ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • sg သင်ခန်းစာ ၂၁ စာ. ၁၀၄-၁၀၉
  • သိအပ်သောအကြောင်းအရာ၊ ရှင်းလင်းစွာတင်ပြခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သိအပ်သောအကြောင်းအရာ၊ ရှင်းလင်းစွာတင်ပြခြင်း
  • သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • **********
  • သင့်ပရိသတ်အတွက် သိမှတ်ဖွယ်
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ပရိသတ်ကို ယုံကြည်လက်ခံစေပြီး သူတို့နှင့် ဆင်ခြင်
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • သွန်သင်ချက်သည် တည်ဆောက်ပေးသည်
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ပရိသတ်နှင့်ဆက်သွယ်ပုံ၊ မှတ်ချက်များသုံးခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
sg သင်ခန်းစာ ၂၁ စာ. ၁၀၄-၁၀၉

သင်ခန်းစာ ၂၁

သိအပ်သောအကြောင်းအရာ၊ ရှင်းလင်းစွာတင်ပြခြင်း

၁–၃။ မိမိဟောပြောချက်သည် သိအပ်သောအကြောင်းဖြစ်ဖို့ရန် အဘယ်ကြောင့်တိကျသင့်သနည်း။

၁ အကျိုးရှိသောဟောပြောချက်များသည် အပတ်တကုတ်ပြင်ဆင်ခြင်းဖြင့် အစပြု၍ ယင်းအတွက် အချိန်နှင့် ကြိုးစားအားထုတ်မှုပေးရ၏။ သို့သော် အမှန်ပင်အကျိုးနပ်လှသည်! သင်၏ တိကျမှန်ကန်သောပညာကို တိုးပွားစေရုံမက ပရိသတ်ကိုပါ အကျိုးခံစားစေသည်။ ယေဘုယျသဘောအတိုင်းသာ ပြောဆိုမည့်အစား သင်၌ထွန်းလင်းပေးသော အသေးစိတ်အချက်အလက်များရှိကာ သင်ပြောနေသည်များမှန်ကန်ကြောင်း သင်သိ၏။ ယင်းက ပရိသတ်အား ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ပိုတန်ဖိုးထားလေးမြတ်စေပြီး ယေဟောဝါကိုလည်း ဂုဏ်တင်မှုဖြစ်စေသည်။ သိအပ်သောအကြောင်းအရာကို ကျွန်ုပ်တို့စဉ်းစားဆင်ခြင်ရာတွင် ဟောပြောချက်၌ သင်အဘယ်အကြောင်းပြောခြင်းနှင့်အထူးသက်ဆိုင်သည်။ ယင်း၏ရှုထောင့်အသီးသီးကို အကျဉ်းချုပ်သုံးသပ်ကြည့်ပါ။ ယင်းသည် စကားပြောသွန်သင်ချက်စာရွက်ပေါ်တွင် ပထမအချက်ဖြစ်သည်။

၂ အတိအကျအကြောင်းအရာ။ ယေဘုယျသဘောအရ ပြောဆိုသောဟောပြောချက်သည် လေးပင်မှုမရှိ၊ ခိုင်လုံမည်လည်းမဟုတ်ပါ။ ယောင်ဝါးဝါးသာ ဖြစ်မည်။ ပရိသတ်ကိုလည်း မသေမချာဖြစ်စေသည်။ စွဲမှတ်ထားရမည့်အချက်အလက်များဖြစ်စေလိုလျှင် ယင်းတို့သည် တိကျမှန်ကန်ရမည်။ ယင်းက ထိုအကြောင်းအရာကို ဆည်းပူးလေ့လာထား၍ သိရှိနားလည်ကြောင်း ထင်ရှားစေသည်။

၃  ဟောပြောချက်ပြင်ဆင်သည့်အခါ အဘယ်ကြောင့်၊ အဘယ်သောအခါ၊ အဘယ်မှာနည်း အစရှိသည့်မေးခွန်းများကို မေးမြန်းခြင်းအားဖြင့် ဤအရည်အချင်းကို ရရှိနိုင်သည်။ တစ်စုံတစ်ရာဖြစ်ပျက်ခဲ့သည်ဟု ပြောဆိုခြင်းသည် များသောအားဖြင့် မလုံလောက်ပါ။ ဖြစ်သည့်နေရာ၊ ရက်စွဲ၊ ဖြစ်ရသည့်အကြောင်းရင်းများကိုပါ တင်ပြပါ။ မှန်ကန်ရာအချို့ကို ဖော်ပြရုံဖြင့် မလုံလောက်ပေ။ ယင်းတို့သည် အဘယ်ကြောင့်မှန်သည်; ယင်းတို့ကိုအဘယ်ကြောင့်သိရှိသင့်ကြောင်း ဖော်ပြပါ။ သွန်သင်ချက်ပေးနေလျှင် အရာတစ်ခုကို မည်သို့ပြုလုပ်ရမည်အကြောင်း ရှင်းပြပါ။ ပရိသတ်သိနားလည်ထားမှုပေါ်မူတည်ပြီး မည်မျှပြောဆိုတင်ပြစရာလိုမည်ကို ဆုံးဖြတ်ရမည်။ ထို့ကြောင့် အဘယ်အသေးစိတ်အချက်အလက်များ ဖော်ပြရန် လိုမည်အကြောင်းသိရှိရန် ပရိသတ်ကို ထည့်စဉ်းစားပါ။

၄–၆။ သင့်ဟောပြောချက်သည် သင့်ပရိသတ် သိအပ်သောအကြောင်းဖြစ်ဖို့ရန် အဘယ်အချက်တို့ကို သတိမူရမည်နည်း။

၄ သင့်ပရိသတ် သိသင့်သိအပ်ရာ။ ပရိသတ်တစ်စု သိအပ်ရာသည် အခြားပရိသတ်တစ်စုအတွက် အသစ်အဆန်းဖြစ်မည်မဟုတ်ပါ။ သို့မဟုတ် သူတို့လုံးဝနားမလည်နိုင်သောအရာ ဖြစ်ပေမည်။ ထို့ကြောင့် ပရိသတ်နှင့်ဆီလျော်သောအကြောင်းဖြစ်ရပေမည်။ ဥပမာ၊ ကျွန်ုပ်တို့၏လုပ်ငန်းကို ထမ်းဆောင်ပုံအကြောင်း ဟောပြောရာတွင် လုပ်ငန်းတော်အစည်းအဝေး၌ တင်ပြပုံသည် ယေဟောဝါထံ ဆက်ကပ်အပ်နှံရန် အသင့်ပြင်ဆင်နေသူအား တင်ပြပုံနှင့် လုံးဝတူမည်မဟုတ်ပါ။ ယင်းကို လောကီသားများရှေ့ ဟောပြောပုံသည်လည်း လုံးဝကွာခြားပြန်မည်။

၅ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် တာဝန်အသီးသီးကိုထမ်းဆောင်သည့်အခါ ဤအချက်အလက်များကို ထည့်စဉ်းစားပေးရမည်။ မည်သည့်ဟောပြောချက်တာဝန်ကိုမဆို လက်ခံသည့်အခါ မဟောပြောမီ ပရိသတ်ကိုလည်းကောင်း၊ ဇာတ်အိမ်ကိုလည်းကောင်း၊ ဟောပြောချက်၏ရည်ရွယ်ချက်ကိုလည်းကောင်း ထည့်စဉ်းစားသင့်သည်။ ယင်းတို့သည် ဟောပြောချက်၏အမျိုးအစား၊ ဟောပြောသူ စီစဉ်ထားသည့် ဇာတ်အိမ်တို့အပေါ်မူတည်သည်။ သွန်သင်ခြင်းဟောပြောချက်မှာမူ အသင်းတော်အတွက်ဖြစ်သည်။ အခြားဟောပြောချက်များမူကား ကွာခြားလိမ့်မည်။ ဇာတ်အိမ်က မည်သည့်ပရိသတ်၊ မည်သည့်ရည်ရွယ်ချက်ရှိကြောင်း ထင်ရှားစေမည်။ အခါတိုင်းတွင် ကျောင်းသားနှင့် သွန်သင်ချက်ပေးသူပါ မိမိကိုယ်ကို ဤသို့မေးမြန်းနိုင်သည်။ သက်ဆိုင်ရာပရိသတ်နှင့်ဆီလျော်စွာ အကြောင်းအရာကို တင်ဆက်ပြောဆိုနေသလော။ ပရိသတ် သိအပ်သောအကြောင်းဖြစ်ပြီး ယင်းအတွက် သွန်သင်ချက်ဖြစ်မည်လော။

၆ ဟောပြောချက်ပြင်ဆင်ရာတွင် မိမိကိုယ်ကို ဤသို့မေးပါ။ ဤဟောပြောချက်ဖြင့် အကျွန်ုပ်အဘယ်အရာကို ဖြစ်မြောက်စေလိုသနည်း။ ဤလူ သို့မဟုတ် ဤအုပ်စုသည် အကျွန်ုပ်ပြောလိုသည့်အကြောင်းကို မည်မျှသိရှိထားနှင့်သနည်း။ ဤအချက်များကို မရှင်းပြမီ အဘယ်အုတ်မြစ်ချပေးရန် လိုမည်နည်း။ ဤအကြောင်းကို လုံးဝခြားနားသော နောက်ထပ်လူစုတစ်စုအား မည်သို့တင်ပြပြောဆိုမည်နည်း။ နှိုင်းယှဉ်ချက်များက ကျွန်ုပ်တို့၏ကြည့်မြင်ချက်တို့ကို ရှင်းလင်းပေးတတ်သည်။ ပရိသတ်ကိုစဉ်းစားရာတွင် ကွာခြားမှုကိုခံစားရရန်အလို့ငှာ ပြင်ဆင်မှုပြုလုပ်စဉ် ကွာခြားသောအုပ်စုများအတွက် ကွာခြားသောချဉ်းကပ်ပုံများကို စမ်းကြည့်ခြင်းဖြင့် မိမိစကားပြောမည့်ပရိသတ်အတွက် သိအပ်သောအကြောင်းဖြစ်စေရန် ပြုလုပ်ပါ။

၇၊ ၈။ ကျွန်ုပ်တို့၏ဟောပြောချက်များကို မည်သို့လက်တွေ့ကျစေနိုင်မည်နည်း။

၇ လက်တွေ့အသုံးချနိုင်သော တန်ဖိုးရှိသည့်အကြောင်း။ သင်ယူလေ့လာစရာများစွာရှိသည်။ သို့သော် အားလုံးသည် လက်တွေ့အသုံးချနိုင်စရာများမဟုတ်ပါ။ ကျွန်ုပ်တို့အတွက် သိအပ်သောအကြောင်းသည် ခရစ်ယာန်လမ်းစဉ်အတိုင်း အသက်ရှင်နေထိုင်ပုံအတွက်၊ ကျွန်ုပ်တို့၏ဓမ္မအမှုအတွက် အသုံးချနိုင်မည့် အရာများဖြစ်သည်။ ကျွန်ုပ်တို့ရရှိထားသည့် ဤအကြောင်းကို မည်သို့အသုံးပြုနိုင်ကြောင်း သိလိုကြ၏။

၈ ကျောင်းသားသည် ပြင်ဆင်ရာတွင်၊ ကျောင်းကြီးကြပ်မှူးသည် သွန်သင်ချက်ပေးရာတွင် ဤသို့မေးမြန်းခြင်းအားဖြင့် ဤအချက်ကို ဆင်ခြင်ကြည့်နိုင်သည်– ဟောပြောချက်တွင် အဘယ်လမ်းညွှန်မှုများ ပါရှိသနည်း။ ဆုံးဖြတ်ချက်များချရာတွင် ထိုအကြောင်းကို အသုံးပြုနိုင်မည်လော။ တင်ပြသောအကြောင်းကို လယ်ကွင်းဓမ္မအမှုအတွက် ပြုပြင်အသုံးပြုနိုင်မည်လော။ ယင်းသည် ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို ဂုဏ်တင်ချီးမွမ်းပြီး ကိုယ်တော်၏ရည်ရွယ်ချက်ကို ညွှန်ပြသလော။ ဤသိအပ်သောအကြောင်းအားလုံးတို့ကို ဟောပြောချက်အနည်းငယ်သာ ဖော်ပြနိုင်ပေမည်။ သို့သော် လက်တွေ့ကျနိုင်ဖို့ရန် တင်ပြပြောဆိုသောအကြောင်းသည် တစ်နည်းနည်းဖြင့် ပရိသတ်အသုံးပြုနိုင်သောအကြောင်း ