သင့်အစားအစာသည် အာဟာရဓာတ် မည်မျှရှိသနည်း
ဘရာဇီးမှ နိုးလော့! သတင်းထောက် ပေးပို့သည်
သင့်အစာကို မည်သို့ရွေးသနည်း။ စားစရာဝယ်ခြမ်းသည့်အခါ အဘယ်အရာများက သင့်ကိုသြဇာလွှမ်းမိုးသနည်း။ ဆန်းဆန်းပြားပြား ထုပ်ပိုးထားခြင်းလော။ ဈေးနှုန်းလော။ အလွယ်တကူချက်ပြုတ်နိုင်ခြင်းလော။ ကြော်ငြာများတွင်ပါသော ဆွဲဆောင်မှုများကြောင့်လော။ သို့မဟုတ် စားချင်စရာကောင်း၍ အရသာရှိမည့်ပုံစံကြောင့်လော။ အရွေးမှန်ခြင်းသည် အာဟာရရှိအစာကို စားသလော သို့မဟုတ် အစာဖျင်းကို စားသလော၊ သင့်ကျန်းမာရေးကိုတိုးတက်စေသလော သို့မဟုတ် ထိခိုက်စေသလော ဟူသည်ကို ဝေခွဲနိုင်စေသည်။
ဆင်းရဲနွမ်းပါးမှုသည် အာဟာရချို့တဲ့ခြင်း၏ အဓိကတရားခံဖြစ်သည်။ များစွာသောသူတို့သည် အစားအစာကို အလေးအနက်မထားကြဘဲရှိနေစဉ် အခြားလူသန်းပေါင်းများစွာတို့သည် အာဟာရရှိသောအစာကို မစားရသလောက်ဖြစ်နေသည်။ “အိမ်မှာ ကျွန်တော်တို့ဟာ ရတာဘာမဆိုစားတယ်” ဟု ကလေးခြောက်ယောက်ဖခင်ဖြစ်သူ ဘရာဇီးလူမျိုး ပန်းရန်သမားတစ်ယောက်က ဆိုသည်။ ယင်းမှာ မလတ်ဆတ်သောပေါင်မုန့်နှင့် ကျဲတောက်တောက်ကော်ဖီ သို့မဟုတ် ဆန်နှင့် ပဲတို့ကို ဆိုလိုလေ့ရှိသည်။ အမှန်မှာ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှတင်ပြသော အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေ၏ ၂၀ ရာခိုင်နှုန်းသည် အငတ်ဘေးကြုံနေရသည်။ အချို့သောအာဖရိကနိုင်ငံများတွင် အနှံ့အပြား အစားအစာငတ်မွတ်မှုဖြစ်နေစဉ် အာရှတွင် အငတ်ဘေးဆိုက်သူမှာ သာ၍ပင်များသေးသည်။ အမေရိကန်ပြည်ထောင်စုတွင်ပင် လူဦးရေ၏ ၁၂ ရာခိုင်နှုန်း သို့မဟုတ် သန်း ၃၀ သောပြည်သူများသည် စားစရာအလုံအလောက်မရှိကြကြောင်း သတင်းများအရသိရသည်။
အာဟာရချို့တဲ့ခြင်းသည် ကျန်းမာရေးထိခိုက်သည်သာမကဘဲ အသက်ပင်သေစေနိုင်သည်။ “ကလေးကို ဝဝလင်လင်မကျွေးမွေးသည့်အကျင့်များကြောင့်ဖြစ်ပေါ်လာသော အာဟာရချို့တဲ့မှုကြောင့်အသက်ဆုံးမှုသည် အမှန်တကယ် အစားအစာငတ်မှုကြောင့်အသက်ဆုံးရသည်ထက် ၁၀ ဆကျော်သည်” ဟုသုတေသီ ချမ်းဒလားက မှတ်ချက်ချသည်။ “ဝမ်းလျှော၍ အရည်ဆုတ်ယုတ်ခြင်းနှင့်ဒွန်တွဲသည့် အာဟာရချို့တဲ့မှုသည် ကမ္ဘာ့လူသတ်ကောင်ဖြစ်လာလေသည်။” ယူနီဆက် (ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့) က “မည်သည့်ကူးစက်ရောဂါ၊ မည်သည့်ရေလွှမ်းမိုးဘေး၊ မည်သည့်ငလျင်ဘေးနှင့် မည်သည့်စစ်ပွဲကမျှ တစ်ပတ်တည်းနှင့် ကလေး ၂၅၀,၀၀၀ ၏အသက်ကို မသေစေခဲ့ဖူးပါ” ဟုသတင်းပို့သည်။ သို့သော် အဆိုပါ ကုလအေဂျင်စီ၏အဆိုအရ ယင်းသည် အစာချို့တဲ့ကာ နာမကျန်းဖြစ်မှုကြောင့် ကမ္ဘာတစ်လွှားတွင်သေဆုံးရသည့် ကလေးအရေအတွက်သာဖြစ်သည်။ အမှန်ဆိုလျှင် အာဟာရချို့တဲ့မှုကြောင့်ဖြစ်သော အထိအခိုက်သည် များပြားလှသည်– သင်ယူနိုင်စွမ်းကျဆင်းခြင်း၊ လုပ်အားကျဆင်းခြင်း၊ ထုတ်လုပ်မှုနှင့် အရည်အသွေးကျဆင်းခြင်းတို့ဖြစ်သည်။
