စိန်ခေါ်ချက်ကို ရင်ဆိုင်တုံ့ပြန်ခြင်း
နှစ်များတစ်လျှောက် ADHD နှင့်ပတ်သက်၍ ကုသမှုများစွာကို အကြံပြုခဲ့ကြပြီ။ ယင်းတို့ထဲမှ အချို့မှာ အစားအသောက်ကို အာရုံစိုက်ခဲ့သည်။ သို့သော် လေ့လာသူအချို့က အစားအစာတွင်ထည့်ရောသည့်ပစ္စည်းသည် ဂနာမငြိမ်ခြင်းကို ဖြစ်စေလေ့မရှိသည့်အပြင် အာဟာရနှင့်ပတ်သက်သော ဖြေရှင်းနည်းများသည် အများအားဖြင့် မထိရောက်ကြောင်း သတိပြုမိကြသည်။ ADHD ကိုကုသသည့်အခြားနည်းများမှာ ဆေးဝါးမှီဝဲခြင်း၊ အမူအကျင့်ကိုပြောင်းလဲခြင်းနှင့် သိမြင်မှုစွမ်းရည်ကို လေ့ကျင့်ခြင်းတို့ဖြစ်သည်။a
ဆေးဝါးမှီဝဲခြင်း။ ADHD သည် ဦးနှောက်တွင်ချို့ယွင်းမှုတစ်ခု ဖြစ်နေကြောင်း ထင်ရှားသဖြင့် ဓာတုဆိုင်ရာညီမျှမှု အသင့်အတင့်ပြန်ကောင်းလာဖို့ ဆေးဝါးမှီဝဲခြင်းသည် များစွာသောသူတို့ကို အကူအညီဖြစ်စေခဲ့ကြောင်း ထင်ရှားခဲ့ပြီ။b သို့သော် ဆေးဝါးမှီဝဲခြင်းသည် သင်ယူခြင်းကို အစားမထိုးနိုင်ပါ။ အတတ်ပညာအသစ်များကို သင်ယူရာတွင် အခြေခံရရှိဖို့ ကလေး၏အာရုံစူးစိုက်မှုကို အထောက်အကူပြုရုံသာဖြစ်သည်။
ADHD ဖြစ်နေသူ အရွယ်ရောက်သူများစွာသည်လည်း ဆေးဝါးအားဖြင့် အထောက်အကူရရှိခဲ့ကြပြီ။ သို့သော် ADHD ကိုကုသရာတွင် အားကြွဆေးအချို့သုံးစွဲခြင်းသည် လူငယ်များနှင့် လူကြီးများကို ဆေးစွဲစေနိုင်သောကြောင့် သတိချပ်ရမည်ဖြစ်သည်။
အမူအကျင့်ကိုပြောင်းလဲခြင်း။ ကလေးတစ်ဦးသည် ADHD ဖြစ်သောကြောင့် မိဘများအနေနှင့် သူ့အား မဆုံးမဘဲမနေသင့်ပါ။ ထိုကလေးသည် ယင်းနှင့်ပတ်သက်၍ အထူးလိုအပ်ရာများ ရှိလင့်ကစား သမ္မာကျမ်းစာက မိဘများအား ဤသို့မှာကြားသည်– “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက်သွားလိမ့်မည်။” (သု. ၂၂:၆) ဘာဘရာ အင်ဂါစောလ်က သူမ၏ ဂနာမငြိမ်သောကလေးစာအုပ်တွင် “မိမိ၏ဂနာမငြိမ်သောကလေးကို လက်မြှောက်အရှုံးပေးကာ ‘အထိန်းအကွပ်မဲ့လွှတ်ထားသော’ မိဘသည် သူတို့၏ကလေးကို အကူအညီပေးရာမရောက်ပါ။ အခြားကလေးများကဲ့သို့ပင် ဂနာမငြိမ်သောကလေးသည် ညီညွတ်မှုရှိသည့် ဆုံးမပဲ့ပြင်မှုနှင့် တစ်ကြိမ်တည်းတွင် သူ့အား လူတစ်ဦးအဖြစ် အသိအမှတ်ပြုလေးစားရန်လိုသည်။ ဆိုလိုသည်ကား တိကျသောသတ်မှတ်ချက်များချမှတ်ပြီး လျော်ကန်သည့် ဆုပေးဒဏ်ပေးစနစ်ရှိရမည်ဖြစ်၏” ဟုဖော်ပြထားသည်။
ထို့ကြောင့် မိဘများသည် ခိုင်မာသောစည်းကမ်းချက်များ ထုတ်ပေးရန်အရေးကြီး၏။ ထို့ပြင် နေ့စဉ်လုပ်ငန်းဆောင်တာများကို စည်းကမ်းကြပ်မတ်စွာ လုပ်ဆောင်စေသင့်သည်။ မိဘများသည် အိမ်စာပြုလုပ်ချိန်၊ လေ့လာချိန်၊ ရေချိုးချိန်စသည်တို့အပါအဝင် ဤအစီအစဉ်ဇယားဆွဲရာ၌ ကလေးအား လွတ်လပ်ခွင့်အနည်းငယ်ပေးသင့်သည်။ ထို့နောက် တစ်သမတ်တည်းလိုက်လျှောက်လုပ်ကိုင်သွားပါ။ ယင်းနှင့်အညီကျင့်သုံးရာ၌ ညီညွတ်မှုရှိပါ။ နေ့စဉ်လုပ်ငန်းဆောင်တာကို ပုံမှန်ပြုလုပ်စေရန် အသေအချာဂရုစိုက်ပါ။ ဖိုင် ဒဲလ်တာ ကဲပဲန်မဂ္ဂဇင်းက ဤသို့ဖော်ပြသည်– “ADD သို့မဟုတ် ADHD လက္ခဏာစုရှိသည်ဟု သတ်မှတ်ခံရသောကြောင့် ကလေးသည် ဘာမဆိုပြုလုပ်နိုင်သည်ဟူသော လိုင်စင်ရထားခြင်းမဟုတ်ဘဲ အဆိုပါကလေးအတွက် လျော်ကန်သည့်အကူအညီရရှိဖို့ ကလေးနှင့် ကလေး၏မိဘများကိုရှင်းပြရန် သမားတော်များ၊ စိတ်ပညာရှင်များ၊ ကျောင်းအုပ်များ၊ ဆရာများ၌တာဝန်ရှိလေ၏။”
သိမြင်မှုစွမ်းရည်ကို လေ့ကျင့်ခြင်း။ ယင်းတွင် ကလေးအား ကိုယ့်ကိုယ်ကိုနှင့် မိမိ၏မူမမှန်မှုအပေါ်ရှုမြင်ပုံကို ပြောင်းလဲပစ်ဖို့ ကူညီပေးခြင်းပါဝင်သည်။ “အာရုံစူးစိုက်မှုချို့တဲ့ခြင်းဝေဒနာသည်တို့သည် လှပ၊ ဉာဏ်ကောင်းပြီး စိတ်နှလုံးကောင်းရှိကြစေကာမူ မိမိတို့သည် ‘အကျည်းတန်၊ ထုံထိုင်း၍ အသုံးမကျကြပါ’ ဟုခံစားကြရ၏” ဟူ၍ ဒေါက်တာ ရောနယ်လ် ဂိုလ်ဒ်ဘာ့ဂ်က တွေ့ရှိခဲ့သည်။ ထို့ကြောင့် ADD သို့မဟုတ် ADHD ဖြစ်သောကလေးသည် သူ၏အသုံးဝင်မှုနှင့်ပတ်သက်၍ လျောက်ပတ်သောအမြင်ရှိဖို့ လိုအပ်ပြီး သူ၏အာရုံစူးစိုက်မှုအခက်အခဲများကို ဖြေရှင်းနိုင်ကြောင်း သူသိရှိရန်လိုသည်။ ယင်းသည် မြီးကောင်ပေါက်အရွယ်တွင် အထူးသဖြင့်အရေးကြီး၏။ ADHD ဖြစ်သောသူသည် ဆယ်ကျော်သက်အရွယ်တိုင်လေသော် သူသည် ရွယ်တူများ၊ ဆရာများ၊ မွေးချင်းများသာမက မိဘများ၏အပြစ်တင်စကားများကိုပင် ကြိမ်ဖန်များစွာ ခံခဲ့ရပေမည်။ ယခုတွင် သူသည် အလှမ်းမီနိုင်သောပန်းတိုင်များထားရှိရန်နှင့် မိမိကိုယ်ကို ခက်ထန်စွာဖြင့်မဟုတ်ဘဲ မျှတစွာ အကဲဖြတ်ဝေဖန်ဖို့ လိုအပ်လာလေပြီ။
အထက်ပါ ကုသနည်းများကို ADHD ဖြစ်သောလူကြီးများလည်း အသုံးပြုနိုင်ပေသည်။ ဒေါက်တာ ဂိုလ်ဒ်ဘာ့ဂ်က “အသက်အရွယ်ပေါ်မူတည်၍ ပြောင်းလဲမှုများ လိုအပ်သည်၊ သို့သော် အခြေခံကျသော ကုသနည်းများ—သင့်လျော်လျှင် ဆေးဝါးသုံးခြင်း၊ အမူအကျင့်ကိုပြောင်းလဲခြင်းနှင့် သိမြင်မှုစွမ်းရည် [လေ့ကျင့်ခြင်း]—သည် ဘဝတစ်လျှောက် ထိရောက်သော ကျိုးကြောင်းညီညွတ်သည့်နည်းများ ဖြစ်ဆဲပင်” ဟုရေးသားထား၏။
ထောက်မပေးခြင်း
ADHD ဖြစ်သောမြီးကောင်ပေါက်တစ်ဦး၏ဖခင် ဂျော်န်သည် အလားတူအခြေအနေမျိုးရှိ မိဘများကို ဤသို့ပြောပြသည်– “ဤအခက်အခဲအကြောင်း သင်တတ်နိုင်သမျှ လေ့လာမှတ်သားပါ။ သိရှိနားလည်စွာဖြင့် ဆုံးဖြတ်ချက်များချပါ။ ထိုထက်ကား သင်၏ကလေးကိုချစ်ပါ၊ သူ့ကို အားပေးပါ။ မိမိကိုယ်ကိုအထင်သေးခြင်းသည် လူသတ်ကောင်ပင်ဖြစ်၏။”
ADHD ဖြစ်သောကလေးသည် ထောက်မမှုအလုံအလောက်ရရှိရန် မိဘနှစ်ပါးစလုံး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။ ဒေါက်တာ ဂေါ်ဒင် ဆာဖောန်တင်းက ADHD ဖြစ်သောကလေးတစ်ဦးသည် “အိမ်တွင်း၌ မေတ္တာရရှိသည်ကိုလည်းကောင်း၊ ထိုမေတ္တာသည် မိဘနှစ်ပါးကြားတွင်တည်ရှိသောမေတ္တာပေါ်မူတည်” ကြောင်း သိရှိရန်လိုသည်ဟု ရေးသားလေ၏။ (ကျွန်ုပ်တို့စာလုံးစောင်းထား) အကြောင်းမလှစွာပင် ထိုသို့သောမေတ္တာမျိုးကို အမြဲတစေ မပြသကြပါ။ ဒေါက်တာ ဆာဖောန်တင်းက “[ADHD ဖြစ်သောကလေးတစ်ဦး] ရှိသည့်မိသားစုတွင် သာမန်လူများထက် အိမ်ထောင်ရေးမငြိမ်သက်မှုနှင့် ပြိုကွဲမှုဖြစ်ခြင်း သုံးဆနီးပါးရှိသည်” ဟုဆက်၍ပြောပါသည်။ ထိုသို့သော မငြိမ်သက်မှုကိုတားဆီးရန် ဖခင်သည် ADHD ဖြစ်နေသောကလေးတစ်ဦးကို ပြုစုပျိုးထောင်ရာတွင် အရေးကြီးသောအခန်းကဏ္ဍတစ်ခုမှ ပါဝင်ဆောင်ရွက်သင့်သည်။ အဆိုပါတာဝန်ကို မိခင်တစ်ဦးတည်းအပေါ်၌သာ ပုံမချသင့်ချေ။—ဧဖက် ၆:၄; ၁ ပေတရု ၃:၇။
