လေ့လာရန် ဆောင်းပါး ၄၆
သီချင်း ၁၇ “ငါဆန္ဒရှိ”
စာနာတတ်တဲ့ ပုရောဟိတ်မင်း ယေရှု
“အဲဒီပုရောဟိတ်မင်းက ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို မစာနာနိုင်တဲ့သူ မဟုတ်ဘူး။”—ဟီ. ၄:၁၅။
အာရုံစိုက်ရာ
ယေရှုဟာ ဘာကြောင့် အကောင်းဆုံး ပုရောဟိတ်မင်း ဖြစ်သလဲ။ ကျွန်တော်တို့ကို ပုရောဟိတ်မင်း ယေရှု ဘယ်လို ကူညီပေးနေသလဲ။
၁-၂။ (က) သားတော်ကို မြေကြီးပေါ် ယေဟောဝါ ဘာကြောင့် စေလွှတ်သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။ (ဟီဘရူး ၅:၇-၉)
လွန်ခဲ့တဲ့ အနှစ် ၂,၀၀၀ လောက်တုန်းက အချစ်ဆုံးသားတော်ကို မြေကြီးပေါ် ယေဟောဝါဘုရား စေလွှတ်တယ်။ ဘာကြောင့်လဲ။ လူတွေကို အပြစ်နဲ့ သေခြင်းအောက်ကနေ ကယ်လွှတ်ပေးနိုင်ဖို့၊ စာတန် ဖန်တီးထားသမျှ ပြဿနာတွေ ဖယ်ရှားပေးနိုင်ဖို့ပါ။ (ယော. ၃:၁၆။ ၁ ယော. ၃:၈) ဒါ့အပြင် လူသားဘဝအတွေ့အကြုံက ယေရှုကို စာနာတတ်တဲ့ ပုရောဟိတ်မင်း ဖြစ်လာစေမယ်ဆိုတာ ယေဟောဝါ သိတယ်။ ယေရှုဟာ အေဒီ ၂၉ မှာ နှစ်ခြင်းခံပြီးနောက် ပုရောဟိတ်မင်း ဖြစ်လာတယ်။a
၂ လူသားဘဝအတွေ့အကြုံက ယေရှုကို စာနာတတ်တဲ့ ပုရောဟိတ်မင်းအဖြစ် ဘယ်လိုနည်းနဲ့ “အရည်အချင်း လုံးဝ ပြည့်မီ” စေသလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ဒီအချက်ကို သဘောပေါက်ထားတာက အပြစ်တွေ၊ အားနည်းချက်တွေကြောင့် ကျွန်တော်တို့ စိတ်ဓာတ်ကျနေရင်တောင် ယေဟောဝါဆီ ရဲရဲဝံ့ဝံ့ ချဉ်းကပ်ဆုတောင်းဖို့ ပိုလွယ်ကူစေတယ်။—ဟီဘရူး ၅:၇-၉ ကို ဖတ်ပါ။
မြေကြီးပေါ် ချစ်သားတော် ရောက်လာ
၃-၄။ ယေရှုရဲ့ ကောင်းကင်အသက်တာနဲ့ မြေကြီးအသက်တာ ဘယ်လောက် ကွာသွားသလဲ။
၃ ကျွန်တော်တို့ တော်တော်များများ ဘဝမှာ အပြောင်းအလဲတွေ ကြုံဖူးကြတယ်။ ဥပမာ၊ သံယောဇဉ်တွယ်နေတဲ့ နေရပ်ကို စွန့်ခွာ၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကို ထားရစ်ပြီး တစ်နေရာ ပြောင်းရွှေ့ရတာမျိုးပါ။ အဲဒီလိုအပြောင်းအလဲမျိုးက တော်တော်ခက်တယ်။ ဒါပေမဲ့ ယေရှုလောက် အပြောင်းအလဲ အများကြီး ကြုံရသူ ဘယ်သူမှ မရှိဘူး။ ယေရှုဟာ ကောင်းကင်မှာဆိုရင် အရေးပါဆုံး ကောင်းကင်တမန် ဖြစ်တယ်။ ယေဟောဝါရဲ့ မေတ္တာကို တစ်ပွေ့တစ်ပိုက် ခံစားရတယ်။ “ကိုယ်တော့်ညာဘက်မှာ” အမှုဆောင်ခွင့်ရလို့ အမြဲကြည်နူးရတယ်။ (ဆာ. ၁၆:၁၁။ ပညာ. ၈:၃၀) ဒါပေမဲ့ ဖိလိပ္ပိ ၂:၇ မှာ ဖော်ပြထားတဲ့အတိုင်း “အရာရာကို သူ စွန့်လွှတ်ခဲ့တယ်။” ကောင်းကင်က မြင့်မြတ်တဲ့ အနေအထားကို စွန့်လွှတ်ပြီး မြေကြီးပေါ်မှာ မစုံလင်သူတွေနဲ့ လာနေခဲ့တာ။
၄ ယေရှု မွေးဖွားချိန်နဲ့ ကလေးဘဝအကြောင်းလည်း စဉ်းစားကြည့်ပါ။ ယေရှုဟာ ဆင်းရဲတဲ့ မိသားစုမှာ မွေးလာတယ်။ ယေရှု မွေးပြီးနောက် မိဘတွေ ဆက်သတဲ့ ပူဇော်သက္ကာကို ကြည့်ရင် သူတို့မိသားစု သိပ်ဆင်းရဲမှန်း သိနိုင်တယ်။ (ဝတ်. ၁၂:၈။ လု. ၂:၂၄) မေရှိယ ဖွားမြင်တဲ့အကြောင်း မင်းဆိုးဟေရုဒ် သိသွားတော့ လိုက်သတ်ဖို့ ကြိုးစားတယ်။ ဟေရုဒ်ရန်ကနေ လွတ်အောင် ယေရှုတို့ မိသားစုလိုက် ထွက်ပြေးပြီး အီဂျစ်ပြည်မှာ ဒုက္ခသည်ဘဝနဲ့ အချိန်အတိုင်းအတာတစ်ခုအထိ နေကြရတယ်။ (မ. ၂:၁၃၊ ၁၅) ယေရှုရဲ့ ကောင်းကင်အသက်တာနဲ့ မြေကြီးအသက်တာ ဘယ်လောက်တောင် ကွာသွားလိုက်သလဲ။
၅။ မြေကြီးပေါ်မှာ ယေရှု ဘာတွေ တွေ့မြင်ရသလဲ။ လူသားဘဝအတွေ့အကြုံက ယေရှုကို စာနာတတ်တဲ့ ပုရောဟိတ်မင်း ဘယ်လို ဖြစ်လာစေသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၅ ယေရှု အရွယ်ရောက်လာတာနဲ့အမျှ လူ့ဒုက္ခတွေကို မြင်လာတယ်။ မွေးစားဖခင် ယောသပ် အပါအဝင် ချစ်ခင်ရသူတွေ ဆုံးပါးသွားတာ ကြုံဖူးလို့ ပူဆွေးတဲ့ဒဏ် ဘယ်လိုမျိုးလဲဆိုတာ ကိုယ်တွေ့ သိတယ်။ အမှုဆောင်ချိန်အတွင်း အနာကြီးရောဂါသည်တွေ၊ မျက်မမြင်သူတွေ၊ လေဖြတ်သူတွေ၊ သားသမီး ဆုံးရှုံးလိုက်ရသူတွေနဲ့ ဆုံတယ်။ သူတို့ကို ယေရှု