ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၁/၈ စာ. ၁၂-၁၄
  • အီစတြိုဂျင် အစားဖြည့် ကုထုံး—သင့်အဖို့လိုအပ်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အီစတြိုဂျင် အစားဖြည့် ကုထုံး—သင့်အဖို့လိုအပ်သလော
  • နိုးလော့!—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သွေးဆုံးခြင်းနှင့် အီစတြိုဂျင်အစားဖြည့်ကုထုံး
  • ကိုယ်အပူပြန်ခြင်းနှင့် အခြားပြဿနာများ
  • နှလုံးရောဂါ
  • ကင်ဆာနှင့် ပရိုဂျက်စထရွန်
  • အီစတြိုဂျင်အစားဖြည့်ကုထုံးသည် သင့်အဖို့လိုအပ်သလော
  • သာ၍ကောင်းစွာ နားလည်လာခြင်း
    နိုးလော့!—၁၉၉၇
  • သွေးဆုံးခြင်းကို ကိုင်တွယ်ဖြေရှင်းခြင်း
    နိုးလော့!—၁၉၉၇
  • ဘေးအန္တရာယ်ကို မည်သို့လျော့နည်းစေနိုင်မည်နည်း
    နိုးလော့!—၁၉၉၇
နိုးလော့!—၁၉၉၇
န၉၇ ၁/၈ စာ. ၁၂-၁၄

အီစတြိုဂျင် အစားဖြည့် ကုထုံး—သင့်အဖို့လိုအပ်သလော

အသင်သည်သွေးဆုံးပြီးနောက် အီစတြိုဂျင်ဟိုမုန်း သုံးစွဲခြင်းနှင့်စပ်လျဉ်း၍ ဝေခွဲမရဘဲ စိတ်သောကရောက်နေသည့် အမျိုးသမီးတစ်ဦးဖြစ်နေပါက သင်တစ်ဦးတည်း ဤသို့ခံစားနေရသည်မဟုတ်ပါ။ သင်ကဲ့သို့သောအမျိုးသမီး များစွာရှိပါသည်။ အီစတြိုဂျင်အစားဖြည့်ကုထုံး (ERT, estrogen replacement theraphy) သည် ယနေ့ လူအများကိုသာမက ဆရာဝန်တို့ကိုပင် ခေါင်းရှုပ်စရာ၊ ဦးနှောက်ခြောက်စရာ ဖြစ်စေသည်။ တစ်ဖက်တွင် အီစတြိုဂျင်ဟိုမုန်းသည် နှလုံးရောဂါဖြစ်ပွားမှု တားဆီးရာ၌လည်းကောင်း၊ ဆိုးဆိုးရွားရွား အရိုးကျိုးပဲ့ခြင်းဖြစ်စေနိုင်သည့် အရိုးဆုံးရှုံးမှုမှ ကာကွယ်ရာ၌လည်းကောင်း အထောက်အကူပြုသည်ဟု သင်သိထားပေမည်။ အခြားတစ်ဖက်တွင်၊ အီစတြိုဂျင်ဟိုမုန်းသည် သားအိမ်ကင်ဆာသာမက ရင်သားကင်ဆာနှင့်ပင် ဆက်နွှယ်မှုရှိသည်ဟူ၍လည်း သင်ကြားဖူးပေမည်။

ဥအိမ်မှထုတ်လုပ်သော ဒုတိယဟိုမုန်းတစ်မျိုးဖြစ်သော ပရိုဂျက်စထရုန်း (progesterone) သို့မဟုတ် ဖော်စပ်သည့်အမျိုးတူ ပရိုဂျက်စတင်း (progestin) ဟိုမုန်းအားဖြင့် ကင်ဆာဖြစ်နိုင်သည့်အန္တရာယ်ကို ဖယ်ရှားလိုက်ပြီဟု သင့်အားပြောပြထားမည်။ သို့သော် ပရိုဂျက်စထရုန်းဟိုမုန်းသည် လစဉ်ဓမ္မတာသွေးဆင်းစေသည့်အပြင် နှလုံးအပေါ် အီစတြိုဂျင်ဟိုမုန်း သက်ရောက်သည့်ကောင်းကျိုးကို ချေဖျက်ပစ်သည်ဟုလည်း သင်ကြားဖူးပေမည်။

