တင်ကူးပြဋ္ဌာန်းခြင်းသည် ဘုရားသခင်၏မေတ္တာတော်နှင့် ညီညွတ်သလော
“တင်ကူးပြဋ္ဌာန်းခြင်းသည် လူတစ်ဦးစီအား မည်သို့ပြုလိုသည်ကို ဘုရားသခင်က ကြိုတင်ဆုံးဖြတ်သည့် ထာဝရအစီအစဉ်ဖြစ်သည်ဟု ကျွန်ုပ်တို့ အဓိပ္ပာယ်သတ်မှတ်သည်။ အကြောင်းမှာ လူများကို တူညီသောအခြေအနေဖြင့် မဖန်ဆင်းဘဲ အချို့ကို ထာဝရအသက်ရရန်၊ အချို့တို့ကို ထာဝရပြစ်ဒဏ်ခံရရန် ကြိုတင်စီမံထားသောကြောင့်ဖြစ်သည်။”
ပရိုတက်စတင့်ပြုပြင်ပြောင်းလဲရေးသမား ဂျွန်ကယ်လ်ဗင်းက တင်ကူးပြဋ္ဌာန်းခြင်းနှင့်ပတ်သက်သော မိမိ၏အတွေးအခေါ်ကို Institutes of the Christian Religion ဟူသောစာအုပ်တွင် အထက်ပါအတိုင်းဖော်ပြထားသည်။ ဘုရားသခင်သည် အရာခပ်သိမ်းသိမြင်နိုင်သော ဉာဏ်တော်ရှင်ဖြစ်ပြီး မိမိဖန်ဆင်းရာသတ္တဝါတို့၏ လုပ်ဆောင်မှုများသည် ကိုယ်တော့်ရည်ရွယ်တော်မူချက်များကို စောဒကတက်စရာမဖြစ်စေနိုင် သို့မဟုတ် ကိုယ်တော်အား အပြောင်းအလဲပြုရန် မဖြစ်စေနိုင်ဟူသော အယူအဆအပေါ်တွင် အထက်ပါအတွေးအခေါ်က အခြေပြုထားသည်။
သို့သော် ယင်းသည် ဘုရားသခင်နှင့်ပတ်သက်၍ သမ္မာကျမ်းစာ၏အဓိပ္ပာယ်ဖွင့်ဆိုချက် အမှန်ဖြစ်သလော။ ထိုထက်အရေးကြီးသည်ကား ထိုသို့သောရှင်းပြချက်များသည် ဘုရားသခင်၏အရည်အချင်းတော်များ၊ အထူးသဖြင့် အထင်ရှားဆုံးသောအရည်အချင်း—မေတ္တာတော်နှင့် လိုက်ဖက်ညီညွတ်မှုရှိပါသလော။
အနာဂတ်ကို ကြိုတင်ဟောနိုင်သည့်ဘုရား
ဘုရားသခင်သည် အနာဂတ်ကို ကြိုတင်ဟောပြောနိုင်သည်။ “အဦးဆုံးမှစ၍ အဆုံးတိုင်အောင်၎င်း၊ ရှေးကာလမှစ၍ မဖြစ်သေးသောအမှုအရာတို့ကိုလည်းကောင်း ဖော်ပြလျက် ငါ့အကြံအတည်လိမ့်မည်။ ငါအလိုရှိသမျှကို ငါပြည့်စုံစေမည်” ဟု မိမိကိုယ်ကို ဖော်ပြတော်မူသည်။ (ဟေရှာယ ၄၆:၁၀) လူ့ရာဇဝင်တစ်လျှောက် ဘုရားသခင်သည် မိမိ၏ကြိုတင်သိမြင်နိုင်စွမ်းကို အသုံးပြုနိုင်ကြောင်းနှင့် အဖြစ်အပျက်များမတိုင်မီ ယင်းတို့ကို ကြိုတင်မိန့်ဆိုနိုင်ကြောင်းတို့ကို တင်ပြရန် ပရောဖက်ပြုချက်များကို မှတ်တမ်းတင်စေခဲ့သည်။
