ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • sg သင်ခန်းစာ ၁၅ စာ. ၇၀-၇၅
  • ကြားနာသူ၏နှလုံးကို ထိမိအောင် ပြောဆိုခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြားနာသူ၏နှလုံးကို ထိမိအောင် ပြောဆိုခြင်း
  • သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ၏နှလုံးတော်နှင့်ညီညွတ်သော နှလုံးကိုရယူလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • နှလုံးကိုထိမိစေရန် ကြိုးပမ်းခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • သင်၏နှလုံးကို စောင့်ရှောက်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ယေဟောဝါကို စုံလင်တဲ့နှလုံးနဲ့ ဆက်အမှုဆောင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
sg သင်ခန်းစာ ၁၅ စာ. ၇၀-၇၅

သင်ခန်းစာ ၁၅

ကြားနာသူ၏နှလုံးကို ထိမိအောင် ပြောဆိုခြင်း

၁–၄။ အမှုဆောင်များဖြစ်သော ကျွန်ုပ်တို့၏နှလုံးသည် အဘယ်ကြောင့်အရေးပါသနည်း။

၁ တမန်တော်ပေါလုသည် မိမိဟောပြောသောသတင်းကောင်းကို ကြားနာသူတို့၏ ‘နှလုံးမျက်စိကို လင်းစေ’ ရန် ယေဟောဝါထံ မပြတ်မလပ်ဆုတောင်းခဲ့သည်။ (ဧ. ၁:၁၆-၁၈) ဤတွင် စိတ်အကြောင်းမဟုတ်ဘဲ နှလုံးမျက်စိလင်းခြင်းအကြောင်း ပေါလုပြောဆိုခဲ့သည်ကို သတိပြုပါ။ အဘယ်အရာကို သူဆိုလိုသနည်း။ ထိရောက်စွာ ဟောပြောသွန်သင်သူများဖြစ်ဖို့ရန် ယင်းအကြောင်းကို နားလည်သင့်၏။

၂ နှလုံးကိုစစ်ဆေးသောအရှင် ယေဟောဝါ၏ဝိညာဉ်တော်သည် သစ္စာရှိကျေးကျွန်များအားဖြင့် မိန့်တော်မူသောစကားများကို ပေါလုမှတစ်ဆင့် ဖော်ပြ၏။ (သု. ၂၁:၂) ဥပမာ၊ သက်ကြီးရွယ်အိုဒါဝိဒ်မင်းကြီးသည် မိမိနန်းကိုဆက်ခံမည့်သူအား ဤကောင်းမြတ်သောသြဝါဒကို ပေးခဲ့သည်– “ငါ့သား၊ . . . သင့်အဘ၏ဘုရားသခင်ကိုသိလော့။ စုံလင်သောနှလုံး၊ ကြည်ညိုသောစိတ်သဘောနှင့် ဝတ်ပြုလော့။ ထာဝရဘုရားသည် ခပ်သိမ်းသောစိတ်နှလုံးတို့ကိုစစ်၍ အကြံအစည်ရှိလေသမျှတို့ကို သိတော်မူ၏။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူ၏။ ကိုယ်တော်ကို စွန့်လျှင် သင့်ကို အစဉ်အမြဲစွန့်တော်မူမည်။” (၅ ရာ. ၂၈:၉) နှလုံးမှပေါက်ဖွားလာသော စစ်မှန်သည့်ဝတ်ပြုမှုကိုသာ ဖန်ဆင်းရှင် နှစ်သက်တော်မူသည်။

၃  သာ၍ကြီးမြတ်သောဒါဝိဒ် ယေရှုခရစ်တော်သည် ဤသို့သွန်သင်ရာတွင် ထပ်တူပညာရှိသြဝါဒကို ပေးတော်မူသည်– “သင်၏ဘုရားသခင်ယေဟောဝါကို စိတ်နှလုံး၊ အသက်ဝိညာဉ်၊ ဉာဏ်သတ္တိ၊ အစွမ်းသတ္တိအကြွင်းမဲ့ချစ်လော့။” (မာ. ၁၂:၂၈-၃၀၊ ကဘ) ဘုရားသခင့်အလိုတော်နှင့်တွေ့ခြင်းကိစ္စတွင် နှလုံးသာ ပဓာနဖြစ်သည်။ ယင်းကို သဘောပေါက်လျှင် သုတ္တံ ၄:၂၃ ပါစကားများသည် ကျွန်ုပ်တို့အတွက် သာ၍အဓိပ္ပာယ်လေးနက်သည်– “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့် သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့။”

