ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၁/၈ စာ. ၇-၁၁
  • သွေးဆုံးခြင်းကို ကိုင်တွယ်ဖြေရှင်းခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သွေးဆုံးခြင်းကို ကိုင်တွယ်ဖြေရှင်းခြင်း
  • နိုးလော့!—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမျိုးသမီးများ ကောင်းစွာကိုင်တွယ်ဖြေရှင်းတတ်သော်
  • အမျိုးသမီးလိုအပ်ရာများ
  • စားသောက်မြဲအစာနှင့် လေ့ကျင့်ခန်း
  • ကိုယ်အပူပြန်ခြင်းကို ကိုင်တွယ်ဖြေရှင်းခြင်း
  • စိတ်ဖိစီးမှုနှင့်ပတ်သက်၍ကော မည်သို့ဆိုမည်နည်း
  • မိသားစုဝင်များ ဝိုင်းဝန်းကူညီပေးနိုင်၏
  • သွေးဆုံးပြီးနောက် အသက်တာ
  • သာ၍ကောင်းစွာ နားလည်လာခြင်း
    နိုးလော့!—၁၉၉၇
  • သွေးဆုံးချိန်မှာ ကြုံရနိုင်တဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းခြင်း
    နိုးလော့!—၂၀၁၃
  • သွေးဆုံးခြင်း၏လျှို့ဝှက်ချက်များကို ဖော်ထုတ်ခြင်း
    နိုးလော့!—၁၉၉၇
  • အီစတြိုဂျင် အစားဖြည့် ကုထုံး—သင့်အဖို့လိုအပ်သလော
    နိုးလော့!—၁၉၉၇
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၇
န၉၇ ၁/၈ စာ. ၇-၁၁

သွေးဆုံးခြင်းကို ကိုင်တွယ်ဖြေရှင်းခြင်း

သွေးဆုံးခြင်းသည် “လူတစ်ဦးစီ၏ သီးခြားတွေ့ကြုံမှုတစ်မျိုးဖြစ်” သည့်အပြင် “လူ့ဘဝတွင် စိတ်လွတ်ကိုယ်လွတ်နေနိုင်သော အခန်းကဏ္ဍအသစ်တစ်ရပ်” လည်းဖြစ်သည်ဟု Natural Menopause—The Complete Guide to a Woman’s Most Misunderstood Passage စာအုပ်ရေးသားပြုစုသူတို့က ဆိုကြသည်။ သင်ကိုယ်တိုင်နှင့် သင့်ဘဝ—သင့်တန်ဖိုးနှင့် သင့်ကြန်အင်—အပေါ် ကျေနပ်မှုရှိလေလေ ဤအကူးအပြောင်းကာလကို လွန်မြောက်ရန် ပို၍လွယ်ကူလေလေဖြစ်ကြောင်း သုတေသနပြုချက်က ဖော်ပြသည်။

အခြားအမျိုးသမီးများနှင့်ယှဉ်ကြည့်လျှင် အချို့အမျိုးသမီးများအတွက် ဤကာလပိုင်းသည် ပို၍ခက်ခဲတတ်သည်မှာ မှန်ပါသည်။ အကယ်၍ သင်၌ အခက်အခဲပြဿနာများရှိပါက ကိုယ့်သိက္ခာကိုယ်လေးစားခြင်း ပြဿနာရှိနေပြီ သို့မဟုတ် စိတ်ဖောက်သွားပြီ၊ မိန်းမဂုဏ်အင်္ဂါနှင့် ဉာဏ်ရည်ဉာဏ်သွေး ဆုံးရှုံးသွားပြီ သို့မဟုတ် လိင်ကိစ္စစိတ်ဝင်စားမှု ကုန်ခန်းသွားပြီဟူ၍ အဓိပ္ပာယ်မသက်ရောက်ပါ။ ပြဿနာမှာ ယေဘုယျအားဖြင့် ဇီဝရုပ်ပိုင်းနှင့်သာ ပတ်သက်လေ့ရှိသည်။

“သွေးဆုံးချိန်တွင် အလွန်ဆိုးသော ရောဂါပြလက္ခဏာများကို ခံစားခဲ့ရသော အမျိုးသမီးများပင် သွေးဆုံးချိန် လွန်မြောက်ပြီးနောက် အားသစ်မာန်သစ် ဘဝသစ်ဖြင့် ပြန်လည်မွေးဖွားလာသည့်ပမာ ခံစားရကြသည်” ဟု Newsweek မဂ္ဂဇင်းက ဖော်ပြသည်။ အသက် ၄၂ နှစ်ရှိ အမျိုးသမီးတစ်ဦးပြောသကဲ့သို့ “မူရာမာယာများတဲ့ ကျွန်မရဲ့ခန္ဓာကိုယ်က ကျွန်မကို မျက်လှည့်မပြတော့ဘဲ အေးအေးဆေးဆေးနေရမယ့်အချိန်ကို ကျွန်မမျှော်လင့်နေတယ်။”

အမျိုးသမီးများ ကောင်းစွာကိုင်တွယ်ဖြေရှင်းတတ်သော်

အသက်ကြီးသော အမျိုးသမီးများကို မည်သို့သဘောထားသည် ဟူသောအချက်သည် သွေးဆုံးခြင်းကို အမျိုးသမီးများ ကောင်းစွာကိုင်တွယ်ဖြေရှင်းရာ၌ အရေးကြီးသော အချက်တစ်ချက်ဖြစ်သည်။ သူတို့၏ ရင့်ကျက်မှု၊ ဉာဏ်ပညာနှင့် အတွေ့အကြုံတို့ကို တန်ဖိုးထားသော ဒေသများတွင် အမျိုးသမီးများ သွေးဆုံးချိန်၌ ကာယနှင့် စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ ဖျားနာမှုများ အလွန်ပင်နည်းပါးသည်။

