ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၅/၀၇ စာ. ၁၂-၁၃
  • သင့်အသက်တာသည် ကြိုတင်စီမံထားခြင်း ခံရသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်အသက်တာသည် ကြိုတင်စီမံထားခြင်း ခံရသလော
  • နိုးလော့!—၂၀၀၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ကျိုးကြောင်းညီညွတ်မှုမရှိ” သည့်ကြိုတင်စီမံထားခြင်းအယူအဆ
  • “ရွေးယူလော့”
  • တင်ကူးပြဋ္ဌာန်းခြင်းသည် ဘုရားသခင်၏မေတ္တာတော်နှင့် ညီညွတ်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ကျွန်ုပ်တို့၏အနာဂတ်ကို ကြိုတင်ရေးသားထားနှင့်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ကျွန်ုပ်တို့၏ကြမ္မာကို ဘုရားသခင်တင်ကူးစီမံထားနှင့်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • သင့်နောင်ရေးကို သင်ထိန်းချုပ်နိုင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၇
န ၅/၀၇ စာ. ၁၂-၁၃

သမ္မာကျမ်းစာရှုထောင့်

သင့်အသက်တာသည် ကြိုတင်စီမံထားခြင်း ခံရသလော

တစ်ခုသောနံနက်ခင်းတွင် အမျိုးသားနှစ်ဦးသည် အလုပ်သို့ ကားမောင်း၍သွားနေသည်။ သူတို့ထဲမှတစ်ဦး နေထိုင်ခဲ့ဖူးသောနေရာမှဖြတ်၍ သွားရန်ဆုံးဖြတ်လိုက်ကြသည်။ ထိုသို့သွားနေစဉ် အိမ်တစ်လုံး၏ပြတင်းပေါက်များမှ မီးတောက်များကို သူတို့မြင်လိုက်သည်။ သူတို့၏ကားကိုရပ်ပြီး ပါလာသောလှေကားကိုအသုံးပြု၍ မိခင်တစ်ဦးနှင့် ကလေးငါးယောက်၏အသက်ကို ကယ်လိုက်သည်။ ထိုဖြစ်ရပ်နှင့်ပတ်သက်၍ သတင်းစာတစ်စောင်က “ထိုသို့ဖြစ်ရန် အကြောင်းတရားက ကြိုတင်စီမံထားခြင်းဖြစ်မည်” ဟုဆိုသည်။

မိမိတို့မထိန်းချုပ်နိုင်၊ မပြောင်းလဲနိုင်သောစွမ်းအားတစ်ခုက ဖြစ်ပျက်လာသမျှ အကောင်းအဆိုးဟူသရွေ့ကို ကြိုတင်ဆုံးဖြတ်ထားသည်ဟု လူများစွာ ယုံကြည်ကြသည်။ ဥပမာ၊ ၁၆ ရာစုတွင်အသက်ရှင်ခဲ့သည့် ပြုပြင်ပြောင်းလဲရေးသမား ဂျွန် ကယ်လ်ဗင် က ဤသို့ရေးသားခဲ့သည်– “ကြိုတင်စီမံထားခြင်းအယူအဆသည် လူတစ်ဦးစီတွင် ဘုရားသခင်ဖြစ်စေလိုသည့်အရာကို ဘုရားသခင်ကိုယ်တော်တိုင် ကြိုတင်ဆုံးဖြတ်သော ထာဝရအစီအစဉ်ဖြစ်သည်ဟု ကျွန်ုပ်တို့ အဓိပ္ပာယ်ဖွင့်ကြသည်။ အကြောင်းမှာ လူအားလုံးကို တူညီသောအခြေအနေဖြင့် မဖန်ဆင်းဘဲ အချို့ကို ထာဝရအသက်ရရန်၊ အချို့တို့ကို ထာဝရပြစ်ဒဏ်ခံရရန် ကြိုတင်စီမံထားသောကြောင့်ဖြစ်သည်။”

