၂၀၁၂ နှစ်ချုပ်စာအုပ်
စာမျက်နှာ ၂၁၇ အပိုဒ် ၃ မှ စာမျက်နှာ ၂၂၁ အပိုဒ် ၁ နဲ့ စာမျက်နှာ ၂၂၁ အပိုဒ် ၃
၇၅ ရက်ကြာ ပုန်းနေရ
သာစီစီး စီမီနီဂါ ဟာ ကွန်ဂိုနိုင်ငံမှာ ၁၉၈၃ ခုနှစ်တုန်းက နှစ်ခြင်းခံခဲ့တယ်။ ရဝမ်ဒါမှာ မျိုးဖြုတ်သတ်ဖြတ်မှုဖြစ်တုန်းက သူဟာ မြို့တော်ကီဂါလီကနေ ၇၅ မိုင်ဝေးတဲ့ ဘူတရီမှာ နေထိုင်နေတယ်။ သူ ဒီလိုပြောပြတယ်– “ကီဂါလီမှာ သမ္မတလေယာဉ်ပျက်ကျပြီးနောက် တွတ်စီလူမျိုးအားလုံးကို သတ်ဖို့ အမိန့်ထုတ်လိုက်တယ်ဆိုတဲ့သတင်း ထွက်လာတယ်။ ကျွန်တော်တို့ ဘရွန်ဒီနိုင်ငံကို ထွက်ပြေးနိုင်အောင် ညီအစ်ကိုနှစ်ဦးက ကြိုးစားကူညီကြတယ်။ ဒါပေမဲ့ လမ်းတွေအားလုံးကို ဟူတူစစ်သားတွေက ပိတ်ထားတယ်။
“ကျွန်တော်တို့ ကိုယ့်အိမ်မှာကိုယ် ထောင်ကျနေတယ်။ ဘယ်သွားရမှန်းလည်း မသိဘူး။ ကျွန်တော်တို့အိမ်ကို ကိုက် ၂၀၀ လောက်ကနေ စစ်သားလေးယောက်က စောင့်ကြည့်နေပြီး စက်သေနတ်တစ်လက်နဲ့လည်း ချိန်ထားတယ်။ ‘ယေဟောဝါ၊ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်မကယ်နိုင်ဘူး။ ကိုယ်တော်ပဲကယ်နိုင်တယ်’ ဆိုပြီး ယေဟောဝါဆီ ကျွန်တော် ထက်ထက်သန်သန်ဆုတောင်းခဲ့တယ်။ ညနေပိုင်းလောက်ကျတော့ ညီအစ်ကိုတစ်ယောက်က ကျွန်တော်တို့ သေများသေသွားပြီလားလို့ စိုးရိမ်တကြီးနဲ့ အိမ်ကိုလာကြည့်တယ်။ စစ်သားတွေက သူ့ကို အိမ်ထဲခဏဝင်ခွင့်ပြုခဲ့တာဖြစ်တယ်။ ကျွန်တော်တို့အသက်ရှင်နေသေးတာတွေ့တော့ သူ စိတ်သက်သာသွားပြီး ကျွန်တော်တို့ကလေးနှစ်ယောက်ကို သူ့အိမ်ကိုရောက်အောင် တစ်နည်းနည်းနဲ့ ခေါ်သွားပေးတယ်။ သူက ကျွန်တော်တို့မိသားစု ပုန်းနေရတယ်ဆိုတာနဲ့ အကူအညီလိုအပ်နေတယ်ဆိုတာကို ဂျက်စတင် ယောဂါတိုနဲ့ ဂျိုးဇက် နဒူးဝါရီဇူဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ကို ပြောပြတယ်။ ညဘက်ချက်ချင်းပဲ သူတို့ရောက်လာကြပြီး ကျွန်တော်တို့မိသားစုကို အခက်အခဲတွေနဲ့ အန္တရာယ်တွေကြားထဲက ဂျက်စတင်ရဲ့အိမ်ကိုခေါ်သွားကြတယ်။