ထို့ကြောင့် ဗာဗုလုန်ဘုရင် ဗေလရှာဇာလက်ထက်တွင် ပရောဖက်ဒံယေလသည် တစ်ကောင်က တစ်ကောင်ကို ချိုးဖဲ့ဖျက်ဆီးနေသော တိရစ္ဆာန်နှစ်ကောင်ကို အိပ်မက်မြင်မက်စဉ်က ယင်း၏အဓိပ္ပာယ်ကို ယေဟောဝါသူ့အားပေးခဲ့သည်– “ချိုနှစ်ချောင်းနှင့်ပေါ်လာသောသိုးသည် မေဒိရှင်ဘုရင်၊ ပေရသိရှင်ဘုရင်ဖြစ်၏။ အမွေးကြမ်းသောဆိတ်သည် ဟေလသရှင်ဘုရင်ဖြစ်၏။” (ဒံယေလ ၁၀:၂၀၊ ၂၁) ရှင်းနေသည်ကား ဘုရားသခင်သည် ကမ္ဘာ့အာဏာစက်ဆက်ခံခြင်းအစီအစဉ်ကို ဖော်ပြရန် မိမိ၏ကြိုတင်သိမြင်နိုင်စွမ်းကို အသုံးပြုတော်မူသည်။ ထိုအချိန်က တန်ခိုးသြဇာကြီးမားသော ဗာဗုလုန်နိုင်ငံသည် မေဒိ-ပေရသိ (မီဒို-ပါးရှား) နှင့် နောက်ပိုင်း ဟေလသ (ဂရိ) တို့၏လက်အောက်သို့ ရောက်ရမည်ဖြစ်သည်။
ပရောဖက်ပြုချက်များသည် လူတစ်ဦးချင်းနှင့်လည်း ပတ်သက်နိုင်သည်။ ဥပမာ၊ ပရောဖက်မိက္ခာက မေရှိယသည် ဗက်လင်မြို့တွင်မွေးဖွားမည်ဟု ကြေညာခဲ့သည်။ (မိက္ခာ ၅:၂) ဤကိစ္စတွင်လည်း ဘုရားသခင်သည် မိမိ၏ကြိုတင်သိမြင်နိုင်စွမ်းကို အသုံးပြုတော်မူသည်။ မည်သို့ဆိုစေ ဤအဖြစ်အပျက်ကို သီးသန့်ရည်ရွယ်ချက်—မေရှိယကို မှတ်သားဖော်ပြချက်အဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်က လူတစ်ဦးချင်းအား တင်ကူးပြဋ္ဌာန်းသည်ဟူသောအယူဝါဒကို ယေဘုယျအားဖြင့်ဖော်ပြသည်ဟု မဆိုနိုင်ပါ။
အခြားတစ်ဖက်တွင် ဘုရားသခင်သည် ရလဒ်ကြိုတင်မသိရန်ရွေးချယ်သော အခြေအနေများရှိကြောင်းကို ကျမ်းစာကဖော်ပြထားသည်။ သောဒုံနှင့်ဂေါမောရမြို့တို့ကို မဖျက်ဆီးမီကလေးတွင် ကိုယ်တော်ဤသို့မိန့်တော်မူသည်– “ယခုငါသွား၍ ငါ့ရှေ့သို့ရောက်ခဲ့ပြီးသော ကြွေးကြော်ခြင်းရှိသည်အတိုင်း သူတို့သည် အမှန်ပြုသည်မပြုသည်ကို ငါကြည့်ရှုမည်။ မပြုလျှင် မပြုကြောင်းကို ငါသိမည်။” (ကမ္ဘာဦး ၁၈:၂၁) ဘုရားသခင်သည် အကြောင်းခြင်းရာများကိုမစစ်ဆေးမီ ထိုမြို့များရှိ စာရိတ္တဖောက်ပြန်ယိုယွင်းမှုအတိုင်းအတာကို ကြိုတင်မသိကြောင်း ထိုကျမ်းချက်က ရှင်းလင်းစွာဖော်ပြသည်။
ဘုရားသခင်သည် အချို့သောအဖြစ်အပျက်များကို ကြိုတင်သိမြင်တော်မူသည်မှာ မှန်သော်လည်း ကိစ္စများစွာတို့တွင် မိမိ၏ကြိုတင်သိမြင်နိုင်စွမ်းကို အသုံးမပြုရန် ရွေးချယ်ခဲ့သည်။ ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်တော်မူသည့်အားလျော်စွာ မိမိ၏အရည်အချင်းတော်များကို မစုံလင်သော လူသားများ ၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော် အလိုရှိတော်မူသည့်အတိုင်း လွတ်လပ်စွာအသုံးပြုပိုင်ခွင့်ရှိသည်။
