၂၀၁၂ နှစ်ချုပ်စာအုပ်
စာမျက်နှာ ၁၁၇၊ အပိုဒ် ၂ ကနေ စာမျက်နှာ ၁၁၈၊ အပိုဒ် ၂ နဲ့ စာမျက်နှာ ၁၃၀၊ အပိုဒ် ၁ ကနေ စာမျက်နှာ ၁၃၁၊ အပိုဒ် ၂ အထိ
စိတ်ထက်သန်တဲ့ ရှေ့ဆောင်ညီအစ်မတစ်ယောက်
နော်ဝေးနိုင်ငံရဲ့မြို့တော် အိုစလို,က ဆိုဗိုင် လူဗက်စ် (နောက်ပိုင်း စတူမီးယယ်) ဆိုတဲ့ အမျိုးသမီးက အမှန်တရားကိုရှာဖွေနေပြီး ဘာသာရေးအစည်းအဝေးအမျိုးမျိုးကို လိုက်တက်နေတယ်။ တစ်နေ့ ယေဟောဝါသက်သေတွေရဲ့စည်းဝေးကို တက်ပြီးတဲ့နောက် ကျမ်းစာအမှန်တရားကို တွေ့ပြီဆိုတာ သူနားလည်လာတယ်။ သူက ၁၉၃၃ ခုနှစ်မှာ နှစ်ခြင်းခံခဲ့ပြီး နောက်နှစ်နှစ်အကြာမှာ ရှေ့ဆောင်တစ်ဦးအနေနဲ့ နော်ဝေးနိုင်ငံမြောက်ပိုင်းကို ခရီးထွက်ခဲ့တယ်။ ပိုလီယိုရောဂါကြောင့် အနည်းငယ်ထော့နဲ့ထော့နဲ့ဖြစ်နေပေမဲ့ ခြောက်နှစ်အတွင်း တောင်ဘက်ပိုင်းကျတဲ့ ဘိုဒူမြို့ကနေ မြောက်ဘက်ကီဗနစ်မြို့ကြားမှာရှိတဲ့ မြို့ကြီး၊ မြို့ငယ်၊ တံငါရွာ၊ ကျေးရွာအားလုံးနီးပါးမှာ ဟောပြောခဲ့တယ်။ လူများစွာကို သမ္မာကျမ်းစာစာပေတွေကို ဝေငှခဲ့တယ်။ တစ်နှစ်အတွင်းမှာ နှစ်စဉ်ကြေး ၁,၁၀၀ ကျော်ရရှိခဲ့တယ်။
ဆိုဗိုင်ရဲ့သတင်းစကားကို အထူးစိတ်ဝင်စားကြောင်းပြခဲ့သူတစ်ယောက်က ဗက်စတီလျန်ကျွန်း၊ ဟန်းနက်စ်ရွာက လက်သမားဆရာ ဒါက် ယန်ဆန် ဖြစ်တယ်။ သူက ကျွန်တော်တို့ရဲ့စာပေတွေကို တခြားစိတ်ဝင်စားသူတွေဆီကရ,ရနေတာ နှစ်နဲ့ချီနေပြီ။ ဆိုဗိုင်နဲ့တွေ့တဲ့အခါ ဆိုဗိုင်က သူ့အတွက် နှစ်စဉ်ကြေးစီစဉ်ပေးပြီး တခြားဒေသမှာဟောပြောဖို့ ဆက်သွားတယ်။ ဒါက်က သူ့ဘာသာသူ စဟောပြောတယ်။ စိတ်ဝင်စားသူတွေကို သူ့မှာရှိတဲ့စာပေအနည်းငယ်ကို ငှားပေးတယ်။
အန်ဒီယာကျွန်းမှာ ဆိုဗိုင်က သန်မာတဲ့တံငါသည်အုပ်စုကို သူတို့ရဲ့တဲမှာ သတ္တိရှိရှိ ဟောပြောတယ်၊ ဓာတ်ပြားစက်ဖွင့်ပြတယ်၊ မဂ္ဂဇင်းနှစ်စဉ်ကြေးတွေ ကမ်းလှမ်းခဲ့တယ်။ လူငယ်တံငါသည်တစ်ယောက်ဖြစ်တဲ့ ဖရစ် မာဆန် က စိတ်ဝင်စားပြီး မဂ္ဂဇင်းနှစ်စဉ်ကြေးယူခဲ့တယ်။ ဆိုဗိုင်က အဲဒီဒေသကို ဟောပြောပြီးတော့ ခရီးဆက်သွားတယ်။ အဲဒီနည်းစနစ်က အဲဒီအချိန်ကသုံးခဲ့တဲ့ နည်းစနစ်ပါပဲ၊ ရှေ့ဆောင်တွေက ဟောပြော၊ စိတ်ဝင်စားသူတွေ့တဲ့အခါ စာပေတွေထား၊ နှစ်စဉ်ကြေးကမ်းလှမ်းပြီး တခြားဒေသသစ်ကို ဆက်သွားတယ်။
ရှေ့ဆောင်လုပ်ဖို့ အားပေးခြင်း