“ကျွန်တော်တို့ ဂျက်စတင်အိမ်မှာ ပုန်းနေတာကို နောက်နေ့မှာ လူတွေသိသွားလို့ အဲဒီမှာ ခဏလောက်ပဲနေလိုက်ရတယ်။ စစ်သားတွေက ကျွန်တော်တို့ကို တိုက်ခိုက်သတ်ဖြတ်ဖို့ ပြင်ဆင်နေတယ်လို့ ဗင်ဆမ့်ဆိုတဲ့လူတစ်ယောက်က အဲဒီနေ့မှာပဲ လာသတိပေးတယ်။ သူက ဂျက်စတင်ရဲ့ ကျမ်းစာသင်အံမှုဟောင်းဖြစ်ပြီး အမှန်တရားဘက်မှာတော့ မရပ်တည်သေးဘူး။ ဗင်ဆမ့်က ကျွန်တော်တို့ကို ဂျက်စတင်အိမ်နားမှာရှိတဲ့ ချုံပုတ်တွေကြားမှာ အရင်ဆုံး ပုန်းနေကြဖို့အကြံပြုတယ်။ နောက်ပိုင်း မှောင်လာတဲ့အခါ သူ့အိမ်ကိုခေါ်သွားတယ်။ ဆိတ်တွေထားတဲ့တဲမှာ ကျွန်တော်တို့ကို ဝှက်ထားတယ်။ အဲဒီတဲနံရံနဲ့ ကြမ်းပြင်က ရွှံ့နဲ့လုပ်ထားပြီး အမိုးကို ကောက်ရိုးနဲ့မိုးထားတယ်။ ပြတင်းပေါက် မရှိဘူး။
“အဲဒီတဲထဲမှာ ရှည်လျားလှတဲ့ နေ့တွေ၊ ညတွေကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတယ်။ ဒီနားတစ်ဝိုက်မှာလူအစည်ဆုံးစျေးကိုသွားတဲ့လမ်းက တဲနဲ့ နီးနီးလေးဆိုတော့ ဖြတ်သွားဖြတ်လာလူတွေ ပြောသံကို ကြားနေရတယ်။ သူတို့သတ်ခဲ့တဲ့လူတွေအကြောင်း၊ နောက်ဘာဆက်လုပ်မယ်ဆိုတဲ့အကြောင်းတွေ စတဲ့ ထိတ်လန့်တုန်လှုပ်စရာတွေကို ပြောတတ်ကြတယ်။ အဲဒါက ကျွန်တော်တို့ကို ပိုကြောက်လန့်စေတဲ့အတွက် လွတ်မြောက်ဖို့ ဆက်ပြီးဆုတောင်းခဲ့ကြတယ်။
“ကျွန်တော်တို့လိုအပ်တာတွေအတွက် ဗင်ဆမ့် တတ်နိုင်သလောက် လုပ်ပေးခဲ့တယ်။ အဲဒီမှာ ကျွန်တော်တို့ တစ်လ နေခဲ့တယ်။ မေလကုန်လောက်ကျတော့ ကီဂါလီကထွက်ပြေးလာတဲ့ ဟူတူစစ်သားတွေ ရောက်လာတဲ့အတွက် ဒီနေရာက အရမ်းအန္တရာယ်ရှိလာတယ်။ ညီအစ်ကိုတွေက ကျွန်တော်တို့ကို မြေအောက်ခန်းကျဉ်းကျဉ်းလေးရှိတဲ့ ညီအစ်ကိုတစ်ယောက်အိမ် ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီမြေအောက်ခန်းထဲမှာ ညီအစ်ကို၊ ညီအစ်မသုံးယောက်ကို သူ ဝှက်ထားတယ်။ သူ့အိမ်ရောက်ဖို့ ညဘက်ကြီး လေးနာရီခွဲလောက်ကြာ အန္တရာယ်ကြားမှာ လမ်းလျှောက်ခဲ့ရတယ်။ အဲဒီညက မိုးတွေ အကြီးအကျယ်ရွာနေတာက ကောင်းချီးပဲ၊ လူသတ်သမားတွေမမြင်အောင် သွားနိုင်ခဲ့တယ်။
