ကျွန်ုပ်တို့၏ စာရှုသူများထံမှ
ပြုစုစောင့်ရှောက်ခြင်း—စိန်ခေါ်ချက်ကိုရင်ဆိုင်ခြင်း ကောင်းလှတဲ့ ဒီအခန်းဆက်ဆောင်းပါးတွေက (ဖေဖော်ဝါရီ ၈၊ ၁၉၉၇ [လိပ်]) ကျွန်မကို အရမ်းအားရှိစေခဲ့တယ်။ ကျွန်မဟာအသက် ၁၇ နှစ်ရှိပြီး လေဖြတ်နေတဲ့အဖိုးနဲ့ အာရုံကြောချို့ယွင်းနေတဲ့အမေ့ကို ကြည့်ရှုစောင့်ရှောက်နေရတယ်။ လူနာတွေနဲ့နေရတဲ့အတွက် တစ်ခါတလေ စိတ်အနှောင့်အယှက်ဖြစ်ပြီး ‘ငါ့ကျမှ ဘာကြောင့်ဒီလိုဖြစ်နေရတာလဲ’ လို့မေးမိခြင်းဟာ သဘာဝဖြစ်တယ်ဆိုတာကိုသိလာရလို့ ကျွန်မကိုနှစ်သိမ့်မှုဖြစ်စေခဲ့တယ်။ ပြုစုစောင့်ရှောက်နေတဲ့သူတွေကို လက်တွေ့ကျအကူအညီပေးနိုင်တဲ့အကြောင်းပါတဲ့ ဆောင်းပါးအတွက်လည်း ကျေးဇူးတင်ပါတယ်။
ပီ. တီ.၊ အီတလီ
မကျန်းမမာဖြစ်နေတဲ့ ချစ်မြတ်နိုးရသူတစ်ယောက်ယောက်ကို ပြုစုစောင့်ရှောက်နေရတဲ့ လူတွေရဲ့ခံစားချက်တွေနဲ့ပတ်သက်ပြီး သင်တို့ရဲ့ဖော်ပြချက်ဟာ တကယ်မှန်ကန်တိကျပြီး နားလည်မှုအပြည့်ရှိတယ်။ အထူးကောင်းမွန်တဲ့ဒီဆောင်းပါးတွေကိုရေးဖို့ သင်တို့ကိုလှုံ့ဆော်တိုက်တွန်းပေးခဲ့တဲ့ ယေဟောဝါကို ကျွန်မကျေးဇူးတင်တယ်။ ဒီဆောင်းပါးတွေဟာ ဒီအခြေအနေကိုအောင့်အည်းသည်းခံနေရတဲ့ ကျွန်မတို့အားလုံးအတွက် အကူအညီဖြစ်မှာဖြစ်ပြီး ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ရွှင်လန်းမှုနဲ့ ဇွဲရှိရှိဆက်ပြီးလုပ်ဆောင်ဖို့ကူညီပေးမယ်ဆိုတာကို ကျွန်မယုံကြည်တယ်။
ဘီ. ဗွီ.၊ ချက်ခ်သမ္မတနိုင်ငံ
ကျွန်မဟာ မကြာသေးမီကအိမ်ထောင်ပျက်ခဲ့ပြီး ဆယ်ကျော်သက်ကလေးနှစ်ယောက်ရဲ့မိခင်ဖြစ်တဲ့အပြင် ကျွန်မသားဟာ ADHD (ဂနာမငြိမ် အာရုံစူးစိုက်မှုချို့တဲ့ခြင်းဝေဒနာ) ကိုအပြင်းအထန်ခံစားနေရတယ်။ ဒီဝန်ထုပ်ဝန်ပိုးတွေနဲ့ဆက်စပ်နေတဲ့ ဖိစီးမှုဟာတကယ်ဆိုးရွားတယ်။ မကြာသေးမီကထုတ်ဝေတဲ့ ပြုစုစောင့်ရှောက်ခြင်းအကြောင်းပါတဲ့ဆောင်းပါးတွေကြောင့် ကျွန်မရဲ့ခံစားချက်တွေဖြစ်တဲ့ စိတ်ကသိကအောက်ဖြစ်မှု၊ ဒေါသ၊ စိတ်ဓာတ်ကျခြင်းနဲ့ အားငယ်မှုတွေကို ကျွန်မနားလည်နိုင်ခဲ့တယ်။ အားရှိစရာတစ်ခုကတော့ အသင်းတော်မှာရှိတဲ့ အသက်ကြီးညီအစ်ကိုများဟာ ကျွန်မရဲ့သားကို ကူပြီးကြည့်ရှုပေးကြတယ်။ အလုပ်နဲ့မေတ္တာပြတာကိုမြင်ရတာဟာ တကယ့်ရွှင်လန်းစရာပါပဲ!
