သာ၍ကောင်းစွာ နားလည်လာခြင်း
“အမျိုးသမီးတစ်ဦးရဲ့ဘဝမှာ ဒီအချိန်ပိုင်းဟာ ပျော်စရာကောင်းတယ်လို့မပြောနိုင်ပေမဲ့ အဲဒီကနေ လူတိုင်း သင်ခန်းစာရနိုင်တယ်လို့တော့ ကျွန်မထင်တယ်။ ကျွန်မရဲ့ကာယကန့်သတ်ချက်တွေကို ပညာသတိရှိရှိနဲ့ ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ကျွန်မသင်ခန်းစာရခဲ့တယ်။ ကိုယ်ခန္ဓာက သူ့ကိုဂရုစိုက်ဖို့၊ အနားပေးဖို့အချက်ပြလာပြီဆိုရင် ကျွန်မ ချက်ချင်းနာခံပြီး ကောင်းကောင်းအနားယူပစ်လိုက်တယ်” ဟူ၍ သွေးဆုံးချိန်ကို ဖြတ်သန်းခဲ့သော အမျိုးသမီးတစ်ဦးက ဝန်ခံပြောဆိုခဲ့သည်။
သွေးဆုံးခြင်းနှင့်ပတ်သက်၍ “ဘာဖြစ်လာမည်ကိုမသိခြင်း” သည် အဆိုးဆုံးပင်ဖြစ်ကြောင်း Canadian Family Physician မဂ္ဂဇင်းတွင်ပါရှိသည့် အမျိုးသမီးများအကြောင်း စာတမ်းတစ်စောင်၌ဖော်ပြထားသည်။ သို့သော် သွေးဆုံးခြင်းသည် ဓမ္မတာဖြစ်စဉ်တစ်ရပ်ဖြစ်ကြောင်း သိရှိနားလည်ထားသည့် အမျိုးသမီးတို့မူကား “စိုးရိမ်သောက၊ စိတ်ညှိုးငယ်ခြင်းနှင့် စိတ်တိုခြင်းအဖြစ်နည်းပြီး သူတို့ဘဝနှင့်ပတ်သက်၍ ကောင်းသောအမြင်ပို၍ရှိကြသည်။”
သွေးဆုံးခြင်းဟူသည်မှာ
Webster’s Ninth New Collegiate Dictionary က သွေးဆုံးခြင်း (menopause) ကို ဤသို့အနက်ဖွင့်ထားသည်– “အသက် ၄၅ နှစ်နှင့် ၅၀ အတွင်း သာမန်အားဖြင့် ဖြစ်ပွားလေ့ရှိသည့် သဘာဝဓမ္မတာလာခြင်း ပြီးဆုံးသွားသောကာလ။” သွေးဆုံးခြင်းကို ဓမ္မတာမီးယပ်သွေးဆင်းခြင်း လုံးဝရပ်စဲခြင်းဟူ၍လည်း တိတိကျကျသတ်မှတ်ကြသည်။
အချို့အမျိုးသမီးများ၌ ဓမ္မတာသွေးဆင်းခြင်း ရုတ်တရက်ပြီးဆုံးတတ်သည်။ နောက်ဆုံးဓမ္မတာလာပြီးနောက် နောက်ထပ်မလာတော့ချေ။ အချို့၌မူ ဓမ္မတာလာသည့်အချိန် မမှန်တော့ဘဲ သုံးပတ်မှ လအတန်ကြာအထိခြား၍ လာတတ်သည်။ အမျိုးသမီးတစ်ဦးအနေဖြင့် တစ်နှစ်တိတိ ဓမ္မတာမလာတော့လျှင် နောက်ဆုံးအကြိမ် ရာသီသွေးဆင်းချိန်၌ သွေးဆုံးပြီဟု တထစ်ချမှတ်ယူနိုင်သည်။
အဘယ်အချိန်နှင့် အဘယ်ကြောင့်ဖြစ်ပေါ်သနည်း
မျိုးရိုးလိုက်မှု၊ ဖျားနာမှု၊ စိတ်ဖိစီးမှု၊ မှီဝဲသည့်ဆေးဝါးနှင့် ခွဲစိတ်ကုသမှုတို့က သွေးဆုံးခြင်းဖြစ်ပေါ်သည့်အချိန်အပေါ် သက်ရောက်လွှမ်းမိုးမှုရှိနိုင်သည်။ မြောက်အမေရိကတိုက်တွင် သွေးဆုံးခြင်းဖြစ်ပေါ်သည့် ပျှမ်းမျှအရွယ်မှာ အသက် ၅၁ နှစ်ဖြစ်သည်။ ယေဘုယျအားဖြင့် အသက် ၄၀ ကျော်နှင့် ၅၀ နှစ်အကြားတွင် ဖြစ်ပေါ်တတ်ပြီး ထိုထက်စောခြင်း သို့မဟုတ် နောက်ကျခြင်းလည်း ရှားရှားပါးပါး ဖြစ်တတ်သည်။ စာရင်းအင်းများအရ ဆေးလိပ်သောက်သော အမျိုးသမီးများသည် စောစောသွေးဆုံးလေ့ရှိတတ်ပြီး အဝလွန်သောအမျိုးသမီးများသည် သွေးဆုံးနောက်ကျလေ့ရှိတတ်ကြသည်။