ကျွန်တော်တို့ပုန်းရမယ့်နေရာအသစ်က ခြောက်ပေခွဲပတ်လည်ကျယ်ပြီး ငါးပေလောက်နက်တဲ့ မြေအောက်ခန်းတစ်ခုဖြစ်တယ်။ တံခါးကတော့ ပျဉ်ပြားလေးတစ်ချပ်ပါပဲ။ အဲဒီကျင်းကိုရောက်ဖို့ လှေကားတစ်ခုကနေဆင်းရပြီး လှိုဏ်ခေါင်းကနေ တွားသွားရတယ်။ တွင်းက မှိုစော်နံနေပြီး အက်ကွဲရာကြားထဲက အလင်းရောင် နည်းနည်းဝင်နေတယ်။ ကျွန်တော့်မိန်းမ ချန်တယ်၊ ကျွန်တော့်ကလေးငါးယောက်နဲ့ ကျွန်တော်က တခြားသူသုံးယောက်နဲ့ မျှနေရတယ်။ ကျွန်တော်တို့ဆယ်ယောက်က အဲဒီတွင်းထဲမှာ ခြောက်ပတ်လောက် နေခဲ့ရတယ်။ ကျွန်တော်တို့နေတဲ့နေရာကို သိသွားမှာစိုးလို့ ဖယောင်းတိုင်မီးတောင် မထွန်းရဲဘူး။ ဒါပေမဲ့ အဲဒီလို ခက်ခဲဆင်းရဲတဲ့အခြေအနေမျိုးမှာ ယေဟောဝါ ကျွန်တော်တို့ကို ထောက်မပေးပါတယ်။ ညီအစ်ကိုတွေက အသက်နဲ့ရင်းပြီး ကျွန်တော်တို့အတွက် အစားအစာနဲ့ ဆေးဝါးတွေ ယူလာပေးတဲ့အပြင် အားပေးစကားတွေလည်း လာပြောကြတယ်။ တစ်ခါတလေ နေ့အချိန်မှာ ဖယောင်းတိုင်တစ်တိုင်လောက် ထွန်းနိုင်ပြီး ကျမ်းစာ၊ ကင်းမျှော်စင် ဒါမှမဟုတ် နေ့စဉ်ကျမ်းချက်ဖတ်နိုင်ခဲ့ကြတယ်။
“ဇာတ်လမ်းတိုင်းမှာ နိဂုံးရှိပါတယ်။ ဒီဇာတ်လမ်းကတော့ ၁၉၉၄ ဇူလိုင် ၅ ရက်မှာနိဂုံးချုပ်ခဲ့တယ်။ နိုင်ငံခြားစစ်တပ်တွေ ဘူတရီကိုဝင်လာပြီဆိုတဲ့အကြောင်း ဗင်ဆမ့် ကျွန်တော်တို့ကို လာပြောပြတယ်။ မြေအောက်ခန်းလေးကနေထွက်လာတဲ့အခါ ကျွန်တော်တို့ရဲ့အသားအရေက နေမထိတာကြာတော့ ဖြူဖပ်ဖြူရော်ဖြစ်နေတယ်။ ဒါကြောင့် တချို့တွေက ကျွန်တော်တို့ကို ရဝမ်ဒါပြည်သားတွေဖြစ်တယ်ဆိုတာကိုတောင် မမှတ်မိတော့ဘူး။ ဒါ့အပြင် ကျွန်တော်တို့ စကားကျယ်ကျယ်မပြောနိုင်တော့ဘူး။ လေသံလေးနဲ့ပဲပြောနိုင်တော့တယ်။ ပြန်ကောင်းလာဖို့ တော်တော်လေး ကြာခဲ့တယ်။