၄ ကြားနာသူတစ်ဦးစီ၏နှလုံးထဲ စိမ့်ဝင်စေခြင်း၊ စွဲမှတ်စေခြင်းကိစ္စကို ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းဟောပြော သွန်သင်သူအားလုံး အရေးပေးရမည်။ ယင်းသည် ခရစ်ယာန်မိဘများ သားသမီးကို သွန်သင်ပေးသည့်အခါ၊ သတင်းကောင်းကို နားထောင်သူနှင့် အိမ်တွင်းကျမ်းစာသင်အံမှု ပြုလုပ်သည့်အခါ အရေးပေးရမည့်ကိစ္စဖြစ်သည်။ စင်မြင့်ပေါ်မှ သွန်သင်ပေးသူ ညီအစ်ကိုများ အသေအချာဂရုစိုက်ရမည့်ကိစ္စလည်းဖြစ်သည်။ ဤကဲ့သို့သောအခြေအနေမျိုးအားလုံးတွင် တန်ဖိုးရှိ သမ္မာတရားကို သူတစ်ပါးအား သိစေလိုကြသည်။ သို့သော် ထိုထက်မက ပြုသင့်သည်။ နှလုံးထဲ စိမ့်ဝင်စေလိုသည်။ ‘ကောင်းကင်ခမည်းတော်အား သူတို့၏နှလုံးကို ပေး’ ကြရန် လှုံ့ဆော်ပေးလိုပါ၏။​—သု. ၂၃:၂၆။

၅၊ ၆။ သူတစ်ပါးစိတ်ထဲ အသိပညာရောက်စေရန်ထက်ပြုလုပ်ရန် အဘယ်ကြောင့်ကြိုးစားသင့်သနည်း။

၅ စိတ်နှင့်နှလုံးကို ခွဲခြားဝေဖန်ခြင်း။ သတင်းကောင်းကို ကျွမ်းကျင်စွာ သွန်သင်ပေးသူသည် ကြားနာသူများအား အသိပညာပေးနိုင်သည်။ မကြာမီ သင်သား သို့မဟုတ် ကြားနာသူသည် သွန်သင်ခံရသောအကြောင်းအရာများကို ကိုယ်တိုင်ပြန်ရှင်းပြနိုင်ပေမည်။ ယင်းကို သူသဘောပေါက်လာ၍ စိတ်ထဲစွဲမှတ်စေပြီဖြစ်သည်။ သို့သော် မေးခွန်းများကား ယင်းကို သူမည်သို့အသုံးချမည်နည်း။ အသိပညာဆည်းပူးခြင်း၌သာ သူစိတ်ဝင်စားသလော။ သို့မဟုတ် ၎င်းအသိပညာသည် သူ့အား လှုံ့ဆော်ပေးမည်လော။

၆ ဤတွင် နှလုံးပတ်သက်လာ၏။ အကြောင်းမှာ ၎င်းသည် တိုက်တွန်းလှုံ့ဆော်ပေးမှုနှင့်ဆက်စပ်သည်ဟု ကျမ်းစာကဆိုသည်။ ဘုရားသခင်၏စစ်မှန်သောဝတ်ပြုသူသည် မှုတ်သွင်းခံ ကျမ်းရေးသူနှင့်အတူ ဤသို့ဆိုနိုင်သည်– “ကိုယ်တော်ကို မပြစ်မှားဘဲနေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။” (ဆာ. ၁၁၉:၁၁) လူတစ်ဦးသည် ဘုရားသခင်၏ရည်ရွယ်တော်မူချက်များကို ကောင်းစွာသိရှိထားနိုင်မည်၊ ကျမ်းစာမူများကို ကောင်းစွာနားလည်ထားနိုင်မည်ဖြစ်သော်လည်း ထိုမူများကိုကျင့်သုံးရန်နှင့် ထိုအသိပညာကို မိမိဘဝအသက်တာတွင် လိုက်ရှောက်ရန် နှလုံးထဲတွင် မရှိဘဲဖြစ်နိုင်သည်။ များစွာသောသူတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ရှိ လန်းဆန်းမှုပေးသော သမ္မာတရားကို ကြားဖူးကြမည်ဖြစ်သော်လည်း ၎င်းတို့ကို ကိုယ်တိုင်ကျင့်သုံးရန်၊ သို့မဟုတ် ထပ်တူအခွင့်အရေးကို သူတစ်ပါးအားပေးရန်ကိစ္စနှင့်ပတ်သက်လာလျှင် ဤကဲ့သို့သောအသက်ကယ်ဆယ်ရေးလုပ်ငန်း၌ပါဝင်လိုစိတ် လုံးဝမရှိဘဲ ဖြစ်ပေမည်။