မွေးဖွားစဉ်၌ အမျိုးသမီးတစ်ဦး၏ သားဥအိမ်တွင် တစ်သက်တာအတွင်း ထုတ်လွှတ်သည့် မျိုးဥရှိသမျှ၊ အရေအတွက်အားဖြင့် သောင်းနှင့်ချီ၍ ပါရှိလာသည်။ ဓမ္မတာရာသီခွင်တိုင်းတွင် မျိုးဥ ၂၀ မှ ၁,၀၀၀ အထိ ရင့်မှည့်လာသည်။ ထို့နောက် မျိုးဥတစ်လုံး သို့မဟုတ် တစ်ခါတစ်ရံတွင် တစ်လုံးထက်မကသည် သားဥအိမ်မှ ကြွေဆင်း၍ သန္ဓေအောင်ရန်အသင့်ဖြစ်လာသည်။ ကျန်ရင့်မှည့်သည့် မျိုးဥများသည် ညှိုးရော်ပျက်စီးသွားသည်။ မျိုးဥရင့်မှည့်ခြင်းဖြစ်စဉ်ကိုလိုက်၍ အီစတြိုဂျင် (estrogen) နှင့် ပရိုဂျက်စထရုန်း (progesterone) ဟိုမုန်းဓာတ်တို့သည်လည်း ပုံမှန်တိုးလိုက်လျှော့လိုက် ဖြစ်တတ်သည်။
အမျိုးသမီးတစ်ဦး အသက် ၄၀ နီးလာသည့်အခါ အီစကြိုဂျင်နှင့် ပရိုဂျက်စထရုန်း ဟိုမုန်းဓာတ်တို့၏ပမာဏသည် တဖြည်းဖြည်းနှင့်ဖြစ်စေ၊ ပုံမှန်မဟုတ်ဘဲနှင့်ဖြစ်စေ လျော့နည်းစပြုလာပြီး ဓမ္မတာရာသီခွင်တိုင်း၌ မျိုးဥကြွေဆင်းခြင်းမရှိတော့ဘဲ ဖြစ်နိုင်သည်။ ရာသီသွေးလာသည့်အချိန် မမှန်တော့ဘဲ အများအားဖြင့် တစ်ကြိမ်နှင့်တစ်ကြိမ် အချိန်ပို၍ခြားလာသည်။ မီးယပ်သွေးဆင်းခြင်းလည်း ပုံစံပြောင်း၍ နည်းသွားတတ်သည်၊ သို့မဟုတ် များလာတတ်သည်။ နောက်ဆုံး၌ မျိုးဥကြွေဆင်းခြင်းမရှိတော့သဖြင့် ဓမ္မတာလာခြင်းလည်း ရပ်စဲသွားသည်။
နောက်ဆုံးဓမ္မတာလာခြင်းသည် ကိုယ်တွင်းဟိုမုန်းဓာတ်ပမာဏများနှင့် ဥအိမ်လုပ်ဆောင်မှုများ၌ ဖြစ်ပွားသော ပြောင်းလဲမှုဖြစ်စဉ်၏ အဆုံးသတ်အဆင့်ဖြစ်ပြီး ဆယ်နှစ်အထိ အချိန်ကြာတတ်သည်။ သို့ရာတွင် သွေးဆုံးပြီးနောက် အီစတြိုဂျင်ဟိုမုန်းဓာတ်ကို ဥအိမ်မှ ၁၀ နှစ်မှ ၂၀ နှစ်အထိ ပမာဏအနည်းငယ်စီ ဆက်လက်၍ထုတ်ပေးသည်။ အက်ဒရီနယ်ဂလင်းများ (adrenal glands) နှင့် အဆီဆဲလ်များသည် အီစတြိုဂျင် ဟိုမုန်းဓာတ်ကို ထုတ်ပေးကြသည်။
အရေးပါသော ဘဝပြောင်းလဲမှုများ
