သမ္မာကျမ်းစာရှုထောင့်
ဆင်းရဲနွမ်းပါးမှုသည် ခိုးခြင်းအတွက် အကြောင်းပြချက်လော
“ဆင်းရဲနွမ်းပါးမှုသည် လူ့ပျော်ရွှင်မှု၏ မဟာရန်သူကြီးဖြစ်သည်; ယင်းသည် လူ့လွတ်လပ်ခွင့်ကို အမှန်တကယ်လက်လွတ်ဆုံးရှုံးစေပြီး အချို့သောအရည်အသွေးကောင်းများကိုမပြနိုင်အောင်၊ အချို့ကိုမူပြရန်အလွန်ခက်ခဲအောင် ဖန်တီးသည်။—ဆင်မြူရယ် ဂျွန်ဆင်၊ ၁၈-ရာစုစာရေးဆရာ။
ရောမနိုင်ငံ့ခေါင်းဆောင် မက်ဂနပ်စ် အော်ရယ်လီယပ်စ် ကပ်စီယိုဒိုးရပ်စ် ကဤသို့ပြောခဲ့သည်– “ဆင်းရဲနွမ်းပါးမှုသည် ရာဇဝတ်မှု၏ပင်မအကြောင်းတရားဖြစ်သည်။” အချို့သောရာဇဝတ်မှုများသည် ဆင်းရဲနွမ်းပါးမှုကြောင့် ဖြစ်လာလေ့ရှိသည်ဟု အထက်ပါသဘောထားများက ဖော်ပြနေပုံရှိသည်။ အထူးသဖြင့် ရာဇဝတ်မှုသည် ခိုးမှုဖြစ်သည့်အခါ ယင်းသို့ ယနေ့လူအများ လက်ခံကြပုံရသည်။
ခိုးရခြင်းမှာ ဖိနှိပ်ခံရမှုနှင့် ဆင်းရဲနွမ်းပါးမှုကြောင့်ဖြစ်သည်ဟု လူအများခံယူထားကြသည်။ ရော်ဘင်ဟုဒ်နှင့်ပတ်သက်၍ ကျော်ကြားသော ၁၄-ရာစု အင်္ဂလိပ်လင်္ကာတေးကို သုံးသပ်ကြည့်ပါ၊ ယင်းတေးတွင် လူချမ်းသာများထံမှပစ္စည်းများကိုလုယူပြီး ဆင်းရဲသားများကိုဝေပေးခဲ့သူ တောပုန်းတစ်ယောက်အကြောင်းကို သီကုံးထားသည်။ သူ့အား သူရဲကောင်းတစ်ယောက်အဖြစ် ရာစုနှစ်နှင့်ချီပြီး ရှုမြင်ခဲ့ကြသည်။
ယနေ့လူအများသည် အကြီးအကျယ်စီးပွားရေးအကျပ်ရိုက်နေသည်ကို ဝန်ခံရပေမည်။ တစ်နေ့လျှင်တစ်ဒေါ်လာခန့်ဖြင့် အသက်မွေးနေရသူ ၁.၃ ဘီလီယံရှိသည်ဟု ကမ္ဘာ့ဘဏ်မှ မကြာသေးမီကဖော်ပြသည်။ လေ့လာမှုတစ်ခုတွင် ဖိလစ်ပိုင်လူမျိုး ၇၀ ရာခိုင်နှုန်းက မိမိတို့ကိုယ်ကို ဆင်းရဲသူများဟုယူမှတ်ကြောင်း ပြောဆိုခဲ့သည်။ ဘရာဇီးတွင် လူဦးရေ၏ ၂၀ ရာခိုင်နှုန်းဖြစ်သော အကြွယ်ဝဆုံးသူများ၏ဝင်ငွေသည် လူဦးရေ၏ ၂၀ ရာခိုင်နှုန်းဖြစ်သော အဆင်းရဲဆုံးသူများ၏ဝင်ငွေ ၃၂ ဆရှိသည်။ ထိုအခြေအနေများက အချို့သူများအား ကြံရာမရဖြစ်စေရာ အသက်ရှင်ရန်အတွက် သူတို့၏နေ့စဉ်လိုအပ်ရာရဖို့ မည်သည့်နည်းကိုမဆို၊ ခိုးခြင်းကိုပင်ပြုကြသည်။