မိသားစုဝင်များ မဟုတ်ကြသော်လည်း ခင်မင်ရင်းနှီးသောမိတ်ဆွေများသည် အလွန်ပင်အထောက်အကူပေးနိုင်သည်။ မည်သို့အားဖြင့်နည်း။ “ကြင်နာမှုပြပါ” ဟုအစောပိုင်းတွင် ဖော်ပြထားခဲ့သောဂျော်န်ကပြောသည်။ “သင်တွေ့မြင်နိုင်သည်ထက် ပိုမြင်ရန်ကြိုးစားပါ။ ကလေးကို သိကျွမ်းအောင် ကြိုးစားပါ။ သူ၏မိဘများနှင့်လည်း စကားစမြည်ပြောဆိုပေးပါ။ သူတို့အဆင်ပြေကြပါသလော။ နေ့စဉ်နေ့တိုင်း သူတို့ အဘယ်အရာကို ရင်ဆိုင်နေကြရသနည်း။”—သု. ၁၇:၁၇။
ခရစ်ယာန်အသင်းသားများသည် ADHD ဖြစ်သောကလေးအပြင် ၎င်း၏ မိဘများကိုပါ အထောက်အကူများစွာ ပေးနိုင်ကြပါသည်။ မည်သို့အားဖြင့်နည်း။ မိမိတို့မျှော်လင့်ရာကို အကျိုးသင့်အကြောင်းသင့် ရှိစေခြင်းအားဖြင့်ဖြစ်သည်။ (ဖိလိပ္ပိ ၄:၅) တစ်ခါတစ်ရံ ADHD ဝေဒနာရှင်ကလေးသည် အနှောင့်အယှက်ပေးကောင်း ပေးပေမည်။ စာနာမှုကင်းမဲ့စွာဖြင့် “ကလေးကို ဘာကြောင့်မထိန်းထားတာလဲ” သို့မဟုတ် “သူ့ကို ဘာလို့မဆုံးမ မပဲ့ပြင်ကြတာလဲ” ဟူ၍ ဝေဖန်ကြမည့်အစား ADHD ဖြစ်သောကလေးတစ်ဦးကို ပြုစုပျိုးထောင်ပေးရသော မိဘများခမျာ နေ့စဉ်လုပ်ငန်းဆောင်တာများကြောင့် ဝန်ပိနေပြီဟုခံစားနေရမည်ဖြစ်ကြောင်း အမြော်အမြင်ရှိသော ယုံကြည်သူချင်းတစ်ဦးက သိထားပေလိမ့်မည်။ သို့သော် မိဘများအနေနှင့် ကလေး၏ အနှောင့်အယှက်ပေးတတ်သောအကျင့်ကို အမှန်ပင်ထိန်းချုပ်ပေးသင့်ပါသည်။ သို့ပင်ငြားလည်း စိတ်ဆိုးစွာဖြင့် ခက်ခက်ထန်ထန်ပြောဆိုမည့်အစား ယုံကြည်ခြင်းတွင်ရှိသူတို့သည် “စိတ်ကြင်နာခြင်း” ရှိကြောင်းပြသရန်နှင့် ‘ကောင်းချီးမင်္ဂလာခံရစေ’ ရန်ကြိုးပမ်းသင့်သည်။ (၁ ပေတရု ၃:၈၊ ၉) အမှန်မှာ ဘုရားသခင်သည် စာနာထောက်ထားတတ်သော ယုံကြည်သူချင်းများအားဖြင့် “နှိမ့်ချလျက်ရှိသောသူတို့ကို သက်သာစေတော်မူ” လေ့ရှိ၏။—၂ ကောရိန္သု ၇:၅-၇။