“ဒီအဖြစ်အပျက်အားလုံးက ကျွန်တော့်အမျိုးသမီးစိတ်ကို တော်တော်လေး ထိမိခဲ့တယ်။ လွန်ခဲ့တဲ့ဆယ်နှစ်အတောအတွင်း သူက ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာမလေ့လာချင်ခဲ့ဘူး။ အခုတော့၊ သူ ကျမ်းစာကို စလေ့လာတယ်။ ဘာဖြစ်လို့ကျမ်းစာလေ့လာသလဲလို့ သူများတွေမေးတဲ့အခါ သူက ‘ကျွန်မတို့အပေါ် ညီအစ်ကို၊ ညီအစ်မတွေပြတဲ့မေတ္တာနဲ့ ကျွန်မတို့ကိုကယ်ဖို့ သူတို့ရဲ့ ကိုယ်ကျိုးစွန့်မှုတွေကြောင့် ကျွန်မစိတ်ထိမိခဲ့တယ်။ လူသတ်သမားတွေရဲ့ ဓားရှည်ကနေ ကယ်တင်ပေးတဲ့ ယေဟောဝါရဲ့ကာကွယ်ပေးမှုကိုလည်း ကျွန်မ ခံစားခဲ့ရတယ်’ လို့ပြောတယ်။ သူဟာ သူ့ကိုယ်သူ ယေဟောဝါဆီ အပ်နှံခဲ့တယ်။ စစ်ပွဲပြီးလို့ ပထမဆုံးကျင်းပတဲ့ စည်းဝေးပွဲမှာ သူ နှစ်ခြင်းခံခဲ့တယ်။
“ကျွန်တော်တို့လွတ်မြောက်ဖို့ ကြိုးစားပေးကြတဲ့၊ စိတ်နှလုံးအပြည့် ဆုတောင်းပေးကြတဲ့ ညီအစ်ကို၊ ညီအစ်မအားလုံးအပေါ် အကြွေးအများကြီးတင်နေတယ်လို့ ကျွန်တော်တို့ ခံစားရတယ်။ လူမျိုးမတူမှုဆိုတဲ့ အတားအဆီးကို ကျော်လွန်ခဲ့တဲ့ စစ်မှန်ပြီးအားကြီးတဲ့မေတ္တာကို ကျွန်တော်တို့ ခံစားခဲ့ရတယ်။”
မျိုးဖြုတ်သတ်ဖြတ်မှုအတောအတွင်း ကျွန်ုပ်တို့ညီအစ်ကို၊ ညီအစ်မတွေပြတဲ့မေတ္တာက အမှန်တရားကိုလက်ခံအောင် တခြားသူတွေကိုလည်း လှုံ့ဆော်ပေးခဲ့တယ်။ အသက် ၆၀ ကျော်ပြီဖြစ်တဲ့ ဆူဇန်းနား လီဇင်ဒီက ဒီမျိုးဖြုတ်သတ်ဖြတ်မှုကို ချာ့ချ်က အားပေးထောက်ခံခဲ့တာကို တွေ့မြင်ခဲ့တယ်။ အဲဒီမျိုးဖြုတ်သတ်ဖြတ်မှုအတောအတွင်း သူ့နယ်မြေက ယေဟောဝါသက်သေတွေရဲ့ အမူအကျင့်နဲ့ ယေဟောဝါသက်သေအချင်းချင်းကြား ပြတဲ့မေတ္တာက အမှန်တရားမှာမြန်မြန်ဆန်ဆန်တိုးတက်ဖို့ သူ့ကို ထောက်ကူပေးခဲ့တယ်။ ဆူဇန်းနားဟာ ၁၉၉၈ ဇန်နဝါရီမှာ နှစ်ခြင်းခံခဲ့တယ်။ သူဟာ စည်းဝေးတက်ဖို့ သုံးမိုင်လောက်တောင်တက်တောင်ဆင်း လမ်းလျှောက်ရပေမဲ့ အသင်းတော်စည်းဝေးတစ်ခုကိုမှ မပျက်ကွက်ဘူး။ မိသားစုဝင်တွေ အမှန်တရားကိုသိလာအောင်လည်း သူ ကူညီပေးခဲ့တယ်။ ဒီနေ့အချိန်မှာတော့ သူ့သားတစ်ယောက်က အကြီးအကဲဖြစ်နေပြီ။ သူ့မြေးတစ်ယောက်ကလည်း ဓမ္မအမှုထမ်းဖြစ်နေပြီ။