၇၊ ၈။ စိတ်နှင့်နှလုံး ကွာဟမှုကို ဖော်ပြပါ။

၇ စိတ်ဖြင့် အသိပညာကို ဆည်းပူးစုဆောင်းထားရန်လိုသည်။ ယင်းသည် ဉာဏ်တည်ရှိရာ၊ အသိပညာကိုသိမ်းဆည်းထားရာအရပ်ဖြစ်သည်။ ၎င်းဖြင့် အသိပညာစုဆောင်းပြီး ရှေ့နောက်စဉ်းစားဆင်ခြင်ခြင်းအားဖြင့် ဆုံးဖြတ်ချက်များချလေ့ရှိသည်။ ယင်းသည် အံ့ဖွယ်နည်းဖြင့် နှလုံးနှင့်ဆက်နွှယ်နေကြောင်း ကျမ်းစာကတင်ပြသည်။ နှလုံးနှင့် ချစ်ခင်ကြင်နာပြီး လှုံ့ဆော်မှုခံရသည့်အတွက် ယင်းသည် အရေးပါသည်။ ဘဝတစ်ခုလုံးအပေါ် နှလုံး၏လမ်းညွှန်မှုကို လူအားလုံး တွေ့မြင်နိုင်သည်။ လူတစ်ဦး၏အတွင်းသဘောကို တဖြည်းဖြည်းသိနိုင်ပါသည်။ သို့သော် ယေဟောဝါမူကား “စိတ်နှလုံး၏အတွင်းလူ” ကို အချိန်အခါမရွေး သိတော်မူ၏။​—၁ ပေ. ၃:၃၊ ၄။

၈ တစ်ခါတစ်ရံ နှလုံးသည် စိတ်၏ဆုံးဖြတ်ချက်ကို ချေဖျက်လွှမ်းမိုးပါသည်။ ကျိုးကြောင်းဆီလျော်စွာဆင်ခြင်ခြင်းထက် စိတ်လှုပ်ရှားမှု သို့မဟုတ် စိတ်ဆန္ဒကို အသားပေးပြီး တိုက်တွန်းခံသည်။ ယေဟောဝါ၏မျက်မှောက်တော်တွင် မှန်ကန်သည်ဟုဆိုသောအရာကို စိတ်နှင့်သိထားရုံမက ထိုလမ်းစဉ်ကိုလိုက်လျှောက်ရန် နှလုံးထဲတွင် ဆန္ဒရှိရမည်။ ရွေးချယ်စရာလမ်းစဉ်များမှ တစ်ခုခုကို ရွေးချယ်ပြီး ယင်းကိုစွဲလမ်းနိုင်သည့် နှလုံး၏အရည်အချင်းကြောင့် သမ္မာကျမ်းစာက လူသား၏နှလုံးသည် ‘အကြံအစည်အမျိုးမျိုးကြံစည်တတ်သည်’ ‘မိမိသွားရာလမ်းကို [စိတ်စွဲလမ်း] ကြံစည်’ သည်ဟူ၍ ဆိုရခြင်းဖြစ်သည်။ (သု. ၁၉:၂၁; ၁၆:၉) အခြေအနေဖန်တီးပြုပြင်မှုကို အနည်းနှင့်အများ မခံရလျှင် နှလုံးသည် မိမိနှစ်သက်ရာလမ်းစဉ်ကိုသာ လိုက်လျှောက်ပေမည်။ ယင်းသည် အကျင့်စာရိတ္တနှင့် ဝိညာဉ်ရေးအရ အထူးသဖြင့် သက်ဆိုင်သည်။​—မ. ၅:၂၈။

