းရှု။
(ကမ္ဘာဦး ၃၄:၂) အဲဒီပြည်ရဲ့ခေါင်းဆောင် ဟိဝိလူမျိုး ဟာမော်ရဲ့သား ရှေခင်က ဒိနကို မြင်တဲ့အခါ ခေါ်သွားပြီး စော်ကားလိုက်တယ်။
“လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်ကြပါ”
၁၄ ရှေခင်က သာမန်သဘာဝကိစ္စ၊ လက်သင့်ခံနိုင်တဲ့ကိစ္စကို လုပ်တာလို့ ယူဆခဲ့တယ်။ ဒိနကို စွဲလမ်းသွားတဲ့အတွက် “ခေါ်သွားပြီး စော်ကားလိုက်တယ်။” (ကမ္ဘာဦး ၃၄:၁-၄ ကိုဖတ်ပါ။) ဒီပြစ်မှုကြောင့် ဒိနနဲ့ တစ်မိသားစုလုံးကို ဒုက္ခရောက်စေတဲ့ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့တယ်။—ကမ္ဘာဦး ၃၄:၇၊ ၂၅-၃၁။ ဂလာတိ ၆: ၇၊ ၈။
(ကမ္ဘာဦး ၃၄:၇) ယာကုပ်ရဲ့သားတွေလည်း အဲဒီသတင်းကြားကြားချင်း လယ်တောကနေ ပြန်လာတယ်။ ရှေခင်က ဒိနနဲ့အတူအိပ်၊ မလုပ်သင့်တာကိုလုပ်ပြီး သူတို့အဖေအစ္စရေးကို အရှက်ခွဲတဲ့အတွက် သူတို့ မကျေမနပ်ဖြစ်ပြီး အရမ်းဒေါသထွက်ကြတယ်။
(ကမ္ဘာဦး ၃၄:၂၅) ဒီလိုနဲ့ သုံးရက်မြောက်နေ့၊ သူတို့နာကျင်နေတုန်းမှာ ယာကုပ်ရဲ့သားနှစ်ယောက်၊ ဒိနရဲ့အစ်ကို ရှိမောင်နဲ့ လေဝိက ဓားကိုယ်စီကိုင်၊ အမှုမဲ့အမှတ်မဲ့ဖြစ်နေတဲ့ မြို့ကို သွားပြီး ယောက်ျားအားလုံးကို သတ်လိုက်တယ်။
က၀၉ ၉/၁ ၂၀ ပိုဒ်. ၅–၂၁ ပိုဒ်. ၁
သင်စိတ်နာကြည်းသည့်အခါ
တစ်ခါတစ်ရံ လူတို့သည် နာကြည်းမှုကြောင့် ဖြစ်ပေါ်လာသော စိတ်ဒဏ်ရာကို ဖြေသိမ့်ရန် ကြိုးစားသည့်အနေဖြင့် လက်စားချေကြခြင်း ဖြစ်သည်။ ဥပမာ၊ ဟေဗြဲလူမျိုးတို့၏ ဘိုးဘေးဖြစ်သူ ယာကုပ်၏ သားတို့သည် ညီမဖြစ်သူ ဒိနကို ခါနာန်အမျိုးသားရှေခင် စော်ကားလိုက်ကြောင်း သိရသောအခါ “စိတ်နာ၍ အလွန်အမျက်ထွက်ကြ၏” ဟု ကျမ်းစာက ဆိုသည်။ (ကမ္ဘာဦး ၃၄:၁-၇) ယာကုပ်၏ သားနှစ်ဦးသည် ညီမဖြစ်သူကို စော်ကားသော ရှေခင်နှင့် သူ့မိသားစုကို ပြန်ကလဲ့စားချေရန် လျှို့ဝှက်ကြံစည်ကြသည်။ ပရိယာယ်တစ်ခုသုံးကာ ရှိမောင်နှင့် လေဝိသည် ခါနာန်မြို့ထဲဝင်ပြီး ရှေခင်အပါအဝင် ယောက်ျားအားလုံးကို သတ်ပစ်လိုက်သည်။—ကမ္ဘာဦး ၃၄:၁၃-၂၇။