သင်ယူခြင်းစွမ်းရည်ချို့တဲ့မှုများနှင့် ADHD အပါအဝင် လူသားအားလုံးတို့၏မစုံလင်မှုရှိရှိသမျှသည် ပထမလူသား၊ အာဒံမှအမွေရရှိခြင်းကြောင့်ဖြစ်ကြောင်း ကျမ်းစာကိုလေ့လာသူများ သိရှိထားကြသည်။ (ရောမ ၅:၁၂) ဖန်ဆင်းရှင်ယေဟောဝါသည် ပူပင်သောကဖြစ်စေသော ဖျားနာမှုများလုံးဝမရှိတော့မည့် ဖြောင့်မတ်ခြင်းတည်နေရာ ကမ္ဘာသစ်ကိုပေးမည်ဟူသော ကိုယ်တော်၏ကတိတော်ကို ပြည့်စုံစေတော်မူလိမ့်မည်ဖြစ်ကြောင်း သူတို့သိထားကြပါသည်။ (ဟေရှာယ ၃၃:၂၄; ဗျာဒိတ် ၂၁:၁-၄) ယင်းအာမခံချက်ကား ADHD ကဲ့သို့သော မူမမှန်သူများအတွက် ထောက်ပံ့မှုပေးသည့် အမှီသဟဲတစ်ခုဖြစ်သည်။ “အသက်အရွယ်၊ လေ့ကျင့်မှုနဲ့ အတွေ့အကြုံက ကျွန်တော်တို့ရဲ့သားကို သူ့ရဲ့မူမမှန်ခြင်းကို နားလည်လာဖို့နဲ့ ကိုင်တွယ်ဖြေရှင်းတတ်ဖို့ အကူအညီဖြစ်စေတယ်” ဟူ၍ ဂျောန်ကပြောပြသည်။ “ဒါပေမဲ့ ဒီအစီအစဉ်စနစ်မှာတော့ ဘယ်တော့မှ ရောဂါပျောက်ကင်းသွားမှာ မဟုတ်ဘူး။ ကျွန်တော်တို့ကို နေ့စဉ်စိတ်သက်သာရာရစေတာကတော့ ကမ္ဘာသစ်မှာ ယေဟောဝါဟာ သားရဲ့မူမမှန်မှုကိုကုသပေးပြီး သူ့ဘဝကိုသူ အပြည့်အဝပျော်မွေ့စေမယ့်အကြောင်းပါပဲ။”
[အောက်ခြေမှတ်ချက်များ]
a နိုးလော့!က အဘယ်မည်သောကုသနည်းသည် ကောင်း၏ဟူ၍ ထောက်ခံမပေးပါ။ ခရစ်ယာန်များခံယူသော မည်သည့်ကုသနည်းမဆိုမှာ သမ္မာကျမ်းစာမူများနှင့် မဆန့်ကျင်ဖို့ ဂရုစိုက်သင့်သည်။
b အချို့သည် ဆေးဝါးမှီဝဲခြင်းကြောင့် စိုးရိမ်ပူပန်မှုနှင့် စိတ်ပိုင်းဆိုင်ရာ အခြားပြဿနာအချို့ အပါအဝင် မလိုလားဖွယ် အကျိုးဆက်များကို ကြုံတွေ့ခဲ့ရကြသည်။ ထိုထက်ကား အားကြွဆေးများသည် တူရဲက်တ် (Tourette) လက္ခဏာစုကဲ့သို့သော ကြွက်သားဆတ်ခနဲလှုပ်ရှားသည့်လူနာများတွင် တဆတ်ဆတ်အကြောဆွဲခြင်းကို ပိုမိုဆိုးရွားစေနိုင်သည်။ ထို့ကြောင့် ဆရာဝန်တစ်ဦး၏ ညွှန်ကြားမှုအတိုင်း ဆေးဝါးမှီဝဲသင့်သည်။