၉၊ ၁၀။ ကျမ်းစာသင်သား၏နှလုံးကိုထိမိရန် အဘယ်အကူအညီရှိသနည်း။

၉ နှလုံးများကိုထိမိခြင်း။ သို့ဖြစ်လျှင် ခရစ်ယာန်ဆရာသမားတစ်ဦးသည် လူတို့နှလုံးထဲ မည်သို့စိမ့်ဝင်စေမည်နည်း။ တစ်နည်းကား သင်ယူထားသောအရာများကို ကျေးဇူးတင်စွာဖြင့် ဆင်ခြင်သုံးသပ်ခြင်းဖြင့်ဖြစ်သည်။ ယေရှု၏မိခင်မာရိသည် ‘ထိုအကြောင်းအရာအလုံးစုံတို့ကို နှလုံးထဲ၌ မှတ်ကျုံး’ ထားသည်ဟုဆိုကြောင်း သတိရပါ။ (လု. ၂:၅၁) “သူမ၏မှတ်ဉာဏ်တွင်ရှိ” မည်ဖြစ်သော်လည်း မှတ်တမ်းက ထိုသို့မဆိုပါ။ သူမ၏နှလုံး၊ သူမ၏ ခုံမင်နှစ်သက်ခြင်းနှင့် စေ့ဆော်မှု၏ပင်ရင်း၌ ရှိသောကြောင့် နောက်ပိုင်းတွင် သူမသည် သစ္စာရှိခရစ်ယာန်တစ်ဦးဖြစ်လာလေသည်။ ယနေ့ ကျမ်းစာသင်သားများ၏နှလုံးထဲသို့ သမ္မာတရားစိမ့်ဝင်စေရန် အဓိကအချက်များကို သူတို့ကျေနပ်စွာခံယူနိုင်ဖို့ အချိန်ယူပြီး ရှင်းပြပေးပါ။ အကြောင်းများစွာပြီးဖို့ကိုသာ မကြိုးစားပါနှင့်။

၁၀ သုံးသပ်နေသော ကျမ်းစာသမ္မာတရားသည် သင်သား၏နှလုံးထဲ အမှန်စိမ့်ဝင်နေမနေ ဆင်ခြင်ကြည့်ရာတွင် မေးခွန်းများသည် အကူအညီများစွာပေးသည်။ အကြောင်းအရာအသစ်များကို ဆွေးနွေးပြီးနောက် “အခု ဒါကိုဘယ်လိုယူဆသလဲ။ ယုံသလား” ဟုမေးလိုပေမည်။ ကျောင်းသားဟောပြောချက်များပေးသည့်အခါ ဤသို့ပြုလုပ်ပါ။ လူတစ်ဦး၏နှလုံးတွင် အဘယ်အကြောင်းအရာရှိကြောင်း သိနိုင်မှသာလျှင် ယေဟောဝါ၏လုပ်ငန်းတော်၌ သူတိုးတက်မှုရှိရန် ကူညီပေးနိုင်မည်ဖြစ်သည်။

၁၁။ ယေဟောဝါနှင့်ဆက်ဆံရေး မည်မျှအရေးကြီးကြောင်းကို ကျမ်းစာသင်သားအား မည်သို့အလေးအနက်တင်ပြနိုင်သနည်း။

