ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
မျက်စိကွယ်ခြင်းသတိပေးချက်
“ကနေဒါနိုင်ငံသား ၂၀၀,၀၀၀ ကျော်သည် ရေတိမ်ရောဂါဖြစ်ကြပြီး သူတို့မှ ထက်ဝက်သာလျှင် ယင်းကို သတိပြုမိကြ၏” ဟု သည်ပရင့်စ်ဂျော်ချ် စီတဇင် သတင်းစာက ဆိုသည်။ မျက်စိကွယ်စေနိုင်သော ရေတိမ်ရောဂါသည် မျက်စိနောက်ရှိ နဗ်ဆဲလ်များကို တဖြည်းဖြည်း သေသွားစေနိုင်၏။ ရလဒ်မှာ ရောဂါ၏နောက်ဆုံးအဆင့်မတိုင်မီအထိ ဗဟိုအမြင်အာရုံပိုင်းကို မထိခိုက်စဉ် အစွန်နားအမြင်အာရုံမှာ တဖြည်းဖြည်းမှုန်လာသည်။ ရောဂါဖြစ်ပွားသူများစွာမှာ မိမိတို့တွင်နာကျင်ခြင်းမခံစားရ၊ ကားမောင်းနိုင်၊ စာဖတ်နိုင်သေးသည့်အပြင် လုပ်ငန်းဆောင်တာအများစုကို လုပ်ဆောင်နိုင်သေးသဖြင့် ကုသမှု မခံယူကြချေ။ ကနေဒါနိုင်ငံရှိ ရေတိမ်သုတေသနအဖွဲ့အဆိုအရ အသက်ကြီးသူအပါအဝင် ရေတိမ်မျိုးရိုးရှိသူများ၊ အသက် ၄၀ ကျော်သောလူမဲများနှင့် မျက်စိအတွင်းဖိအားလွန်ဖြစ်သူတို့မှာ အန္တရာယ်အများဆုံးရှိကြသည်။ “လူတွေကို ဆရာဝန်နဲ့ အမြန်ဆုံးသွားတွေ့ဖို့ တိုက်တွန်းနိုင်မယ်ဆိုရင် တိုက်ပွဲတစ်ဝက် အောင်မြင်ပါပြီ” ဟု တိုရွန်တိုမြို့၊ စိန့် မိုက်ကယ်ဆေးရုံရှိ ရေတိမ်ယူနစ်၏ဒါရိုက်တာ ဒေါက်တာ နီယူး ဂူ(ပ်)တာက ပြောသည်။ “ဆိုလိုချင်တာက စောစောသိရှိပြီး ကုသခြင်းက စက္ခုအာရုံကို ကာကွယ်ပေးနိုင်တယ်။”
ချိုမြိန်သောအိပ်မက်များတစ်ဖက် မြို့ပြဆူညံသံ
အီတလီနိုင်ငံ ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာန၏အဆိုအရ တစ်နေ့တာအတွင်း အီတလီလူမျိုးသန်း ၄၀ ကျော်—လူဦးရေ၏ ၇၂ ရာခိုင်နှုန်းခန့်—သည် အလွန့်အလွန်ဆူညံသံပမာဏကို ကြားကြရသည်။ ယင်းသို့သောဆူညံသံကို ကြာရှည်စွာကြားရခြင်း၏ ဖြစ်နိုင်ခြေရှိအန္တရာယ်တို့မှာ နှလုံးခုန်မြန်ခြင်း၊ သွေးလွှတ်ကြောဆိုင်ရာဖိအားနှင့် အသက်ရှုနိုင်စွမ်းတို့ ခြားနားသွားခြင်း၊ အစာအိမ်ရောင်နာနှင့် မူးဝေအော့အန်ခြင်းတို့ဖြစ်သည်ဟု ကိုရီယေးရယ် ဒေးလား စေးရား သတင်းစာကဆိုသည်။ မြို့ကြီးပြကြီးတို့တွင် သာမန်အိပ်စက်ခြင်းကို ယာဉ်သွားယာဉ်လာဆူညံသံက အနှောင့်အယှက်ဖြစ်စေ၏။ မြို့ပြ ညဘက်ဆူညံသံပမာဏသည် ၇၀ ဒယ်ဆီဘယ်ထက်ကျော်လွန်နိုင်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းနှင့် အိပ်မက်မက်ခြင်းတို့ကို လျော့နည်းစေသည့်အန္တရာယ် တိုးများစေလျက်ရှိသည်။ အီတလီရှိ ဝန်းကျင်ဆိုင်ရာ လေဂန်ဗြန်တီး အသင်းအဖွဲ့၏ သိပ္ပံရေးရာဒါရိုက်တာ လျူခါအာ ဗန်တူရီက ဤသို့ဆိုသည်– ‘မြို့ကြီးပြကြီးတွေမှာ နေထိုင်ကြတဲ့ လူပေါင်း ၁၈ သန်းဟာ ညတိုင်းအိပ်ချိန် မိနစ် ၃၀ ဆုံးရှုံးကြတယ်လို့ ခန့်မှန်းရတယ်။ အဲဒါက လူတစ်ယောက်စီဟာ တစ်နှစ်ကို ၂၂ ညအိပ်ရေးပျက်တဲ့သဘောဖြစ်တယ်။’
ဉာဏ်ရည်ကို ချီးမွမ်းရန်လော၊ ကြိုးစားအားထုတ်မှုကိုလော
ကလေးများ၏ဉာဏ်ရည်ကို ချီးမွမ်းပေးခြင်းသည် သူတို့လေးများအတွက် ကောင်းသည်ဟု မိဘများစွာက ယုံကြည်ကြသည်။ သို့သော် ထိုသို့ချီးမွမ်းခြင်းသည် အမှန်အားဖြင့် သူတို့၏လှုံ့ဆော်ပေးမှုနှင့် အနာဂတ်လုပ်ဆောင်မှုတို့ကို အခြေပျက်စေသည်ဟု သုတေသနပြုချက်အသစ်က ဖော်ပြကြောင်း နယူးယောက် ကိုလံဘီယာတက္ကသိုလ်မှ ကိုလံဘီယာမဂ္ဂဇင်းက အစီရင်ခံသည်။ ပါမောက္ခ ကာရောလ် ဒီဝိခ်.အဆိုအရ ဘဝ၏စိန်ခေါ်ချက်များကို ဖြေရှင်းရန် သူတို့၏အရည်အသွေးများကို ကျားကန်ပေးသည့် ကလေးတို့၏ကြိုးစားအားထုတ်မှုကို ချီးမွမ်းပေးခြင်းသည် သာ၍ကောင်းပေသည်။ “သူတို့၏ဉာဏ်ရည်အတွက် ချီးမွမ်းခံရသောကလေးများသည် မိမိတို့ မည်ရွေ့မည်မျှတော်ကြောင်းကို ပိုအလေးထားကြပြီး ထူးချွန်ဖို့ အရေးကြီးသောအရာကို သင်ယူဖို့အခွင့်အလမ်း ရှာဖွေလေ့မရှိတော့ချေ” ဟုဒီဝိခ်.ကဆိုသည်။ အခြားတစ်ဖက်တွင် သူတို့၏ကြိုးပမ်းအားထုတ်မှုနှင့် ဇွဲရှိမှုအတွက် ချီးမွမ်းခံရသူတို့သည် သင်ယူခြင်းနှင့် မအောင်မြင်မှုကိုကျော်လွှားခြင်းတို့အပေါ် ပို၍အာရုံစိုက်နိုင်ဖွယ်ရှိသည်ဟု အဆိုပါအစီရင်ခံစာက ဖော်ပြထားသည်။ “သို့ဖြစ်၍ ဤကလေးများသည် သင်ယူရန်အလို့ငှာ တော်သည်ဟုရှုမြင်ခံရမှုကို စွန့်လွှတ်ကြပေလိမ့်မည်” ဟု ဒီဝိခ်.ကပြောသည်။ “ထို့အပြင် သူတို့သည် ရှုံးနိမ့်လျှင် လက်မလျှော့ကြသောကြောင့် ပြန်ကန်၍တက်တတ်ကြ၏။”
လေပြင်ထက်မှ မီးရှို့သူများ
