ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၉ ၁/၈ စာ. ၂၁
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အိမ်ထောင်ရေးကျဆင်းမှု
  • “မောရှေအာနိသင်”
  • ရိုင်းပျသောကမ္ဘာလှည့်ခရီးသည်များ
  • ကလေးကျွေးမွေးခြင်းအကျပ်အတည်း
  • ကမ္ဘာ့သန့်ရှင်းရေးအခြေအနေ ပိုဆိုးလာ
  • အိမ်သည်သာ အရေးပါဆုံး
  • တစ်မူထူးသောမိတ်ဖွဲ့မှု
  • ဂူတင်ဘာ့ဂ်ကျမ်းစာ တွေ့ ရှိခဲ့
  • အသက်ရှည်ခြင်း
  • ဂူတင်ဘာ့ဂ်—လောကကို အလှဆင်ခဲ့ပုံ!
    နိုးလော့!—၂၀၀၁
  • အေအိုင်ဒီအက်စ် ရောဂါသည်မိခင်များ အကျပ်အတည်းရင်ဆိုင်နေရ
    နိုးလော့!—၂၀၀၁
  • ချီတက်နေသော တပ်တစ်တပ်!
    နိုးလော့!—၂၀၀၄
  • သင့်ကျန်းမာရေးအပေါ် ဩဇာလွှမ်းမိုးသည့်အရာ—သင်လုပ်ဆောင်နိုင်သည့်အရာ
    နိုးလော့!—၁၉၉၇
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၉
န၉၉ ၁/၈ စာ. ၂၁

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

အိမ်ထောင်ရေးကျဆင်းမှု

ကနေဒါနိုင်ငံတွင် အိမ်ထောင်ရေးသည် အသိုင်းအဝိုင်းတစ်ခုအနေဖြင့် လျင်မြန်စွာကျဆင်းလျက်ရှိသည်။ ကနေဒါနိုင်ငံစာရင်းဇယားတစ်ခုအရ လွန်ခဲ့သော ၁၅ နှစ်အတွင်း “လက်မထပ်ဘဲအတူနေထိုင်ကြသော ကနေဒါနိုင်ငံသားဦးရေသည် ၇၀၀,၀၀၀ မှ ၂ သန်းအထိ သုံးဆနီးပါးတိုးလာရာ တစ်နှစ်တိုးနှုန်းသည် အိမ်ထောင်ပြုသူ၏ခြောက်ဆဖြစ်သည်” ဟုသည်တိုရွန်တိုစတားကဆိုသည်။ ထို့အပြင် “ယခုအခါ ကနေဒါနိုင်ငံ၌ ပထမအကြိမ်ပေါင်းသင်းကြသူအားလုံး၏ထက်ဝက်နှင့် ကွီဘက်၌ ငါးတွဲတွင်လေးတွဲတို့သည် သဘောတူပေါင်းသင်းနေထိုင်ကြသည်။”အဘယ်ကြောင့် ဤသို့ပြောင်းလဲလာရသနည်း။ သဘောတူပေါင်းသင်းမှုများသည် “ခေတ်ကုန်နေပြီဖြစ်သော လူမှုရေးစနစ်တစ်ခုပေါ်တွင် တည်ဆောက်ထားသည့် အသိုင်းအဝိုင်းကိုငြင်းပယ်သောဖြစ်စဉ်တစ်ခုဖြစ်သည့် လူမှုတော်လှန်ရေး၏တစ်စိတ်တစ်ဒေသဖြစ်ကြောင်း ထင်ရှားသည်” ဟုထိုသတင်းကဆိုသည်။ “လက်မထပ်ဘဲအတူနေခြင်းကို အစမ်းအိမ်ထောင်ပြုခြင်းဟု သဘောထားခဲ့ကြသော်လည်း ယခုအခါ ယင်းကိုရွေးချယ်စရာတစ်ခုအဖြစ်ယူမှတ်နေကြပြီ” ဟုသတင်းဆောင်းပါးကဖော်ပြထားသည်။

“မောရှေအာနိသင်”