၁၁ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သင်သားများ နှလုံးထဲ စိမ့်ဝင်စေရန် သူတို့ကိုယ်တိုင် ယေဟောဝါနှင့် ဆက်ဆံရေးမည်သို့ရှိကြောင်းကို စဉ်းစားဆင်ခြင်ကြည့်ရန် အကူအညီလိုသည်။ ဤအရည်အချင်းကို တိုးတက်စေရန် ဓမ္မအမှုကျောင်း၌ တာဝန်ယူဆောင်ရွက်ရာတွင် ကြိုးစားခြင်းထက် အခွင့်ကောင်းမရှိပါ။ ကျွန်ုပ်တို့ ယေဟောဝါကိုချစ်သောကြောင့်၊ ကိုယ်တော်က ကျွန်ုပ်တို့ကိုချစ်သောကြောင့် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ကိုးစားရန် သင့်ကျမ်းစာသင်သားများကို အားပေးပါ။ ကျမ်းစာထဲမှ သူတို့တတ်သိလာသမျှမှာ “အလွန်သနားစုံမက်တော်မူ” သော ကျွန်ုပ်တို့၏မေတ္တာသခင် ဖန်ဆင်းရှင်ယေဟောဝါထံတော်မှဖြစ်ကြောင်းကို အချက်ကျသောမေးခွန်းများမေးခြင်းအားဖြင့် သိနားလည်စေပါ။ (ယာ. ၅:၁၁) သင်အံမှုကို ပတ်စဉ်ကျင်းပရာတွင် အတူတကွလေ့လာနေသော အံ့ဖွယ်ရာသမ္မာတရား၌ထင်ရှားသည့် ယေဟောဝါ၏မေတ္တာတော်နှင့် ဉာဏ်ပညာကို အလေးအနက်ပေါ်လွင်စေပါ။ သူတို့၏ဘဝအသက်တာနှင့် မည်သို့သက်ဆိုင်ကြောင်း၊ နောင်တစ်ချိန်တွင် သူတို့မည်သို့အကျိုးခံစားကြရမည်ဖြစ်ကြောင်းကို သင်သားများအား နားလည်စေပါ။ ကျမ်းစာမူများကို သူတို့အကျွမ်းတဝင်ရှိစေရန် ယင်းတို့ကို သူတို့နှင့် မကြာခဏပြန်ဆွေးနွေးပါ။ ကိစ္စတစ်ခုနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်မချမီ ကောင်းကင်ခမည်းတော်၏အလိုတော် မည်သို့ရှိသည်ကို အသေအချာသိရှိရန် စူးစမ်းသည့်အကျင့်မွေးမြူဖို့ ကူညီပေးပါ။ ဤသို့ပြုလျှင် ကျွန်ုပ်တို့အသက်တာနှင့်တကွ ကျွန်ုပ်တို့ပိုင်ဆိုင်သမျှကို ဘုရားသခင်ပိုင်သတော်မူကြောင်း သူတို့တဖြည်းဖြည်း သဘောပေါက်နားလည်လာသည်အထိ ကူညီပေးနိုင်ပါလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် “ခပ်သိမ်းသောသူတို့အား ဇီဝအသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသောအရာတို့ကို” ပေးတော်မူသောအရှင်ဖြစ်သောကြောင့် ကိုယ်တော်၏ဝတ်ပြုရေး၊ ကိုယ်တော့်လုပ်ငန်းတော်ကို ကျွန်ုပ်တို့၏စိတ်နှလုံးတွင် ဦးထိပ်ထားသင့်သည်။​—တ. ၁၇:၂၅။

၁၂–၁၄။ သဘောထားနှင့်ပတ်သက်၍ မည်သည့်အချက်ကို ကျမ်းစာသင်သား သိအပ်ပြီး သူ၏သဘောထားများကို မည်သို့စစ်ဆေးနိုင်သနည်း။

၁၂ ဘုရားသခင်အတွက် ကျွန်ုပ်တို့ပြုလုပ်သည့်အမှုသာမဟုတ် ယင်းကိုပြုလုပ်သည့်ရည်ရွယ်ချက်က ပိုအရေးကြီးကြောင်း တစ်ခါတစ်ရံဖော်ပြပါ။ အလိုတော်ကိုဆောင်ရွက်ရာတွင် ကျွန်ုပ်တို့အား ပျော်ရွှင်မှု ရရှိစေလိုတော်မူသည်။ သုတ္တံကျမ်းရှိဖခင်နည်းတူ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်က ဤသို့ဖိတ်ခေါ်သည်– “ငါ့သား၊ ငါ့စကားကိုစေ့စေ့မှတ်လော့။ မြွက်ဆိုချက်များကိုနာယူလော့။ သင့်မျက်မှောက်မှမကွာစေနှင့်။ စိတ်နှလုံးအတွင်း၌စောင့်ရှောက်လော့။ အကြောင်းမူကား၊ ထိုတရားစကားသည်တွေ့ရသောသူတို့အဖို့အသက်ရှင်ခြင်း၊ တစ်ကိုယ်လုံးကျန်းမာခြင်းအကြောင်းဖြစ်သတည်း။”​—သု. ၄:၂၀-၂၂၊ ကဘ။