ပို၍ဦးနှောက်ရှုပ်စရာကောင်းသည်မှာ ဆရာဝန်အများက အီစတြိုဂျင်အစားဖြည့်ကုထုံးကို ထောက်ခံသူတို့က အပြင်းအထန်ထောက်ခံ၍ ကန့်ကွက်သူတို့က အပြင်းအထန် ကန့်ကွက်လာခြင်းပင်ဖြစ်သည်။ “အီစတြိုဂျင်အစားဖြည့်ကုထုံး၏ အကျိုးကျေးဇူးများသည် ယင်းကြောင့်ဖြစ်ပွားသည့် အန္တရာယ်များထက် အဆများစွာအရေးပါသည်ဟု ယခုအခါ ကျွန်ုပ်တို့ ယေဘုယျအားဖြင့် ယူမှတ်ထားကြသည်။ အီစတြိုဂျင်ဟိုမုန်း ချို့တဲ့မှုပြဿနာကို ရှောင်ရှားရန်အတွက် အမျိုးသမီးများ [အားလုံးနီးပါး] အနေဖြင့် သွေးဆုံးချိန်ကာလတစ်ဝိုက်တွင် အီစတြိုဂျင်အစားဖြည့်ကုထုံးကို စတင်၍ တစ်သက်လုံး မှီဝဲသွားသင့်သည်” ဟူ၍ ဆရာဝန်တစ်ဦးက American Journal of Obstetrics and Gynecology ဂျာနယ်တွင် ရေးသားထားသည်။

ကင်ဆာသုတေသနလုပ်ငန်းတွင် အနှစ် ၅၀ အတွေ့အကြုံရှိသော ဗြိတိန်နိုင်ငံမှ ဆရာဝန်တစ်ဦးက ယင်းနှင့်ဆန့်ကျင်သောအမြင်ကို ထုတ်ဖော်ပြောကြားရာ၌ “ဟိုမုန်းတို့နှင့်လုံးထွေးနေမည်ဆိုပါက ကြီးမားပြင်းထန်သော ထိခိုက်ပျက်စီးမှုဖြစ်လာနိုင်သည့် အလားအလာ အမှန်ပင်ရှိနေသည်။ အီစတြိုဂျင်ဟိုမုန်းက တစ်သျှူးများကို ကြီးထွားစေရန် လှုံ့ဆော်ပေးသဖြင့် ကြီးထွားလာသည့်တစ်သျှူးများသည် ကင်ဆာဖြစ်ဝတ္ထုများကိုအာရုံခံရာ၌ အလွန်ထက်မြက်သည်။ ဟိုမုန်းဓာတ်များကို ဘေးကင်းလုံခြုံစွာ ကိုင်တွယ်ရန်မှာ လုံးဝမဖြစ်နိုင်သလောက်ပင် ဖြစ်သောကြောင့် ယင်းကိုမေ့ပစ်လိုက်ခြင်းသည်သာ အကောင်းဆုံးဖြစ်မည်” ဟူ၍ပြောကြားခဲ့သည်။

