“သန့်ရှင်းသော စွမ်းအားတော်ကြောင့် ရလာတဲ့ စည်းလုံးမှုနှောင်ကြိုးကို ကြိုးစားထိန်းသိမ်းပါ”
“အချင်းချင်း မေတ္တာထားပြီး သည်းခံပါ။ အချင်းချင်း သင့်သင့်မြတ်မြတ်ရှိကြပါ။ သန့်ရှင်းသော စွမ်းအားတော်ကြောင့် ရလာတဲ့ စည်းလုံးမှုနှောင်ကြိုးကို ကြိုးစားထိန်းသိမ်းပါ” ဆိုပြီး ဧဖက်အသင်းတော်က ခရစ်ယာန်တွေကို တမန်တော် ပေါလု တိုက်တွန်းတယ်။—ဧ. ၄:၂၊ ၃။
ကျွန်တော်တို့ကြားမှာ ရှိတဲ့ “စည်းလုံးမှု” ဟာ “သန့်ရှင်းသော စွမ်းအားတော်ကြောင့်” ရလာတာပါ။ ဒါပေမဲ့ ပေါလုစကားအရ စည်းလုံးမှုကို ထိန်းသိမ်းရမယ်။ ထိန်းသိမ်းရမှာ ဘယ်သူ့တာဝန်လဲ။ ခရစ်ယာန်ယောက်တိုင်းရဲ့တာဝန် ဖြစ်တယ်။
သင့်ကို တစ်ယောက်ယောက်က ကားအသစ်တစ်စီး လက်ဆောင်ပေးတယ်ဆိုပါစို့။ ကားကို ထိန်းသိမ်းရမှာ ဘယ်သူ့တာဝန်လဲ။ အဖြေက ရှင်းနေပါတယ်။ သင် ကောင်းကောင်း မထိန်းသိမ်းလို့ ကားပျက်သွားရင် လက်ဆောင်ပေးသူကို အပြစ်တင်လို့မရဘူး။
အဲဒီလိုပဲ ခရစ်ယာန်တွေကြားမှာ ရှိတဲ့ စည်းလုံးမှုဟာ ယေဟောဝါ ပေးတဲ့ လက်ဆောင် ဖြစ်ပေမဲ့ ထိန်းသိမ်းရမှာက ယောက်တိုင်းရဲ့တာဝန် ဖြစ်တယ်။ ညီအစ်ကို/မ တစ်ယောက်နဲ့ ကျွန်တော်တို့ မသင့်မြတ်ဘူးဆိုရင် ‘စွမ်းအားတော်ကြောင့် ရလာတဲ့ စည်းလုံးမှုနှောင်ကြိုးကို ထိန်းသိမ်းတဲ့အနေနဲ့ ပြေလည်အောင် လုပ်ဖို့ ငါ ကြိုးစားနေရဲ့လား’ လို့ ဆန်းစစ်ရမယ်။
“စည်းလုံးမှုနှောင်ကြိုးကို ကြိုးစားထိန်းသိမ်းပါ”
ပေါလု ပြောသလိုပါပဲ စွမ်းအားတော်ကြောင့် ရလာတဲ့ စည်းလုံးမှုနှောင်ကြိုးကို ထိန်းသိမ်းဖို့ တစ်ခါတလေ တအားကြိုးစားရတယ်။ အထူးသဖြင့် ကိုယ့်ကို ညီအစ်ကို/မတစ်ယောက် စိတ်ထိခိုက်အောင် လုပ်တဲ့အခါ ဖြစ်တယ်။ စည်းလုံးမှုကို ထိန်းသိမ်းပါလို့ ပြောတဲ့အတွက် တစ်ဖက်လူဆီ တေ့တေ့ဆိုင်ဆိုင် သွားဖြေရှင်းဖို့ အမြဲ လိုသလား။ မလိုပါဘူး။ ‘သွားဖြေရှင်းလိုက်ရင် ပြေလည်သွားမလား၊ ပိုတင်းမာသွားမလား’ လို့ စဉ်းစားပါ။ တစ်ခါတလေကျတော့ အမှားကို ဗွေမယူတာ၊ ခွင့်လွှတ်လိုက်တာ အကောင်းဆုံးပါပဲ။—ပညာ. ၁၉:၁၁။ မာ. ၁၁:၂၅။