သိပ်သနားတယ်။ (မ. ၉:၂၊ ၆။ ၁၅:၃၀။ ၂၀:၃၄။ မာ. ၁:၄၀၊ ၄၁။ လု. ၇:၁၃) ကောင်းကင်ကနေလည်း လူ့ဒုက္ခတွေကို မြင်ခဲ့တယ်ဆိုပေမဲ့ လူသားအဖြစ် မြေကြီးပေါ် ရောက်လာချိန်မှာတော့ အနီးကပ် ပိုမြင်လာတယ်။ (ဟေရှာ. ၅၃:၄) လူတွေရဲ့ ဝမ်းနည်းမှု၊ ခံပြင်းမှု၊ နာကျင်မှုကို အပြည့်အဝ နားလည်လာတယ်။ တခြားလူတွေလိုပဲ မောပန်းတယ်၊ နာကျင်တယ်၊ သောကရောက်တယ်ဆိုတဲ့ ခံစားချက်တွေ ယေရှုမှာလည်း ရှိတယ်။
လူတွေ ဘာကြုံနေရသလဲ၊ ဘယ်လို ခံစားနေရသလဲ ယေရှု ဂရုစိုက် (စာပိုဒ် ၅ ကို ကြည့်ပါ)
လူတွေကို ယေရှု သနားစာနာ
၆။ ဟေရှာယကြိုဟောချက်ကနေ ယေရှုအကြောင်း ဘာသိရသလဲ။ (ဟေရှာယ ၄၂:၃)
၆ သူကြွယ်တွေ၊ ဂုဏ်အသရေရှိသူတွေကို ရေဝနေတဲ့ ဥယျာဉ် ဒါမှမဟုတ် အကိုင်းအခက်ဝေဆာတဲ့ သစ်ပင်ကြီးနဲ့ ဟီဘရူးကျမ်းစောင်တွေမှာ ခိုင်းနှိုင်းလေ့ရှိတယ်။ (ဆာ. ၉၂:၁၂။ ဟေရှာ. ၆၁:၃။ ယေ. ၃၁:၁၂) ဆင်းရဲသားတွေ၊ အဖိနှိပ်ခံလူတွေကိုတော့ နင်းခြေခံရတဲ့ ကျူပင်၊ ငြိမ်းခါနီး မီးစာနဲ့ ခိုင်းနှိုင်းထားတယ်။ အဲဒီလိုလူတွေကို ယေရှု ဘယ်လို ဆက်ဆံမယ်ဆိုတာနဲ့ပတ်သက်ပြီး “နင်းခြေခံရတဲ့ ကျူပင်ကို ချိုးမှာ မဟုတ်ဘူး။ ငြိမ်းခါနီး မီးစာကိုလည်း ငြိမ်းသတ်မှာ မဟုတ်ဘူး” လို့ ပရောဖက် ဟေရှာယ ကြိုဟောထားတာ။ (ဟေရှာယ ၄၂:၃ ကို ဖတ်ပါ။) တကယ်လည်း ယေရှု မြေကြီးပေါ် ရောက်လာချိန်မှာ အနှိမ်ခံရသူတွေ၊ ဘဝအခြေမလှသူတွေကို သနားစာနာတယ်။ ဒါ ကြိုဟောချက် ပြည့်စုံတာပဲ။
၇-၈။ ဟေရှာယကြိုဟောချက်ကို ယေရှု ဘယ်လို ပြည့်စုံစေသလဲ။
၇ ယေရှုဟာ “နင်းခြေခံရတဲ့ ကျူပင်ကို ချိုးမှာ မဟုတ်ဘူး။ ငြိမ်းခါနီး မီးစာကိုလည်း ငြိမ်းသတ်မှာ မဟုတ်ဘူး” လို့ ခရစ်ဝင်ကျမ်းရေးသူ မဿဲ ပြောတယ်။ (မ. ၁၂:၂၀) ယေရှုဆီမှာ ဟေရှာယကြိုဟောချက် ပြည့်စုံကြောင်း ဖော်ပြလိုက်တာပဲ။ ယေရှု လုပ်တဲ့ အံ့ဖွယ်အမှု တော်တော်များများဟာ နင်းခြေခံရတဲ့ ကျူပင်လို ဖြစ်နေတဲ့ အဖိနှိပ်ခံလူတွေ၊ ငြိမ်းခါနီး မီးစာလို ဖြစ်နေတဲ့ မျှော်လင့်ချက်မဲ့သူတွေအတွက် ဖြစ်တယ်။ အဲဒီထဲက တစ်ယောက်ကတော့ တစ်ကိုယ်လုံး အနာကြီးရောဂါ စွဲနေသူပါ။ ရောဂါပျောက်ဖို့၊ မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ လက်ပွန်းတတီး ပြန်နေရဖို့ မျှော်လင့်ချက် မရှိတော့ဘူးလို့ တွေးနေခဲ့နိုင်တယ်။ (လု. ၅:၁၂၊ ၁၃) နောက်တစ်ယောက်ကတော့ နားမကြား၊ စကားမပြောနိုင်သူပါ။ တခြားသူတွေ အာပေါင်အာရင်းသန်သန် စကားပြောနေချိန်မှာ တစ်လုံးမှ နားမလည်လို့ သိပ်ဝမ်းနည်းခဲ့မှာ။ (မာ. ၇:၃၂၊ ၃၃) သူတို့ဒုက္ခ ဒီလောက်ပဲလား။
၈ ကိုယ်တိုင်ရဲ့ အပြစ်ကြောင့် ဒါမှမဟုတ် မိဘရဲ့ အပြစ်ကြောင့် ကျန်းမာရေး ချို့ယွင်းတာဆိုတဲ့ အယူအဆမှား ယေရှုခေတ်က ဂျူးတော်တော်များများမှာ ရှိတယ်။ (ယော. ၉:၂) ဒါကြောင့် ကျန်းမာရေး ချို့ယွင်းသူတွေကို လူရာမသွင်းကြဘူး။ ယေရှုကတော့ သူတို့ကို ရောဂါကုသပေးခြင်း၊ ဘုရားသခင် ဂရုစိုက်တယ်ဆိုတာ သိလာအောင် ကူညီပေးခြင်းအားဖြင့် ဟေရှာယကြိုဟောချက်ကို ပြည့်စုံစေတယ်။ ဒီအချက်က ကျွန်တော်တို့ကို ဘယ်လို အားရှိစေသလဲ။
၉။ လူတွေကို ပုရောဟိတ်မင်း ယေရှု တကယ်စာနာပေးကြောင်း ဟီဘရူး ၄:၁၅၊ ၁၆ က ဘယ်လို ဖော်ပြသလဲ။
၉ ဟီဘရူး ၄:၁၅၊ ၁၆ ကို ဖတ်ပါ။ ကျွန်တော်တို့ကို ယေရှု အမြဲစာနာမယ်ဆိုတာ စိတ်ချနိုင်တယ်။ “စာနာ” လို့ ပြန်ဆိုထားတဲ့ ဂရိစကားလုံးဟာ ဝမ်းနည်းမှု၊ နာကျင်မှုကို မျှဝေခံစားခြင်းလို့ အဓိပ္ပာယ်ရတယ်။ ဝေဒနာ ခံစားရသူတွေကို ယေရှု ဘယ်လောက် စာနာကြောင်း ယေရှု လုပ်တဲ့ အံ့ဖွယ်အမှုတွေကနေ သိရတယ်။ ဝတ်ကျေတမ်းကျေ ကုသပေးတာ မဟုတ်ဘဲ သူတို့ကို တကယ်ဂရုစိုက်တယ်။ ကူညီပေးချင်တဲ့ဆန္ဒ ပြင်းပြတယ်။ ဥပမာ၊ အနာကြီးရောဂါသည်ကို အဝေးကနေ ကုသပေးလို့ ရပေမဲ့ သူ့ကို တို့ထိပြီး ကုသပေးတယ်။ ဒါ နှစ်ပေါင်းများစွာ ကြာပြီးနောက်မှ လူတစ်ယောက်ရဲ့ အထိအတွေ့ကို