၁၃  ထို့ကြောင့် သင့်သွန်သင်မှုကို ခံယူသူများသည် အလုပ်တစ်ခုခုကို လုပ်ကိုင်ရာ၌ အဘယ်သဘောထား ရှိသည်ကို သိရှိရန် မိမိကိုယ်ကို ဤသို့မေးမြန်းစစ်ဆေးဖို့ သူတို့ကိုအားပေးပါ– ဤအမှုကို ကျွန်ုပ်အဘယ်ကြောင့်လုပ်လိုသနည်း။ ဤလမ်းစဉ်ကိုလိုက်ရန် အဘယ်အရာက ကျွန်ုပ်အားတိုက်တွန်းသနည်း။ ကျွန်ုပ်စိတ်တွင် ဘာရှိသည်ကို ကျွန်ုပ်သိ၏။ သို့သော် ကျွန်ုပ်နှလုံး၌ ဘာရှိသနည်း။ ကျွန်ုပ်သည် ဘုရားသခင်စိတ်တော်နှင့် တွေ့လိုသည်ထက် ကျွန်ုပ်၏ဆန္ဒကိုသာ အသားပေးသလော။ ကျွန်ုပ်ဆင်ခြေပေးမှုသည် ရိုးသားသလော။ မှားသောဆင်ခြေပေးမှုနှင့် လှည့်ဖြားခြင်းဖြစ်နေသလော။

၁၄ ထို့ပြင် သတိလစ်သူကို အန္တရာယ်ရှိစေသည့် လှည့်စားမှုများကိုရှောင်ဖို့ သတိပေးပါ။ ဥပမာ၊ သူတစ်ဦး၏ကြိုးစားမှုပန်းတိုင်သည် လုပ်ပိုင်ခွင့်ရှိသော်လည်း သူ၏ဝတ်ပြုရေးကိုလည်းကောင်း၊ အမှုဆောင်ခြင်းကိုလည်းကောင်း ထိပါးကောင်းထိပါးမည်။ မှုတ်သွင်းခံသုတ္တံကျမ်းက ဤသို့အတိအလင်းဖော်ပြသည်– “မိမိစိတ်နှလုံးကို ကိုးစားသောသူသည် လူမိုက်ဖြစ်၏။ ပညာသတိနှင့်ကျင့်သောသူမူကား ဘေးလွတ်တတ်၏။”​—သု. ၂၈:၂၆။

၁၅–၁၇။ ယေရှု၏ပုံသက်သေနှင့် ဆုတောင်းခြင်းအကြောင်း ဆွေးနွေးခန်းများသည် နှလုံးကို မည်သို့အကျိုးပြုနိုင်သနည်း။

၁၅ နောက်ဆုံးအနေနှင့် ကျမ်းစာသင်သားများရှေ့ သခင်ယေရှု၏ စုံလင်သောပုံသက်သေကို ထားပေးခြင်းသည် ကောင်း၏။ ကိုယ်တော်သည် ကောင်းကင်ခမည်းတော်ကို သစ္စာရှိတော်မူခဲ့သည်။ ကိုယ်တော်သည် ‘ဖြောင့်မတ်ခြင်းတရားကိုနှစ်သက်၍ မတရားသောအမှုကို မုန်းတော်မူသောကြောင့် ယေဟောဝါသည် ကိုယ်တော်၏အပေါင်းအဖော်တို့ထက် ကိုယ်တော်ကို ချီးမြှောက်၍ ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက်ပေးတော်မူပြီ’ ဖြစ်သည်။ (ဆာ. ၄၅:၇) ထိုစိတ်ထားမှန်ကို ကိုယ်တော်မည်သို့ထိန်းသိမ်းထားတော်မူသနည်း။ ဘုရားသခင်ကိုသိကျွမ်းဖို့ရန်သာမက အလိုတော်နှင့်တွေ့ရန်အတွက်လည်း လေ့လာတော်မူခဲ့သည်။ ခမည်းတော်၏အလိုတော်ကို အမြဲနှလုံးပိုက်ကျုံးထားတော်မူသည်။ ဆုတောင်းခြင်းအားဖြင့် ခမည်းတော်ကို မှန်မှန်အကူအညီတောင်းခံတော်မူခဲ့သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဆုတောင်းချက်များအားဖြင့် ကိုယ်တော်က ‘မိမိအား စစ်ဆေးစုံစမ်း၍ နှလုံးကျောက်ကပ်ကို ဆေးကြောတော်မူပါ’ ဟုတောင်းဆိုနေခြင်းဖြစ်သည်။ (ဆာ. ၂၆:၂) ကိုယ်တော်သည် မိမိကိုယ်တိုင်၏တွေးတောဆင်ခြင်မှု၊ သို့မဟုတ် နှလုံးတိုက်တွန်းရာများကိုသာ အားမထားလိုခဲ့ချေ။ “အိုအဖခမည်းတော် . . . အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော” ဟုယဇ်ပူဇော်သကာအဖြစ် သေရမည့်အချိန် နီးကပ်လာသည့်အခါ ကိုယ်တော်ဆုတောင်း၍ ဆုံးဖြတ်ချက်ချတော်မူခဲ့သည်။​—မာ. ၁၄:၃၆။