ပဲ့ပြင်တည့်မတ်ပေးနိုင်သောဘုရားသခင်
ကယ်လ်ဗင်းနည်းတူ လူများစွာတို့က ဘုရားသခင်သည် ဖန်ဆင်းခြင်းမတိုင်မီကတည်းက လူသားကျဆုံးခြင်းကို ကြိုတင်စီမံထားပြီး ထိုကျဆုံးခြင်း မတိုင်မီကတည်းက ‘ရွေးချယ်ထားသူများ’ ကို တင်ကူးပြဋ္ဌာန်းထားပြီးဖြစ်သည်ဟု ပြောကြသည်။ သို့သော် ထိုသို့ဖြစ်ရိုးမှန်လျှင် အာဒံနှင့်ဧဝတို့အား မရနိုင်မှန်းသိသော ထာဝရအသက်မျှော်လင့်ချက်ကို ကမ်းလှမ်းခြင်းသည် ဘုရားသခင်အနေနှင့် ဟန်ဆောင်လှည့်ဖြားရာမရောက်ပေလော။ ထို့အပြင် ကနဦးလူသားမောင်နှံသည် ကြိုက်ရာရွေးခွင့်– ဘုရားသခင့်လမ်းညွှန်မှုများကို လိုက်လျှောက်ပြီး ထာဝရအသက်ရှင်ရန် သို့မဟုတ် ယင်းတို့ကိုငြင်းပယ်ပြီး သေရန် ပေးထားခံရကြောင်း ကျမ်းစာမည်သည့်နေရာတွင်မျှ ငြင်းဆိုထားခြင်းမရှိချေ။—ကမ္ဘာဦးအခန်းကြီး ၂။
သို့သော် အာဒံနှင့်ဧဝတို့၏အပြစ်သည် ဘုရားသခင်၏ရည်ရွယ်တော်မူချက်ကို အမှန်ပင်ပျက်ပြားစေပါသလော။ မပျက်ပြားစေပါ၊ အကြောင်းမှာ စာတန်နှင့် သူ၏ကိုယ်စားလှယ်များကို ဖျက်ဆီးမည့် “မျိုးနွယ်” တစ်ဦးကို ပေါ်ထွန်းစေပြီး မြေကြီးပေါ်တွင် တစ်ဖန် ပဲ့ပြင်တည့်မတ်ပေးဦးမည့်အကြောင်းကို သူတို့အပြစ်ပြုပြီး၍မကြာမီ ကိုယ်တော်ကြေညာတော်မူခဲ့သည်။ ကောင်းမွန်စွာသီးပွင့်ရန် ဥယျာဉ်မှူး၏လုပ်ဆောင်မှုကို ပိုးမွှားအနည်းငယ်က မတားဆီးနိုင်သကဲ့သို့ အာဒံနှင့်ဧဝတို့၏မနာခံခြင်းက မြေကြီးကို ပရဒိသုဖြစ်အောင်လုပ်ဆောင်မည့် ဘုရားသခင်အား မတားဆီးနိုင်ချေ။—ကမ္ဘာဦးအခန်းကြီး ၃။
ဒါဝိဒ်မင်းမှဆင်းသက်လာသူတစ်ဦးအား အပ်နှင်းပေးမည့် နိုင်ငံအုပ်ချုပ်ရေးတစ်ခုရှိမည်ဖြစ်ပြီး ထိုအုပ်ချုပ်ရေးတွင် အခြားသူများလည်း ပါဝင်ကြမည်ဖြစ်ကြောင်း နောက်ပိုင်းတွင် ဘုရားသခင်ဖော်ပြတော်မူသည်။ ထိုအခြားသူများကို “အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့” ဟုခေါ်သည်။—ဒံယေလ ၇:၁၂; ၂ ဓမ္မရာဇဝင် ၇:၁၂; ၁ ရာဇဝင်ချုပ် ၁၇:၁၁။a
ကြိုပြောခြင်းသည် တင်ကူးပြဋ္ဌာန်းခြင်းမဟုတ်