အနာကြီးရောဂါသည် ဦးဆုံးအကြိမ် ပြန်ခံစားလိုက်ရတာ ဖြစ်နိုင်တယ်။ နားမကြားသူကိုလည်း လူအုပ်ထဲကနေ သီးသန့်ခေါ်ထုတ်သွားပြီး တိတ်ဆိတ်တဲ့နေရာမှာ ကုသပေးတယ်။ ယေရှုခြေထောက်ကို မျက်ရည်နဲ့ ဆေးပြီး ဆံပင်နဲ့ သုတ်ပေးတဲ့ အမျိုးသမီးအကြောင်းလည်း စဉ်းစားကြည့်ပါ။ အပြစ်များသူအဖြစ် သိထားကြလို့ ဖာရိရှဲတစ်ယောက် အထင်သေးတယ်။ ဒါပေမဲ့ အဲဒီအမျိုးသမီးဘက်ကနေ ယေရှု ရပ်တည်ပေးပြီး ဖာရိရှဲကို တည့်မတ်လိုက်တယ်။ (မ. ၈:၃။ မာ. ၇:၃၃။ လု. ၇:၄၄) ဝေဒနာ ခံစားရသူတွေ၊ အပြစ်အများကြီး လုပ်ခဲ့သူတွေကို ယေရှု မရှောင်ဘူး။ မရှောင်တဲ့အပြင် မိမိဆီ လာဖို့ မေတ္တာနဲ့ လက်ကမ်းကြိုတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးဟာ ကျွန်တော်တို့ကိုလည်း ဘယ်လောက်တောင် စာနာပေးတတ်လိုက်မလဲ။
ပုရောဟိတ်မင်းကို ကျွန်တော်တို့ အတုယူ
၁၀။ မျက်မမြင်သူတွေ၊ နားမကြားသူတွေအတွက် ဘာတွေ ထုတ်ဝေထားသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၀ ယေရှုခြေရာ လိုက်လျှောက်တဲ့အနေနဲ့ တခြားသူတွေကို မေတ္တာပြဖို့၊ သနားစာနာဖို့ ကျွန်တော်တို့ ကြိုးစားကြတယ်။ (၁ ပေ. ၂:၂၁။ ၃:၈) မျက်မမြင်သူတွေ၊ နားမကြားသူတွေကို ကျွန်တော်တို့ အံ့ဖွယ်နည်းနဲ့ ကုသမပေးနိုင်ပေမဲ့ ကျမ်းစာအမှန်တရားနဲ့ပတ်သက်ပြီး မျက်စိပွင့်နားပွင့် ဖြစ်လာအောင် ကူညီပေးနိုင်တယ်။ ဥပမာ၊ ကျမ်းစာစာပေတွေကို လက်သင်္ကေတပြဘာသာစကား ၁၀၀ ကျော်နဲ့ ရနေပြီ။ အမြင်အာရုံ ချို့တဲ့သူတွေအတွက် မျက်မမြင်စာပေတွေကို ဘာသာစကား ၆၀ ကျော်၊ အသံသရုပ်ဖော် ဗီဒီယိုတွေကို ဘာသာစကား ၁၀၀ ကျော်နဲ့ ထုတ်ဝေထားတယ်။ ဒီလိုထုတ်ဝေမှုတွေကြောင့် မျက်မမြင်သူတွေ၊ နားမကြားသူတွေဟာ ယေဟောဝါနဲ့ကော ယေရှုနဲ့ပါ ရင်းနှီးလာကြတယ်။
ကျမ်းစာစာပေတွေကို ဘာသာစကား ၁,၀၀၀ ကျော်နဲ့ ရနေပါပြီ
ဘယ်– လက်သင်္ကေတပြဘာသာစကား ၁၀၀ ကျော်
ညာ– မျက်မမြင်ဘာသာစကား ၆၀ ကျော်
(စာပိုဒ် ၁၀ ကို ကြည့်ပါ)
၁၁။ ယေရှုလိုပဲ လူမျိုးတကာက လူတွေကို အဖွဲ့အစည်း ဘယ်လို ဂရုစိုက်သလဲ။ (တမန်တော် ၂:၅-၇၊ ၃၃) (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၁ လူမျိုးတကာက လူတွေကို ကူညီပေးဖို့ ယေဟောဝါရဲ့ အဖွဲ့အစည်း ကြိုးစားတယ်။ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ပင်တေကုတ္တေပွဲမှာ စုရုံးလာကြသူအားလုံး “ကိုယ့်ဘာသာစကားနဲ့” သတင်းကောင်း ကြားနိုင်ဖို့ တပည့်တွေအပေါ် စွမ်းအားတော် သွန်းလောင်းပေးခဲ့တာကို သတိရပါ။ (တမန်တော် ၂:၅-၇၊ ၃၃ ကို ဖတ်ပါ။) ဒီနေ့လည်း ယေရှုရဲ့ ဦးဆောင်မှုအောက်မှာ အဖွဲ့အစည်းက ကျမ်းစာစာပေတွေကို ဘာသာစကား ၁,၀၀၀ ကျော်နဲ့ ထုတ်ဝေနေတယ်။ အဲဒီထဲမှာ လူနည်းစုပဲ ပြောတဲ့ ဘာသာစကားတချို့ ပါတယ်။ ဥပမာ၊ အယ်မရင်းဒီးယန်းဘာသာစကားတချို့ကို မြောက်အမေရိကတိုက်နဲ့ တောင်အမေရိကတိုက်က လူနည်းစုပဲ ပြောတာ။ ဒါပေမဲ့ လူများနိုင်သမျှများများ သတင်းကောင်း ကြားသိနိုင်ဖို့ စာပေတွေကို အယ်မရင်းဒီးယန်းစကား ၁၆၀ ကျော်နဲ့ ထုတ်ဝေတယ်။ နောက်ဥပမာတစ်ခုကတော့ ရိုမာနီဘာသာစကားပါ။ ရိုမာနီစကားပြောသူ လူနည်းစုလောက်ပဲ ရှိပြီး အရှေ့ဥရောပနဲ့ အနောက်ဥရောပမှာ အနေများတယ်။ ခွဲခြားဆက်ဆံတာ၊ ဖိနှိပ်တာ စဉ်ဆက်မပြတ် ခံကြရသူတွေ ဖြစ်တယ်။ ဒါပေမဲ့ ရိုမာနီစကား ၂၀ ကျော်နဲ့လည်း စာပေတွေ ထုတ်ဝေပါတယ်။ ဒီလိုထုတ်ဝေမှုတွေကြောင့် အဲဒီဘာသာစကားပြောသူ ထောင်နဲ့ချီ အမှန်တရား လက်ခံလာကြတယ်။
ဘယ်– အယ်မရင်းဒီးယန်းဘာသာစကား ၁၆၀ ကျော်
ညာ– ရိုမာနီဘာသာစကား ၂၀ ကျော်
(စာပိုဒ် ၁၁ ကို ကြည့်ပါ)
၁၂။ ယေဟောဝါရဲ့ အဖွဲ့အစည်း ဘာတွေ လုပ်သေးသလဲ။
၁၂ သတင်းကောင်း ပျံ့နှံ့ရေးအပြင် သဘာဝဘေး ကယ်ဆယ်ရေးကိုလည်း အဖွဲ့အစည်း ကြိုးစားဆောင်ရွက်တယ်။ ကယ်ဆယ်ရေးလုပ်ငန်းမှာ ညီအစ်ကို/မထောင်ချီ စေတနာ့ဝန်ထမ်းကြတယ်။ ဘုရားမေတ္တာအကြောင်း လူတွေ ပိုသင်ယူနိုင်ဖို့ တော်သင့်ကောင်းမွန်တဲ့ ဝတ်ပြုရာနေရာတွေကိုလည်း အဖွဲ့အစည်း ဆောက်လုပ်ပေးနေတယ်။