သွေးဆုံးခြင်းနှင့် အီစတြိုဂျင်အစားဖြည့်ကုထုံး

မိန်းကလေးများ အသက် ၁၁ နှစ်ခန့်အရွယ် အပျိုဘော်ဝင်သည့်အခါ၌ ၎င်းတို့၏ဥအိမ်များမှ အီစတြိုဂျင်ဟိုမုန်းကို စတင်ထုတ်ပေးသည်။ ၎င်းဟိုမုန်းမှာ မိန်းမတို့၏ ဟန်ပန်လက္ခဏာများ ဖွံ့ဖြိုးစေရာတွင်လည်းကောင်း၊ ဓမ္မတာရာသီခွင်ကို ထိန်းညှိရာတွင်လည်းကောင်း အရေးပါသောကဏ္ဍမှ ပါဝင်သည်။ ပျှမ်းမျှအားဖြင့် အနှစ် ၄၀ ခန့်ကုန်လွန်ပြီးနောက် သွေးဆုံးချိန်ရောက်လာသည့်အခါ၌ အီစတြိုဂျင်ဟိုမုန်း ထုတ်လုပ်မှုသည် ဥလွှတ်ခြင်းနှင့် ဓမ္မတာရာသီခွင်တို့ကို ဆက်၍ထောက်မပေးနိုင်စွမ်း မရှိတော့သည့်အထိ လျော့နည်းကျဆင်းလာသည်။ နောက်ဆုံး၌ ဥအိမ်တို့သည် အီစတြိုဂျင်ဟိုမုန်းထုတ်လုပ်ခြင်း လုံးဝရပ်တန့်သွားသဖြင့် တာဝန်များပေါ့သွားသည့်အချိန်ပိုင်း ရောက်လာရုံမက အသစ်သောလုပ်ဆောင်မှုများ၊ အသစ်သောအရာများကို သင်ကြားဆည်းပူးလုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများနှင့် အချိန်အခါလည်း လမ်းစပွင့်လာလေသည်။

သို့သော် အီစတြိုဂျင်ဟိုမုန်းကုန်ခန်းခြင်းကြောင့် ရေတိုနှင့်ရေရှည်​ပြဿ​နာများ ဖြစ်ပေါ်နိုင်သည့်အချိန်အခါလည်း ဖြစ်ပေသည်။ အဆိုပါ​ပြဿ​နာများကို ဟန့်တားရန်အတွက် ဆရာဝန်များက ၁၉၄၀ ပြည့်လွန်နှစ်များအတွင်း ဟိုမုန်းဆေးကို စတင်သုံးစွဲစေခဲ့သည်။ ၁၉၇၅ ခုနှစ်ရောက်သော် ဟိုမုန်းဆေးသုံးစွဲသူအမျိုးသမီး ခြောက်သန်းရှိလာသည်။ ထို့နောက် ဟိုမုန်းဆေးသုံးစွဲသူများသည် မသုံးစွဲသူများထက် သားအိမ်ကင်ဆာဖြစ်ပွားနိုင်သည့်အလားအလာ ငါးဆပိုများသည်ဟူသောသတင်း ထွက်ပေါ်လာသည်။ အီစတြိုဂျင်ဟိုမုန်းသည် ရင်သားကင်ဆာနှင့် ဆက်နွှယ်မှုရှိသည်ဟူ၍လည်း ပြောဆိုလာကြသည်။ အီစတြိုဂျင်အစားဖြည့်ကုထုံးအတွက် စိတ်အားထက်သန်ခြင်းမှာလည်း တစ်မုဟုတ်ချင်း အဖျားရှူးသွားလေသည်။ သို့သော် သုတေသီတို့က ၎င်းဘေးအန္တရာယ်များကို သေးငယ်သွားအောင် ကြိုးပမ်းခဲ့ရာ ၁၉၈၀ ပြည့်နှစ်များအစောပိုင်းရောက်သော် ပရိုဂျက်စတင်းဟိုမုန်းကိုတွဲ၍ သုံးစွဲစေခြင်းအားဖြင့် ကင်ဆာဖြစ်နိုင်သည့်အန္တရာယ်ကို ချေဖျက်ပစ်ကြောင်းတွေ့ရှိလာသည်။ သို့နှင့် အီစတြိုဂျင်အစားဖြည့်ကုထုံးသည် ကမ္ဘာတစ်ဝန်းတွင် ပြန်လည်ဆန်းထလာသည်။

အီစတြိုဂျင်အစားဖြည့်ကုထုံး အဘယ်ကြောင့်ရေပန်းစားရသနည်း။ ကိုယ်အပူပြန်ခြင်းကို ပျောက်ကင်းစေနိုင်ခြင်း၊ တက်ကြွသောလိင်ဆက်ဆံရေးကို ထိန်းပေးခြင်းနှင့် အရိုးပွရောဂါနှင့်နှလုံးရောဂါ ဖြစ်ပွားမည့်အန္တရာယ်ကို လျော့ပါးစေနိုင်ခြင်းတို့ကြောင့်ဖြစ်သည်။