ဂျပန်နိုင်ငံ၊ ခမာရှီးတွင် အစပြုသောမီးလောင်မှုနှစ်ရပ်နှင့်ပတ်သက်၍ ကျီးကန်းများ သံသယဝင်ခံရ၏။ ပထမကိစ္စတွင် သင်္ချိုင်းမြေနေရာအနီး မြက်ခင်းပြင်မီးလောင်ကျွမ်းမှုကို ဆန်းစစ်ကြည့်ကြသည့် မီးသတ်သမားများသည် ကျီးကန်းများကျူးလွန်သည့်အထောက်အထားကို တွေ့ရှိခဲ့ကြသည်။ နစ်ကာ ရှုမူဘန်းက ဤသို့ရှင်းပြသည်– “သင်္ချိုင်းဂူတစ်ခုတွင် ထားရှိသော မုန့်များကို ကျီးကန်းများကချီသွားကြ၏၊ ထို့နောက် ချက်ချင်းဆိုသလိုပင် သူတို့ဦးတည်ပျံသန်းသွားရာအရပ်၌ မီးလောင်မှုစတင်ခဲ့သည်။ မီးကျွမ်းလောင်လျက်ကျန်ရစ်သော အမွှေးတိုင်အချို့မှာလည်း ပျောက်ဆုံးသွားခဲ့ပြီး ကျီးကန်းများက ချခဲ့သည်ဟုထင်မှတ်ရသော ဖယောင်းတိုင်များကို မီးလောင်မှုဖြစ်ပွားရာနေရာ၌ တွေ့ရှိခဲ့ကြသည်။” တစ်နှစ်ခန့်ကြာပြီးနောက် ထိုဒေသရှိ တောင်စောင်းတစ်ခုတွင် မီးလောင်မှုတစ်ရပ် စတင်ဖြစ်ပွားခဲ့ကြောင်း နေ့စဉ်ယူမီအူယီသတင်းစာက အစီရင်ခံခဲ့၏။ ထိုတွင် ကျီးကန်းတစ်ကောင်သည် မီးလောင်နေသောကတ်ထူဘူးကို ၎င်း၏နှုတ်သီးဖြင့် ချီသွားပြီး အနီးအနားရှိမြစ်ထဲသို့ ချလိုက်သည်ကို မီးသတ်သမားတစ်ဦးက တွေ့မြင်ခဲ့သည်။ မီးသတ်သမားများသည် မီးလောင်မှုစတင်ခဲ့သည့် နေရာအနီးတွင် မီးလောင်ကျွမ်းထားသော နောက်ထပ်ဘူးတစ်ဘူးကို ရှာတွေ့ခဲ့ကြသည်။ ဤအကြိမ်တွင် ကျီးကန်းများသည် မီးတုတ်များကို မည်သည့်နေရာတွင် ရှာတွေ့ခဲ့ကြသနည်း။ အနီးအနားတွင် နေထိုင်သူတစ်ဦးသည် အာလူးကျော်ဘူးလွတ်များကို မီးလင်းဖိုတစ်ခု၌ မီးရှို့နေခဲ့ရာမှဖြစ်၏။
လက်နက်ကိုင်ဆောင်ခြင်းအန္တရာယ်
“သေနတ်ဆောင်ထားသော ကားအပိုင်စီးခံရသူတို့သည် မဆောင်ထားသူတို့ထက် လေးဆနီးပါး သာ၍ပစ်ခတ်ခံရဖွယ်ရှိ၏” ဟုတောင်အာဖရိက နေတဲလ် သက်သေ သတင်းစာတွင်ဖော်ပြသည်။ အဆိုပါမှတ်တမ်းက “သေနတ်ပါသည့် အပိုင်စီးခံရသူများသည် သူတို့သေနတ်များကိုသုံးနိုင်ခြေရှိသည်ထက် သေနတ်လုယက်ခံရရန်အကြောင်း လေးဆပိုရှိသည်” ဟုထပ်ဆင့်ဖော်ပြ၏။ ရဲစခန်းရှိအမှုတွဲများ စစ်ဆေးချက်တစ်ရပ်က ကားအပိုင်စီးမှုများမှ ၁၂ ရာခိုင်နှုန်းတွင် တိုက်ခိုက်သူတို့သည် မိမိတို့၏ဓားစာခံရသူများကို လက်နက်များဖြင့်ပစ်ခတ်ကြကြောင်း ဖော်ပြသည်။ သို့ရာတွင် အပိုင်စီးခံရသူများသည် မိမိကိုယ်ကိုကာကွယ်ဖို့ လက်နက်တစ်ခုဆွဲထုတ်လိုက်သောအခါ အဆိုပါတွက်ချက်မှုမှာ ၇၃ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့သည်။ သုတေသီ အန်တိုနီ အဲလ်ဘီကာက ဤသို့ကောက်ချက်ချသည်– “သေနတ်တစ်လက် လက်ဝယ်ရှိခြင်းက သင့်အား သာ၍လုံခြုံမှုရှိသည်ဟု ယူမှတ်စေသော်လည်း တကယ့်လုံခြုံမှုကို မဖြစ်စေပါ။”
“ပင်လယ်လိပ်သွားရာလမ်းမကြီး”
နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလတွင် လိပ်စိမ်း (ပြင်သာလိပ်) ၁၀,၀၀၀ သည် သားပေါက်ရန် အတ္တလန္တိတ်သမုဒ္ဒရာရှိ အလွန်သေးငယ်သော အစဲန်းရှင်းကျွန်းသို့ ပြန်လာကြ၏။ ခြေရာခံသတင်းပေးစက်ကို အသုံးပြု၍ ဗြိတိန်နှင့် အီတာလျံသိပ္ပံပညာရှင်တို့သည် မကြာသေးမီက အဆိုပါကျွန်းနှင့် ဘရာဇီးနိုင်ငံ ပင်လယ်ကမ်းခြေမြို့ဖြစ်သည့် ရစီဖာမြို့အနီးတစ်ဝိုက်ရှိ တိရစ္ဆာန်များကျက်စားရာဒေသများအကြားတွင် “ပင်လယ်လိပ်သွားရာလမ်းမကြီး” တစ်လမ်းကို တွေ့ရှိခဲ့ကြသည်ဟူ၍ လန်ဒန်မြို့မှ သည်တိုင်းမ်က သတင်းပေးပို့သည်။ ခုနစ်လတာအသိုက်ဖွဲ့ဥဥပြီးနောက် လိပ်အားလုံးသည် ပထမမိုင် ၂၀၀ အထိ လာလမ်းအတိုင်း ဘရာဇီးသို့ပြန်ကြသည်။ ထို့နောက် သူတို့သည် မသိမသာ ခွဲထွက်သွားကြပြီး စားကျက်မြေအသီးသီးသို့ ဦးတည်သွားကြ၏။ သို့သော် ဘရာဇီးသို့ မိုင်ပေါင်း ၁,၆၀၀ ရေကူး၍ပြန်ရန် ခွန်အားမရှိသေးသော လိပ်သားပေါက်ငယ်လေးများကော အသို့နည်း။ သူတို့သည် အတ္တလန္တိတ်နှင့် ကယ်ရီဗီယန်တစ်လျှောက် ပင်လယ်ရေစီးကြောင်းများတွင် လိုက်ပါသွားကြပြီး ပင်လယ်ခူနှင့် ရေမျှောကောင်များကို စားသောက်ကြသည်။ ငါးနှစ် သို့မဟုတ် ခြောက်နှစ်ကြာပြီးနောက် တစ်ကောင်ချင်းစီသည် ဘရာဇီးရှိစားကျက်မြေများသို့ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သွားကြသည်ဟု ယူဆရ၏။ ထို့နောက် အနှစ် ၂၀ ခန့်အရွယ်တွင် သူတို့သည် သားပေါက်ရန် အစဲန်းရှင်းကျွန်းသို့ ဧရာမပြောင်းရွှေ့ခြင်းတွင် လိုက်ပါသွားကြသည်။
ကလေးစစ်သား ပိုများလာ
