သွေးဆုံးခြင်း၏လျှို့ဝှက်ချက်များကို ဖော်ထုတ်ခြင်း
အမျိုးသမီးများအသက်ကြီးလာသည်နှင့်အမျှ သူတို့၏ဘဝတွင် သွေးဆုံးချိန်ကို မလွဲမသွေ ဖြတ်သန်းကြရပေမည်။ သို့ရာတွင် သွေးဆုံးခြင်းကို လူတို့အကြီးအကျယ် နားလည်လွဲခဲ့ကြသည်။ The Silent Passage—Menopause စာအုပ်အဆိုအရ ၁၉ ရာစုမှ မီးယပ်သားဖွားပါရဂူများက သွေးဆုံးခြင်းသည် “မိန်းမသားတို့၏နဗ်ကြောအဖွဲ့ [nervous system] ကို ဖရိုဖရဲဖြစ်စေသည့်အပြင် အမျိုးသမီးများအား ၎င်းတို့၏ အမျိုးသမီးရုပ်ဆင်းရူပကာကိုပါ ဆုံးပါးစေသည်” ဟုယုံကြည်ခဲ့ကြသည်။
ဤကဲ့သို့သော လွဲမှားသည့်ယူဆချက်များသည် ဆက်လက်တည်ရှိနေသည်။ အကျိုးဆက်အနေနှင့် အမျိုးသမီးများက သွေးဆုံးမည့်အရေးကို တွေး၍စိုးရိမ်ကြောက်ရွံ့ ကြသည်။ သွေးဆုံးခြင်းနှင့်ဆက်နွှယ်သည့် စိတ်ပိုင်းဆိုင်ရာပြဿနာများကို အောင်မြင်ကျော်လွှားခြင်းသည် “အမျိုးသမီးဘဝတွင် အခက်ခဲဆုံးသော အလုပ်ကိစ္စတစ်ရပ်” အဖြစ် Natural Menopause—The Complete Guide to a Woman’s most Misunderstood Passage စာအုပ်ထဲ၌ ရည်ညွှန်းဖော်ပြထားသည်။
ပျိုမျစ်နုနယ်ခြင်းနှင့် ပျိုမျစ်နုနယ်သော ရုပ်ဆင်းရူပကာကို အလေးပေးသော လူ့အဖွဲ့အစည်းအတွင်း၌ သွေးဆုံးလက္ခဏာပေါ်လာသည်နှင့် ပျိုရွယ်မှု ရုတ်တရက်အဆုံးသတ်ပြီး အိုမင်းခြင်းစတင်ပြီဟူသော လွဲမှားသည့်အယူအဆကို မောင်းခတ်လိုက်သည့်ပမာ ဖြစ်တတ်သည်။ ယင်းကြောင့် အမျိုးသမီးအချို့က သွေးဆုံးခြင်းသည် ဘဝတွင် နှစ်လိုဖွယ်မကောင်းလှသော ကာလအပိုင်းအခြားအသစ်တစ်ခု၏အစကို ကိုယ်စားပြုသည်ဟု ထင်ရသောကြောင့် သွေးဆုံးချိန်ကို ကြောက်ရွံ့ ကြသည်။ အချို့က သွေးဆုံးခြင်းကို “လူ့ဘဝတစ်ပိုင်းသေခြင်း” ဟူ၍ပင် သဘောပိုက်ထားကြသည်။
ယခုခေတ်အမျိုးသမီးများအနေနှင့် လူ့ဘဝ၏ဤကာလကိုဖြတ်သန်းရာ၌ အသိပညာခေါင်းပါးမှုကြောင့် စိတ်ဆင်းရဲနေစရာမလိုပါ။ သွေးဆုံးခြင်း၏လျှို့ဝှက်ချက်များကို ဖော်ထုတ်လျက်ရှိသည်။ ယခုအခါ သုတေသနလုပ်ငန်းအများအပြား ပြုလုပ်လျက်ရှိသည့်အပြင် ၎င်းကာလပိုင်းကို သက်သောင့်သက်သာဖြတ်သန်းစေနိုင်သည့် ကုထုံးများကိုလည်း