စီ. စီ.၊ အမေရိကန်ပြည်ထောင်စု
ကျွန်မရဲ့ခင်ပွန်းဟာ စိတ်ယိုယွင်းတဲ့ရောဂါခံစားနေရပြီး ကျွန်မကပြုစုစောင့်ရှောက်နေရတယ်။ ကျွန်မတာဝန်ယူဆောင်ရွက်နိုင်မှာမဟုတ်ဘူးလို့ စိုးရိမ်မိခဲ့တယ်။ ဆောင်းပါးထဲမှာပါတဲ့ ဂျင်းနီရဲ့စကားက ကျွန်မကိုသတ္တိရှိစေခဲ့တယ်၊ သူမဒီလိုအကြံပေးခဲ့တယ်– “ဖြစ်လာမယ့်အရာကိုစိုးရိမ်နေတာက တကယ့်အဖြစ်အပျက်ထက် အများအားဖြင့်ပိုဆိုးတယ်။”
အေ. ပီ.၊ စလိုဗားကီးယား
ကျွန်မဟာ တစ်ချိန်တုန်းက ပြုစုစောင့်ရှောက်ပေးခဲ့ရသူတစ်ယောက်ဖြစ်ပြီး ဒီဆောင်းပါးတွေမှာတင်ပြထားတဲ့ ခံစားချက်တော်တော်များများကို ခံစားခဲ့ရတယ်။ အကြိမ်တော်တော်များများပဲ ကျွန်မရဲ့စိတ်ဓာတ်ကျမှုနဲ့ ကိုယ့်အပြစ်မကင်းဘူးဆိုတဲ့ခံစားချက်တွေကို တခြားသူတွေကိုမပြောပြနိုင်ခဲ့ဘူး။ ဒီဆောင်းပါးတွေဟာ ကျွန်မရဲ့ခံစားချက်တွေကို ဆွေးနွေးတင်ပြနိုင်စေခဲ့တယ်။
အက်ဖ်. အက်ဖ်.၊ နိုင်ဂျီးရီးယား
ဒီထူးခြားတဲ့ဆောင်းပါးတွေကို ထုတ်ဝေလိမ့်မယ်လို့ ကျွန်တော်လုံးဝမထင်ခဲ့ဘူး။ ကျွန်တော့်အမေဟာ ၁၉၈၉ ခုနှစ်ကတည်းက အိပ်ရာထဲမှာလဲခဲ့တယ်။ မွေးချင်းပေါက်ဖော်တွေရော အဖေပါမရှိတဲ့ တစ်ဦးတည်းသောသားအနေနဲ့ ကျွန်တော်ဟာ အမေ့ကိုပြုစုစောင့်ရှောက်ဖို့တာဝန်ရခဲ့တယ်။ အခန်းဆက်ဆောင်းပါးရဲ့ နောက်ဆုံးအပိုဒ်ဖြစ်တဲ့ ယေဟောဝါနဲ့ ကိုယ်တော့်သားတော်ယေရှုခရစ်ဟာ အားလုံးထဲမှာ နူးညံ့ထောက်ထားမှုအရှိဆုံး ပြုစုစောင့်ရှောက်သူများဖြစ်ကြတယ်ဆိုပြီး ပြောထားတဲ့အချက်ကို ကျွန်တော်သဘောတူတယ်။ အခြေအနေဟာ မျှော်လင့်ချက်မဲ့လာပြီး ကျွန်တော်မရင်ဆိုင်နိုင်တော့ဘူးလို့ထင်တဲ့ အခါပေါင်းများစွာမှာ ယေဟောဝါကိုဆုတောင်းပြီး ကျွန်တော့်ကိုကူညီပေးဖို့တောင်းဆိုခဲ့တယ်။ ကိုယ်တော်နားထောင်နေတယ် ဆိုတဲ့အသိတစ်ခုတည်းက ခွန်အားတွေပြန်ရရှိလာသလိုခံစားရစေတယ်။