သာဓကအနေနှင့် “သွေးဆုံးခြင်းကို လူ့ဘဝ၏ကြိုဆိုအပ်သော ခရီးတစ်ထောက်အဖြစ်လက်ခံ၍ သွေးဆုံးပြီးသောအမျိုးသမီးများကို ၎င်းတို့၏အတွေ့အကြုံနှင့် ဉာဏ်ပညာတို့အတွက် လေးစားကြသော အာဖရိကမျိုးနွယ်များတွင် သွေးဆုံးခြင်းလက္ခဏာများကို ညည်းညူပြောဆိုသည့် အမျိုးသမီး အလွန်တရာနည်းကြောင်း” The Woman’s Encyclopedia of Health and Natural Healing စွယ်စုံကျမ်းက ဆိုသည်။ အလားတူစွာ The Silent Passage—Menopause စာအုပ်ကလည်း သွေးဆုံးချိန်ကာလအတွင်း “ရာ့ဂ်ျပွတ်မျိုးနွယ် အိန္ဒိယအမျိုးသမီးများသည် စိတ်ကျခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ရောဂါပြလက္ခဏာများအကြောင်းကို ညည်းညူပြောဆိုလေ့မရှိ” ကြောင်းဆိုထားသည်။

အသက်ကြီးသောအမျိုးသမီးများကို အထူးလေးစားသည့် ဂျပန်ပြည်၌လည်း သွေးဆုံးခြင်းအတွက် ဟိုမုန်းဖြင့် ကုသပေးရသည့်အကြောင်း မကြားရသလောက်ပင်။ ထိုမျှမက အာရှအမျိုးသမီးများသည် အနောက်တိုင်းယဉ်ကျေးမှုမှ အမျိုးသမီးများထက် သွေးဆုံးလက္ခဏာနည်းပါးပြီး ပြင်းထန်မှုလည်းသက်သာသည်။ ဤသို့ဖြစ်ရသည့် အကြောင်းတရားတစ်ခုမှာ ၎င်းတို့မှီဝဲသော အစာအာဟာရကြောင့်ဖြစ်ဟန်တူသည်။

မနုဿဗေဒပညာရှင်တစ်ဦး၏ လေ့လာတွေ့ရှိချက်အရ မာယာလူမျိုး အမျိုးသမီးများသည် သွေးဆုံးချိန်ကိုပင် မျှော်လင့်စောင့်စားခဲ့ကြသည်။ ထိုအမျိုးသမီးများအဖို့ သွေးဆုံးချိန်သည် ကလေးအဆက်မပြတ် မွေးဖွားရခြင်းမှ လွတ်မြောက်ခွင့်ရရှိခြင်း ဟူ၍အဓိပ္ပာယ်သက်ရောက်သည်။ ဘဝတွင် အခြားစိတ်ဝင်စားဖွယ်ရာများကို လိုက်စားနိုင်သည့်လွတ်လပ်မှုလည်း ရရှိစေသည်မှာ ယုံမှားဖွယ်မရှိ။

တစ်ချိန်တည်း၌ သွေးဆုံးခြင်းနှင့် ယှဉ်တွဲနေသည့် စိုးရိမ်ကြောက်ရွံ့စိတ်ကိုလည်း ပေါ့ပေါ့သဘောမထားအပ်ပေ။ နုပျိုခြင်းနှင့် ပျိုမြစ်နုနယ်သည့် ရုပ်ဆင်းရူပကာကို အလေးပေးသော လူ့ယဉ်ကျေးမှုများ၌ သွေးမဆုံးသေးသော အမျိုးသမီးတို့သည် သွေးဆုံးခြင်းကို အများအားဖြင့် ကြောက်တတ်ကြသည်။ ထိုသို့သောပုဂ္ဂိုလ်မျိုးအဖို့ ၎င်းအကူးအပြောင်းကာလ၏ အခက်အခဲများကို သက်သာစေရန် မည်သို့ ပြုလုပ်နိုင်သနည်း။

အမျိုးသမီးလိုအပ်ရာများ

“အမျိုးသမီးအများစု လိုအပ်သောအရာမှာ သူတို့ခံစားနေရသည့်ဝေဒနာမှာ ခိုင်လုံသောအကြောင်းရှိကြောင်း သူတို့တစ်ဦးတည်းသာ ဤသို့ခံစားနေရခြင်းမဟုတ်ကြောင်း သိရှိခြင်းပင်ဖြစ်သည်” ဟု သွေးဆုံးခြင်းပညာရေး ရှေ့ဆောင်ရှေ့ ရွက်ပြုသူ ဂျဲန်နင် အိုလီရီး ကော့ဘ်က ရှင်းပြသည်။

ရွှင်ပျသော၊ အပြုသဘောဆောင်သော ဘဝအမြင်ရှိရန်လည်း အရေးကြီးသည်မှာ ဆိုဖွယ်မရှိ။ သွေးဆုံးချိန်ကို ဖြတ်သန်းနေသည့် အသက် ၅၁ နှစ်ရှိ မိခင်ဖြစ်သူတစ်ဦးက “ဘဝအပေါ်ထားရှိသည့် ယေဘုယျအမြင်က သွေးဆုံးချိန်ကို ဖြတ်သန်းနိုင်အောင် လမ်းပြပေးသည်ဟု ကျွန်မရိုးသားစွာ ယုံကြည်သည် . . . အိုခြင်းသည် ပြောင်းလဲခြင်းတရားဖြစ်သည်ကို ကျွန်မသိပါသည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရှောင်လွှဲ၍မရဘဲ မုချရင်ဆိုင်ရကြမည်၊ . . . သွေးဆုံးခြင်းသည် ရောဂါတစ်ခု မဟုတ်ကြောင်း ကျွန်မသဘောပိုင်းဖြတ်ထားပါသည်။ ၎င်းသည် ကျွန်မဘဝ၏တစ်စိတ်တစ်ဒေသမျှသာ ဖြစ်သည်” ဟုဆိုသည်။

ထို့ကြောင့် လူ့ဘဝ၏ ဤအခန်းကဏ္ဍသစ် ချဉ်းကပ်လာသည်နှင့်အမျှ ရင်ဆိုင်ရမည့် အသစ်သောစိန်ခေါ်ချက်များကို အချိန်ယူ၍ အလေးအနက်တွေးတောပါ။ လျစ်လျူမရှုသင့်သော အရာများမှာ သွေးဆုံးခြင်းကြောင့် ကိုယ်ခန္ဓာအပေါ် သက်ရောက်သည့် ရုပ်ပိုင်းဆိုင်ရာ အကျိုးဆက်များပင်ဖြစ်သည်။ ဆရာဝန်နှင့် ကျွမ်းကျင်သူတို့က အဆိုပါ အကူးအပြောင်းကာလအတွက် ကြိုတင်ပြင်ဆင်သည့်အနေနှင့် ကျန်းမာရေးအခြေခံမူများကိုလိုက်နာရန် အားပေးကြသည်။ ၎င်းမူများမှာ ကျန်းမာရေးညီညွတ်သောအစားအစာ၊ လုံလုံလောက်လောက်အနားယူခြင်း၊ တော်ရုံတန်ရုံ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းယူခြင်းတို့ဖြစ်သည်။

စားသောက်မြဲအစာနှင့် လေ့ကျင့်ခန်း

အမျိုးသမီးတစ်ဦး အသက်ကြီးလာသည့်အခါ လိုအပ်သော အစာအာဟာရဓာတ်များ (ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အဆီ၊ ဗီတာမင်နှင့် သတ္တုဓာတ်များ) လျော့ကျမသွားသော်လည်း ကယ်လိုရီ (တေဇောဓာတ်) လိုအပ်မှုမှာ လျော့သွားသည်။ သို့ဖြစ်သောကြောင့် အာဟာရဓာတ်များ ပေါကြွယ်သော အစားအစာများကိုစား၍ “ကယ်လိုရီမပါသော” အချိုအဆီအဆိမ့် အစားအစာများကိုရှောင်ရန် အရေးကြီးသည်။

လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းအားဖြင့် စိတ်သောကဖိစီးမှုနှင့် စိတ်ဓာတ်ကျခြင်းတို့ကို ကိုယ်တွယ်ဖြေရှင်းနိုင်စွမ်း တိုးမြှင့်စေသည်။ စွမ်းအင်ကို တိုးများစေသည့်အပြင် ကိုယ်အလေးချိန်မတိုးအောင်လည်းထိန်းပေးသည်။ အသက်ကြီးလာသည်နှင့်အမျှ အခြေခံဇီဝရုပ်ပြောင်းလဲမှုနှုန်း (basal metabolic rate) သည် တဖြည်းဖြည်းကျဆင်းလာသဖြင့် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် မြှင့်တင်မပေးပါက ကိုယ်အလေးချိန် တဖြည်းဖြည်းတိုးလာပေမည်။

လေ့ကျင့်ခန်းယူခြင်းနှင့်အတူ ကယ်လဆီယမ်ထုံးဓာတ်ဖြည့်စွက်ခြင်းတို့သည် အရိုးပွ၍ ကျွတ်ဆတ်ကျိုးပဲ့လွယ်သည့်ရောဂါ (osteoporosis) ဖြစ်ပေါ်မှုကို နှေးကွေးစေနိုင်သည် ဟူသောဗဟုသုတကို အမျိုးသမီးများသိရှိထားရန် အထူးပင်အရေးကြီးသည်။ “နည်းစနစ်ကျသော အေရိုးဘစ်လေ့ကျင့်ခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ အခြားအေရိုးဘစ်အားကစားနည်းနှင့် အလေးမခြင်း” တို့သည် အထူးအကျိုးပြုကြောင်း Women Coming of Age စာအုပ်ကဖော်ပြသည်။ စိတ်ဝင်စားစရာမှာ ဝေးလံခေါင်သီသည့်အရပ်ဒေသအချို့တွင် အိုမင်းရင့်ရော်သည့်အရွယ်အထိ လှုပ်လှုပ်ရှားရှား သွားလာလုပ်ကိုင်ကြသော လူ့အဖွဲ့အစည်းများ၌ အမျိုးသမီးများသည် ပုံမှန်အားဖြင့် အသက် ၈၀ ကျော် ၉၀ ကျော်သည့်အထိ အသက်ရှင်ကြသည်။ သို့ရာတွင် လေ့ကျင့်ခန်းအစီအစဉ် တစ်မျိုးမျိုးစတင်မယူမီ ဆရာဝန်နှင့်တိုင်ပင်လျှင်ကောင်းမည်။

ကိုယ်အပူပြန်ခြင်းကို ကိုင်တွယ်ဖြေရှင်းခြင်း

အမျိုးသမီးအများအဖို့ ကိုယ်အပူပြန်ခြင်းသည် စိတ်အနှောင့်အယှက် ဖြစ်စရာလောက်သာဖြစ်သည်။ သို့သော် အချို့သူတို့အဖို့မူ ကိုယ်အပူပြန်ခြင်းသည် တကယ့်ပြဿနာတစ်ခုဖြစ်သည်။ အကြောင်းမှာ မကြာခဏအပူပြန်တတ်သောကြောင့်၊ သို့မဟုတ် ခဏခဏ အိပ်ရေးပျက်တတ်သောကြောင့်ဖြစ်သည်။ မည်သို့ပြုနိုင်သနည်း။

ဦးဆုံးအနေနှင့် ထိတ်ထိတ်ပျာပျာမဖြစ်ပါနှင့်။ စိုးရိမ်စိတ်က အခြေအနေကို ပို၍သာဆိုးစေမည်ဖြစ်သည်။ အားစိုက်ရသောလေ့ကျင့်ခန်း မှန်မှန်ပြုလုပ်လျှင် အကျိုးရှိသည်။ အဘယ်ကြောင့်ဆိုသော် ဤသို့သောလေ့ကျင့်ခန်းမျိုးသည် လွန်ကဲသောအပူချိန်ကို ကိုယ်ခန္ဓာက ဖြေရှင်းတတ်အောင်၊ မြန်မြန်အပူကျအောင် အထောက်အကူပြု၍ဖြစ်သည်။ ၎င်းပြင် ရေအေးတစ်ခွက်လောက်သောက်ခြင်း၊ သို့တည်းမဟုတ် အေးသောရေထဲ၌ လက်ကိုစိမ်ထားခြင်းကဲ့သို့သော လွယ်ကူသည့်နည်းကိုလည်း စမ်းသပ်ကြည့်ပါ။

ထို့အပြင် အဝတ်အစားများကို အချိန်မရွေး ထပ်၍ဝတ်နိုင်ချွတ်နိုင်အောင် အထပ်ထပ်ဝတ်ဆင်သည့်အကျင့် ပြုလုပ်ပါ။ ချည်ထည်နှင့် ပိတ်ချောထည်တို့သည် ဓာတုချည်မျှင်ထည်ထက် ပို၍ချွေးခြောက်လွယ်သည်။ ညအိပ်ရာဝင်ချိန်တွင် လိုအပ်သလို ထပ်၍ခွာ၍ရအောင် စောင်များကိုအထပ်လိုက်ခြုံကြည့်ပါ။ လဲလှယ်စရာ ညဝတ်အင်္ကျီကိုလည်း အဆင်သင့်ယူထားပါ။

သင့်အား ကိုယ်အပူပြန်စေသည့်အရာကို လေ့လာမှတ်သားရန်အားထုတ်ပါ။ အရက်၊ ကက်ဖီအင်း၊ သကြားနှင့် အပူအစပ်၊ သို့မဟုတ်အမွှေးအကြိုင်ပါသောအစာတို့ကို စားသောက်ခြင်းဖြင့် ရုတ်တရက် ကိုယ်အပူပြန်စေနိုင်သည်။ ဆေးလိပ်သောက်ခြင်းသည်လည်း ကိုယ်အပူပြန်စေနိုင်သည်။ အဘယ်အချိန်နှင့် အဘယ်နေရာ၌ ကိုယ်အပူပြန်သည်ကို နေ့စဉ်မှတ်တမ်းထားခြင်းအားဖြင့် ကိုယ်အပူပြန်ခြင်းကို မြန်မြန်ဖြစ်စေတတ်သည့် အစားအစာများနှင့် လှုပ်ရှားဆောင်ရွက်မှုများကို ခွဲခြားသတ်မှတ်နိုင်အောင် အထောက်အကူပြုနိုင်ဖွယ်ရှိသည်။ ထို့နောက် ထိုအရာများကိုရှောင်ကြဉ်ပါ။

အာဟာရဓာတ်ဆေးပညာ ကျွမ်းကျင်သောဆရာဝန်တို့က ကိုယ်အပူပြန်ခြင်းကိုသက်သာစေသည့် ဆေးဝါးကုသနည်းအမျိုးမျိုးကို အကြံပြုကြသည်။ ဥပမာအားဖြင့် ဗီတာမင်အီး၊ ညနေပရင်းမ်ရို့စ်အဆီ (evening primrose oil)၊ ဂျင်စင်းမြစ် (ginseng)၊ ဒွန်ဂွေး (dong quai) နှင့် ဘလက်ခ် ကိုဟို့ရှ်ပင် (black cohosh) စသည်တို့ဖြစ်သည်။ ဆရာဝန်အချို့၏အဆိုအရ ဗယ်လာဂေါ (Bellergal) နှင့် ကလိုနီဒင်း (clonidine) ဆေးပေးခြင်းဖြင့် သက်သာစေနိုင်သော်လည်း အီစတြိုဂျင်ဟိုမုန်းဆေးလုံးများ သို့မဟုတ် ကပ်ဆေးများသည် အထိရောက်ဆုံးဖြစ်သည်ဟု ဆိုကြသည်။a

မိန်းမကိုယ်အတွင်း အရည်ဓာတ်ခန်းခြောက်ခြင်းကို ဟင်းရွက်ဆီ သို့မဟုတ် သစ်သီးဆီ၊ ဗီတာမင်-အီးအဆီနှင့် ချောမွတ်စေသောအရည်တို့ကို သုတ်လိမ်းခြင်းအားဖြင့် ကုစားနိုင်သည်။ ဤအရာတို့နှင့် မလုံလောက်ပါက အီစတြိုဂျင်ကရင်မ်ကိုသုံးခြင်းဖြင့် မိန်းမကိုယ်မျက်နှာပြင်ကို ထူထဲ၍ချောမွတ်စေနိုင်သည်။ ကုထုံးအစီအစဉ်တစ်မျိုးမျိုး မစတင်မီ ဆရာဝန်တစ်ဦးနှင့်တိုင်ပင်ခြင်းသည် အမြော်အမြင်ရှိရာရောက်သည်။