အီစတြိုဂျင်ဟိုမုန်းဓာတ် ပမာဏလျော့လာသဖြင့် ၎င်းဟိုမုန်းဓာတ်ကို အာရုံခံနိုင်သော သို့မဟုတ် ၎င်းဟိုမုန်းဓာတ်အပေါ် အမှီပြုနေရသော တစ်သျှူးများသည် ထိခိုက်လာသည်။ ကိုယ်အပူပြန်ရခြင်းမှာ ကိုယ်ခန္ဓာ၏အပူချိန်ကို ထိန်းညှိပေးရသည့် ဦးနှောက်အစိတ်အပိုင်းအပေါ် ဟိုမုန်းဓာတ်၏ သက်ရောက်မှုအကျိုးဆက်ဖြစ်သည်ဟု ယူဆကြသည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသည်ကို အတိအကျမသိရသေးသော်လည်း ကိုယ်ခန္ဓာအပူချိန်ညှိကိရိယာ (thermostat) က အောက်သို့လျော့ချလိုက်သဖြင့် စောစောကနေ၍ထိုင်၍ကောင်းသည်ဟု ခံစားရသောအပူချိန်သည် ရုတ်တရက် အလွန်ပူလာရာ ကိုယ်ခန္ဓာက အပူပြန်ပြီး ချွေးထွက်စေခြင်းဖြင့် ပြန်လည်အေးအောင်ပြုလုပ်ခြင်းဖြစ်ဟန်တူသည်။
ဂေးလ်ရှီးအီးက သူမရေးသားသည့် The Silent Passage—Menopause စာအုပ်တွင် ဤသို့ဖော်ပြထားသည်– “အမျိုးသမီးအားလုံးထဲမှ ထက်ဝက်သည် အသက်လေးဆယ်ကျော်လာသည်နှင့် ပုံမှန်ဓမ္မတာလာနေစဉ်၌ပင် ကိုယ်အပူပြန်ခြင်းကို စတင်ခံစားလာနိုင်သည်။ အမျိုးသမီးအများစုမှာ ကိုယ်အပူပြန်ခြင်းကို နှစ်နှစ်မျှခံစားရကြောင်း လေ့လာမှုကပြဆိုသည်။ လေးပုံတစ်ပုံသော အမျိုးသမီးများသည် ငါးနှစ်မျှခံစားကြရသည်။ ၁၀ ရာခိုင်နှုန်းသည် ကျန်ဘဝတစ်လျှောက်လုံး ခံစားကြရသည်။”
အမျိုးသမီးတစ်ဦး၏ဘဝမှ ဤအခါသမယတွင် အီစတြိုဂျင် ဟိုမုန်းဓာတ်ပမာဏ လျော့နည်းသွားသဖြင့် မိန်းမကိုယ်မှတစ်သျှူးများသည် ကျုံ့လှီပါးလွှာလာသည်။ အမျိုးသမီးများ ကြုံရတတ်သော အခြားရောဂါလက္ခဏာများတွင် “ညဘက်တွင် ချွေးထွက်ခြင်း၊ အိပ်မပျော်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ရုတ်တရက် ခါးတုတ်လာခြင်း (ဗိုက်ခေါက်ထူလာခြင်း)၊ နှလုံးတုန်ခြင်း၊ အကြောင်းမဲ့ငိုခြင်း၊ ဒေါသပေါက်ကွဲခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ယားယံခြင်း၊ အရေးပြား၌ ရိုးတိုးရွတဖြစ်ခြင်း၊ မေ့လျော့ခြင်း” တို့ပါဝင်သည်။
စိတ်ဓာတ်ကျဆင်းခြင်းကာလ
အီစတြိုဂျင် ဟိုမုန်းဓာတ်လျော့နည်းသွားခြင်းဖြင့် စိတ်ဓာတ်ကျဆင်းခြင်းဖြစ်ရသလော။ ဤမေးခွန်းသည် များစွာအငြင်းပွားစရာအကြောင်းဖြစ်သည်။ အဖြေမှာ ဓမ္မတာမလာမီ စိတ်ဓာတ်အပြောင်းအလဲမြန်သူများနှင့် ညဘက်တွင်ချွေးထွက်ခြင်းကြောင့် အိပ်ရေးပျက်သူများကဲ့သို့သော အမျိုးသမီးအချို့တွင် ထိုသို့ဖြစ်တတ်ဟန်တူသည်။ ဤအုပ်စုထဲတွင် ပါဝင်သော အမျိုးသမီးများသည် ဟိုမုန်းဓာတ်မတည်ငြိမ်မှုကြောင့် ဖြစ်ပေါ်သည့် စိတ်လှုပ်ရှားမှုဆိုင်ရာ သက်ရောက်မှုကို အလွန်အာရုံခံလွယ်ပုံရသည်။ ဂေးလ်ရှီးအီး၏အလိုအရ အဆိုပါအမျိုးသမီးတို့သည် အများအားဖြင့် “သွေးဆုံးချိန်လွန်သွားပြီးနောက်၊” ဟိုမုန်းဓာတ်ပမာဏ တည်ငြိမ်သွားသည့်အခါ “အကြီးအကျယ်သက်သာမှုရရှိကြသည်။”