ကိုယ်အပူပြန်ခြင်းနှင့် အခြားပြဿနာများ

သွေးဆုံးခြင်း၏အမှတ်အသားဖြစ်သော ကိုယ်အပူပြန်ခြင်းမှာ အီစတြိုဂျင်ဟိုမုန်းချို့တဲ့ခြင်းကြောင့် တိုက်ရိုက်ဖြစ်ပေါ်သည့် အကျိုးရလဒ်တစ်မျိုးဖြစ်သည်။ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်ရှိအရေပြားတို့၌ ရုတ်တရက်နီလာခြင်းဖြင့် သိသိသာသာ စ၍ကိုယ်အပူပြန်လာတတ်သည်။ ယင်းနှင့်အတူ တစ်ကိုယ်လုံးချစ်ချစ်တောက်ပူသည်ဟူသော ခံစားချက်ဖြစ်ပေါ်ပြီး တစ်ခါတစ်ရံတွင် ချွေးတပြိုက်ပြိုက်ထွက်လာသည်။ သွေးဆုံးချိန်ရောက်နေသော အမျိုးသမီးအများစုက ဤသို့တွေ့ ကြုံခံစားရကြသည်။ အချို့သူတို့အဖို့ မသိသာလှသောခံစားချက်မျှသာဖြစ်သော်လည်း အချို့သူတို့အဖို့မူ ပြင်းထန်ဆိုးရွားပြီး အဝတ်အစားနှင့်အိပ်ရာခင်းများ ရွှဲရွှဲစိုအောင်ချွေးထွက်တတ်သဖြင့် လူမှုဆက်ဆံရေး၌ စိတ်အနှောင့်အယှက်ဖြစ်စရာ အခြေအနေများနှင့် အိပ်ရေးပျက်သောညများကိုဖြစ်စေသည်။

အီစတြိုဂျင်ဟိုမုန်းချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်ရသည့်အကျိုးဆက် နောက်တစ်ခုမှာ ယောနိအတွင်း အရည်ဓာတ်ခန်းခြောက်ခြင်းနှင့် ယောနိမျက်နှာပြင်ပါးလွှာလာခြင်းတို့ဖြစ်သည်။ တစ်ခါတစ်ရံ လိင်ဆက်ဆံရာ၌ ကသိကအောက်ဖြစ်ခြင်း၊ နာကျင်ခြင်း၊ ဆက်ဆံ၍မရခြင်းတို့ဖြစ်တတ်သည်။ အမျိုးသမီးအချို့တို့က ဤပြောင်းလဲမှုများကို အသက်အရွယ်ကြီးခြင်း၏ ရှောင်လွှဲ၍မရသော အကျိုးဆက်အဖြစ်လက်ခံပြီး သူတို့၏ လိင်ဆက်ဆံနိုင်သောအခြေအနေ ကုန်ဆုံးပြီဟု၍မှတ်ယူကြသည်။ သို့သော်လည်း ယောနိပြောင်းလဲမှုကို အီစတြိုဂျင်အစားဖြည့်ကုထုံးဖြင့် တားဆီးနိုင်သည်၊ သို့မဟုတ် လျင်မြန်စွာပြုပြင်ပေးနိုင်ပါသည်။

အသက်ကြီးသောအမျိုးသမီးများကိုထိခိုက်သည့် အဖြစ်အများဆုံး ကျန်းမာရေးပြဿနာတစ်ခုမှာ အရိုးပွရောဂါပင်ဖြစ်သည်။ အရိုးပွရောဂါဆိုသည်မှာ ကယ်လဆီယံနှင့် ပရိုတင်းဓာတ်များ ဆုံးရှုံးခြင်းကြောင့် အရိုးများ၌ အပေါက်ကလေးများဖြစ်ပေါ်ခြင်း၊ အရိုးပါးခြင်း၊ အရိုးချိနဲ့ခြင်းအခြေအနေတစ်မျိုးဖြစ်သည်။ ယင်းကြောင့် အရိုးကျိုးပဲ့ခြင်းနှင့် တင်ပါးဆုံရိုးကျိုးပဲ့ခြင်း ဖြစ်တတ်သည်။ အရိုးပွရောဂါပြင်းထန်ပါက အမျိုးသမီးတစ်ဦးသည် မီးဖိုပေါ်မှအိုးကင်းကိုမလိုက်ရုံနှင့် လက်တစ်ဖက်ကျိုးသွားနိုင်သည်။ နှာချေလိုက်ရုံနှင့်ပင် နံရိုးတစ်ချောင်းကျိုးသွားနိုင်သည်။ မည်သူမဆို အသက်ကြီးလာသည်နှင့်အမျှ အရိုးဆုံးရှုံးမှုကို ကြုံတွေ့ရမည်ဖြစ်သော်လည်း သွေးဆုံးပြီးသည့်အမျိုးသမီးများ၌ အီစတြိုဂျင်ဟိုမုန်းချို့တဲ့မှုကြောင့် ဆုံးရှုံးမှုဖြစ်စဉ် ပို၍မြန်ဆန်သည်။a ဆေးလိပ်သောက်တတ်သော အမျိုးသမီးများနှင့် အရက်ယမကာကို ပုံမှန်သောက်တတ်သော အမျိုးသမီးများသည် မသောက်တတ်သောအမျိုးသမီးများထက် ဤပြဿနာမျိုးကြုံတွေ့ရန် အလားအလာပိုများသည်။

အရိုးပွရောဂါသည် ဆိုင်းမဆင့်ဗုံမဆင့်ဘဲနှင့် ဖြစ်ပေါ်လာတတ်သည်။ လူတို့သည် အရိုးကျိုးပဲ့ခြင်း မဖြစ်မချင်း မိမိတို့၌ ဤရောဂါရှိနေမှန်း မသိကြချေ။ ထိုအချိန်ရောက်သည့်အခါ အခြေအနေကိုကုစားရန် များသောအားဖြင့် အလွန်အခါနှောင်းသွားလေပြီ။ ကယ်လဆီယံထုံးဓာတ် များများမှီဝဲလျှင်ကော မည်သို့ရှိမည်နည်း။ အီစတြိုဂျင်ဟိုမုန်းမရှိပါက ဤသို့မှီဝဲခြင်းဖြင့် အရိုးဆုံးရှုံးမှုနည်းပါးစေရန် ထိရောက်စွာမစွမ်းဆောင်နိုင်ပေ။ ကယ်လဆီယံထုံးဓာတ်သည် အရေးကြီး၏၊ ယင်းကြောင့် ဆရာဝန်တို့က အီစတြိုဂျင်ဟိုမုန်းနှင့်တွဲ၍ ကယ်လဆီယံကိုသုံးစွဲရန် အကြံပေးထောက်ခံခြင်းဖြစ်သည်။ အီစတြိုဂျင်ဟိုမုန်းက ကယ်လဆီယံထုံးဓာတ်ကိုစုပ်ယူရန် အကူအညီပေးသည်။