စိတ်ဖိစီးမှုနှင့်ပတ်သက်၍ကော မည်သို့ဆိုမည်နည်း

အမျိုးသမီးတစ်ဦးသည် သွေးဆုံးခြင်းနှင့်အတူလိုက်ပါလာသည့် ဟိုမုန်းဓာတ်နှင့်ကာယပြောင်းလဲမှုများနှင့် လုံးပန်းနေရစဉ်တစ်ချိန်တည်းတွင် စိတ်ဖိစီးမှုဖြစ်စေသည့် အခြားသောအဖြစ်အပျက်များနှင့်လည်း မကြာမကြာ ရင်ဆိုင်ရလေ့ရှိသည်။ ၎င်းအဖြစ်အပျက် အတော်များများကို ရှေ့ဆောင်းပါးတွင် ဖော်ပြပြီးဖြစ်သည်။ တစ်ဖက်တွင် မြေးတစ်ဦးမွေးဖွားခြင်း၊ သို့မဟုတ် သားသမီးများ အိမ်ထောင်ခွဲသွားပြီးနောက် အသစ်သော လှုပ်ရှားဆောင်ရွက်မှုများကို လိုက်စားခြင်းကဲ့သို့သော အပေါင်းလက္ခဏာဆောင်သော အရာများသည် အနုတ်လက္ခဏာဆောင်သော စိတ်ဖိစီးမှုကို တန်ပြန်ချေဖျက်ပေးနိုင်သည်။

စူစန်ပါရီနှင့် ဒေါက်တာ ကက်သရင်း အေ.အိုဟဲန်လဲန်တို့က ၎င်းတို့ရေးသားသည့် Natural Menopause စာအုပ်တွင် စိတ်ဖိစီးမှုကို ကောင်းစွာကိုင်တွယ်နိုင်သော လက်တွေ့ကျသည့်အကြံပြုချက်အချို့ ပေးထားသည်။ သူတို့က စိတ်ဖိစီးမှုဖြစ်စေသည့် အကြောင်းတရားတို့ကို ဖော်ထုတ်ရန်၊ ၎င်းနောက် မကြာမကြာ အနားယူပေးရန်လိုအပ်ကြောင်း ထောက်ပြကြသည်။ ဆိုလိုသည်မှာ နာတာရှည်ရောဂါဖြစ်နေသော အိမ်သားတစ်ဦးကိုပြုစုရာ၌ တစ်ဦးဦးထံမှ အကူအညီတောင်းယူဖို့လိုသည့်သဘောပင်ဖြစ်သည်။ “ခြေလှမ်းကို မှန်မှန်လှမ်းပါ။ မနိုင်ဝန်ကိုမထမ်းမိအောင် သတိနှင့်ရှောင်ပါ။ . . . သင့်ခန္ဓာကိုယ်၏ သတိပေးချက်ကို ဂရုစိုက်ပါ” ဟူ၍ သူတို့ကတိုက်တွန်းထားသည်။ “သူတစ်ပါးအတွက် အကျိုးဆောင်ပေးခြင်းသည် . . . စိတ်ဖိစီးမှုကို များစွာလျော့ပါးစေနိုင်သည်။ . . . လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ . . . သင့်ဘဝတွင် စိတ်ဖိစီးမှုကို မထိန်းနိုင်တော့သည့် အခြေအနေရောက်လာပါက တတ်ကျွမ်းသောပညာရှင်ထံ အကူအညီတောင်းခံပါ” ဟူ၍ဖြည့်စွက်ဖော်ပြထားသည်။

မိသားစုဝင်များ ဝိုင်းဝန်းကူညီပေးနိုင်၏

သွေးဆုံးချိန်ရောက်နေသည့် အမျိုးသမီးတစ်ဦးသည် သူ၏စိတ်လှုပ်ရှားမှုဆိုင်ရာ ပြောင်းလဲမှုအပေါ် နားလည်စာနာ၍ လက်တွေ့ကျသောအထောက်အကူ ပေးသည်ကိုလိုအပ်၏။ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးက စိုးရိမ်ပူပန်စိတ် ဒုက္ခပေးလာသည့်အခါများ၌ သူဘာလုပ်လေ့ရှိကြောင်း ပြောပြရာ၌ “ကျွန်မရဲ့ရင်ထဲကခံစားချက်တွေ့ ကို ကျွန်မယောက်ျားကို အသေးစိတ်ပြောပြတယ်။ ကျွန်မယောက်ျားရဲ့ စာနာထောက်ထားတဲ့နားလည်မှုကို ရပြီးတဲ့နောက်မှာ ကျွန်မရဲ့ပြဿနာတွေဟာ စိုးရိမ်မှုလွန်ကဲတဲ့ ကျွန်မရဲ့စိတ်ထင်သလောက် မကြီးကျယ်ပါလားဆိုတာ ကျွန်မသဘောပေါက်လာတယ်” ဟုပြောပြသည်။

ဇနီးဖြစ်သူသည် သွေးဆုံးချိန်တွင် ခါတိုင်းကဲ့သို့ ပုံမှန်လုပ်ကိုင်ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်းကိုလည်း အကင်းပါးသောလင်ယောက်ျားတစ်ဦးအနေဖြင့် နားလည်သဘောပေါက်ပေမည်။ ထို့ကြောင့် သူသည် ကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် မိသားစုတာဝန်များကို ဝိုင်းဝန်းကူညီရန် ဂရုစိုက်ပေမည်။ ဥပမာ အဝတ်လျှော်၊ ဈေးဝယ်စသည်ဖြင့်။ သနားကြင်နာစွာနှင့် ဇနီးဖြစ်သူ၏ လိုအပ်ချက်များကို မိမိကိုယ်တိုင်၏လိုအပ်ချက်ထက်ဦးစားပေးမည်။ (ဖိလိပ္ပိ ၂:၄) ရံဖန်ရံခါ အပြင်ထွက်၍ထမင်းစားရန် အကြံပြုနိုင်သည်၊ သို့မဟုတ် နေ့စဉ်တကုတ်ကုတ် လုပ်ရသောလုပ်ရိုးလုပ်စဉ်မှ ကြည်နူးဖွယ်ကောင်းသော အပြောင်းအလဲတစ်ခုဖြစ်အောင် အခြားတစ်နည်းနည်းဖြင့် ပြုလုပ်နိုင်သည်။ သူ့အနေဖြင့် သဘောထားချင်း မတိုက်ဆိုင်မှုများကို အတတ်နိုင်ဆုံးရှောင်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်သည့်အကျင့်ကို ဇနီးဖြစ်သူ ကြိုးစားထိန်းသိမ်းသည်ကို အားပေးထောက်မပေးမည်။