ဘုရားသခင်သည် ကျွန်ုပ်တို့၏လုပ်ရပ်နှင့် နောက်ဆုံးဖြစ်အင်ကို အမှန်ပင် ကြိုတင်သတ်မှတ်ထားသလော။ သမ္မာကျမ်းစာက မည်သို့သွန်သင်သနည်း။

“ကျိုးကြောင်းညီညွတ်မှုမရှိ” သည့်ကြိုတင်စီမံထားခြင်းအယူအဆ

ကြိုတင်စီမံထားခြင်းအယူအဆကို ယုံကြည်သူအချို့က အခြေခံအားဖြင့် အောက်ပါအတိုင်းစဉ်းစားကြသည်– ဘုရားသခင်သည် အရာခပ်သိမ်းကို သိမြင်နိုင်သောအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် အရာခပ်သိမ်းကိုသာမက အနာဂတ်တွင်ဖြစ်ပျက်မည့်အရာကိုပင် သိရှိတော်မူ၏။ လူတစ်ဦးစီ မိမိ၏အသက်တာကို မည်သို့အသုံးပြုမည်ကို ကိုယ်တော် သိရှိကာ တစ်ဦးစီ သေဆုံးမည့်အချိန်အတိအကျနှင့် မည်သို့သေဆုံးမည်ကိုပါ ကြိုသိတော်မူသည်။ ထို့ကြောင့် ၎င်းတို့၏အယူအဆအရ လူတစ်ဦး ဆုံးဖြတ်ချက်ချသည့်အခါ သူ၏ရွေးချယ်မှုသည် ဘုရားသခင်ကြိုတင်သိမြင်၊ စီမံထားသည့်အတိုင်းဖြစ်ရမည်။ ထိုသို့မဟုတ်လျှင် ဘုရားသခင်သည် အရာခပ်သိမ်းကို သိမြင်နိုင်သောအရှင်ဖြစ်မည်မဟုတ်ချေ။ ဤဆင်ခြင်သုံးသပ်ချက်သည် သင့်အတွက် ကျိုးကြောင်းညီညွတ်ပုံရသလော။ ဤဆင်ခြင်သုံးသပ်ချက်၏ အကျိုးဆက်များကား အဘယ်အရာဖြစ်မည်ကို သုံးသပ်ကြည့်ပါ။

အင်အားကြီးမားသောစွမ်းအားတစ်ခုက သင့်အနာဂတ်ကို သတ်မှတ်ထားပြီးဖြစ်လျှင် သင့်ကိုယ်သင် ဂရုစိုက်ရန်ကြိုးစားခြင်းသည် အချည်းနှီးဖြစ်ပေမည်။ ဆေးလိပ်သောက်ရန်၊ မသောက်ရန်ရွေးချယ်ခြင်းက သင် သို့မဟုတ် သင့်ကလေးများ၏ကျန်းမာရေးအတွက် အကြောင်းထူးမည်မဟုတ်ပေ။ ကားစီးသည့်အခါ ထိုင်ခုံခါးပတ်ပတ်ထားခြင်းက သင့်လုံခြုံမှုအတွက် အရေးပါမည်မဟုတ်ပေ။ သို့သော် ယင်းသည် မှားယွင်းသောဆင်ခြင်သုံးသပ်မှုဖြစ်၏။ ကြိုတင်ကာကွယ်မှုပြုလုပ်သူများသည် အသက်အန္တရာယ်ထိခိုက်မှုနည်းကြောင်း စာရင်းဇယားများက ဖော်ပြသည်။ ဂရုမစိုက်ခြင်းက ကြေကွဲဖွယ်အဖြစ်ဆိုးများ ဖြစ်ပေါ်စေနိုင်သည်။