ဂျပန်နိုင်ငံမှ ရူပဗေဒပညာရှင်နှစ်ဦးသည် ဓာတ်ခွဲခန်းတစ်ခုတွင် ရေကိုအောင်မြင်စွာခွဲခြမ်းနိုင်ခဲ့ကြသည်ဟု နယူးဆိုင်းယင်းတစ်မဂ္ဂဇင်းကဖော်ပြထားသည်။ တိုကျိုတက္ကသိုလ်မှ မာဆာကာဇူ အီဝါဆာကာနှင့် ရှိုဂို အူအီနိုတို့သည် တစ်စိတ်တစ်ဒေသရေဖြည့်ထားသော ဖန်ပြွန်တစ်ခုပတ်လည်တွင် လျှပ်စီးအလွန်ကောင်းသော ဝါယာကြိုးခွေများဖြင့်ပတ်ကာ ပြင်းအားကောင်းသော သံလိုက်စက်ကွင်းတစ်ခုကို ဖန်တီးကြသည်။ ကမ္ဘာ့သံလိုက်စက်ကွင်းပြင်းအားထက် အဆပေါင်း ၅၀၀,၀၀၀ ခန့်ပို၍ပြင်းထန်သော သံလိုက်စက်ကွင်းသည် ဖန်ပြွန်၏အစွန်များသို့ ရေကိုတွန်းထုတ်ကာ အလယ်တွင်ခြောက်သွေ့သောအပိုင်းကျန်ရှိစေသည်။ ၁၉၉၄ ခုနှစ်တွင် သိပ္ပံပညာရှင်များပထမဆုံးတွေ့ရှိခဲ့သော အဆိုပါဖြစ်ရပ်ကို ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့ရှိ ရူပဗေဒပညာရှင်များက ထပ်မံဖန်တီးစမ်းသပ်ကြည့်ကြပြန်သည်။ ယင်းမှ မည်သည့်အဖြေရသနည်း။ တိုကျိုတက္ကသိုလ်မှကျောင်းသားတစ်ဦးဖြစ်သော ကိုအီချိ ကီတာဇာဝါ၏အဆိုအရ ရေသည် “သံလိုက်ဓာတ်သွင်းခြင်းကို အလွယ်တကူမတုံ့ပြန်ချေ။ ထို့ကြောင့် အားကောင်းသော သံလိုက်သည် ရေကို တွန်းထုတ်ပြီး သံလိုက်စက်ကွင်းပြင်းအားကြီးသောနေရာမှ ငယ်သောနေရာသို့တွန်းထုတ်သည်။” ကီတာဇာဝါသည် ဤဖြစ်ရပ်ကို “မောရှေအာနိသင်” ဟုအမည်ပေးထားသည်။

ရိုင်းပျသောကမ္ဘာလှည့်ခရီးသည်များ

အီတလီနိုင်ငံ၏ယဉ်ကျေးမှုအမွေအနှစ်ပေါကြွယ်ဝခြင်းက ယင်းကို လူကြိုက်များသောကမ္ဘာလှည့်ခရီးသွားဒေသတစ်ခုဖြစ်စေသည်။ ထိုနေရာသို့ လာရောက်အပန်းဖြေလည်ပတ်သူများသည် ယဉ်ယဉ်ကျေးကျေးမပြုမူဘဲနေကြသည်မှာ ဝမ်းနည်းစရာပင်။ ပတ်ဝန်းကျင်နှင့် ဗိသုကာပညာအမွေအနှစ်ဆိုင်ရာ ဖလော်ရင်းစ်မြို့၏ကိုယ်စားလှယ်ဖြစ်သူ မာရီရို လော်လီ ဂက်တီ၏အဆိုအရ “လူများစွာသည် အိမ်တွင်လုပ်ရန် သူတို့မစဉ်းစားဖူးသည့် အရာများကိုလုပ်နိုင်သည်ဟု ယူမှတ်ကြသည်။” ထို့ကြောင့် ဖလောရင်းစ်မြို့သည် လာရောက်လည်ပတ်သူများ လုပ်နိုင်သည့်၊ မလုပ်နိုင်သည့်အရာများနှင့်ပတ်သက်၍ သတိပေးသော “ကမ္ဘာလှည့်ခရီးသည်များ၏ အခွင့်အရေးများနှင့်တာဝန်များကိုဖော်ပြသည့် တရားဝင်ထုတ်ပြန်ချက်” တစ်ရပ်ကိုထုတ်ပြန်ခဲ့သည်ဟု လာရီပတ်ဘလီကာသတင်းစာကဖော်ပြ၏။ သတိပေးချက်အချို့မှာ ဤသို့– ရေပန်းများတွင် ရေချိုးခြင်း သို့မဟုတ် ခြေထောက်များချခြင်းကိုမပြုရန်; အထိမ်းအမှတ်များနှင့် ပြတိုက်များရှေ့တွင် ပျော်ပွဲစားမလုပ်ရန်; မြေပေါ်တွင် သံဘူးခွံများ သို့မဟုတ် ပီကေများကို မပစ်ရန်; ပြတိုက်များသို့လည်ပတ်သောအခါ လက်ပြတ်တီရှပ်များမဝတ်ရန်; သမိုင်းဝင်ဥယျာဉ်များနှင့် ပြည်သူ့ရင်ပြင်များတွင် ရေကူးဝတ်စုံများဖြင့် နေပူဆာမလှုံရန်တို့ဖြစ်သည်။ ယဉ်ကျေးသောကမ္ဘာလှည့်ခရီးသည်များကိုမူ လေးမြတ်ကြိုဆိုလျက်ရှိဆဲဖြစ်သည်မှာ အမှန်ပင်။