အရေးအကြီးဆုံးမှာ လင်ယောက်ျားဖြစ်သူသည် မိမိဇနီးသည်၏လိုအပ်ချက်ကိုဖြည့်ဆည်း၍ သူ့ကိုချစ်မြဲချစ်နေကြောင်း စိတ်ချယုံကြည်အောင် မှန်မှန်ပြသမည်ဖြစ်သည်။ သူ့အနေဖြင့် ပိုင်းခြားသိမြင်တတ်ရန်လိုသည့်ပြင် ဤကဲ့သို့သောအချိန်အခါမျိုးတွင် ဇနီးဖြစ်သူ၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ကျီစယ်နောက်ပြောင်ရမည့်အချိန်မဟုတ်ကြောင်း နားလည်ရန်လိုသည်။ ဇနီးဖြစ်သူအား မေတ္တာနှင့်ဆက်ဆံသောလင်ယောက်ျားသည် ‘သတိပညာနှင့်လျော်စွာ ကိုယ့်ခင်ပွန်းနှင့်အတူနေ၍၊ သူ့ကို သာ၍အားနည်းသော ကိရိယာတန်ဆာကဲ့သို့မှတ်လျက် ထောက်ထားညှာတာကြလော့’ ဟူသော ကျမ်းစာဆုံးမသြဝါဒကို လိုက်နာရာရောက်သည်။—၁ ပေတရု ၃:၇။

ထိုနည်းတူ သားသမီးတို့အနေဖြင့်လည်း မိခင်ဖြစ်သူ၏ စိတ်လှုပ်ရှားပြောင်းလဲမှု မြန်ဆန်ရသည့်အကြောင်းကိုနားလည်အောင် အမှန်တကယ်ကြိုးစားသင့်သည်။ မိခင်ဖြစ်သူသည် ကိုယ်ပိုင်သီးသန့်အချိန်လိုအပ်ကြောင်း နားလည်သိရှိရန်လိုသည်။ မိခင်၏စိတ်နေစိတ်ထားကို အကင်းပါးစွာ သိရှိတတ်ခြင်းဖြင့် မိခင်အား သူတို့ တကယ်ပင်ဂရုစိုက်ကြောင်း ပြသရာရောက်သည်။ တစ်ဖက်တွင် မိခင်ဖြစ်သူ၏ အပြောင်းအလဲမြန်ဆန်သည့်သဘောကို နောက်ပြောင်မည်ဆိုလျှင် အခြေအနေကို ပိုမိုဆိုးရွားစေရုံသာရှိမည်။ ဘာဖြစ်နေသည်ကို ကောင်းစွာနားလည်ရန် သင့်တော်သောမေးခွန်းများမေး၍ အိမ်အလုပ်များကို ခိုင်းစရာမလိုဘဲအလိုက်သိသိနှင့် ကူညီပေးပါ။ ဤသည်တို့မှာ သွေးဆုံးချိန်ရောက်နေသည့် မိခင်တစ်ဦးကို အားပေးထောက်မမှု ပေးနိုင်သည့်နည်းလမ်း အနည်းအကျဉ်းမျှသာဖြစ်ပါသည်။

သွေးဆုံးပြီးနောက် အသက်တာ

အမျိုးသမီးတစ်ဦး၏အသက်တာတွင် ဤကာလပိုင်းကုန်လွန်ပြီးနောက် ရှေ့တွင်လျှောက်လှမ်းရမည့်ခရီး နှစ်ပေါင်းများစွာ ကျန်ရှိနေသေးသည်။ သူမဆည်းပူးထားသည့် ဉာဏ်ပညာနှင့်အတွေ့အကြုံတို့သည်အတိုင်းမသိအဖိုးထိုက်တန်၏။ “အရွယ်ရောက်ပြီးသော လူကြီးခြောက်သောင်း” ကိုလေ့လာခဲ့သော စာရေးဆရာမ ဂေးလ် ရှီးအီး၏တွေ့ရှိချက်က “အသက်ငါးဆယ်ကျော် အမျိုးသမီးများသည် ၎င်းတို့၏ကိုယ်တိုင်ဖွင့်ဆိုချက်အရ သူတို့၏အသက်တာတွင် ကုန်လွန်ခဲ့သော မည်သည့်ကာလပိုင်းထက်မဆို ပို၍စိတ်ချမ်းမြေ့သာယာကြောင်း အခိုင်အမာပြဆိုသည်။”