လူသားသည် မည်သည့်လမ်းစဉ်လိုက်မည်ကို သိရှိရန် ဘုရားသခင်မရွေးချယ်ဟူသည့်အချက်က လူတို့၏ ကောင်းသောလုပ်ရပ်၊ မကောင်းသောလုပ်ရပ်တို့ကို ကြိုတင်ဟောပြောခြင်းမှ ဘုရားသခင်အား မဟန့်တားချေ။ မိမိယာဉ်၏ မကောင်းသည့်အခြေအနေကို ယာဉ်မောင်းသူအား သတိပေးသော စက်ဆရာတစ်ဦးသည် မတော်တဆမှုဖြစ်ပေါ်ခဲ့လျှင် သူ၌တာဝန်မရှိ သို့မဟုတ် အခြေအနေကို တင်ကူးပြဋ္ဌာန်းသည်ဟု သူ့အားအပြစ်မတင်နိုင်ပေ။ ထိုနည်းတူပင် ဘုရားသခင်သည် လူတို့၏လုပ်ရပ်များကြောင့် ဖြစ်ပေါ်လာမည့် ဝမ်းနည်းဖွယ်အကျိုးဆက်များကို တင်ကူးပြဋ္ဌာန်းသောကြောင့် ကိုယ်တော်အားအပြစ်မတင်နိုင်ပေ။
ပထမလူသားမောင်နှံမှ ဆင်းသက်လာသူများကိစ္စတွင်လည်း အလားတူပင်ဖြစ်သည်။ ကာဣနသည် မိမိ၏ညီဖြစ်သူအာဗေလကို မသတ်မီ ယေဟောဝါသူ့အား ရွေးချယ်စရာပေးခဲ့သည်။ သူသည် အပြစ်ကိုအနိုင်ယူမည်လော၊ အပြစ်က သူ့ကိုအနိုင်ယူမည်လော။ ကာဣနသည် မကောင်းသည့်လမ်းစဉ်ကိုရွေးချယ်ပြီး မိမိ၏ညီကိုသတ်ရန် ယေဟောဝါတင်ကူးပြဋ္ဌာန်းထားသည်ဟု မည်သည့်မှတ်တမ်းမျှမရှိချေ။—ကမ္ဘာဦး ၄:၃-၇။
ယင်းနောက်ပိုင်းတွင် ဣသရေလလူမျိုးသည် ဗာဗုလုန်လူမျိုးမိန်းမများနှင့် အိမ်ထောင်ပြုခြင်းကဲ့သို့သောနည်းဖြင့် ယေဟောဝါထံမှသွေဖည်သွားလျှင် မည်သို့ဖြစ်မည်အကြောင်းကို မောရှေပညတ်က သူတို့ကိုသတိပေးထားသည်။ ကြိုပြောထားသည့်အတိုင်း ဖြစ်လာသည်။ နောက်ပိုင်းအသက်တာတွင် ဗာဗုလုန်ဝတ်ပြုရေးကို လိုက်စားရန် သူ၏တစ်ပါးအမျိုးသားမိန်းမများ၏ ဩဇာလွှမ်းခြင်းခံရသော ရှောလမုန်မင်း၏အဖြစ်တွင် ယင်းကိုတွေ့မြင်နိုင်သည်။ (၃ ဓမ္မရာဇဝင် ၁၁:၇၊ ၈) မှန်ပါသည်၊ ဘုရားသခင်သည် မိမိလူများအား ကြိုတင်သတိပေးသော်လည်း သူတို့၏လုပ်ရပ်တစ်ခုစီကို တင်ကူးမပြဋ္ဌာန်းထားပါ။
ရွေးကောက်ခံရသော သို့မဟုတ် ရွေးချယ်ခံရသော ခရစ်ယာန်များသည် ကောင်းကင်တွင် ခရစ်တော်နှင့်အတူအုပ်စိုးရသည့် ကတိထားရာဆုလာဘ်ကို လက်မလွတ်လိုလျှင် တည်ကြည်မြဲမြံရန် တိုက်တွန်းခံရကြသည်။ (၂ ပေတရု ၁:၁၀; ဗျာဒိတ် ၂:၅၊ ၁၀၊ ၁၆; ၃:၁၁) ရှေးအချိန်က ဓမ္မပညာဆရာအချို့မေးခဲ့သကဲ့သို့ ရွေးချယ်ခံရသူများ၏ ခေါ်တော်မူခြင်းသည် အတည်ပြုခံရလျှင် အဘယ်ကြောင့် ယင်းသို့သတိပေးရသနည်း။
တင်ကူးပြဋ္ဌာန်းခြင်းနှင့် ဘုရားသခင်၏မေတ္တာတော်