တီထွင်ခဲ့ကြပြီ။ မဂ္ဂဇင်း၊ သတင်းစာနှင့်စာအုပ်တို့က ဤအကြောင်းအရာကို အာရုံပြု၍ တစ်ချိန်က လူအချို့ မေးမြန်းရန် အခက်အခဲတွေ့သည့် မေးခွန်းများအတွက် ရှင်းလင်းသည့်အဖြေများ ပေးလာကြသည်။ ဆေးပညာလောကမှလည်း အမျိုးသမီးများကြုံတွေ့နိုင်သည့် ပြဿနာများကို ပို၍နားလည်သိကျွမ်းလာသည်။
ဤအကြောင်းအရာကို လူအများက အဘယ်ကြောင့်အာရုံစိုက်ကြသနည်း။ အကြောင်းမှာ သွေးဆုံးခြင်းအကြောင်းကို ပို၍ကောင်းကောင်းနားလည်ပါက အမျိုးသမီးများစွာ၏စိတ်တွင် ကိန်းအောင်းနေသော ကြောက်ရွံ့ ခြင်း၊ အယူသီးခြင်းနှင့် စိတ်ပျက်အားငယ်ခြင်းတို့ကို ဖယ်ရှားပစ်နိုင်မည်ဖြစ်သောကြောင့်တည်း။ တိုင်းပြည်အများမှ အမျိုးသမီးများသည် အသက်ပိုရှည်လိုကြသဖြင့် လျှို့ဝှက်ချက်သဖွယ်ဖြစ်နေသော ဤအကြောင်းကိုဖော်ထုတ်၍ အမှန်အတိုင်းသိရှိလိုကြသည်။ ရိုးရိုးရှင်းရှင်းနှင့် တဲ့တိုးကျသောအဖြေများကို သူတို့ရလိုကြသည်။ အမျိုးသမီးအများအပြားအတွက် သွေးဆုံးပြီးနောက် ဘဝခရီးသုံးပုံတစ်ပုံကျော်ကျော် ကျန်ရှိနေသေးသောကြောင့် ထိုသို့သိရှိလိုကြသည်မှာ တရားနည်းလမ်းကျပါသည်။
အမေရိကန်ပြည်ထောင်စု လူဦးရေစာရင်းပုံစံ ခန့်မှန်းချက်အရ လာမည့်ဆယ်စုနှစ်ကျော်လျှင် သွေးဆုံးအရွယ်အမျိုးသမီးဦးရေမှာ ၅၀ ရာခိုင်နှုန်းတိုးလာမည်ဖြစ်သည်။ ထိုအမျိုးသမီးများမှာ သွေးဆုံးချိန်၌ဖြစ်တတ်သော ကျန်းမာရေးပြဿနာများ၊ ချွေးထွက်၍ပူနွေးခြင်း (ကိုယ်အပူပြန်ခြင်းဟုလည်းခေါ်သည်) စိတ်အပြောင်းအလဲမြန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ကာယပိုင်းနှင့် စိတ်လှုပ်ရှားမှုအပိုင်းတို့တွင်ဖြစ်တတ်သော ပြောင်းလဲမှုများအကြောင်းကို သိရှိလိုကြသည်။ ဤအရာများ အဘယ်ကြောင့်ဖြစ်ပျက်သနည်း။ အမျိုးသမီးတစ်ဦး၏ အကျိုးဖြစ်ထွန်းသောဘဝသည် သွေးဆုံးချိန်တွင် အဆုံးသတ်သွားသလော။ သွေးဆုံးခြင်းသည် အမျိုးသမီးတစ်ဦး၏ ကိုယ်ရည်ကိုယ်သွေးကို ပြောင်းလဲစေပါသလော။ နောက်ဆက်တွဲဆောင်းပါးများက ဤမေးခွန်းများကို နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးသွားပါမည်။