သို့တိုင် သင့်လျော်သောအစာကို အလုံအလောက်စားပေးခြင်းသည် အာဟာရချို့တဲ့ခြင်းနှင့် သွေးအားနည်းခြင်း၊ အခြားရောဂါများဖြစ်ခြင်းကဲ့သို့သော နောက်ဆက်တွဲဆိုးကျိုးများကို ကျော်လွှားစေနိုင်သည်။အချို့ဒေသများ၌ ကျောင်းတွင်နေ့လယ်စာကျွေးခြင်းနှင့် ချို့တဲ့သူများအခမဲ့စားနိုင်သည့်နေရာကဲ့သို့သော အစိုးရအထောက်အပံ့ကြောင့် အာဟာရချို့တဲ့မှုသက်သာသွားသော်လည်း ယူနီဆက်အရာရှိများ၏အဆိုအရ ဝမ်းလျှောရောဂါ၊ အဆုတ်ရောင်ရောဂါနှင့် ဝက်သက်ရောဂါတို့ကြောင့် ကလေးများသေဆုံးမှုကို လျှော့ချရန်မှာ နှစ်စဉ် ဒေါ်လာ ၂၅ ဘီလျံလိုအပ်သည်။ ‘များလှချေလား’ ဟု အချို့က ဆိုပေမည်။ သို့သော် မှတ်တမ်းအရ အမေရိကန်တို့ တစ်နှစ်စာ အားကစားဖိနပ်အတွက် အကုန်အကျခံသလောက်နှင့် ဥရောပသားများ ဝိုင်တစ်နှစ်သောက်စာလောက်သာရှိသည်။ အလေအလွင့်ဖြစ်မှု လျော့နည်းသွားစေရေးမှာ နောက်စိန်ခေါ်ချက်တစ်ရပ်ဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် ဘရာဇီးလူမျိုး ၃၂ သန်းအငတ်ဘေးဆိုက်နေသော်လည်း ဘရာဇီး စိုက်ပျိုးရေးဝန်ကြီးဌာနက “သယ်ယူရေးနှင့် သိုလှောင်ရေးတို့ကြောင့်ဖြစ်သော ရိတ်သိမ်းမှုအလေအလွင့်သည် [ဒေါ်လာ ၁.၅ ဘီလျံတန်သည့်] နိုင်ငံ့ထွက်ကုန်၏ ၁၈ မှ ၂၀ ရာခိုင်နှုန်းဆုံးရှုံးမှုတစ်ရပ်” ဖြစ်ကြောင်း သတင်းရရှိသည်။ နိုင်ငံများစွာတွင် စိုက်ပျိုးရေး၊ ရေရရှိရေး၊ အစာသိုလှောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးတို့တွင် ကြီးမားသည့် ပြဿနာများရှိနေသည်; သို့တိုင် မြေပထဝီသည် အားလုံးအတွက် အလျှံပယ်ထုတ်လုပ်ပေးလျက်ရှိသည်။ သို့ဆိုလျှင် သင့်မိသားစုကျွေးမွေးရေးစိန်ခေါ်ချက်ကို မည်သို့ရင်ဆိုင်နိုင်သနည်း။
ငွေရှိရုံနှင့်မလုံလောက်
ဖွံ့ဖြိုးဆဲနိုင်ငံများရှိသူများသည် မိမိတို့၏မိသားစုကို ကျွေးမွေးရန်အတွက် အလုပ်နှစ်ခုသုံးခုရှိထားဖို့စီစဉ်ရသည်။ ဘရာဇီးနိုင်ငံတွင် နှစ်စဉ်လူ ၁.၅ သန်းသည် အလုပ်နှင့် အစားအစာ အရှာထွက်ဖို့အတွက် မိသားစု သို့မဟုတ် မိတ်ဆွေများကိုထားရစ်ကာ မြို့ကြီးပြကြီးများသို့ပြောင်းရွှေ့နေကြသည်။ ကျန်းမာရေးသည် လူများစားသည့်အစာပေါ်တွင် အတော်အတန်မူတည်နေသော်လည်း သူတို့ဘတ်ဂျက်မှအများစုမှာ အဝတ်အစား၊ နေရေးထိုင်ရေးနှင့် သွားရေးလာရေးတို့ကြောင့် ကုန်ခန်းသွားသည်။
