ဒိုမီနီကန်သမ္မတနိုင်ငံ
ဇွဲရှိရှိလုပ်ဆောင်လို့ သက်သာရာရ
လိမ္မာပါးနပ်စွာ ဟောပြောကြ
ဇနီးဖြစ်သူ ဖရန်စ်ယာနဲ့အတူ ဗေသလမှာ အမှုဆောင်နေတဲ့ ညီအစ်ကိုရာဖေးလ် ပါရက်ဟာ ၁၉၅၇ ခုနှစ်၊ အသက် ၁၈ နှစ်အရွယ်မှာ ကြေညာသူဖြစ်လာတယ်။ သူနဲ့တခြားသူတွေ ဟောပြောနေတုန်း အရပ်၀တ်နဲ့ရဲတွေက သူတို့နောက်လိုက်ပြီး ဖမ်းဖို့ကြိုးစားတာကို သူမှတ်မိနေတုန်းပဲ။ “တစ်ခါတလေဆို အဖမ်းမခံရအောင် လမ်းကြိုလမ်းကြား၊ နောက်ဖေးလမ်းကြားထဲ ၀င်ပြေး၊ ခြံစည်းရိုးတွေပေါ် ခုန်ကျော်ထွက်ပြေးခဲ့ရတယ်” လို့ရာဖေးလ် ပြောပြတယ်။ ညီအစ်မအန်ဒရီယာ အမန်ဇာကလည်း “ကျွန်မတို့ လိမ္မာပါးနပ်မှုရှိရှိ လုပ်ခဲ့ရတယ်။ တစ်အိမ်ကို ဟောပြီးပြီဆိုရင် ဆယ်အိမ်လောက်ကျော်ပြီးမှ ပြန်ဟောကြတယ်” လို့ပြောပြတယ်။
နောက်ဆုံးတော့ လွတ်လပ်ပြီ
၁၉၅၉ ခုနှစ်မှာ ထရူဟီယိုရဲ့အုပ်ချုပ်မှုဟာ အနှစ် ၃၀ နီးပါးရှိနေပြီဖြစ်ပေမဲ့ နိုင်ငံရေးအခြေအနေတွေ ပြောင်းလဲလာတယ်။ ၁၉၅၉၊ ဇွန် ၁၄ ရက်မှာ ပြည်ပြေးတွေက ဒိုမီနီကန်နိုင်ငံကိုပြန်လာပြီး ထရူဟီယိုကိုဖြုတ်ချဖို့ နောက်တစ်ကြိမ် ကြိုးစားပြန်တယ်။ အစိုးရက အဲဒီဆန့်ကျင်မှုကို နှိမ်နင်းလိုက်ပြီး ပူးပေါင်းကြံစည်သူတွေကိုလည်း ဖမ်းဆီးထောင်ချတယ်၊ သတ်ပစ်တယ်။ ဒါပေမဲ့ တိုးများလာတဲ့ရန်သူတွေကို ထရူဟီယိုအစိုးရ မနှိမ်နင်းနိုင်ဘူးလို့ ယူဆတဲ့အတွက် ဆန့်ကျင်မှုတွေကို အရှိန်မြှင့်ခဲ့ကြတယ်။
ကက်သလစ်ချာ့ချ်ခေါင်းဆောင်တွေက ထရူဟီယိုအစိုးရနဲ့ နှစ်များစွာလက်တွဲလာပြီးနောက် ၁၉၆၀၊ ဇန်နဝါရီ ၂၅ ရက်မှာတော့ လူ့အခွင့်အရေးချိုးဖောက်တာကို ကန့်ကွက်တဲ့ ဂိုဏ်းအုပ်အမှာစာတစ်စောင် ထုတ်ပြန်ခဲ့တယ်။ ဒိုမီကန်နိုင်ငံရဲ့ သမိုင်းပညာရှင်ဖြစ်သူ ဘာနာတို ဗေဂါ အခုလိုရှင်းပြတယ်– “၁၉၅၉၊ ဇွန်လမှာဖြစ်ပွားခဲ့တဲ့ ဆန့်ကျင်မှုတွေနဲ့ အဲဒီမှာပါဝင်သူတွေကို နှိမ်နင်းတာ၊ နောက်ပိုင်းမှာ ပြည်တွင်းလျှို့ဝှက်တော်လှန်ရေးလှုပ်ရှားမှုကို နှိမ်နင်းတာတွေကြောင့် ချာ့ချ်ဟာ ထရူဟီယိုကိုဆန့်ကျင်ဖို့ ဦးဆုံးအကြိမ် ဖိအားပေးခံခဲ့ရတယ်။”
စိတ်ဝင်စားစရာက ၁၉၆၀၊ မေလမှာ အစိုးရက ယေဟောဝါသက်သေတွေကို ပိတ်ပင်ထားတာ ရုပ်သိမ်းလိုက်တယ်။ နှစ်ပေါင်းများစွာ ပိတ်ပင်ခံရပြီးနောက် မမျှော်လင့်ထားတဲ့ပုဂ္ဂိုလ်ဆီကနေ လွတ်လပ်မှုရလာတယ်။ အဲဒီပုဂ္ဂိုလ်ကတော့ ကက်သလစ်ချာ့ချ်နဲ့ သဘောထားမတိုက်ဆိုင်တော့တဲ့ ထရူဟီယိုပါပဲ။