နှလုံးရောဂါ

ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် သွေးဆုံးပြီးသည့်အမျိုးသမီးများကို သေဆုံးစေသည့်အဓိကအကြောင်းမှာ နှလုံးရောဂါပင်ဖြစ်သည်။ အီစတြိုဂျင်အစားဖြည့်ကုထုံးက နှလုံးရောဂါဖြစ်ပွားမှုကို လျော့နည်းသက်သာစေပါသလော။ လျော့နည်းစေသည့်အထောက်အထားများ အခိုင်အမာရှိပါသည်။ အီစတြိုဂျင်ဟိုမုန်းသည် သွေးကြောအတွင်း၌ ကောင်းသောကိုလက်စထရောခေါ် HDL ၏ပမာဏကိုတိုးပွားစေပြီး မကောင်းသောကိုလက်စထရောခေါ် LDL ၏ပမာဏကို လျော့နည်းစေပုံရသည်။ သူနာပြုများ ကျန်းမာရေးလေ့လာမှု (The Nurses’ Health Study) က ၁၉၇၆ ခုနှစ်မှ ၁၉၈၂ ခုနှစ်အတွင်း အမျိုးသမီး ၁၂၁,၀၀၀ ၏ကျန်းမာရေးမှတ်တမ်းများကို စစ်ဆေးကြည့်ခဲ့သည်။ ရရှိသည့်အချက်အလက်များက အီစတြိုဂျင်ဟိုမုန်းကို မသုံးစွဲသူတို့နှင့်နှိုင်းယှဉ်လျှင် လတ်တလောအချိန်တွင် သုံးစွဲနေသူတို့သည် နှလုံးရောဂါဖြစ်ပွားမည့်အန္တရာယ် ၇၀ ရာခိုင်နှုန်းလျော့နည်းကြောင်း ပြဆိုသည်။

ဤကဲ့သို့သောတွေ့ရှိချက်များက အီစတြိုဂျင်အစားဖြည့်ကုထုံးကို အခိုင်အမာထောက်ခံလျက်ရှိသည်။ သို့သော် ယခုအချိန်အထိ အကောင်းဘက်ကိုသာ ကျွန်ုပ်တို့ သုံးသပ်ခဲ့ခြင်းဖြစ်ပါသည်။ ဆရာဝန်ထံဆေးညွှန်းတောင်းရန် အလောသုံးဆယ်မသွားမီ ဖြစ်နိုင်သည့်ဘေးအန္တရာယ်အကြောင်းကိုပါ သုံးသပ်ကြည့်ပါ။

ကင်ဆာနှင့် ပရိုဂျက်စထရွန်

အီစတြိုဂျင်ဟိုမုန်းကို ၎င်းချည်းသက်သက်မှီဝဲပါက သားအိမ်၏အတွင်းလွှာရှိဆဲလ်များကို ပွားများစေတတ်သည်။ အတန်ကြာလျှင် ကင်ဆာဖြစ်လာနိုင်သည်။ ပျမ်းမျှအားဖြင့် သွေးဆုံးပြီးသည့်အမျိုးသမီး ၁,၀၀၀ တွင် ၁ ယောက်သည် နှစ်စဉ် သားအိမ်ကင်ဆာဖြစ်ပွားလေ့ရှိသည်။ အီစတြိုဂျင်ဟိုမုန်းကိုမှီဝဲသူတို့တွင် သားအိမ်ကင်ဆာဖြစ်ပွားသည့်အရေအတွက်သည် ၁,၀၀၀ တွင် ၄ ယောက်မှ ၈ ယောက်အထိ မြှင့်တက်သွားသည်။ အီစတြိုဂျင်ဟိုမုန်းကို ဆေးချိန်များများနှင့် အချိန်ကြာမြင့်စွာ သုံးစွဲသူတို့တွင် နှစ်စဉ် ၁,၀၀၀ တွင် ၁၀ ယောက်နှုန်းရှိသည်။ ဆရာဝန်အချို့က အီစတြိုဂျင်ဟိုမုန်းသည် အခြားမီးယပ်ရောဂါတို့နှင့်လည်း ဆက်နွှယ်မှုရှိသည်ဟု သံသယဖြစ်ကြသည်။

ဤအန္တရာယ်ကိုတားဆီးသည့်အနေနှင့် ဆရာဝန်တို့က အီစတြိုဂျင်ဟိုမုန်းအပြင် ပရိုဂျက်စတင်းဟိုမုန်းကိုပါတွဲ၍ ဆေးညွှန်းပေးကြသည်။ ပရိုဂျက်စတင်းဟိုမုန်းသည် သားအိမ်ထဲ၌ ဆဲလ်ပွားများမှုကို ဟန့်တားပေးသည့်အတွက် အီစတြိုဂျင်ဟိုမုန်းသက်သက်မှီဝဲခြင်းနှင့်ဆက်နွှယ်သည့် ကင်ဆာနှင့်ပတ်သက်သောပြဿနာ၊ ကင်ဆာနှင့်မပတ်သက်သောပြဿနာ နှစ်မျိုးစလုံးကိုလျော့နည်းစေသည်။ ဒေါက်တာ လီလာ နက်ချ်တီဂေါလ်နှင့် ဂျိုအဲန် ဟေးလ်မင်းတို့က အီစတြိုဂျင်ဟိုမုန်းအကြောင်းရေးသားသည့် ၎င်းတို့၏စာအုပ်တွင် ဤသို့သတိပေးထားသည်–“သင်၌သားအိမ်ရှိလျှင် အီစတြိုဂျင်ဟိုမုန်းမှီဝဲခြင်းကို မရပ်စဲပါက ပရိုဂျက်စထရွန်းဟိုမုန်းမှီဝဲခြင်းကို လုံးဝမရပ်စဲပါနှင့်။ ပရိုဂျက်စထရွန်းဟိုမုန်းသည် အီစတြိုဂျင်အစားဖြည့်ကုထုံးကို ယနေ့ စိတ်ချလက်ချသုံးစွဲစေနိုင်သည့်အရာ ဖြစ်ပေသည်။”

သို့သော် ပရိုဂျက်စတင်းဟိုမုန်းကိုတွဲသုံးခြင်းဖြင့် ထပ်ဆင့်ပြဿနာများ ဖြစ်ပေါ်စေသည်။ အဓိကပြဿနာတစ်ခုမှာ အီစတြိုဂျင်-ပရိုဂျက်စတင်း ပေါင်းစပ်ဟိုမုန်းသည် ဓမ္မတာရာသီသွေး ပြန်ပေါ်စေခြင်းပင်ဖြစ်သည်။ ပရိုဂျက်စတင်းဟိုမုန်းနှင့်ပတ်သက်သော ပို၍ကြီးလေးသည့်ပြဿနာတစ်ခုမှာ နှလုံးအပေါ် အီစတြိုဂျင်ဟိုမုန်းသက်ရောက်သည့် အကျိုးကျေးဇူးကို ချေဖျက်ပစ်နိုင်ခြင်းဖြစ်သည်။ အကျိုးနှင့်အပြစ်ကို ညီမျှသွားစေသည့် အခြားအချက်တစ်ချက်မှာ အီစတြိုဂျင်အစားဖြည့်ကုထုံးကြောင့် ရင်သားကင်ဆာဖြစ်နိုင်သည့် အလားအလာပင်ဖြစ်သည်။

၁၉၇၄ ခုနှစ်မှစ၍ သုတေသီတို့က အီစတြိုဂျင်အစားဖြည့်ကုထုံးနှင့် ရင်သားကင်ဆာဆက်နွှယ်မှု ရှိမရှိ အနည်းဆုံးလေ့လာမှု ၃၀ ပြုလုပ်ခဲ့ကြသည်။ လေ့လာမှုများအရ ရေတိုအီစတြိုဂျင်အစားဖြည့်ကုထုံးနှင့် ရင်သားကင်ဆာဆက်နွှယ်မှု မရှိကြောင်းတွေ့ရှိသည်။ ရေရှည်သုံးစွဲသူများမူ တစ်မျိုးတစ်ဘာသာဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင်ပြုလုပ်သည့် လေ့လာမှုအရ အီစတြိုဂျင်အစားဖြည့်ကုထုံးကို ၁၅ နှစ်၊ သို့မဟုတ် ထိုထက်မကသုံးစွဲပြီးနောက် အန္တရာယ် ၅၀ ရာခိုင်နှုန်းတိုးပွားလာသည့် အလားအလာရှိကြောင်းတွေ့ရှိသည်။ ဥရောပလေ့လာမှုများက အီစတြိုဂျင်အစားဖြည့်ကုထုံးကို ရေရှည်သုံးစွဲသူတို့တွင် အန္တရာယ်ထိုထက်မကမြင့်မားကြောင်း ပြဆိုသည်။ သို့သော် အလွန်ဂနသေချာသောလေ့လာမှုများက အီစတြိုဂျင်ဟိုမုန်းကို ရေရှည်သုံးစွဲခြင်းနှင့် ရင်သားကင်ဆာ ဆက်နွှယ်မှုမရှိကြောင်း ဖော်ပြသည်။

အီစတြိုဂျင်အစားဖြည့်ကုထုံးသည် သင့်အဖို့လိုအပ်သလော

“အီစတြိုဂျင်ဟိုမုန်းအစားဖြည့်ခြင်းအတွက် ရှင်းလင်းလွယ်ကူသောစည်းမျဉ်းများကိုချရေးရန် မဖြစ်နိုင်သေးချေ။ ဆရာဝန်နှင့်လူနာ စေ့စေ့စပ်စပ်၊ စဉ်းစဉ်းစားစား၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်မှုအပေါ်အခြေပြု၍ လူတစ်ဦးချင်းအလိုက် ချရမည့်ဆုံးဖြတ်ချက်ဖြစ်ပါသည်” ဟု ဟားဗတ်တက္ကသိုလ်မှ ဒေါက်တာ အိုင်းဇက် ရှစ်ဖ်ကဆိုသည်။

အီစတြိုဂျင်အစားဖြည့်ကုထုံးအပြင် အခြားရွေးစရာအနေနှင့် အချို့သူတို့က ဆရာဝန်ဆေးညွှန်းမလိုသောနည်း၊ သို့မဟုတ် သဘာဝဆေးဝါးတို့ကို ပို၍နှစ်သက်ကြသည်။ အဓိကအားဖြင့် အချို့အမျိုးသမီးများက ဗီတာမင်-အီးသည် ကိုယ်အပူပြန်ခြင်း၏ပြင်းထန်မှုနှင့် ဖြစ်ပေါ်သည့်အကြိမ်အရေအတွက်တို့ကို အံ့ဖွယ်ကောင်းလောက်အောင်သက်သာစေကြောင်း တွေ့ရှိကြသည်။ သင့်အနေဖြင့် အီစတြိုဂျင်အစားဖြည့်ကုထုံး ခံယူသည်ဖြစ်စေ၊ မခံယူသည်ဖြစ်စေ၊ ကျန်းမာရေးနှင့်ညီညွတ်သော အစာအာဟာရနှင့် လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်းတို့သည် နှလုံးရောဂါနှင့်အရိုးပွရောဂါတို့ကို တားဆီးပေးသော တွဲဖက်ကောင်းများဖြစ်သည်။

အီစတြိုဂျင်ဟိုမုန်းအစားဖြည့်ခြင်းဖြစ်ဖြစ်၊ အခြားသောကုထုံးတစ်ခုခုဖြစ်ဖြစ် သင့်အားနုပျိုစေရန်၊ သို့မဟုတ် မအိုရအောင် တားဆီးပေးနိုင်မည်ကားမဟုတ်ပါ။ ဤအရာတို့မှာ ဘုရားသခင့်နိုင်ငံတော်သာလျှင် စွမ်းဆောင်ပေးနိုင်သောအရာများ ဖြစ်ပါသည်။ (မဿဲ ၆:၁၀) ထိုအချိန်မတိုင်မီ ဤကြားကာလ၌ အီစတြိုဂျင်အစားဖြည့်ကုထုံးသည် သွေးဆုံးပြီးဘဝ၏ မကောင်းသောအကျိုးဆက်များကို ကာကွယ်တားဆီးနိုင်ရန် အချို့သူတို့ကို အထောက်အကူပြုလျက်ရှိပေသည်။

[အောက်ခြေမှတ်ချက်များ]

a အမျိုးသားများ၌ ကျားဟိုမုန်းတက်စတိုစတီရုန်း (testosterone) က အရိုးဆုံးရှုံးမှုကို ဟန့်တားပေးသည်။

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

အီစတြိုဂျင်အစားဖြည့်ကုထုံးကို လက်ခံကုသခြင်းမပြုမီ သင့်ဆရာဝန်အား ဖြစ်နိုင်သည့်ဘေးအန္တရာယ်များအကြောင်း မေးမြန်းပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