လူသည် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ပေးထားခြင်းခံရပြီး “ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ” ဖန်ဆင်းခြင်းခံထားရသည်။ (ကမ္ဘာဦး ၁:၂၇) လူသားသည် လှုပ်ရှားမှုများကို ကြိုတင်စီမံထားသော စက်ရုပ်ကဲ့သို့မဟုတ်ဘဲ မေတ္တာအားဖြင့် ဘုရားသခင်ကိုချီးမွမ်းနိုင်ရန် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်သည် မရှိမဖြစ်လိုအပ်သည်။ အသိဉာဏ်နှင့်ယှဉ်သော မေတ္တာတင်ပြခြင်းအားဖြင့် လွတ်လပ်မှုရှိသောသတ္တဝါများသည် ဘုရားသခင်အားမတရားစွပ်စွဲမှုကို ကိုယ်တော်ချေပနိုင်ရန် ဖြစ်စေနိုင်သည်။ ကိုယ်တော်ဤသို့မိန့်တော်မူသည်– “ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင် ငါ့စိတ်ကိုရွှင်လန်းစေလော့။”—သု. ၂၇:၁၁။
ဘုရားသခင်၏ကျေးကျွန်များသာ တင်ကူးပြဋ္ဌာန်းထားခြင်း—ပုံဆောင်သဘောအရ ညွှန်ကြားချက်ထည့်သွင်းထားခြင်း ခံရသည်ဆိုပါက မိမိတို့၏ဖန်ဆင်းရှင်အားချစ်သည့်မေတ္တာ၏ စစ်မှန်မှုကို သံသယဖြစ်စရာမရှိပေလော။ ဘုရားသခင်သည် လူများ၏ ကိုယ်စီကောင်းကွက်များကို ထည့်မတွက်ဘဲ ဘုန်းအသရေနှင့်ပျော်ရွှင်မှုအတွက် ကြိုတင်ဆုံးဖြတ်ပြီး ရွေးချယ်ထားသည်ဆိုလျှင် ဘုရားသခင်သည် မျက်နှာလိုက်တော်မမူဟူသောအချက်နှင့် ဆန့်ကျင်ဘက်ဖြစ်မနေပေလော။ ထို့အပြင် လူအချို့တို့သည် ယင်းသို့ မျက်နှာသာပေးဆက်ဆံခံရပြီး အချို့တို့ကမူ ထာဝရဒဏ်စီရင်ခြင်းသို့ရောက်ရန် ကြိုတင်စီမံထားခြင်းခံရလျှင် ယင်းသည် “ရွေးချယ်ခံရသူများ” သို့မဟုတ် “ရွေးကောက်ခံရသူများ” ၏ ကျေးဇူးတင်သည့်ခံစားချက်အစစ်အမှန်ကို နှိုးဆွပေးနိုင်မည်မဟုတ်ပေ။—ကမ္ဘာဦး ၁:၂၇; ယောဘ ၁:၈; တမန်တော် ၁၀:၃၄၊ ၃၅။
နောက်ဆုံးအချက်အနေနှင့် သတင်းကောင်းကို လူသားအားလုံးထံတွင် ဟောရမည်ဟု မိမိ၏တပည့်တော်များအား ခရစ်တော်မိန့်တော်မူခဲ့သည်။ ကယ်တင်ခံရမည့်သူများကို ဘုရားသခင်ကြိုတင်ရွေးချယ်ထားနှင့်ပြီးဖြစ်ပါက ယင်းသည် ဧဝံဂေလိလုပ်ငန်းတွင် ခရစ်ယာန်များတင်ပြသည့်စိတ်အားထက်သန်မှုကို မလျော့ပါးသွားစေပေလော။ ဟောပြောခြင်းလုပ်ငန်းသည် အနှစ်သာရကင်းမဲ့မသွားပေလော။