နောက်ထပ်ကျိုးကြောင်းဆင်ခြင်မှုတစ်ခုကို သုံးသပ်ကြည့်ပါ။ ဘုရားသခင်သည် အာဒံနှင့် ဧဝကို မဖန်ဆင်းမီကပင် အရာခပ်သိမ်းကို ကြိုသိရန်ရွေးချယ်မည်ဆိုလျှင် မိမိအား သူတို့နာခံမည်မဟုတ်ကြောင်းကိုလည်း သိရှိခဲ့ပေမည်။ သို့သော် ဘုရားသခင်က အာဒံအား “ကောင်းမကောင်းကို သိကျွမ်းရာအပင်” ၏အသီးကို မစားရ၊ စားလျှင်သေမည်ဟု မိန့်တော်မူသောအခါ အာဒံသည် ထိုအပင်မှအသီးကို စားမည်ဟု ဘုရားသခင် ကြိုသိခဲ့သလော။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) ဘုရားသခင်က ပထမဇနီးမောင်နှံအား “အချင်းတို့ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့” ဟုမိန့်တော်မူသောအခါ ပရဒိသုတွင် အသက်ရရန် သူတို့၏ထူးမြတ်သောအလားအလာသည် ပျက်စီးကိန်းကြုံမည်ဟု ကိုယ်တော် ကြိုသိခဲ့သလော။ မသိခဲ့ပေ။—ကမ္ဘာဦး ၁:၂၈။

ဆင်ခြင်တုံတရားနှင့်အညီ ကောက်ချက်ချရလျှင် ဆုံးဖြတ်ချက်တိုင်းကို ဘုရားသခင် ကြိုသိသည်ဟူသောအယူအဆသည် စစ်၊ မတရားမှုနှင့် ဆင်းရဲမှုများအပါအဝင် ဖြစ်ပျက်သမျှအားလုံးအတွက် ဘုရားသခင်၌ တာဝန်ရှိ သည်ဟူသောသဘော သက်ရောက်ပေမည်။ ထိုသို့ဖြစ်နိုင်သလော။ မိမိကိုယ်တော်တိုင်အကြောင်း ဘုရားသခင်ဖော်ပြချက်က ရှင်းလင်းသောအဖြေကို ရရှိစေ၏။

“ရွေးယူလော့”

“ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်” ကာ ‘တရားမျှတမှုကိုနှစ်သက်’ တော်မူ၏ဟု သမ္မာကျမ်းစာက ဖော်ပြသည်။ ကိုယ်တော်က မိမိ၏လူမျိုးအား ‘မကောင်းမှုကိုမုန်း၍ ကောင်းမှုကို ချစ်ကြလော့’ ဟုအမြဲတိုက်တွန်းခဲ့သည်။ (၁ ယောဟန် ၄:၈; ဆာလံ ၃၇:၂၈; အာမုတ် ၅:၁၅) ကိုယ်တော်သည် မိမိအပေါ် သစ္စာစောင့်သိသူများအား မွန်မြတ်သောလမ်းစဉ်ကို ရွေးချယ် ရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့သည်။ ဥပမာ၊ ရှေးဣသရေလလူမျိုးနှင့် ပဋိညာဉ်ဖွဲ့ခဲ့ချိန်တွင် မောရှေမှတစ်ဆင့် သူတို့အား ယေဟောဝါ ဤသို့မိန့်တော်မူခဲ့သည်– “အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းချီးပေးခြင်း၊ ကျိန်ခြင်းတို့ကို သင့်ရှေ့၌ငါထားသည်ဟု သင့်တစ်ဖက်၌ ကောင်းကင်မြေကြီးကို ငါတိုင်တည်၏။ သို့ဖြစ်၍ သင်နှင့် သင့်အမျိုးအနွယ်သည် အသက်ရှင်မည်အကြောင်း . . . အသက်တရားကို ရွေးယူလော့။” (တရားဟောရာ ၃၀:၁၉၊ ၂၀) တစ်ဦးစီရွေးချယ်မည့်အရာကို ဘုရားသခင် ကြိုတင်သတ်မှတ်ခဲ့သလော။ မသတ်မှတ်ခဲ့သည်မှာ ထင်ရှား၏။