သင့်ကို ပုရောဟိတ်မင်း ကူညီပေးနိုင်
၁၃။ ကျွန်တော်တို့ကို ယေရှု ဘယ်လို ကူညီပေးနေသလဲ။
၁၃ ကျွန်တော်တို့ယောက်တိုင်း ယေဟောဝါနဲ့ ရင်းနှီးနေဖို့ သိုးထိန်းကောင်း ယေရှု ဂရုစိုက်ပေးတယ်။ (ယော. ၁၀:၁၄။ ဧ. ၄:၇) ငြိမ်းခါနီး မီးစာလို၊ နင်းခြေခံရတဲ့ ကျူပင်လို ကျွန်တော်တို့ ခံစားရချိန်တွေ ရှိနိုင်တယ်။ ကျန်းမာရေးမကောင်းလို့၊ အမှားလုပ်မိလို့၊ ညီအစ်ကို/မတစ်ယောက်နဲ့ မသင့်မြတ်လို့ စိတ်ဓာတ်ကျနေနိုင်တယ်။ လက်ရှိအခက်အခဲတွေကို အာရုံမစိုက်ဘဲ အနာဂတ်မျှော်လင့်ချက်ကို အာရုံစိုက်ဖို့ ခက်နေနိုင်တယ်။ သင် ကြုံနေရတာတွေ၊ ခံစားနေရတာတွေကို ယေရှု နားလည်တယ်။ သင့်ကို စာနာပြီး သိပ်ကူညီပေးချင်တယ်။ သင် အားနည်းနေချိန်မှာ စွမ်းအားတော်ကတစ်ဆင့် အားဖြည့်ပေးနိုင်တယ်။ (ယော. ၁၆:၇။ တိ. ၃:၆) အကြီးအကဲတွေ၊ ညီအစ်ကို/မတွေကတစ်ဆင့် ထောက်မပေးနိုင်တယ်။—ဧ. ၄:၈။
၁၄။ စိတ်ဓာတ်ကျနေရင် ဘာလုပ်နိုင်သလဲ။
၁၄ အပြစ်တွေ၊ အားနည်းချက်တွေကြောင့် သင် စိတ်ဓာတ်ကျနေသလား။ ပုရောဟိတ်မင်း ယေရှုကို သတိရလိုက်ပါ။ ရွေးဖိုးပေးဖို့သာမက မစုံလင်သူတွေ ကြုံရတဲ့ အခက်အခဲတွေကို ပိုနားလည်ပေးတတ်ဖို့ ယေရှုကို မြေကြီးပေါ် ယေဟောဝါ စေလွှတ်ခဲ့တာ။ ဒါကြောင့် “လိုအပ်ချိန်မှာ” လိုလိုလားလား ကူညီပေးဖို့ ယေရှု အသင့်ရှိနေမယ်ဆိုတာ စိတ်ချနိုင်တယ်။—ဟီ. ၄:၁၅၊ ၁၆။
၁၅။ သိုးတော်စုကနေ လမ်းလွဲသွားသူတစ်ယောက် အသင်းတော်ထဲ ပြန်ရောက်လာဖို့ ဘယ်လို အကူအညီ ရခဲ့သလဲ။