မှန်ပါသည်၊ ဤအပြောင်းအလဲကာလကို လွန်မြောက်ခဲ့ကြသော အမျိုးသမီးအများသည် အားသစ်မာန်သစ် ပြန်လည်ပြည့်ဖြိုးလာကြသည်။ ၎င်းတို့၏ဖန်တီးမှုစွမ်းရည် ပြန်လည်ရှင်သန်လာပြီး တက်တက်ကြွကြွ ဖျတ်ဖျတ်လတ်လတ်နှင့် အကျိုးပြုသည့် လှုပ်ရှားဆောင်ရွက်မှုတွင် ပါဝင်လာကြသည်။ “ဦးနှောက်ကို အမြဲတမ်းနိုးကြားဖျတ်လတ်နေအောင် ကျွန်မထားတယ်။ အသစ်အဆန်းတွေကို အဆက်မပြတ်လေ့လာဆည်းပူးတယ်” ဟု သွေးဆုံးချိန်ကိုကျော်လွန်ခဲ့သော အမျိုးသမီးတစ်ဦးကဆို၏။ “သူများနဲ့ယှဉ်ရင် ကျွန်မက နည်းနည်းပါးပါး နှေးရင်နှေးမှာပေါ့။ ဒါပေမဲ့ ဒါကို ဘဝဆုံးတယ်လို့ ကျွန်မသဘောမထားပါဘူး။ ဘဝခရီးနှစ်များစွာ ဆက်လက်လျှောက်လှမ်းရမယ်လို့ ကျွန်မမျှော်လင့်ထားတယ်” ဟူ၍ ဖြည့်စွက်ပြောဆိုသည်။

ထူးခြားမှတ်သားဖွယ်ကောင်းသည်မှာ အမျိုးသမီးများနှင့် တွေ့ဆုံမေးမြန်းရာ၌ ရှီးအီးက “သွေးဆုံးချိန်လွန်မြောက်ပြီးနောက် ဂုဏ်အဆင့်အတန်းနှင့် ကိုယ့်သိက္ခာကိုယ်လေးစားစိတ် မြင့်တက်လာသူတို့မှာ ၎င်းတို့၏ဉာဏ်စွမ်း၊ ပိုင်းခြားနိုင်စွမ်း၊ ဖန်တီးနိုင်စွမ်း သို့တည်းမဟုတ် ဝိညာဉ်ခွန်အားကို အဓိကတန်ဖိုးထားသည့် လုပ်ဆောင်မှုများကို လုပ်ဆောင်ကြသူများဖြစ်ကြောင်း” တွေ့ရှိခဲ့သည်။ မိမိတို့၏ ကျမ်းစာအသိပညာနှင့် နားလည်သိရှိမှုတို့ကို တိုးပွားအောင်ကြိုးစား၍ ကျမ်းစာ၏တန်ဖိုး အစစ်အမှန်ကို အခြားသူတို့အား သင်ကြားပေးရာ၌ ပျော်ရွှင်နေကြသည့် အမျိုးသမီးထုတစ်ရပ် ယခုရှိနေပါသည်။—ဆာလံ ၆၈:၁၁။

အပြုသဘောဆောင်သော ဘဝအမြင်ကိုထိန်းသိမ်း၍ အဓိပ္ပာယ်ပြည့်စုံသောအလုပ်များကို လုပ်ဆောင်ခြင်းအပြင် အမျိုးသမီးရှိသမျှတို့အနေဖြင့် မည်သည့်အရွယ်၌ရှိစေကာမူ မေတ္တာပြည့်ဝသည့်ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့၏ခံစားချက်များကို သိရှိသည့်အပြင် ကျွန်ုပ်တို့ကို အမှန်ပင် ကြည့်ရှုစောင့်ရှောက်တော်မူကြောင်း မိမိတို့ကိုယ်ကို အစဉ်သတိပေးနေခြင်းသည် ပညာအမြော်အမြင် ရှိရာရောက်သည်။ (၁ ပေတရု ၅:၇) မှန်ပါသည်၊ ယေဟောဝါဘုရားသခင်သည် မိမိအားဝတ်ပြုသူအားလုံးအတွက် နောက်ဆုံးတစ်နေ့တွင် ဖျားနာခြင်း၊ ဆင်းရဲဒုက္ခ သို့မဟုတ် သေခြင်းပင်မရှိတော့သည့် ဖြောင့်မတ်သောကမ္ဘာသစ်တွင် ဘဝကိုပျော်မွေ့ရန် အစီအစဉ်ပြုလုပ်ထားတော်မူ၏။—၂ ပေတရု ၃:၁၃; ဗျာဒိတ် ၂၁:၃၊ ၄။

ထို့ကြောင့်၊ သွေးဆုံးချိန်ကိုဖြတ်သန်းနေရသော အသင်အမျိုးသမီးတို့၊ သွေးဆုံးချိန်ဆိုသည်မှာ လူ့ဘဝ၏ ကာလအပိုင်းအခြားတစ်ခုမျှသာဖြစ်ကြောင်း မမေ့ပါနှင့်။ ဤကာလအပိုင်းအခြားသည် ကုန်လွန်သွားမည်ဖြစ်သည်။ ကျန်ရှိသည့်နှစ်ကာလကို ကျွန်ုပ်တို့၏ မေတ္တာပြည့်ဝသော ဖန်ဆင်းရှင်အားဝတ်ပြုရာ၌ အကျိုးရှိရှိ အသုံးပြုမည်ဆိုပါက ကြွယ်ဝသောဆုကျေးဇူး ခံစားရမည်ဖြစ်သည်။

[အောက်ခြေမှတ်ချက်]

a မည်သည့်ဆေးကုသနည်းကိုမျှ နိုးလော့! မဂ္ဂဇင်းက အထူးအကြံပြုထောက်ခံခြင်းမပြုပါ။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]

အီစတြိုဂျင်အစားဖြည့်ကုထုံးအကြောင်း မည်သို့ဆိုစရာရှိသနည်း

အီစတြိုဂျင်ဟိုမုန်းသည် သွေးဆုံးပြီးသောအမျိုးသမီးများ ခံစားရသည့်ရောဂါများ၏ အဓိကအကြောင်းတရားနှစ်ခုဖြစ်သော နှလုံးရောဂါနှင့် အရိုးပွရောဂါတို့ မဖြစ်စေရန်ကာကွယ်ပေးသည်။ အီစတြိုဂျင်ဟိုမုန်းဓာတ်ပမာဏ လျော့နည်းလာသည်နှင့်အမျှ ဤရောဂါများစတင်ဖြစ်ပေါ်ပြီး ၅ နှစ် သို့မဟုတ် ဆယ်နှစ်အတွင်း ရောဂါပေါ်လာတတ်သည်။ အီစတြိုဂျင်အစားဖြည့်ကုထုံး သို့မဟုတ် ဟိုမုန်းဓာတ် (အီစတြိုဂျင်နှင့် ပရိုဂျက်စထရွန်) အစားဖြည့်ခြင်းကုထုံးကို အဆိုပါရောဂါတို့အား ကာကွယ်ရန်အတွက်အသုံးပြုရန် အကြံပြုထောက်ခံထားသည်။