ရှေးအချိန်က ဘုရားသခင့်လူမျိုး၏ခေါင်းဆောင် ယောရှုက သူ၏ပြည်သားချင်းတို့အား ဤသို့တိုက်တွန်းခဲ့သည်– ‘အဘယ်မည်သောဘုရားသခင်တို့အား ဝတ်ပြုမည်အရာကို ယနေ့ရွေးကြလော့။ ငါနှင့် ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရားသခင်ကိုသာ ဝတ်ပြုမည်။’ (ယောရှု ၂၄:၁၅) အလားတူ ဘုရားသခင့်ပရောဖက် ယေရမိကလည်း ဤသို့ဆိုခဲ့သည်– ‘အကျွန်ုပ်ဆင့်ဆိုသော ထာဝရဘုရားသခင်၏အမိန့်တော်ကို နားထောင်တော်မူပါ။ ထိုသို့ပြုလျှင် ချမ်းသာရ၍ အသက်ရှင်တော်မူမည်။’ (ယေရမိ ၃၈:၂၀) တရားမျှတပြီး မေတ္တာရှိသောဘုရားသခင်သည် လူတို့ကို သေဆုံးစေရန် ကြိုတင်သတ်မှတ်ထားလျက်နှင့် အသက်ဆုကျေးဇူးရရန်မျှော်လင့်ချက်ဖြင့် မှန်ရာကိုလုပ်ဆောင်ဖို့ လူတို့ကို အားပေးမည်လော။ အားပေးမည်မဟုတ်ပေ။ ထိုသို့အားပေးခြင်းသည် ဟန်ဆောင်ရာကျပေမည်။

ထို့ကြောင့် သင့်အသက်တာတွင် ကောင်းကျိုးဆိုးပြစ်များ ဖြစ်ပျက်လာသောအခါ ယင်းတို့သည် ကြိုတင်စီမံထားခြင်းကြောင့် မဟုတ်ပေ။ အများအားဖြင့် ‘ကြိုတင်မမြင်နိုင်သောဖြစ်ရပ်များ’ သည် လူတို့၏ ပညာရှိသော သို့မဟုတ် ပညာမဲ့သောဆုံးဖြတ်ချက်များ၏ အကျိုးဆက်များသာဖြစ်လေ့ရှိ၏။ (ဒေ. ၉:၁၁၊ ကဘ) သင့်အနာဂတ်သည် ကြိုတင်စီမံထားခြင်းမခံရပေ။ သင်၏ကိုယ်ပိုင်ဆုံးဖြတ်ချက်များကသာ သင်၏ထာဝရအနာဂတ်ကို သတ်မှတ်ပေး၏။

သင် မည်သို့ထင်သနည်း

◼ အာဒံနှင့်ဧဝ အပြစ်ပြုမည်ဟု ဘုရားသခင် ကြိုတင်ဆုံးဖြတ်ခဲ့သလော။—ကမ္ဘာဦး ၁:၂၈; ၂:၁၆၊ ၁၇။

◼ ဘုရားသခင်၏ အဘယ်ဂုဏ်ရည်တော်များသည် ကြိုတင်စီမံထားခြင်းအယူအဆနှင့် ဆန့်ကျင်သနည်း။—ဆာလံ ၃၇:၂၈; ၁ ယောဟန် ၄:၈။

◼ သင်၌ မည်သည့်တာဝန်ရှိသနည်း။—ယောရှု ၂၄:၁၅။

[စာမျက်နှာ ၁၃ ပါ အကျဉ်းဖော်ပြချက်]

ကြိုတင်ကာကွယ်မှု ပြုလုပ်သူများသည် အသက်အန္တရာယ်ထိခိုက်မှုနည်းကြောင်း စာရင်းဇယားများက ဖော်ပြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