“စစ်မက်တွင် ကလေးများကို ဆက်အသုံးပြုနေခြင်းသည် ခန့်မှန်းချက်တစ်ခုအရ လွန်ခဲ့သောနှစ်နှစ်သုံးနှစ်တွင် ၂၅၀,၀၀၀ ယောက်ရှိရာမှ ယနေ့ ၃၀၀,၀၀၀ ယောက်အထိရှိလာကြောင်း” ကုလသမဂ္ဂ၏ အစိုးရအဖွဲ့အစည်းမဟုတ်သောဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ဝေသော ဂိုးဘီတွင်းမဂ္ဂဇင်းက အစီရင်ခံသည်။ မကြာမီက ကလေးစစ်သား—အချို့မှာ ရှစ်နှစ်အရွယ်ရှိကြသူ—များသည် ကမ္ဘာတစ်ဝန်းရှိ တိုက်ပွဲပေါင်း ၃၀ ကျော်တွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။ ကလေးများနှင့် လက်နက်ကိုင်တိုက်ပွဲအတွက် ယူအဲန် အထွေထွေအတွင်းရေးမှူး၏အထူးကိုယ်စားလှယ်ဖြစ်သူ အိုလာရာ အိုတရွန်ရံအဆိုအရ “ကလေးများသည် စစ်၏လက်ကိုင်တုတ်များအဖြစ် အကျပ်ကိုင်ခံရကြ၏၊ ကလေးစစ်သားများအဖြစ် စုဆောင်း သို့မဟုတ် ပြန်ပေးဆွဲခံရကြသည်၊ ဤသို့အားဖြင့် လူကြီးများ၏မုန်းတီးမှုများကို အကြမ်းဖက်သည့်နည်းဖြင့် ဖော်ပြဖို့ အတင်းအကျပ်ပြုခံရကြသည်။” ကလေးစစ်သားအရေအတွက် တိုးများလာခြင်းကို ကန့်ကွက်ရန် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့က “တပ်သားစုဆောင်းခြင်းကို အသက် ၁၈ နှစ်အငယ်ဆုံးထားရမည်၊ အဆိုပါအသက်အောက် စုဆောင်းခြင်းကို စစ်ရာဇဝတ်မှုတစ်ခုအဖြစ် ယူမှတ်ရမည်ဟူသော” အဆိုပြုချက်တစ်ရပ်ကို ထောက်ခံသည်ဟု ၁၉၉၈ အချက်အလက်များနှင့် ကိန်းဂဏန်းများ စာစောင်ကဆိုသည်။
အင်တာနက်ကို အသုံးပြုကြသော အသက်ကြီးသူများ
“အဆန်းသစ်ဆုံးဝက်ဘ်နည်းပညာဆိုင်ရာလေ့လာချက်က အသက်ကြီးသူများ [အသက် ၅၀ နှင့်အထက်] တွင် ယခင်ကယူဆထားသည်ထက် အရေအတွက်များစွာသည် အင်တာနက်ကို အသုံးပြုလျက်ရှိကြောင်း တင်ပြသည်” ဟု ZDNet ကုမ္ပဏီ၏ သတင်းစာဆရာ မာရေးစီမီနာရိုက အစီရင်ခံသည်။ အဆိုပါစစ်ဆေးမှုကို ဦးစီးသော အဖွဲ့အစည်း၏ဥက္ကဋ္ဌဖြစ်သူ တင်းမ် ကော့ဗ်အဆိုအရ “ယင်းမှာ ဝက်ဘ်သည် တိုး၍ပင်မခေတ်ရေစီးကြောင်း ဖြစ်လာပြီး နည်းပညာပိုင်းအရနှံ့စပ်ကျွမ်းကျင်သော နယ်ပယ်မျှသာမဟုတ်တော့သည့် သာဓကဖြစ်သည်။” ဥပမာ၊ အမေရိကန်ပြည်ထောင်စုတွင် အသက် ၅၀ ကျော်သောလူကြီး အနည်းဆုံး ၄၀ ရာခိုင်နှုန်းသည် ယခုအခါ အိမ်တွင်းကွန်ပျူတာတစ်လုံးကို လက်ဝယ်ရှိထားကြပြီး သူတို့ထဲမှ ၇၀ ရာခိုင်နှုန်းသည် ဝက်ဘ်ကိုအသုံးပြုကြသည်ဟူ၍ အစီရင်ခံ၏။
အေအိုင်ဒီအက်စ်—“ဦးဆောင်နေသော ကူးစက်ရောဂါ လူသတ်ကောင်”