သမ္မာကျမ်းစာက ခိုးခြင်းကို ရှင်းလင်းစွာရှုတ်ချထားသည်။ ပညတ်တော်ဆယ်ပါးမှ အဋ္ဌမမြောက်ပညတ်တွင် ဤသို့ဆိုသည်– “သူ့ဥစ္စာကိုမခိုးနှင့်။” (ထွက်မြောက်ရာ ၂၀:၁၅) သို့တိုင် ကျမ်းစာကိုယုံကြည်သူများစွာသည် အလွန့်အလွန်စီးပွားရေးကျဆင်းမှုက ခိုးဖို့တွန်းထိုးပေးခြင်းကြောင့် ခိုးရပါသည်ဟုအကြောင်းပြလိုကြသည်။
ယင်းက အရေးကြီးသောမေးခွန်းများကို ပေါ်ထွက်စေသည်– ဆင်းရဲနွမ်းပါးမှုသည် ခိုးခြင်းအတွက် အကြောင်းပြချက်အမှန်ပင်ဖြစ်သလော။ လူတစ်ဦးသည် စီးပွားရေးအလွန့်အလွန်ချွတ်ခြုံကျချိန်တွင် အဘယ်အရာပြုလုပ်ရမည်နည်း။ သူ့တွင် ဖျားနာနေသည့် သို့မဟုတ် ဆာမွတ်နေသည့်ကလေးများကို စောင့်ရှောက်နေရလျှင်ကော မည်သို့နည်း။ ဤကဲ့သို့သောအခြေအနေများတွင်ခိုးခြင်း အထူးသဖြင့် ပိုင်ရှင်အသုံးမလိုသည့်ပစ္စည်းများကိုခိုးခြင်းကို ယေဟောဝါဘုရားသခင် ခွင့်ပြုမည်လော။
ဘုရားသခင်မည်သို့မိန့်ဆိုထားသနည်း
ယေရှုသည် ခမည်းတော်၏ဥပဓိရုပ်တော်ကို ရောင်ပြန်ဟပ်သောကြောင့် ကိုယ်တော်၏ပုံသက်သေများသည် ဘုရားသခင့်ရှုမြင်ပုံကိုနားလည်ရန် ကျွန်ုပ်တို့ကိုကူညီပေးနိုင်သည်။ (ယောဟန် ၁၂:၄၉) မြေကြီးပေါ်ရှိစဉ် ယေရှုသည် ဆင်းရဲနွမ်းပါးသူများကို အလွန်နူးညံ့ထောက်ထားစွာ ဆက်ဆံခဲ့သည်။ “လူအစုအဝေးတို့ကိုမြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏” ဟုကျမ်းစာဆိုသည်။ (မဿဲ ၉:၃၅) သို့ရာတွင် မည်သည့်အခြေအနေအောက်တွင်ရှိပါစေ ခိုးခြင်းကို မည်သည့်အခါမျှ ကိုယ်တော်ခွင့်မလွှတ်ခဲ့ပါ။ ထိုနည်းတူ ဘုရားသခင်သည် ဆင်းရဲသားများအတွက် စိုးရိမ်ကြောင့်ကြသော်လည်း ဆင်းရဲနွမ်းပါးမှုသည် ခိုးရန်ခိုင်လုံသည့်အကြောင်းဖြစ်သည်ဟု ကိုယ်တော်မသတ်မှတ်ပါ။ ဟေရှာယ ၆၁:၈ တွင် “လုယူ [“ခိုး၊” ကဘ] ခြင်းအမှုနှင့်အဓမ္မအမှုကိုမုန်း၏” ဟုကျမ်းစာတွင်ဆိုထားသည်။ ထို့ပြင် တမန်တော်ပေါလုက သူခိုးများသည် ဘုရားသခင်၏နိုင်ငံတော်အမွေခံရမည်မဟုတ်ကြောင်း ရှင်းလင်းစွာတင်ပြထားသည်။ ထို့ကြောင့် ဘုရားသခင့်ရှုမြင်ပုံကို ကျွန်ုပ်တို့ရှင်းလင်းစွာနားလည်နိုင်သည်။—၁ ကောရိန္သု ၆:၁၀။
သို့ရာတွင် နယပုံပြင် ၆:၃၀ (သမ) တွင် “မွတ်သိပ်သဖြင့် အသက်မွေးရန်သာခိုးသောသူကို အရှက်မခွဲတတ်ကြ” ဟုဆိုထားသည်။ ဤဖော်ပြချက်က ခိုးခြင်းကိုခွင့်ပြုနေခြင်းလော။ လုံးဝမဟုတ်ပါ။ ရှေ့နောက်စကားများက ဘုရားသခင်သည် သူ၏အမှားအတွက် သူခိုးသည်ဆုံးမခံသင့်သည့်အထိ တင်ပြထားသည်။ နောက်အခန်းငယ်တွင် ဤသို့ဆိုသည်– “တွေ့မိလျှင် ခုနစ်ဆပြန်ပေးရမည်၊ ကိုယ်အိမ်၌ရှိသမျှသောဥစ္စာတို့ကို လျှော်ရမည်။”—သု. ၆:၃၁။
မွတ်သိပ်ခြင်းကြောင့်ခိုးသောသူကို လောဘလွန်ကျူးသောကြောင့် သို့မဟုတ် သူတစ်ပါးကိုဒုက္ခရောက်စေလိုသောရည်ရွယ်ချက်ကြောင့်ခိုးသောသူလောက် အပြစ်မတင်ထိုက်သော်လည်း ဘုရားသခင့်နှစ်သက်မှုကိုရလိုသောသူသည် မည်သည့်အကြောင်းကြောင့်ဖြစ်စေ ခိုးမှုကိုမကျူးလွန်သင့်ပါ။ အလွန့်အလွန်ချွတ်ခြုံနွမ်းပါးသည့်အခြေအနေများ၌ပင် ခိုးခြင်းသည်ဘုရားသခင်၏ဂုဏ်သိက္ခာကို ထိခိုက်သည်။ နယပုံပြင် ၃၀:၈၊ ၉ တွင်ဤသို့ဖော်ပြသည်– “အသက်မွေးလောက်သောအစာကိုသာ ပေးတော်မူပါ၊ . . . ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့်၊ အကျွန်ုပ်၏ဘုရားသခင်နာမတော်ကို မုသာနှင့်ဆိုင်၍မြွက်ဆိုမည်ဟု စိုးရိမ်စရာရှိပါ၏။” မှန်ပါသည်၊ သူခိုးတစ်ဦးသည် ဘုရားသခင်၏နာမတော်ကို ရှုတ်ချဖွယ်ဖြစ်စေသည်။ ခိုးခြင်းသည် မေတ္တာကင်းမဲ့သည့်အပြုအမူဖြစ်သောကြောင့် ချမ်းသာသောသူ၏ဥစ္စာကိုခိုးခြင်းဖြစ်စေ၊ ဆင်းရဲသောသူ၏ဥစ္စာကိုခိုးခြင်းဖြစ်စေ မေတ္တာမဲ့သောလုပ်ရပ်ဖြစ်သည်။ ဘုရားသခင်နှင့် အိမ်နီးချင်းကိုချစ်သောသူများအတွက် ခိုးခြင်းသည် မည်သည့်အခါမျှဖြောင့်မတ်မှန်ကန်သည့်အရာမဟုတ်ပါ။—မဿဲ ၂၂:၃၉; ရောမ ၁၃:၉၊ ၁၀။
အခြေမလှသူတစ်ဦးသည် ခိုးခွင့်ရှိသည်ဟူသော ဆင်ခြေတက်ပြောဆိုသည့်စကားသည် ကျိုးကြောင်းဆီလျော်မှုမရှိပါ။ ထိုသို့ပြောခြင်းက ကိုယ်လုံးကိုယ်ပေါက်သေးငယ်သောအားကစားသမားများသည် အနိုင်ရရှိရန် တားမြစ်ထားသောဆေးဝါးများကို သုံးစွဲခွင့်ရှိသည်ဟု ပြောခြင်းနှင့်တူသည်။ အကယ်၍ ထိုသူအနိုင်ရလျှင်ပင် သူသည် မရိုးသားသည့်နည်းကိုအသုံးပြုထားသူဖြစ်သည်။ အခြားသူများက သူ၏အောင်ပွဲသည် မတရားသည့်နည်းလမ်းများဖြင့်ရရှိထားသည်ဟု မှန်ကန်စွာယူမှတ်ကြလိမ့်မည်။ ထို့ကြောင့် သူခိုးလည်းထိုနည်းတူပင်ဖြစ်သည်။ သူသည် မရိုးသားသည့်နည်းဖြင့် အခြားသူပိုင်ဆိုင်ရာများကို ရယူသည်။ သူ၏အခြေမလှမှုက သူ၏လုပ်ရပ်အတွက် အကြောင်းပြချက်မဟုတ်ပါ။
ဘုရားသခင်၏နှစ်သက်မှုကိုရရှိလိုသော မည်သည့်သူခိုးမဆို သူ၏ကျင့်ကြံပြုမူသည့်လမ်းစဉ်အတွက် နောင်တယူရမည်ဖြစ်သည်။ ကျမ်းစာကဤသို့ သတိပေးထားသည်– “ခိုးတတ်သောသူသည် နောက်တစ်ဖန်မခိုးဘဲ . . . မိမိလက်နှင့် ကောင်းသောအလုပ်ကိုလုပ်ဆောင်အားထုတ်စေ။” (ဧဖက် ၄:၂၈) စစ်မှန်သောနောင်တယူသည့် ယခင်ကသူခိုးများသည် ယေဟောဝါသူတို့အားခွင့်လွှတ်မည်ဖြစ်ကြောင်း အမှန်ပင်ယုံကြည်နိုင်ပါသည်။—ယေဇကျေလ ၃၃:၁၄-၁၆။
ဆင်းရဲသူသည် အဘယ်အရာပြုလုပ်နိုင်သနည်း
ကျမ်းစာက ဤသို့ကတိပြုထားသည်– “ဖြောင့်မတ်သောသူကိုငတ်၍သေစေခြင်းငှာ ထာဝရဘုရားသည် အခွင့်ပေးတော်မမူ၊ မတရားသောသူတို့၏ အဓမ္မအမှုကိုကား ဖျက်ဆီးတော်မူ၏။” (သု. ၁၀:၃) မိမိတို့၏အလိုဆန္ဒများကျေနပ်မှုရရန် ကိုယ်တော့်ပညတ်ကို တမင်တကာချိုးဖောက်နေသူများကို ဘုရားသခင်အကူအညီပေးမည်မဟုတ်ပါ။ သို့သော် ကိုယ်တော်အားနာခံရန် ရိုးသားစွာကြိုးစားနေသူအတွက် ကိုယ်တော်ထောက်ထားစာနာမည်ဖြစ်ပြီး လိုအပ်ရာများကိုရရှိရန် သူတို့၏ကြိုးစားအားထုတ်မှုများကို ကိုယ်တော်ကောင်းချီးပေးလိမ့်မည်။—ဆာလံ ၃၇:၂၅။
ဘုရားရေးရာမူများကိုလိုက်လျှောက်သည့်အခါ သူတို့၏ဘဝအခြေအနေများတိုးတက်လာကြောင်းကို သန်းနှင့်ချီသောသူများ တွေ့ရှိလျက်ရှိသည်။ ဥပမာ၊ ကြိုးစားအားထုတ်ရန်နှင့် လောင်းကစားခြင်း၊ သောက်ကြူးခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် မူးယစ်ဆေးသုံးစွဲခြင်းစသည့် ဆိုးသွမ်းညစ်ညမ်းသည့်အကျင့်များကိုရှောင်ရန်ဟူသော ကျမ်းစာဆုံးမစကားများကို လိုက်လျှောက်ခြင်းက သူတို့အမှန်တကယ်လိုအပ်ရာများကို ပို၍ရရှိစေသည်။ (ဂလာတိ ၅:၁၉-၂၁) ယင်းက ယုံကြည်ခြင်းတင်ပြရန်လိုအပ်ကာ ယင်းသို့တင်ပြသူများသည် “ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည်” အကြောင်းနှင့် ကိုယ်တော်ကိုယုံကြည်အားကိုးသူများကို အမှန်ပင်ကူညီတော်မူကြောင်း သိရှိလာခဲ့ကြသည်။—ဆာလံ ၃၄:၈။
[Picture Credit Line on page 18]
ရော်ဘင်ဟုဒ်– General Research Division/The New York Public Library/Astor, Lenox and Tilden Foundations