ကလေးကျွေးမွေးခြင်းအကျပ်အတည်း

“ဆရာဝန်များနှင့် ပြည်သူ့ကျန်းမာရေးအဖွဲ့များက ဆင်းရဲသောနိုင်ငံများရှိမိခင်များအား ကလေးများကျန်းမာရေးအတွက် မိခင်နို့ကိုတိုက်ကျွေးပါဟူ၍ အနှစ်နှစ်ဆယ်ကြာတညီတည်းအကြံပေးလာခဲ့ကြသည်” ဟုသည်နယူးယောက်တိုင်းမ်စ်သတင်းစာကဆို၏။ “သို့သော် ယခုအခါ အေအိုင်ဒီအက်စ်ရောဂါသည် အဆိုပါအကြံပြုချက်ကို ကမောက်ကမဖြစ်စေသည်။ အေအိုင်ဒီအက်စ်ဗိုင်းရပ်စ်ပိုးများရှိသည့်မိခင်များသည် သိသိသာသာပင် နို့ရည်မှတစ်ဆင့်ကူးစက်စေနိုင်သည် . . . ဟုလေ့လာမှုများကဖော်ပြနေသည်။ မကြာသေးမီက ကုလသမဂ္ဂ၏ခန့်မှန်းချက်အရ အိပ်ချ်အိုင်ဗွီစွဲသူကလေးငယ်အားလုံး၏သုံးပုံတစ်ပုံသည် ၎င်းတို့၏မိခင်နို့မှတစ်ဆင့်ရရှိကြသည်။” နောက်ထပ်ရွေးနိုင်သည့်နည်းတစ်နည်းမှာ ကလေးအာဟာရဖြစ်သည်၊ သို့သော် သူ့အခက်အခဲနှင့်သူရှိ၏။ နိုင်ငံများစွာရှိမိခင်များသည် ကလေးအာဟာရကိုရရန် သို့မဟုတ် နို့ဘူးကို ရောဂါပိုးကင်းစင်အောင်ပြုရန် ငွေမရှိကြသကဲ့သို့ ရေသန့်များရရန်လည်းအခွင့်မသာကြချေ။ ရလဒ်အနေဖြင့် ကလေးများသည် ဝမ်းလျှောခြင်းနှင့် ရေဆုတ်ယုတ်ခြင်းတို့အပြင် အသက်ရှူအင်္ဂါနှင့် အစာအိမ်အူလမ်းကြောင်းတို့နှင့်ဆိုင်သောရောဂါများခံစားကြရသည်။ ဆင်းရဲသောမိသားစုများသည် ကလေးအာဟာရကိုပွားစေရန် သတ်မှတ်ထားသည်ထက်ရေပိုရောကြရာ ကလေးများအာဟာရချို့တဲ့ရလေသည်။ ကျန်းမာရေးဆိုင်ရာအာဏာပိုင်သည် ယခုအခါ ကိစ္စရပ်နှစ်ခုစလုံးကိုမျှတစေရန် ကြိုးစားလျက်ရှိသည်။ ကမ္ဘာတစ်ဝန်းရှိ ရင်သွေးငယ်များနှင့် ကလေးများသည် တစ်နေ့လျှင် လူသစ် ၁,၀၀၀ ကျော် အိပ်ချ်အိုင်ဗွီ ကူးစက်ခံနေရသည်။