ထိုသွေးစွန်းသော ကလဲ့စားချေမှုကြောင့် ကိစ္စရပ်များ ပြေလည်သွားသလော။ ယာကုပ်သည် သူ့သားတို့၏ လုပ်ရပ်ကို ကြားသိသောအခါ သူတို့ကို ပြစ်တင်ရှုတ်ချကာ “သင်တို့သည် ငါ့ကို ညှဉ်းဆဲကြပြီတကား။ . . . ဤပြည်သားတို့သည် ငါ့ကို ရွံရှာအောင် ပြုကြပြီတကား။ . . . သူတို့သည် စုဝေး၍ ငါ့ကို တိုက်သတ်သဖြင့် ငါနှင့် ငါ့အိမ်သူအိမ်သားတို့ကို ဖျက်ဆီးကြလိမ့်မည်” ဟုဆိုခဲ့သည်။ (ကမ္ဘာဦး ၃၄:၃၀) မှန်ပါသည်၊ အငြိုးအတေးကြီးသော သူတို့၏ ကလဲ့စားသည် ကိစ္စရပ်များကို ပြေလည်စေမည့်အစား ဆန့်ကျင်ဘက်ရလဒ်ကိုသာ ဖြစ်ပေါ်စေခဲ့သည်၊ ထိုရလဒ်မှာ ယာကုပ်၏မိသားစုသည် ဒေါသထွက်နေသော အိမ်နီးချင်းများ ပြန်တိုက်ခိုက်တော့မည်ကို ယခု ကြောက်လန့်နေရပြီ ဖြစ်သည်။ ထို့ကြောင့် ယာကုပ်၏ မိသားစုသည် တိုက်ခိုက်ခံရမည့် အန္တရာယ်မှ ရှောင်ရှားနိုင်ရန် ထိုဒေသမှ ဗေသလအရပ်သို့ ပြောင်းရွှေ့ဖို့ ယာကုပ်ကို ဘုရားသခင် မိန့်မှာခဲ့ခြင်း ဖြစ်ပေမည်။—ကမ္ဘာဦး ၃၅:၁၊ ၅။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ကမ္ဘာဦး ၃၅:၈) နောက်တော့ ရေဗက္ကာရဲ့အထိန်း ဒေဗောရ သေဆုံးသွားလို့ ဗေသလမြို့နားက အပင်ကြီးအောက်မှာ သင်္ဂြိုဟ်တယ်။ အဲဒီအပင်ကို အာလုံဗတ်ကုတ်လို့ နာမည်ပေးတယ်။
it-1 ၆၀၀ ပိုဒ်. ၄
ဒေဗောရ
၁။ ရေဗက္ကာရဲ့အထိန်း။ ဖခင် ဗေသွေလမိသားစုကို စွန့်ခွာပြီး အိဇက်ကို လက်ထပ်ဖို့ ပါလက်စတိုင်းဒေသဆီ ရေဗက္ကာ ပြောင်းရွှေ့လာချိန်မှာ ဒေဗောရလည်း အတူ ပါလာတယ်။ (က ၂၄:၅၉) ဒေဗောရဟာ အိဇက်ရဲ့ အိမ်ထောင်မှာ နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုခဲ့ပြီး ရေဗက္ကာ သေဆုံးသွားပြီးနောက်မှာ ယာကုပ်ရဲ့မိသားစုဝင် ဖြစ်လာတယ်။ အိဇက်ကို ရေဗက္ကာ လက်ထပ်ပြီး ၁၂၅ နှစ်လောက်မှာ ဒေဗောရ သေဆုံးသွားလို့ ဗေသလမှာရှိတဲ့ အပင်ကြီးအောက်မှာ သင်္ဂြိုဟ်လိုက်ကြတယ်။ အဲဒီအပင်ရဲ့ နာမည် (အာလုံဗတ်ကုတ်၊ “ငိုကြွေးရာ ဝက်သစ်ချပင်” ဆိုတဲ့ အဓိပ္ပာယ်ရှိ) က ဒေဗောရကို ယာကုပ်တို့မိသားစု ဘယ်လောက်ချစ်သလဲဆိုတာ ဖော်ပြတယ်။—က ၃၅:၈။