၁၆ ယင်းသည် ကျမ်းစာသင်သားများရှေ့ ထားသင့်သော ပုံသက်သေကောင်း မဟုတ်ပေလော။ ဘုရားသခင်နှစ်သက်တော်မူသောလမ်းစဉ်ကို လိုက်လျှောက်နိုင်ရန် လိုအပ်သောဉာဏ်ပညာရဖို့ လှိုက်လှိုက်လှဲလှဲဆုတောင်းခြင်းဖြင့် ဘုရားသခင်၏လမ်းညွှန်မှုကို ခံယူရန် သူတို့အား အကူအညီပေးသင့်သည်။ ယေရှုသည် ကမ္ဘာပေါ်သို့ ကြွရောက်လာသောအခါ သားတော်အဖြစ် ဘုရားသခင်ထံ ဆုတောင်းတော်မူခဲ့သည်။ တပည့်နောက်လိုက်များအား ဆုတောင်းနည်းကို သွန်သင်ပေးကာ ယေရှုက “ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွန်ုပ်တို့၏အဘ” ဟူ၍စံပြဆုတောင်းချက်ကို စတင်တော်မူခဲ့သည်။ (မ. ၆:၉) ထိုကြောင့် ဆုတောင်းသူသည် အဖေတစ်ဦးထံသို့ သားတစ်ဦး ချဉ်းကပ်ဘိသကဲ့သို့ ဖြစ်သင့်သည်။ အခြားအရာများတို့ထက် ကျွန်ုပ်တို့၏ဆုတောင်းချက်များသည် ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ထင်ရှားစေသည်။ ထိုဆက်ဆံရေးသည် စိတ်နှလုံးအပြည့် ရိုသေလေးစားပြီး ချစ်မြတ်နိုးသော ဖခင်တစ်ဦးနှင့် တရင်းတနှီးရှိသော သား သို့မဟုတ် သမီး၏ ရင်းနှီးချစ်ခင်သောဆက်ဆံမှုမျိုးလော။ သို့မဟုတ် မေးတစ်ခွန်းခေါ်တစ်ခွန်းမျှရှိသော အသိအကျွမ်း၏ ဆက်ဆံမှုမျိုးလော။ သင်စကားပြောဆိုသူနှင့်လည်းကောင်း၊ သင်နှင့်ကျမ်းစာလေ့လာသူနှင့်လည်းကောင်း ဆုတောင်းခြင်းအကြောင်း၊ ယင်းကို သူတို့မည်သို့သဘောထားကြောင်းနှင့် သူတို့ဆုတောင်းသည့်အရာများအကြောင်းကို ဆွေးနွေးခြင်းအားဖြင့် သူတို့၏နှလုံးကိုထိမိဖို့ ကြိုးစားပါ။​—သု. ၁၅:၈၊ ၂၉။

၁၇ နှလုံးများအပေါ် ဘုရားသခင်အရေးပေးမှုကိုထောက်ထားပြီး ကိုယ်တော်၏နှုတ်ကပါဌ်တော်ကို သွန်သင်ပေးသည့်အခါ နှလုံးကို အသေအချာစဉ်းစားဆင်ခြင်ရန်လိုသည်။ လူထုဟောပြောချက် သို့မဟုတ် ကျောင်းသားဟောပြောချက် ပေးသည်ဖြစ်စေ၊ အိမ်တွင်းကျမ်းစာသင်အံမှု ကျင်းပသည်ဖြစ်စေ အပိုဒ်များစွာပြီးဆုံးဖို့ရန် အဓိကမထားပါနှင့်။ ယေဟောဝါနှင့် ရင်းနှီးလာစေရန် အချိန်ယူ ကူညီပေးပါ။ သူတို့နှလုံးထဲ နှုတ်ကပါဌ်တော်ကို စွဲမြဲစေပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