ကမ္ဘာ့သန့်ရှင်းရေးအခြေအနေ ပိုဆိုးလာ

“ကမ္ဘာ့လူဦးရေ၏ထက်ဝက်ကျော်ဖြစ်သည့် သန်းသုံးထောင်နီးပါးသောလူတို့သည် ကျန်းမာရေးနှင့်ညီညွတ်သော တန်ဖိုးအနည်းဆုံးအိမ်သာတစ်ခုပင် မရှိကြ” ဟုသည်နယူးယောက်တိုင်းမ်စ်သတင်းစာကဆိုသည်။ ယူနီဆက် (ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့) ကပြုလုပ်သည့် နိုင်ငံများ၏တိုးတက်မှုနှစ်ချုပ်လေ့လာမှုတွင်ပါဝင်သော ဤတွေ့ရှိချက်များက “သန့်ရှင်းမှုစာရင်းဇယားများသည် ကမ္ဘာနှင့်အဝန်းပိုကောင်းမလာဘဲ ပိုဆိုးရွားနေလျက်ရှိကြောင်း” ကိုလည်းဖော်ပြ၏။ ဥပမာ၊ အချို့နိုင်ငံများသည် ဆင်းရဲသားများအတွက် ရေသန့်ထောက်ပံ့ပေးရာတွင် တိုးတက်မှုရှိခဲ့သော်လည်း မိလ္လာစွန့်ပစ်ခြင်းအစီအစဉ်တွင် ညံ့ဖျင်းနေသည်။ ဤအဓိကကျသော သန့်ရှင်းမှု မရှိခြင်းသည် ရောဂါအသစ်များကိုပြန့်ပွားစေပြီး ရောဂါဟောင်းများကိုပြန်ထွန်းသစ်လာစေသည်ဟု သတင်းကဖော်ပြသည်။ ဖျားနာမှုကြောင့် နှစ်စဉ်သေဆုံးကြသောကလေးနှစ်သန်းကျော်သည် မသန့်ရှင်းသည့်အခြေအနေနှင့်ဆက်စပ်သည်ဟု ခန့်မှန်းထားသည်။ လေ့လာရေးဆောင်းပါးရှင်အက်တာ ဟာမစ်ခန်က ဤသို့ဆိုသည်– “သင်၏သန့်ရှင်းမှုသည် အလယ်ခေတ်အဆင့်အတန်းသာရှိလျှင် အလယ်ခေတ်ရောဂါအဆင့်ကို သင်ခံစားရမည်။”

အိမ်သည်သာ အရေးပါဆုံး

နေ့ကလေးထိန်းကျောင်း—မိဘများအလုပ်လုပ်နေစဉ် ကလေးများကိုအခြားသူများက ကြီးကြပ်ခြင်း—သည် ကလေးများအတွက်ကောင်းသလော။ ယင်းကို ကလေးကျန်းမာရေးနှင့် လူသားဖွံ့ဖြိုးမှုအမျိုးသားအဖွဲ့ကပြုလုပ်သော အမေရိကန်ပြည်ထောင်စုလေ့လာမှုတစ်ရပ်က သိရှိလိုခဲ့သည်။ တက္ကသိုလ် ၁၄ ခုတွင် ထင်ရှားသော ကလေးစောင့်ရှောက်ရေး သုတေသီများသည် ကလေးငယ် ၁,၃၆၄ ဦးကို မွေးဖွားချိန်မှ သုံးနှစ်သားအထိ အသေးစိတ်လေ့လာမှုပြုခဲ့ကြသည်။ ကလေးငယ် ၂၀ ရာခိုင်နှုန်းကျော်သည် အိမ်တွင် မိခင်များ၏စောင့်ရှောက်မှုကိုခံရကြပြီး၊ ကျန်ကလေးများသည် နေ့ကလေးထိန်းကျောင်းများ သို့မဟုတ် အငှားကလေးထိန်းအိမ်များသို့ပို့ခဲ့ကြသည်။ ရလဒ်ကားအဘယ်နည်း။ “လူကြီးများနှင့် စကားအပြန်အလှန်ပြောဆိုခွင့်ရသည့် အဆင့်မြင့်နေ့ကလေးထိန်းကျောင်းထားသည့်ကလေးများသည် ဂရုစိုက်ခံရမှုနည်းသည့်ကလေးများထက် ဘာသာစကားနှင့် သင်ယူခြင်းစွမ်းရည်ဘက်တွင် အနည်းငယ်သာကြောင်း သုတေသီများကတွေ့ရှိခဲ့ကြသည်” ဟုတိုင်းမ်စ်မဂ္ဂဇင်းကဆို၏။ “သို့သော် အဓိကကောက်ချက်မှာ ကလေးများ၏စိတ္တရေးနှင့်စိတ်လှုပ်ရှားမှုဆိုင်ရာဖွံ့ဖြိုးမှုအတွက် နေ့ကလေးထိန်းကျောင်းများတွင်ရရှိသည့်အကျိုးသက်ရောက်မှုသည် မိသားစုတွင်ရရှိသည့်အရည်အသွေးလောက် အရေးမပါလှချေ။ . . . နေ့ကလေးထိန်းကျောင်းထားသည့် ကလေးများ၏အရည်အသွေးခြားနားချက်သည် ၁% သာရှိပြီး မိသားစုအတွင်းရှိ ကလေးများ၏ အတွေ့အကြုံ အရည်အသွေး ခြားနားချက်မှာ ၃၂% ရှိသည်ဟု သုတေသီများက တွက်ဆခဲ့ကြသည်။ ယင်းမှ အဘယ်အရာကို သိရသနည်း။ အိမ်သည်သာ အဖိုးတန်သောသင်ကြားရေးဗဟို ဖြစ်၏။”