(ကမ္ဘာဦး ၃၅:၂၂-၂၆) ဒီအရပ်မှာ နေထိုင်တုန်း တစ်နေ့မှာ ရုဗင်က အဖေ့မယားငယ် ဗိလဟာနဲ့ အတူအိပ်တယ်။ ဒီသတင်းကို အစ္စရေးကြားတယ်။ ယာကုပ်မှာ သား ၁၂ ယောက်ရှိတယ်။ ၂၃ လေအာနဲ့ရတဲ့သားတွေက သားဦးရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ အိသခါ၊ ဇာဗုလုန်။ ၂၄ ရာခေလနဲ့ရတဲ့ သားတွေက ယောသပ်နဲ့ ဗင်ယာမိန်။ ၂၅ ရာခေလရဲ့ကျွန်မ ဗိလဟာနဲ့ရတဲ့ သားတွေက ဒန်နဲ့ နဿလိ။ ၂၆ လေအာရဲ့ကျွန်မ ဇိလပနဲ့ရတဲ့ သားတွေက ဂဒ်နဲ့ အာရှာ။ သူတို့ဟာ ပါဒန်အာရံအရပ်မှာ ယာကုပ်ရခဲ့တဲ့သားတွေပဲ။
စာရှုသူများထံမှ မေးခွန်းလွှာ
ရှေးခေတ်အစ္စရေးမှာ မေရှိယ ဆင်းသက်မယ့်မျိုးရိုးဟာ သားဦးအခွင့်အရာနဲ့ သက်ဆိုင်သလား။
အဲဒီလို ကျွန်တော်တို့ တစ်ခါတလေ ဖော်ပြလေ့ရှိတယ်။ အဲဒါဟာ ဟီဘရူး ၁၂:၁၆ မှာပါတဲ့အချက်နဲ့ ကိုက်ညီပုံရတယ်။ အဲဒီကျမ်းချက်မှာ ဧသောဟာ ‘မြင့်မြတ်တဲ့အရာကို တန်ဖိုးမထားဘဲ’ “သားဦးအခွင့်အရေးကို တစ်နပ်စာနဲ့ လဲလှယ်ခဲ့တယ်” လို့ ဖော်ပြထားတယ်။ ယာကုပ်က “သားဦးအခွင့်အရေး” ရတဲ့အခါ မေရှိယရဲ့ ဘိုးဘေးလည်း ဖြစ်လာတယ်ဆိုတဲ့သဘော သက်ရောက်ပုံရတယ်။—မ. ၁:၂၊ ၁၆။ လု. ၃:၂၃၊ ၃၄။
ဒါပေမဲ့ မေရှိယရဲ့ ဘိုးဘေးဖြစ်ဖို့ သားဦး ဖြစ်စရာ မလိုဘူးလို့ ကျမ်းစာမှတ်တမ်းတွေက ဖော်ပြတယ်။ အထောက်အထားတချို့ကို သုံးသပ်ကြည့်ပါ–
ယာကုပ် (အစ္စရေး) ရဲ့သားတွေထဲမှာ သားဦးက လေအာမွေးတဲ့ ရုဗင် ဖြစ်တယ်။ နောက်ပိုင်းမှာ ယာကုပ် ချစ်တဲ့ဇနီးရဲ့ သားဦးက ယောသပ် ဖြစ်တယ်။ ရုဗင် အမှားကျူးလွန်တဲ့အခါ သားဦးအခွင့်အရေးကို ယောသပ် ရသွားတယ်။ (က. ၂၉:၃၁-၃၅။ ၃၀:၂၂-၂၅။ ၃၅:၂၂-၂၆။ ၄၉:၂၂-၂၆။ ၁ ရာ. ၅:၁၊ ၂) ဒါပေမဲ့ မေရှိယမျိုးရိုးဟာ ရုဗင်ကနေရော၊ ယောသပ်ကနေပါ မဆင်းသက်ခဲ့ဘူး။ လေအာ မွေးတဲ့ စတုတ္ထသား ယုဒကနေ ဆင်းသက်တယ်။—က. ၄၉:၁၀။
ကျမ်းစာဖတ်ရှုခြင်း