ဒိုမီနီကန်သမ္မတနိုင်ငံ
“သူတို့ကိုတွေ့မှာပါ”
“တစ်နေ့နေ့တော့ သူတို့ကိုတွေ့မှာပါ”
၁၉၃၅ ခုနှစ်လောက်မှာ ဆီဘာအူချိုင့်ဝှမ်းဒေသမှာနေထိုင်တဲ့ ပါဘလို ဂွန်ဇာလပ်စ်ဟာ ကျမ်းစာစဖတ်ခဲ့တယ်။ သူဟာ ပရိုတက်စတင့်အုပ်စုနဲ့ ခဏပူးပေါင်းတယ်။ ဒါပေမဲ့ အသင်းသားတွေရဲ့အကျင့်က ကျမ်းစာကနေ သူသိရှိထားတာနဲ့ မကိုက်ညီမှန်းသိတဲ့အခါ ဆက်မပူးပေါင်းတော့ဘူး။ ဘာပဲဖြစ်ဖြစ်၊ ကျမ်းစာကို ကိုယ်ပိုင်ဆက်လေ့လာပြီး သိရှိလာတာကို တခြားသူတွေကို ပြောပြတယ်။ ဦးဆုံး၊ သူ့မိသားစုနဲ့ အိမ်နီးချင်းတွေကို ဟောပြောတယ်။ အဲဒီနောက် ပတ်ဝန်းကျင်ဒေသတွေဆီ ခရီးလှည့်လည်ပြီး ဟောပြောတယ်။ သူ့မှာရှိတဲ့ လယ်နဲ့နွားတွေကိုရောင်းပြီး ရလာတဲ့ငွေကို ခရီးစရိတ်အတွက် သုံးတယ်။
၁၉၄၂ ခုနှစ်ရောက်တော့ ပါဘလိုဟာ ပတ်ဝန်းကျင်ဒေသက မိသားစု ၂၀၀ နီးပါးဆီ လည်ပတ်ပြီး စည်းဝေးတွေ ပုံမှန်ကျင်းပနေပြီ။ ဒါပေမဲ့ အဲဒီအချိန်ထိ ယေဟောဝါသက်သေတွေနဲ့ အဆက်အသွယ်မရသေးဘူး။ သူက လူတွေကို ကျမ်းစာလေ့လာဖို့၊ သိရှိလာတဲ့အတိုင်း လက်တွေ့ကျင့်ဖို့ တိုက်တွန်းတယ်။ အတော်များများက သူပြောတာကိုလက်ခံပြီး ဆေးရွက်ကြီး မသုံးတော့ဘူး၊ အမျိုးသားတွေလည်း မိန်းမအများကြီး မယူတော့ဘူး။
ပါဘလိုရဲ့ကျမ်းစာသတင်းတရားကို နားထောင်သူတွေထဲမှာ ဆလက်စ်တီ ရိုဆာရီယိုလည်းပါတယ်။ သူအခုလိုပြောပြတယ်– “ကျွန်မအသက် ၁၇ နှစ်မှာ အမေ့ဘက်က ဦးလေးဝမ်းကွဲတော်စပ်တဲ့ နေဂရို ဂျင်မက်ဇ်ဟာ ပါဘလို ဂွန်ဇာလပ်စ်ဦးဆောင်တဲ့ အုပ်စုတစ်စုနဲ့ ပူးပေါင်းနေတယ်။ သူက ကျွန်မတို့မိသားစုဆီ လာလည်ပြီး ကျမ်းချက်တချို့ဖတ်ပြတယ်။ ဒါနဲ့ ကက်သလစ်ချာ့ချ်ကနေထွက်ဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။ ချာ့ချ်မှာ ကျမ်းစာကို လက်တင်စကားနဲ့ဖတ်လို့ နားမလည်ဘူး။ သိပ်မကြာခင်မှာ ပါဘလို ဂွန်ဇာလပ်စ်က ကျွန်မတို့ဆီလာလည်ပြီး အားပေးတယ်။ သူက ‘ကျွန်တော်တို့သိတဲ့ ဘာသာရေးအဖွဲ့အစည်းတွေ အများကြီးရှိပေမဲ့ ကျွန်တော်တို့က အဲဒီအသင်းသားတွေ မဟုတ်ဘူး။ ဒါပေမဲ့ ကမ္ဘာတစ်ဝန်းမှာ ကျွန်တော်တို့ရဲ့ညီအစ်ကိုတွေရှိတယ်။ သူတို့ဘယ်သူတွေလဲ၊ သူတို့ကို ဘယ်လိုခေါ်သလဲဆိုတာ မသိသေးပေမဲ့ တစ်နေ့နေ့တော့ သူတို့ကိုတွေ့မှာပါ’ လို့ပြောတယ်။”