ဘုရားသခင်ထံမှ မျက်နှာမလိုက်သောမေတ္တာတော်သည် ကိုယ်တော်အားချစ်တုံ့ပြန်ရန် လူသားများအားလှုံ့ဆော်ပေးနိုင်သည့် အကြီးမားဆုံးသောစွမ်းအားဖြစ်သည်။ ဘုရားသခင်၏ အကြီးမားဆုံးသော မေတ္တာတင်ပြချက်မှာ အပြစ်နှင့်ပြည့်ဝသော မစုံလင်သည့်လူသားများအတွက် မိမိ၏သားတော်ကို ပူဇော်ပေးခြင်းဖြစ်သည်။ မိမိ၏သားတော်နှင့်ပတ်သက်သော ဘုရားသခင်၏ကြိုတင်သိမြင်နိုင်စွမ်းသည် ထူးခြားသည့်သာဓကတစ်ရပ်ဖြစ်သည်မှန်သော်လည်း ယင်းသည် ယေရှုပေါ်တွင်မူတည်နေသော မူလအခြေအနေပြန်လည်ရရှိမည့် ကတိတော်များသည် အမှန်ပင်ပြည့်စုံမည်ဖြစ်ကြောင်း ကျွန်ုပ်တို့အား စိတ်ချစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုသားတော်ကို ယုံကြည်ပြီး ဘုရားသခင်ထံသို့ ချဉ်းကပ်ကြစို့။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်နှင့် ကောင်းမွန်သောဆက်ဆံရေးကိုစတင်ရန် ဘုရားသခင်၏ဖိတ်ခေါ်ချက်ကို လက်သင့်ခံခြင်းအားဖြင့် ကျွန်ုပ်တို့၏ကျေးဇူးတင်လေးမြတ်မှုကို တင်ပြကြစို့။ ယနေ့ မိမိတို့၏လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို အသုံးချခြင်းဖြင့် ဘုရားသခင်အားချစ်ကြောင်း တင်ပြလိုသူများအား ယင်းသို့ဖိတ်ခေါ်လျက်ရှိသည်။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]
အုပ်စုလိုက်တင်ကူးပြဋ္ဌာန်းခံရခြင်း
“ဘုရားသခင်၏သားတော်သည် အများသောညီတို့တွင် သားဦးဖြစ်စေရန် ဘုရားသခင်သည် မိမိသိရှိထားနှင့်သူများအား မိမိသားတော်နှင့်အသွင်တူအောင် ပြောင်းလဲခံရရန် တင်ကူးပြဋ္ဌာန်းတော်မူသည်။ မိမိကြိုတင်ပြဋ္ဌာန်းတော်မူသောသူများကို ခေါ်လည်းခေါ်တော်မူသည်; ခေါ်တော်မူသောသူများကို ဖြောင့်မတ်ကြောင်းလည်းသက်သေခံတော်မူသည်; ဖြောင့်မတ်ကြောင်းသက်သေခံသောသူတို့ကိုလည်း ချီးမြှောက်တော်မူသည်။” (ရောမ ၈:၂၉၊ ၃၀၊ New International Version) ဤအခန်းငယ်တွင် ပေါလုအသုံးပြုသည့် “တင်ကူးပြဋ္ဌာန်း” ဟူသောအသုံးအနှုန်းကို ကျွန်ုပ်တို့မည်သို့နားလည်ရမည်နည်း။
ဤတွင် ပေါလု၏သုံးသပ်တင်ပြချက်သည် တစ်ဦးစီတင်ကူးပြဋ္ဌာန်းခြင်းခံရသည်ဟူသော အယူအဆကို ထောက်ခံသည့် တထစ်ချအဆိုမဟုတ်ပါ။ ကျွန်ုပ်တို့ရာစုမတိုင်မီအချိန်တွင် Dictionnaire de théologie catholique စွယ်စုံကျမ်းက ပေါလု၏အဆိုများ (ရောမ အခန်းကြီး ၉-၁၁) ကို ဤသို့ရှင်းပြခဲ့သည်– “ကက်သလစ်ကျမ်းပညာရှင်များအလယ်တွင် တိုး၍ပျံ့နှံ့နေသောအယူအဆမှာ ထာဝရအသက်ရရန် တင်ကူးပြဋ္ဌာန်းထားခြင်းဟူသော