အမ်. အေ. အမ်.၊ ပီရူး
ကျွန်မရဲ့ခင်ပွန်းဟာ ဖျားနေပြီး မဂ္ဂဇင်းမှာဖော်ပြထားတဲ့အရာအားလုံးနီးပါး ကျွန်မတွေ့ကြုံခဲ့ရတယ်။ ညီအစ်ကိုညီအစ်မတွေ ကျွန်မခင်ပွန်းအကြောင်းကိုမေးမြန်းခဲ့ကြတဲ့ အဖြစ်အပျက်တော်တော်များများကို ပြန်သတိရမိတယ်။ တစ်ခါတလေ ကျွန်မစိတ်အနှောင့်အယှက်ဖြစ်လာပြီး ‘ဘာကြောင့်သူ့အကြောင်းကိုပဲ အမြဲမေးနေကြတာလဲ။ ငါ့ကိုကျတော့ မမေးကြပါလား’ လို့တွေးမိလာတယ်။ ဒီလိုခံစားချက်တွေဟာ သဘာဝပဲဆိုတာကို အခုတော့ကျွန်မသဘောပေါက်ပါပြီ။
အမ်. အေ. အိုင်. အိုင်.၊ စပိန်
သင်ယူခြင်းစွမ်းရည် ချို့တဲ့ခြင်း ကျွန်မဟာ ADHD အပြင်းအထန်ဖြစ်နေတဲ့ ဆယ်နှစ်သားလေးတစ်ဦးရဲ့ မိခင်ဖြစ်ပါတယ်။ ကျွန်မအရမ်းပြောပြချင်တဲ့အကြောင်းတွေရှိတယ်။ “သင်ယူခြင်းစွမ်းရည်ချို့တဲ့သော ကလေးများအတွက်အကူအညီ” (ဖေဖော်ဝါရီ ၈၊ ၁၉၉၈) အခန်းဆက်ဆောင်းပါးကို ထုတ်ဝေတဲ့အချိန်ကစပြီး ကျွန်မရဲ့သူငယ်ချင်းတချို့က ဒီဝေဒနာကိုနားလည်ဖို့နဲ့ ကျွန်မကိုကူညီပေးဖို့ သူတို့ကြိုးစားခဲ့ပေမဲ့ ကျွန်မသားနဲ့ကျွန်မရဲ့ခံစားချက်ကို ဘယ်တော့မှအပြည့်အဝနားမလည်ခဲ့ကြဘူးလို့ ပြောကြတယ်။ အခုဆိုရင် ပိုပြီးတောင်မှ ကူညီပေးချင်ကြတယ်လို့ အားလုံးလိုလိုပြောကြတယ်။ အသင်းတော်ကညီအစ်မတစ်ယောက်က ကျွန်မသားနဲ့အတူ ဒီဆောင်းပါးကိုပြန်သုံးသပ်ကြပြီး သားလေးကိုအားပေးတယ်။ နောက်တော့ သားလေးဟာကျွန်မဆီလာပြီး မဂ္ဂဇင်းကိုပြန်ဖတ်ပြဖို့တောင်းဆိုခဲ့တယ်။
အယ်လ်. အေ. ဒီ.၊ အမေရိကန်ပြည်ထောင်စု