ဓာတ်ရောင်ခြည်ကုထုံး၊ ဓာတုဆေးဝါးကုထုံး သို့မဟုတ် မျိုးဥအိမ် နှစ်ခုစလုံးခွဲစိတ်ဖယ်ထုတ်ခြင်းကြောင့် ရုတ်တရက်သွေးဆုံးသွားသည့် အမျိုးသမီးများသည် ပို၍ပြင်းထန်သော ရောဂါပြလက္ခဏာများကို ခံစားရဖွယ်ရှိသည်။ အဆိုပါကုထုံးများသည် အီစတြိုဂျင် ဟိုမုန်းဓာတ်ပမာဏကို တစ်မုဟုတ်ချင်း ကျဆင်းသွားစေနိုင်သဖြင့် သွေးဆုံးခြင်းလက္ခဏာများ တစ်ဆက်တည်းပေါ်လာတတ်သည်။ ကာယကံရှင်အမျိုးသမီး၏ ကျန်းမာရေးပေါ်မူတည်၍ ဤဖြစ်ရပ်များ၌ အီစတြိုဂျင် ဟိုမုန်းအစားဖြည့်သည့်ကုထုံးကို ခံယူနိုင်ပေသည်။
ခံစားရသော ရောဂါပြလက္ခဏာအမျိုးအစားနှင့် ပြင်းထန်မှုအတိုင်းအတာသည် အမျိုးတော်စပ်သော အမျိုးသမီးအချင်းချင်း၌ပင် တစ်ဦးနှင့်တစ်ဦး အတန်အရာကွဲပြားသည်။ ဤသို့ဖြစ်ရသည်မှာ အမျိုးသမီးတစ်ဦးနှင့်တစ်ဦးတွင် ဟိုမုန်းဓာတ်ပမာဏ ကွဲပြားသည့်အပြင် မတူညီသည့်နှုန်းဖြင့် ယုတ်လျော့သွားသောကြောင့်ဖြစ်သည်။ ၎င်းပြင် အမျိုးသမီးများသည် သွေးဆုံးချိန်အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာသည့်အခါ၌ ၎င်းတို့နှင့်အတူ မတူညီသောစိတ်လှုပ်ရှားမှု၊ စိတ်ဖိစီးမှု၊ ရင်ဆိုင်ဖြေရှင်းသည့်စွမ်းရည်နှင့် မျှော်လင့်ချက်တို့ကို အသီးသီးသယ်ဆောင်လာတတ်ကြသည်။
သွေးဆုံးချိန်သည် အမျိုးသမီးတစ်ဦး၏ဘဝတွင် အခြားစိတ်ဖိစီးမှုဖြစ်စေသော အခြေအနေများနှင့် များသောအားဖြင့် တိုက်ဆိုင်လျက်နေတတ်သည်။ ဥပမာ၊ သက်ကြီးရွယ်အိုမိဘတို့ကိုပြုစုရခြင်း၊ အလုပ်ခွင်ဝင်ရောက်ခြင်း၊ သားသမီးများကြီးပြင်း၍ အိမ်ခွဲသွားခြင်းနှင့် အခြားအခြားသော လူလတ်ပိုင်းအရွယ်နှင့်ဆိုင်သော ပြုပြင်ပြောင်းလဲမှုများဖြစ်သည်။ ဤဖိစီးမှုတို့သည် မေ့လျော့ခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ စိတ်တိုခြင်းနှင့် စိတ်ဓာတ်ကျခြင်း အပါအဝင် ကာယပိုင်းနှင့် စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ ရောဂါပြလက္ခဏာများကို ဖြစ်ပေါ်စေနိုင်သည်။ ဤလက္ခဏာများကို သွေးဆုံးခြင်းလက္ခဏာများအဖြစ် အမှတ်မှားတတ်ကြသည်။
ဘဝခရီးတစ်ထောက်
သွေးဆုံးခြင်းသည် အမျိုးသမီးတစ်ဦး၏ အကျိုးဖြစ်ထွန်းသောဘဝ ဆုံးရှုံးသွားခြင်းမဟုတ်ဘဲ သားသမီးမွေးနိုင်သည့်အခွင့် ဆုံးရှုံးသွားခြင်းသာဖြစ်ပါသည်။ နောက်ဆုံးအကြိမ် ဓမ္မတာလာပြီးနောက် အမျိုးသမီးတစ်ဦး၏စိတ်နေစိတ်ထားသည် ယေဘုယျအားဖြင့် ပိုမိုတည်ငြိမ်လာသည်၊ လစဉ် ဟိုမုန်းပမာဏကိုလိုက်၍ မတည်မငြိမ်မဖြစ်တော့ချေ။