အီစတြိုဂျင်ဟိုမုန်းအစားဖြည့်ခြင်းအားဖြင့် အရိုးပစ္စည်းဆုံးရှုံးသည့်နှုန်းကို လျော့နည်းစေနိုင်သည့်ပြင် နှလုံးရောဂါဖြစ်ပွားခြင်းကိုလည်း တားဆီးပေးနိုင်သည်။ ဟိုမုန်းအစားဖြည့်ကုထုံး အစီအစဉ်ထဲတွင် ပရိုဂျက်စထရွန်ဟိုမုန်း ထည့်သွင်းခြင်းဖြင့် ရင်သားနှင့်သားအိမ်ကင်ဆာဖြစ်ပွားမှုကို လျော့နည်းစေနိုင်သော်လည်း နှလုံးရောဂါအတွက် အီစတြိုဂျင်ဟိုမုန်းသက်ရောက်သည့် ကောင်းကျိုးကို ပျက်ပြယ်စေသည်။

ဟိုမုန်းအစားဖြည့်ကုထုံးကို လက်ခံမည်လက်မခံမည်ဆိုသည့် ဆုံးဖြတ်ချက်မှာ အမျိုးသမီးတစ်ဦးစီ၏ အခြေအနေ၊ ကျန်းမာရေးနှင့် မိသားစု၏ရောဂါရာဇဝင်တို့ကို အသေးစိတ်စစ်ဆေးပြီးနောက် ရရှိသည့်အချက်ပေါ်မူတည်ပါသည်။b

[အောက်ခြေမှတ်ချက်များ]

b “အီစတြိုဂျင်ဟိုမုန်း အစားဖြည့်ကုထုံး—သင့်အတွက်လိုအပ်သလော” ဆောင်းပါးရှု။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]

မည်သည့်ဓာတ်စာသည် အကောင်းဆုံးဖြစ်သနည်း

အောက်ပါအကြံပြုချက်များမှာ ဆူဆန်ပါရီနှင့် ဒေါက်တာ ကက်သရင်း အေ.အိုဟဲန်လဲန်တို့ရေးသားသည့် Natural Menopause—The Complete Guide to a Women’s Most Misunderstood Passage စာအုပ်မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

ပရိုတင်း

• ပရိုတင်းစားသုံးသည့်ပမာဏကို ကယ်လိုရီစားသုံးမှုပမာဏ စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းထက် မပိုအောင်လျှော့ချပါ။

• ပရိုတင်းကို ဟင်းသီးဟင်းရွက်မှ များများရယူပြီး တိရစ္ဆာန်များမှ လျှော့ယူပါ။

ကာဘိုဟိုက်ဒရိတ်

• ဒြပ်ပေါင်းကာဘိုဟိုက်ဒရိတ် များများစားပါ၊ ဥပမာ၊ အစေ့အဆန်အမျိုးမျိုး၊ ပေါင်မုန့်နှင့် အီတလီခေါက်ဆွဲ (pasta)၊ ပဲအမျိုးမျိုး၊ ခွံမာသီး၊ ဆန်၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ။

• သကြားနှင့် သကြားများသောအစားအစာများကို လျှော့စားပါ။

• အမျှင်ကြွယ်ဝသော အစားအစာကို ပိုစားပါ။

အဆီ

• အဆီစားသုံးမှု စုစုပေါင်းပမာဏကို ကယ်လိုရီစားသုံးမှု စုစုပေါင်းပမာဏ၏ ၂၅ မှ ၃၀ ရာခိုင်နှုန်းထက်မပိုသည်အထိ လျှော့ချပါ။

• အဆီစားသုံးမှု စုစုပေါင်းပမာဏကို လျှော့ချသည်နှင့်အမျှ ‘ကောင်းသောအဆီ’ (ဗဟုမပြည့်ဝဆီ၊ polyunsaturated) ၏အချိုးကို ‘မကောင်းသောအဆီ’ (ပြည့်ဝဆီ၊ saturated) ၏အချိုးထက် တိုးမြှင့်ပေးပါ။

ရေ

• ရှစ်အောင်စဝင်ဖန်ခွက်ဖြင့် ရေခြောက်ခွက်မှရှစ်ခွက်အထိ နေ့စဉ်သောက်ပါ။

ဗီတာမင်နှင့် သတ္တုဓာတ်

• ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံအမျိုးမျိုးကို နေ့စဉ်ပြောင်းလဲစားပါ။

• နို့၊ နို့ထွက်ပစ္စည်း၊ ပန်းဂေါ်ဖီမျိုးနှင့် အစိမ်းရောင်ဟင်းရွက်တို့သည် ကယ်လဆီယမ်ထုံးဓာတ် ကြွယ်ဝလှသည်။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

မိသားစုဝင်များ ပေးနိုင်သည့်အကူအညီ—ချစ်ခင်စုံမက်မှုပြခြင်း၊ အိမ်မှုကိစ္စကူညီပေးခြင်း၊ ဂရုစိုက်နားထောင်ပေးခြင်း၊ ရံဖန်ရံခါ အပြောင်းအလဲ ပြုလုပ်ပေးခြင်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