တစ်မူထူးသောမိတ်ဖွဲ့မှု

သိပ္ပံပညာရှင်များသည် ပုရွက်ဆိတ်များနှင့် အာဖရိကအကေးရှားပင်များ၏ပတ်သက်မှုကို အံ့သြခဲ့ကြသည်။ အပင်များသည် ပုရွက်ဆိတ်များအတွက် အစာနှင့် နေရာကိုပြင်ဆင်ပေးသည်။ အပြန်အလှန်အားဖြင့် ပုရွက်ဆိတ်များသည် အပင်များကိုပျက်စီးစေသည့်အင်းဆက်ပိုးများနှင့် အရွက်များကိုစားသုံးသည့်တိရစ္ဆာန်များအား တိုက်ဖျက်ပေးသည်။ အပင်များတည်တံ့ရေးအတွက် ဤကာကွယ်မှုပေါ်တွင် မူတည်ဟန်ရှိ၏။ သို့သော် အပင်များသည် ၎င်းတို့၏အပွင့်များကိုဝတ်မှုန်ကူးရန် ပျံသန်းသောအင်းဆက်ပိုးများလည်းလိုသည်။ ဤအကြောင်းကြောင့် ဝတ်မှုန်ကူးပေးသောအင်းဆက်ပိုးများသည် ၎င်းတို့၏တာဝန်ထမ်းဆောင်ရန်အခွင့်အရေးကို မည်သို့ရယူကြသနည်း။ သိပ္ပံဂျာနယ် နေးချားအရ အပင်များသည် ပန်းများမျိုးအောင်ခါနီးတွင် ပုရွက်ဆိတ်များကိုခြောက်လှန့်ရန် ဓာတုဓာတ်တစ်မျိုးကိုထုတ်ပေးသည်။ ယင်းက “အရေးကြီးသည့်အချိန်” တွင်ပန်းများထံ အင်းဆက်ပိုးများရောက်ရှိစေသည်။ ထို့နောက် ပန်းများဝတ်မှုန်ကူးပြီးနောက် ပုရွက်ဆိတ်များသည် ၎င်းတို့၏စောင့်ရှောက်ရေးတာဝန်များကို ပြန်လည်ထမ်းဆောင်ကြသည်။

ဂူတင်ဘာ့ဂ်ကျမ်းစာ တွေ့ ရှိခဲ့

၁၅ ရာစုအတွင်း ယိုဟန်းစ် ဂူတင်ဘာ့ဂ်ပုံနှိပ်ခဲ့သော သမ္မာကျမ်းစာ၏အစိတ်အပိုင်းတစ်ခုကို ဂျာမနီနိုင်ငံ၊ ရဲန့်စ်ဘာ့ဂ်မြို့ရှိ ချာ့ချ်မော်ကွန်းတိုက်တစ်ခုတွင် တွေ့ရှိခဲ့ကြသည်။ ၁၉၉၆ ခုနှစ်အစောပိုင်းတွင် ယင်းကိုတွေ့ရှိကြပြီးနောက် ဂူတင်ဘာ့ဂ်ကျမ်းအစစ်အမှန်ဖြစ်ကြောင်းမကြေညာမီ ကျမ်းစာ၏ စာမျက်နှာ-၁၅၀ အပိုင်းကို အသေးစိတ်လေ့လာခဲ့ကြသည်ဟု ဝီစဘာဒီနာ ကူရီယာကဖော်ပြ၏။ ကမ္ဘာတစ်ဝန်းတွင် ဂူတင်ဘာ့ဂ်ကျမ်းစာ ၄၈ ခုရှိခဲ့ရာ ၂၀ သည်အပြည့်အစုံရှိသည်။ “ဂူတင်ဘာ့ဂ်ပုံနှိပ်ခဲ့သောနာမည်ကြီးသည့် အတွဲနှစ်တွဲပါကျမ်းစာအုပ်သည် စာအုပ်ပုံနှိပ်ခြင်းတွင် ပထမဆုံးအကြိမ် ကြီးကျယ်သည့်လုပ်ငန်း၏ရလဒ်အဖြစ် ယူမှတ်ခံရသည်” ဟုသတင်းစာကဆိုသည်။ နောက်ဆုံးတွေ့ရှိသည့် “သမ္မာကျမ်းစာသည် အခိုးမခံရရန် တရားဟောစင်မြင့်တွင် တွဲချည်ထားသည့် သံကြိုးပင်ရှိနေဆဲဖြစ်၏။”