ဆန်၊ ပဲ၊ ပြောင်း၊ အာလူး၊ ပီလောပီနံနှင့် ငှက်ပျောသီးကဲ့သို့သော စားနေကျအစာများ၊ အချို့သောအသားငါးများသည် တစ်ကမ္ဘာလုံးရှိ မိသားစုများအတွက် အာဟာရအရင်းအမြစ်ဖြစ်နေသည်မှာ ဝမ်းသာစရာပင်။ ဘရာဇီးလူမျိုး အာဟာရပညာရှင် ဇူဇဲ အက်ဒ်ဝါးရ်ဒူ ဒီးအိုလီဗေရယ်ဒူထရာ က “ပဲနဲ့ဆန်ဟာ အာဟာရတန်ဖိုး အလွန်မြင့်မားတဲ့ဒြပ်ပေါင်းဖြစ်ပါတယ်။ ရိုးရိုးလေးနဲ့ တန်ဖိုးနည်းတဲ့ အဲ့လိုမျိုးစားနေကျအစာကြောင့် [နိုင်ငံ] အတွင်းမှာ အစားအစာငတ်မွတ်မှုကို အဆုံးတိုင်သွားစေနိုင်ပါတယ်” ဟု ဆိုသည်။ မှန်ပါသည်၊ အဖိုးနည်းပြီး အာဟာရရှိသောအစားအစာကို သင့်နေရပ်တွင်ပင် ရရှိနိုင်ပေမည်။ သို့မဟုတ် သင့်အစားအစာအချို့ကို သင်စိုက်ပျိုးထားနိုင်သည်။
သင့်တွင် ငွေအလုံအလောက်ရှိနိုင်သော်လည်း ယင်းငွေကို သင့်မိသားစု အာဟာရဖြစ်စေသောအစာရရှိရန် သုံးသလော။ သို့တည်းမဟုတ် အချိုများ သို့မဟုတ် အစာဖျင်းများကို ပို၍နှစ်သက်လာစေရန် ပါးနပ်ပြီး ဇွဲနပဲနှင့်ကြော်ငြာချက်တို့၏သြဇာအလွှမ်း သင်ခံနေရသလော။ သို့အားဖြင့် ပရိုတိန်း၊ သတ္တုဓာတ်နှင့် ဗီတာမင်လိုအပ်မှုများကို သင်လျစ်လျူရှုသလော။ အရသာသည် ကျန်းမာရေးကောင်းမှုထက် ပို၍ဆွဲဆောင်အားကောင်းပါသလော။ The World Book Encyclopedia က “ကျန်းမာရေးကောင်းပြီး ဆက်ကျန်းမာနေဖို့ လူတို့သည် လူ့ခန္ဓာကိုယ်နှင့် ယင်း၏လည်ပတ်ပုံနှင့်ပတ်သက်သော အခြေခံအသိပညာရှိထားရမည်။ သို့မှသာ မည်သည့်အရာသည် မိမိတို့ကျန်းမာရေးကို အထောက်အကူဖြစ်မည်၊ မဖြစ်မည် သို့မဟုတ် ထိခိုက်မည်တို့ကို ဝေခွဲနိုင်မည်ဖြစ်သည်။ ကျန်းမာရေးအကြောင်းလေ့လာခြင်းသည် လူတိုင်း၏ပညာရေးတွင် အပါအဝင်ဖြစ်သင့်သည်” ဟုမှတ်ချက်ချသည်။
ကျွန်ုပ်တို့သည် အစားအတွက်သာအသက်ရှင်နေကြခြင်းမဟုတ်သည်မှာမှန်သော်လည်း အစားအစာသည် ကျွန်ုပ်တို့၏အသက်အတွက် အရေးကြီးသောကဏ္ဍဖြစ်သည်။ ကျမ်းစာတွင် ကောင်းစွာစားသောက်ခြင်းကို ဝီရိယစိုက်ထုတ်လုပ်ဆောင်မှု၏အကျိုးအဖြစ် ဤသို့ဖော်ပြထားသည်– “လူတိုင်းစားသောက်ခြင်းငှာလည်းကောင်း၊ မိမိကြိုးစားအားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှာလည်းကောင်း၊ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာအခွင့်ရှိ၏။” (ဒေသနာ ၃:၁၃) သင်သည် အာဟာရဖြစ်သောအစာကို တန်ဖိုးရှိပြီး လိုအပ်သောအရာအဖြစ် သဘောထားပါသလော။ သို့ဆိုလျှင် သင့်လျော်သောအာဟာရက သင်နှင့်သင့်မိသားစုကို မည်သို့အကျိုးပြုကြောင်း နောက်ဆောင်းပါးတွင် ကျေးဇူးပြု၍ သုံးသပ်ကြည့်ပါ။