စိတ်ကူးစိတ်သန်းကို မဖော်ပြထားပါဟူ၍ဖြစ်သည်။” ထိုစာအုပ်ကပင် အမ်. လာ့ဂရယ်န့်ချ်၏အဆိုကို ဤသို့ကိုးကားဖော်ပြသည်– “ပေါလုထံမှ ဇာစ်မြစ်ခံပေါ်ပေါက်လာသောမေးခွန်းသည် တင်ကူးပြဋ္ဌာန်းခြင်းနှင့် ဒဏ်စီရင်ခံရရန် ကြိုတင်ဆုံးဖြတ်ခြင်းလုံးဝမဟုတ်ဘဲ တစ်ပါးအမျိုးသားများကို ခရစ်ယာန်ဘာသာသို့ ခေါ်သွင်းခြင်း၊ ယင်း၏ဆန့်ကျင်ဘက်မှာ ဂျူးတို့ကိုအယုံအကြည်ကင်းမဲ့ခြင်းဖြစ်သည်။ . . . ယင်းသည် အုပ်စုများ၊ တစ်ပါးအမျိုးသားများ၊ ဂျူးလူမျိုးများနှင့် ပတ်သက်ပြီး တစ်ဦးစီနှင့် တိုက်ရိုက်ပတ်သက်ခြင်းမရှိပါ။”—ကျွန်ုပ်တို့စာလုံးစောင်းထား။
မကြာလှသေးမီက The Jerusalem Bible က ဤအခန်းကြီးများ (၉-၁၁) နှင့်ပတ်သက်၍ အလားတူမှတ်ချက်မျိုးကို ဤသို့ဖော်ပြသည်– “ထို့ကြောင့် ဤအခန်းကြီးများနှင့်ပတ်သက်သော အကြောင်းအရာသည် ဘုန်းထင်ရှားခြင်း သို့မဟုတ် ယုံကြည်ခြင်းသို့ တင်ကူးပြဋ္ဌာန်းခံရခြင်းနှင့် သက်ဆိုင်သောပြဿနာမဟုတ်ဘဲ လူသားကယ်တင်ခြင်းတိုးတက်ဖြစ်ပေါ်မှုသမိုင်းတွင် ဣသရေလလူမျိုး၏အခန်းကဏ္ဍ၊ ဓမ္မဟောင်းကျမ်းတွင်ဖော်ပြသည့်အချက်များက ပေါ်ပေါက်စေသော ပြဿနာသာလျှင်ဖြစ်သည်။”
ရောမအခန်းကြီး ၈ ၏ နောက်ဆုံးအခန်းငယ်များသည် အထက်ပါအကြောင်းအချက်တွင်ပါဝင်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားများထဲမှ ခရစ်တော်နှင့်အတူအုပ်ချုပ်ရန် ခေါ်တော်မူခြင်းခံရမည့် အုပ်စု တစ်စုရှိမည်ကို ကြိုတင်သိမြင်တော်မူကြောင်းအပြင် သူတို့ပြည့်မီရမည့်တောင်းဆိုချက်များ—ယင်းသည် ရွေးချယ်ခံရမည့်သူကို ကြိုတင်၍ မည်သူမည်ဝါအတိအကျ မှတ်သားဖော်ပြခြင်းအားဖြင့် မဟုတ်ကြောင်း၊ သို့ပြုပါက ကိုယ်တော့်မေတ္တာတော်နှင့် တရားမျှတခြင်းနှင့် ဖီလာဆန့်ကျင်သွားမည်ဖြစ်ကြောင်းတို့ကို ဤအခန်းငယ်များက ကျွန်ုပ်တို့အား ကျိုးကြောင်းညီညွတ်စွာ သတိပေးနိုင်သည်။
[အောက်ခြေမှတ်ချက်များ]
a “ကမ္ဘာဦးကပင်” ပြင်ဆင်သောနိုင်ငံ (မဿဲ ၂၅:၃၄) အကြောင်း ယေရှုပြောရာတွင် ပထမဆုံးအပြစ်ပြုပြီး နောက်ပိုင်း တစ်ချိန်ချိန်ကို ရည်ညွှန်းခြင်းဖြစ်ရမည်။ လုကာ ၁၁:၅၀၊ ၅၁ က “ကမ္ဘာဦး” သို့မဟုတ် ရွေးဖိုးအားဖြင့် ကယ်နုတ်ခံရနိုင်သော လူသား၏အစကို အာဗေလအချိန်နှင့် ဆက်စပ်ပြသည်။