စစ်ပြီးတဲ့နောက်၊ ဘုရားသခင့်နိုင်ငံတော်သတင်းအပေါ် စိတ်ဝင်စားသူတွေတိုးများလာတဲ့အတွက် သူတို့ကိုကူညီဖို့ ကြေညာသူတွေကို ရှေ့ဆောင်လုပ်ဖို့ အားပေးခဲ့တယ်။ အဲဒီအတွက် လုပ်ငန်းကိုပိတ်ပင်တဲ့ ၁၉၄၁ ခုနှစ်မှာ ရှေ့ဆောင်ကနေ နားခဲ့သူအတော်များများ အချိန်ပြည့်လုပ်ငန်းမှာ ပြန်ပါလာခဲ့ကြတယ်။ စီးပွားရေးအခြေအနေက ခက်ခဲပေမဲ့ ၁၉၄၆ နှစ်ကုန်ပိုင်းမှာ ညီအစ်ကိုညီအစ်မ ၄၇ ယောက် ရှေ့ဆောင်စလုပ်ခဲ့ကြတယ်။
ရှေ့ဆောင်တစ်ယောက်ကတော့ စဗန်းဟေး နာရာယ် ဆိုတဲ့ ညီအစ်မဖြစ်ပြီး ၁၉၄၆ ခုနှစ်မှာ နိုင်ငံရဲ့မြောက်ဘက် ဖင်းမတ်ဒေသကို သွားခဲ့တယ်။ စဗန်းဟေးက ဆိုဗိုင် လူဗက်စ် နဲ့အတူ ၁၉၄၁ ခုနှစ်မှာ ရှေ့ဆောင်လုပ်ခဲ့ပြီး ကီဗနစ်မြို့နဲ့ ဗာဒူမြို့ရဲ့ ဗုံးဒဏ်ကို ကြုံခဲ့ရသူဖြစ်တယ်။ စဗန်းဟေးက သူနဲ့ ဆိုဗိုင်တို့ တွေ့ခဲ့တဲ့ အဲဒီကစိတ်ဝင်စားသူတွေကို မမေ့နိုင်ခဲ့ဘူး။ ဒါကြောင့် စစ်ကြောင့် ပျက်စီးနေတဲ့ကီဗနစ်မြို့ကို ပြန်သွားခဲ့တယ်။ အဲဒီမှာရှိတဲ့သူတွေကတော့ နေစရာတောင်မရှိတဲ့ ဒီလိုနေရာကိုပြန်လာတဲ့ စဗန်းဟေးဟာ ရူးနေတယ်လို့ ထင်ခဲ့ကြတယ်။
ဒါပေမဲ့ စဗန်းဟေးက ယေဟောဝါဘုရားသခင်ကို ယုံကြည်ကိုးစားခဲ့တယ်။ ပထမဆုံးဆောင်းရာသီမှာ လူငါးယောက်ရှိတဲ့ အိမ်လေးတစ်အိမ်ရဲ့ မီးဖိုချောင်ကြမ်းပြင်မှာ အိပ်ခဲ့ရတယ်။ စစ်ပြီးကာလအခြေအနေက တကယ့်ကို ဆိုးရွားလွန်းပြီး အခက်အခဲများစွာကို သူရင်ဆိုင်ခဲ့ရတယ်။ ချမ်းအေးလှတဲ့ မိုးတော၊ နှင်းတောထဲမှာ လာမယ်မလာဘူးမသေချာတဲ့ လှေတွေကို စောင့်ရတာလဲ ခဏခဏပါပဲ။
စဗန်းဟေးက ဆားမီးလူမျိုးတွေကိုသက်သေခံခဲ့ပြီး စိတ်ဝင်စားဖွယ်အတွေ့အကြုံတွေ ရခဲ့တယ်။ လူသူအရောက်အပေါက်နည်းတဲ့ သူတို့ရဲ့နေရာကို ဘတ်စကားနဲ့မသွားနိုင်ရင် လှေတို့၊ စက်ဘီးတို့နဲ့ သွားလေ့ရှိတယ်။ ဧည့်ဝတ်ကျေပွန်တဲ့ ဆားမီးလူမျိုးတွေဟာ သမင်သားရေနဲ့လုပ်ထားတဲ့ တဲထဲဖိတ်ခေါ်ကြပြီး ဘာသာပြန်နဲ့ သူဟောပြောတာကို နားထောင်ကြတယ်။ ထမင်းစားချိန်ရောက်တဲ့အခါ သမင်သားနဲ့ ဧည့်ခံကြတယ်။ စဗန်းဟေး သတင်းကောင်းဟောပြောခဲ့သူတွေထဲက တချို့ဟာ နောက်ပိုင်း အမှန်တရား လက်ခံလာကြတယ်။
ညီအစ်မစဗန်းဟေး ဘယ်ရောက်နေသလဲဆိုတာ သူတောင်းခံတဲ့ နှစ်စဉ်ကြေးကိုကြည့်ရင် သိနိုင်တယ်လို့ အဲဒီအချိန်တုန်းက ဗေသလမှာအမှုဆောင်နေတဲ့ ချယ်ဟူးစ်ဘီက ပြောပြတယ်။ ဖင်းမတ်ဒေသမှာရှိနေတဲ့ သုံးနှစ်အတွင်း ညီအစ်မစဗန်းဟေးဟာ ကင်းမျှော်စင်နှစ်စဉ်ကြေး ၂,၀၀၀ တောင်းခံခဲ့ပြီး စာအုပ် ၂,၅၀၀ ဝေငှခဲ့တယ်။