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]
မိဘများ သတိပြုစရာ အမှာစကား
ကလေးအားလုံးနီးပါးသည် ရံဖန်ရံခါ အာရုံမစိုက်၊ စိတ်လိုက်မာန်ပါပြုလုပ်ပြီး အလွန်ဆော့တတ်သည်။ ဤစရိုက်များက အမြဲပင် ADHD ဖြစ်သည်ဟု ဖော်ပြနေခြင်းမဟုတ်ပါ။ ဒေါက်တာ စတန်တဲင် အီး. ဆဲမ်နိုက သူ၏စာအုပ် နောက်မကျလွန်းမီတွင် ဤသို့မှတ်ချက်ချထားသည်– “ကလေးတစ်ဦးသည် သူ့အပြစ်မဟုတ်ဘဲ ချို့ယွင်းနေရသည်၊ သို့မဟုတ် တစ်စုံတစ်ရာဖြစ်နေရသည်ဟုယူမှတ်ကြကာ ၎င်းမလုပ်ချင်ရာကို အလိုလိုက်ပြီး မလုပ်စေသည့် အကြိမ်ပေါင်းများစွာကို ကျွန်ုပ်တွေ့ ခဲ့ဖူးပြီ။”
ဒေါက်တာ ရစ်ချက်ဒ် ဘရောမ်ဖီးလ်ဒ်ကလည်း သတိချပ်စရာတစ်ခုကိုတွေ့ မြင်ခဲ့သည်။ ADHD ဟု သတ်မှတ်ခံရသူအချို့သည် နဗ်ကြောအားနည်းပြီး အမှန်ပင် ဆေးဝါးမှီဝဲရန်လိုအပ်၏” ဟုရေးသားသည်။ “သို့သော် အခြေအနေများစွာတွင် ADHD နှင့် လုံးဝသက်ဆိုင်မှုမရှိသည့် ရင့်သီးခြင်း၊ ဟန်ဆောင်ခြင်း၊ လျစ်လျူရှုခြင်းနှင့် အခြားလူမှုရေးထိခိုက်မှုအားလုံးမဆိုအတွက် အဆိုပါမူမှန်မှုကို တရားခံအဖြစ်လည်း သတ်မှတ်နေကြပါသည်။ အမှန်မှာ အကြောင်းမဲ့အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးအလွဲသုံးခြင်းနှင့် သိပ်ထိတ်လန့်ဖွယ်မကောင်းသော ဖွဲ့စည်းမှုမရှိခြင်းနှင့် တက်ကြွမှုလွန်သည့်အိမ်ထောင်များ အစရှိသည့် ခေတ်သစ်ဘဝတွင် ပင်ကိုတန်ဖိုးရှိရာများ လစ်ဟင်းခြင်းက မည်သည့်နဗ်ကြောချို့တဲ့မှုထက် ဂနာမငြိမ်ခြင်းကဲ့သို့သော ADHD ကိုပို၍ဖြစ်စေနိုင်ပါသည်။”
ထို့ကြောင့် “အပြစ်ပုံချလိုသော သဘောထားအဖြစ်” ADHD ကိုအသုံးမပြုကြဖို့ ဒေါက်တာ ရောနယ်လ် ဂိုလ်ဒ်ဘာ့ဂ်က သတိပေးရခြင်းမှာ အကြောင်းခိုင်လုံပါ၏။ သို့ဖြစ်၍ “ရောဂါရှာဖွေရာတွင် မည်သည့်အရေးကြီးသောနည်းလမ်းမျှ မကျန်စေဖို့ ဂရုစိုက်ရန်” သူကအကြံပြုသည်။ ADHD နှင့်ဆင်တူသည့် လက္ခဏာများသည် ကာယရေးဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာပြဿနာများစွာမှ တစ်ခုခုကိုညွှန်ပြနေပေမည်။ ထို့ကြောင့် ရောဂါရှာဖွေခြင်းကိုတိတိကျကျ ပြုလုပ်ရန် အတွေ့အကြုံရှိ ဆရာဝန်တစ်ဦး၏အကူအညီ လိုအပ်ပေသည်။