‘သွားဖြေရှင်းလိုက်ရင် ပြေလည်သွားမလား၊ ပိုတင်းမာသွားမလား’ လို့ စဉ်းစားပါ
တမန်တော် ပေါလု ပြောသလို “အချင်းချင်း မေတ္တာထားပြီး သည်းခံပါ။” (ဧ. ၄:၂) “သူတို့ကို အရှိအတိုင်း လက်ခံပါ” ဆိုပြီးတော့လည်း အဲဒီစကားစုကို ပြန်ဆိုနိုင်တယ်လို့ အကိုးအကားစာအုပ်တစ်အုပ်က ဖော်ပြတယ်။ ကျွန်တော်တို့လိုပဲ ညီအစ်ကို/မတွေ မစုံလင်ကြမှန်း အသိအမှတ်ပြုတာကို ဆိုလိုတယ်။ “စရိုက်သစ်” ဝတ်ဆင်ဖို့ ကျွန်တော်တို့ ကြိုးစားနေကြတာ မှန်ပါတယ်။ (ဧ. ၄:၂၃၊ ၂၄) ဒါပေမဲ့ ဘယ်သူမှ စရိုက်သစ် အပြည့်အဝ မဝတ်ဆင်နိုင်ဘူး။ (ရော. ၃:၂၃) ဒီအချက်ကို အသိအမှတ်ပြုမယ်ဆိုရင် အချင်းချင်းကို သည်းခံဖို့၊ ခွင့်လွှတ်ဖို့၊ စည်းလုံးမှုကို ထိန်းသိမ်းဖို့ ပိုလွယ်လာမယ်။
တေ့တေ့ဆိုင်ဆိုင် ဖြေရှင်းပြီးတော့ပဲဖြစ်ဖြစ်၊ စိတ်ထဲကနေ ရှင်းလိုက်ပြီးတော့ပဲဖြစ်ဖြစ် ပြေလည်အောင် လုပ်မယ်ဆိုရင် “စည်းလုံးမှုနှောင်ကြိုး” ဆက်ခိုင်မြဲနေမယ်။ ဧဖက် ၄:၃ မှာ “စည်းလုံးမှုနှောင်ကြိုး” လို့ ပြန်ဆိုထားတဲ့ ဂရိစကားလုံးကို ကောလောသဲ ၂:၁၉ မှာ “အရွတ်” လို့ ပြန်ဆိုထားတယ်။ အရွတ်ဆိုတာ အရိုးတစ်ချောင်းနဲ့ တစ်ချောင်းကို တွယ်ဆက်ပေးတဲ့ အသားမျှင်တွေ ဖြစ်တယ်။ အဲဒီလိုပဲ စည်းလုံးမှုနှောင်ကြိုး၊ မေတ္တာနှောင်ကြိုးက မတူညီမှုတွေ ရှိတဲ့ကြား ညီအစ်ကို/မတွေကို ဆက်ရင်းနှီးတွယ်ကပ်နေစေတယ်။
ဒါကြောင့် ကိုယ့်ကို ညီအစ်ကို/မတစ်ယောက် စိတ်ထိခိုက်အောင်၊ စိတ်ပျက်အောင်၊ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တဲ့အခါ သူ့ကို အပြစ်မြင်စိတ်နဲ့ မဟုတ်ဘဲ ချစ်ခင်စာနာစိတ်နဲ့ ကြည့်ပါ။ (ကော. ၃:၁၂) မစုံလင်သူ ဖြစ်လို့ ကိုယ်လည်း တစ်ချိန်မဟုတ်တစ်ချိန် တစ်ယောက်ယောက်ကို စိတ်ထိခိုက်အောင် လုပ်မိနိုင်တယ်။ ဒါကို သတိရတာက “သန့်ရှင်းသော စွမ်းအားတော်ကြောင့် ရလာတဲ့ စည်းလုံးမှုနှောင်ကြိုးကို” ဝိုင်းဝန်းထိန်းသိမ်းရာရောက်တယ်။