ပါဘလိုဟာ လော့စ် ကာကွတ်စ် ဆာဆီဒို၊ မွန်တီ အာဒန်ထရို၊ ဆာဆေဒိုနဲ့ ဗီယာ တီနာရက်စ်မြို့တွေမှာ ကျမ်းစာကျောင်းသားအုပ်စုတွေ ဖွဲ့စည်းခဲ့တယ်။ ၁၉၄၈ ခုနှစ်အတွင်း တစ်ကြိမ်မှာ သူက ဘတ်စကားပြောင်းစီးဖို့ စန်တီယာဂိုမြို့မှာ ဆင်းလိုက်တော့ လမ်းပေါ်ဟောပြောနေတဲ့ သက်သေခံတချို့က သူ့ကို ကင်းမျှော်စင်ပေးတယ်။ နောက်ခရီးတစ်ခုမှာလည်း ညီအစ်မတစ်ယောက်က သူ့ကို စာအုပ်နှစ်အုပ်ပေးပြီး စန်တီယာဂိုမြို့မှာကျင်းပမယ့် ခရစ်တော်ရဲ့သေခြင်းအောက်မေ့ရာပွဲကို တက်ရောက်ဖို့ ဖိတ်ခေါ်တယ်။ အောက်မေ့ရာပွဲမှာ သူကြားခဲ့ရာတွေကြောင့် အရမ်းစိတ်စွဲမှတ်သွားပြီး နောက်ဆုံးတော့ အမှန်တရားကိုတွေ့ပြီ၊ ဒီစည်းဝေးမှာတက်ရောက်သူတွေဟာ သူတွေ့ချင်နေသူတွေပဲလို့ ကောက်ချက်ချခဲ့တယ်။
သာသနာပြုတွေဟာ ပါဘလိုနဲ့ ကျမ်းစာလေ့လာသူတွေဆီ လည်ပတ်ခဲ့တယ်။ သူစည်းဝေးလုပ်တဲ့တစ်နေရာမှာဆိုရင် လူကြီး ၂၇ ယောက်က သူတို့ကို ဝမ်းပမ်းတသာ စောင့်ကြိုနေကြတယ်။ သူတို့ထဲကတချို့ဟာ စည်းဝေးတက်ဖို့ ၁၅ မိုင် လမ်းလျှောက်လာပြီး တချို့က မိုင် ၃၀ ခရီးကို မြင်းစီးလာခဲ့ကြတယ်။ နောက်တစ်နေရာမှာ ၇၈ ယောက်တက်ခဲ့ပြီး နောက်တစ်နေရာမှာတော့ ၆၉ ယောက် တက်ခဲ့တယ်။
ပါဘလိုက စိတ်ဝင်စားသူ ၁၅၀ ရဲ့နာမည်စာရင်းကို သာသနာပြုတွေကိုပေးတယ်။ နှိမ့်ချမှုရှိတဲ့၊ ဘုရားသခင်ကိုချစ်တဲ့ အဲဒီလူတွေဟာ ကျမ်းစာကိုလေ့လာနေပြီး ကျမ်းစာမူတွေကို ကျင့်သုံးနေကြပြီ။ သူတို့လိုအပ်နေတာက အဖွဲ့အစည်းနဲ့လမ်းညွှန်ချက်ပဲ။ ဆလက်စ်တီ အခုလိုပြန်ပြောပြတယ်– “သာသနာပြုတွေက ကျွန်မတို့ဆီ လာလည်ပြီး စည်းဝေးတစ်ခု ကျင်းပတယ်။ နှစ်ခြင်းပေးဖို့လည်း စီစဉ်ကြတယ်။ မိသားစုမှာ ကျွန်မက ဦးဆုံးနှစ်ခြင်းခံခဲ့တာပေါ့။ နောက်ပိုင်းမှာ ကျွန်မအမေ ဖီဒေလ်ယာ ဂျင်မက်ဇ်နဲ့ ညီမလေး ကာမန်တို့ နှစ်ခြင်းခံခဲ့တယ်။”
ဒိုမီနီကန်နိုင်ငံမှာ ဦးဆုံးတိုက်နယ်စည်းဝေးပွဲကို ၁၉၄၉၊ စက်တင်ဘာ ၂၃-၂၅ ရက်အထိ စန်တီယာဂိုမြို့မှာ ကျင်းပတယ်။ အဲဒီသုံးရက်ကြာစည်းဝေးက ဟောပြောခြင်းလုပ်ငန်းကို အရှိန်မြှင့်တင်ပေးခဲ့တယ်။ စိတ်ဝင်စားသူတော်တော်များများ လာတက်ပြီး တနင်္ဂနွေနေ့ လူထုဟောပြောချက်မှာ အများဆုံးတက်ရောက်သူ ၂၆၀ ရှိတယ်။ နှစ်ဆယ့်ရှစ်ယောက် နှစ်ခြင်းခံတယ်။ ဘုရားသခင်က အလိုတော်ပြီးမြောက်ဖို့ ဒီအဖွဲ့အစည်းကို အသုံးပြုနေတယ်ဆိုတာ အဲဒီစည်းဝေးကိုတက်ရောက်တဲ့ လူသစ်တွေ ယုံကြည်စိတ်ချလာကြတယ်။