ရောဂါရှာဖွေပြီးလျှင်ပင် မိဘများသည် ဆေးဝါးမှီဝဲခြင်း၏ကောင်းကျိုးနှင့် ဆိုးကျိုးကို ကောင်းစွာချင့်ချိန်သင့်သည်။ ရစ်တလင်ဆေး (Ritalin) သည် မလိုလားဖွယ် ရောဂါလက္ခဏာများကို ပပျောက်စေနိုင်သော်လည်း အိပ်မပျော်ခြင်း၊ စိုးရိမ်မှုတိုးများခြင်းနှင့် လန့်တတ်ခြင်းကဲ့သို့သော မလိုလားသည့် အကျိုးဆက်များဖြစ်ပေါ်စေသည်။ သို့ဖြင့် ဒေါက်တာ ရစ်ချက်ဒ် ဘရောမ်ဖီးလ်ဒ်က ကလေး၏ရောဂါလက္ခဏာများပပျောက်စေဖို့ ဆေးဝါးကိုအလျင်စလိုမတိုက်ဖို့သတိပေးလေသည်။ “ကလေးများစွာနှင့် သာ၍များပြားလှသော လူကြီးတို့အား မသင့်လျော်စွာဖြင့် ရစ်တလင်ဆေးကို တိုက်ကြွေးနေကြသည်” ဟုသူကပြောပြသည်။ “ကျွန်တော့်ရဲ့တွေ့ ကြုံမှုအရ မိဘများနဲ့ ဆရာများဟာ ကလေးရဲ့အပြုအမူကို တင်းခံနိုင်ဖို့ ရစ်တလင်ဆေးကို အရမ်းအသုံးပြုနေကြပုံရှိတယ်။ ကလေးလိုအပ်တာထက် သူ့ကိုငြိမ်ငြိမ်နေစေချင်လို့ ဆေးတိုက်ခံရတဲ့ကလေးတွေကို ကျွန်တော်သိတယ်။”
ထို့ကြောင့် မိဘတို့သည် မိမိတို့၏ကလေးများတွင် ADHD သို့မဟုတ် သင်ယူခြင်းစွမ်းရည်ချို့တဲ့မှုတစ်မျိုးရှိသည်ဟု အလျင်စလိုမသတ်မှတ်သင့်ချေ။ ယင်းအစား ကျွမ်းကျင်သောပါရဂူတစ်ဦး၏အကူအညီဖြင့် သူတို့သည် လက္ခဏာများကို ဂရုတစိုက်ချိန်ဆကြည့်သင့်သည်။ အကယ်၍ ကလေးတစ်ဦးသည် သင်ယူနိုင်စွမ်းမရှိ သို့မဟုတ် ADHD ဖြစ်နေသည်ဟု ဆုံးဖြတ်ကြပါက မိမိတို့ကလေးအတွက် အကျိုးအကောင်းဆုံးရရှိစေရန် ယင်းအခက်အခဲကို ကောင်းစွာသိရှိနားလည်ထားဖို့ မိဘများသည် အချိန်ယူလေ့လာသင့်သည်။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ADHD ဖြစ်သောကလေးသည် ကြင်နာမှုအပြင် ညီညွတ်မှုရှိသောဆုံးမပဲ့ပြင်ခြင်း လိုအပ်
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
မိဘ၏ချီးမွမ်းစကားသည် များစွာတာသွား