အသက်ရှည်ခြင်း

အဘယ်အရာက ကျန်းမာပြီးအသက်ရှည်စေသနည်း။ “အများအားဖြင့် စိတ်ဖိစီးမှုမရှိသည့် စိတ်တည်ငြိမ်သောပင်ကိုစရိုက်သည် လေ့ကျင့်ခန်းလုပ်ခြင်းနှင့် အစာစားခြင်းအကျင့်များထက် ကာယကျန်းမာရေးကိုပို၍ကောင်းစေသည်” ဟုဘော့စ်တန်ရှိ ဘရစ်ဂ်ဟမ်မ်နှင့်အမျိုးသမီးဆေးရုံ၏ဒေါက်တာ ဂျော့ ဗေးလန့်တ်ကဆိုသည်။ ဗေးလန့်တ်၏အယူအဆသည် ၁၉၄၂ ခုနှစ်၌ သူအကူအညီတောင်းထားသော အမျိုးသား ၂၃၀ ဦးကျော်တို့ကိုလေ့လာမှုအပေါ်အခြေခံသည်။ ၅၂ နှစ်အရွယ်ရှိကျန်းမာရေးကောင်းသောအမျိုးသားများကို အုပ်စုသုံးစုခွဲခဲ့သည်– “စိတ်ဖိစီးမှုခံရသူများ” (အရက်ယမကာတလွဲသုံးသူ၊ စိတ်ငြိမ်ဆေးမှန်မှန်သုံးစွဲသူများ သို့မဟုတ် စိတ်ရောဂါကုဆရာဝန်နှင့်တိုင်ပင်ခဲ့သူတို့)၊ “စိတ်ဖိစီးမှုမရှိသူများ” (အရက်ယမကာ၊ စိတ်ပြောင်းစေသည့် ဆေးဝါးများမသုံးစွဲခဲ့ဖူးသူ သို့မဟုတ် စိတ်ရောဂါကုဆရာဝန်များနှင့် ဆွေးနွေးခဲ့ဖူးခြင်းမရှိသူတို့) နှင့် “အလယ်အလတ်တန်းစား” (အုပ်စုနှစ်ခုတို့၏ကြားအခြေအနေတွင်ရှိသူ) တို့ဖြစ်ကြသည်။ ၇၅ နှစ်အရွယ်တွင် “အလယ်အလတ်တန်းစားအုပ်စုမှသေဆုံးသူ ၂၅ ရာခိုင်နှုန်း၊ စိတ်ဖိစီးခံရသူအုပ်စုမှသေဆုံးသူ ၃၈ ရာခိုင်နှုန်းတို့နှင့်ယှဉ်ကြည့်လျှင် [စိတ်ဖိစီးမှုမရှိသူ] ၅ ရာခိုင်နှုန်းသာသေဆုံးခဲ့ကြသည်” ဟုဆိုင်းယင်းနယူးစ်မဂ္ဂဇင်းကဖော်ပြ၏။ ကျန်းမာစေသောအစားအစာနှင့် လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးခြင်းတို့သည် ကျန်းမာရေးကောင်းရန်ထိန်းပေးသည်မှာ အမှန်ပင်။ သို့သော် “ယုတ်စွအဆုံး အမျိုးသားများအတွက် အသက်ရှည်ခြင်းသည် စိတ်အလွန်အမင်းဖိစီးမှုကိုတားဆီးပေးသော စိတ်တည်ငြိမ်သည့်သဘောရှိခြင်းအပေါ်တွင်မူတည်ဟန်ရှိသည်” ဟုဆိုင်းယင်းနယူးစ်ကဆိုသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