၁၅ သိုးတော်စုကနေ လမ်းလွဲသွားသူတွေလည်း အသင်းတော်ထဲ ပြန်ရောက်လာဖို့ အကူအညီ ရနေပါတယ်။ (မ. ၁၈:၁၂၊ ၁၃) စတက်ဖာနိုအကြောင်း စဉ်းစားကြည့်ပါ။b အသင်းတော်ကနေ ဖယ်ရှားခံရတာ ၁၂ နှစ် ကြာပြီးနောက် အစည်းအဝေး လာတက်ဖို့ ဆုံးဖြတ်လိုက်တယ်။ “စိတ်ထဲမှာ လွန်ဆွဲနေတယ်။ အရင်လိုပဲ ညီအစ်ကို/မတွေနဲ့ အတူတူ ယေဟောဝါကို ပြန်ဝတ်ပြုချင်တယ်။ တစ်ဖက်မှာ ‘ဘာလို့များ ယေဟောဝါကို ကျောခိုင်းမိသလဲ။ ငါ တော်တော်အသုံးမကျတာပဲ’ ဆိုတဲ့ အတွေးနဲ့ ပြန်လှည့်မလာချင်တော့တဲ့အချိန်တွေ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ တွေ့ဆုံတဲ့ အကြီးအကဲတွေက ကျွန်တော့်ကို ယေဟောဝါနဲ့ ယေရှု ပြန်လှည့်လာစေချင်ကြောင်း မေတ္တာနဲ့ သတိပေးကြတယ်။ ကျွန်တော့်ကို အသင်းတော်မှာ ပြန်လက်ခံတော့ ညီအစ်ကို/မအားလုံးက ကျွန်တော်တို့မိသားစုကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။ ကျွန်တော့်ဇနီးလည်း ကျမ်းစာလေ့လာပြီး ကျွန်တော်နဲ့အတူတူ ယေဟောဝါကို ဝတ်ပြုနေပြီ” လို့ စတက်ဖာနို ပြောတယ်။ နောင်တရသူတွေ အသင်းတော်ထဲ ပြန်ရောက်လာဖို့ ညီအစ်ကို/မအားလုံး ကြိုးစားနေတာကို ပုရောဟိတ်မင်း ယေရှု မြင်တဲ့အခါ ဘယ်လောက်တောင် ဝမ်းသာလိုက်မလဲ။
၁၆။ စာနာတတ်တဲ့ ပုရောဟိတ်မင်း ရထားတာကို သင် ဘာကြောင့် ကျေးဇူးတင်မိသလဲ။
၁၆ ယေရှု မြေကြီးပေါ် ရှိစဉ် လူများစွာကို လိုအပ်ချိန်ကွက်တိမှာ ကူညီပေးခဲ့တယ်။ ကျွန်တော်တို့ အကူအညီ လိုအပ်ချိန်တိုင်းမှာလည်း ယေရှု ရှိနေမယ်ဆိုတာ အပြည့်အဝ စိတ်ချနိုင်တယ်။ ကမ္ဘာသစ်ရောက်တဲ့အခါ ကျွန်တော်တို့ကို အပြစ်နဲ့ မစုံလင်မှုအောက်ကနေ လုံးလုံးလွတ်မြောက်ဖို့ ကူညီပေးဦးမယ်။ စာနာတတ်တဲ့ ပုရောဟိတ်မင်းအဖြစ် ယေရှုကို ယေဟောဝါ ခန့်အပ်ပေးထားတာ သိပ်ကျေးဇူးတင်စရာပါပဲ။
သီချင်း ၁၃ စံနမူနာရှင် ခရစ်တော်
a ဂျူးပုရောဟိတ်မင်းတာဝန်ကို ပုရောဟိတ်မင်း ယေရှု ဘယ်လို အစားထိုးလိုက်သလဲ ထပ်သိချင်ရင် ၂၀၂၃၊ အောက်တိုဘာ ကင်းမျှော်စင် မှာ ပါတဲ့ “ယေဟောဝါရဲ့ ပုံဆောင် ဗိမာန်တော်မှာ ဝတ်ပြုခွင့်ကို တန်ဖိုးထားပါ” ဆောင်းပါး၊ စာ. ၂၆၊ ပိုဒ်. ၇-၉ ကို ကြည့်ပါ။
b အမည်လွှဲများ။