မီးယပ်သွေးရပ်ခြင်းသည် သိသာထင်ရှားသော အပြောင်းအလဲဖြစ်သောကြောင့် ယင်းကို ကျွန်ုပ်တို့ အာရုံစိုက်ခဲ့ကြသော်လည်း မီးယပ်သွေးရပ်စဲခြင်းသည် အမျိုးသမီးတစ်ဦး ကလေးမွေးနိုင်သည့် အချိန်ပိုင်းမှ ဖယ်ခွာခဲ့ပြီဖြစ်ကြောင်း ပြသသောလက္ခဏာမျှသာဖြစ်ပါသည်။ အပျိုဘော်ဝင်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်းတို့သည်လည်း ဟိုမုန်း၊ ကာယနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ ပြောင်းလဲမှုများကြောင့် ဒွန်တွဲလိုက်ပါလာသည့် အကူးအပြောင်း ကာလများပင်ဖြစ်ကြသည်။ ထို့ကြောင့် သွေးဆုံးခြင်းမှာ အမျိုးသမီးတစ်ဦး၏ဘဝတွင် ဟိုမုန်းဓာတ်ကြောင့် ဖြစ်ပေါ်သည့် တစ်ခုတည်းသောပြောင်းလဲမှု မဟုတ်ဘဲ နောက်ဆုံးသောပြောင်းလဲမှုသာ ဖြစ်ပါသည်။
ထို့ကြောင့် သွေးဆုံးချိန်ဆိုသည်မှာ ဘဝခရီးတစ်ထောက်သာဖြစ်ပါသည်။ “တစ်နေ့သောအခါ လူတို့သည် သွေးဆုံးချိန်ကို အရေးကြီးသောကာလ သို့မဟုတ် တစ်ခုတည်းသောပြောင်းလဲမှုအဖြစ် မယူဆတော့ဘဲ ‘ပြောင်းလဲမှုတစ်ခု’ အဖြစ် ပို၍ ယထာဘူတကျကျ ရှုမြင်လာကြဖွယ်ရှိသည်” ဟု Journal of the American Medical Women’s Association ဂျာနယ်၏ အယ်ဒီတာဟောင်းတစ်ဦးက ရေးသားခဲ့သည်။
စိတ်ချမ်းသာစရာကောင်းသည်မှာ အမျိုးသမီးတစ်ဦး၏ သန္ဓေတည်နိုင်စွမ်းကုန်ဆုံးခြင်းသည် “မွေးစ၌၎င်းအစွမ်းပါလာသကဲ့သို့ ရှောင်လွှဲမရသော ဓမ္မတာတရားဖြစ်သည်။ သွေးဆုံးချိန်ရောက်ရှိလာခြင်းက ကိုယ်ကာယကျန်းမာသည့် လက္ခဏာဖြစ်ပြီး ကိုယ်တွင်းမှဇီဝနာရီ ကောင်းစွာအလုပ်လုပ်နေသည့် လက္ခဏာပင်ဖြစ်” ကြောင်း Women Coming of Age စာအုပ်ကဆိုသည်။
သို့သော် အကူးအပြောင်းကာလကို ချောမောပြေပြစ်စွာ ဖြတ်သန်းလွန်မြောက်ရန် အဘယ်အရာများပြုလုပ်နိုင်သနည်း။ လူ့ဘဝ၏ ဤအကူးအပြောင်းကာလအတွင်း ခင်ပွန်းသည်နှင့် မိသားစုဝင်တို့အနေဖြင့် အဘယ်သို့ အားပေးကူမနိုင်သနည်း။ ဤကိစ္စကို နောက်ဆောင်းပါးတွင် သုံးသပ်ပါမည်။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
သွေးဆုံးချိန်သည် သက်ကြီးရွယ်အို မိဘတို့ကို ပြုစုစောင့်ရှောက်ခြင်းအပါအဝင် စိတ်ဖိစီးမှုဖြစ်စေသော အခြားအခြေအနေများနှင့် တိုက်ဆိုင်လျက်နေတတ်သည်