“အေအိုင်ဒီအက်စ်သည် ယခု ကမ္ဘာတွင် [တစ်ခုတည်းသော] ဦးဆောင်နေသည့် ကူးစက်ရောဂါ လူသတ်ကောင်ဖြစ်သည်” ဟု ယူအဲန် အေအိုင်ဒီအက်စ်အစီအစဉ်၏ ဦးဆောင်ဒါရိုက်တာ ပီတာ ပို့တ်က ဖော်ပြခဲ့သည်။ သိပ္ပံမဂ္ဂဇင်းက ၁၉၉၇ တွင် အေအိုင်ဒီအက်စ်သည် ကမ္ဘာတစ်ဝန်း၌ ခုနစ်ခုမြောက် အဆိုးဆုံးလူသတ်ကောင်ဖြစ်ခဲ့ကြောင်း အစီရင်ခံသည်။ သို့သော် ၁၉၉၈ အတွင်းတွင် ကူးစက်ခြင်းမရှိသောရောဂါများဖြစ်သည့် သွေးအရောက်နည်းနှလုံးရောဂါ၊ ဦးနှောက်ကြီးဆိုင်ရာသွေးကြောရောဂါနှင့် အသက်ရှုအင်္ဂါအတွင်းပိုင်း ရုတ်တရက်အပြင်းအထန် နာကျင်သောရောဂါတို့မှလွဲ၍ ၎င်းသည် အခြားအရာအားလုံးကို ကျော်တက်သွား၏။ အာဖရိကတွင် အေအိုင်ဒီအက်စ်သည် မကူးစက်သောရောဂါများကိုပင် ကျော်လွန်၍ နံပါတ်တစ်လူသတ်ကောင်လည်းဖြစ်လာခဲ့ပြီ။ အာဖရိကတိုက်တစ်တိုက်တည်းတွင် ၁၉၉၈ ခုနှစ်က အေအိုင်ဒီအက်စ်သည် ခန့်မှန်းခြေအားဖြင့် လူပေါင်း ၁,၈၃၀,၀၀၀ ၏အသက်ကိုခြွေယူခဲ့ရာ—အဆိုပါတိုက်တွင် ဒုတိယလိုက်သောလူသတ်ကောင်ဖြစ်သည့် ငှက်ဖျားရောဂါ၏နှစ်ဆဖြစ်သည်။
ဖိစီးမှုခံရသောမိခင်များ —ဖိစီးမှုခံရသောကလေးငယ်များ
ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် ဖိစီးမှုများစွာဖြင့် အသက်ရှင်နေထိုင်ရသည့်အခါ မမွေးဖွားသေးသောကလေး၏ကြီးထွားမှုကို ဆိုးကျိုးသက်ရောက်စေသည်ဟူ၍ ကနေဒါရှိ နေရှင်နယ်လ်ပို့စ်သတင်းစာက ဖော်ပြထားသည်။ ကင်တပ်ကီးပြည်နယ်၊ လက်စင်းတန်မြို့ရှိ ကင်တပ်ကီးဆေးသိပ္ပံတက္ကသိုလ်မှ ပတ်တီခ် ဝါဒ်ဝါး အဆိုအရ သားအိမ်အခြေအနေက “ကလေးငယ်၏ ကြီးထွားမှုကိုပုံသွင်းပေးရာ မိခင်နှင့်ဆိုင်သော ဖိစီးမှုများစွာသည် ကလေးများကို ရောဂါရရှိစေရန် အလွန်လွယ်ကူစေသည်။” ဖိစီးမှုခံရသောမိခင်များသည် “လမစေ့သောကလေးငယ်များကို မွေးဖွားရန်အကြောင်းလည်း ပိုများသည်” ဟုအဆိုပါမှတ်တမ်းကဆိုသည်။ ကယ်ရိုလိုင်းနားပြည်နယ်တောင်ပိုင်းရှိ ကလင်းမ်စန်တက္ကသိုလ်မှ သုတေသီများက “စိတ်ဖြေသည့်လေ့ကျင့်ခန်းများသည် ဖိစီးမှုခံရသောကိုယ်ဝန်ဆောင်အမျိုးသမီးများအား သူတို့၏သွေးဖိအားကိုလျော့စေနိုင်ပြီး သားအိမ်တွင်းဝန်းကျင်ကို သာ၍သန်စွမ်းစေနိုင်သည်” ဟုအဆိုပြုထားသည်။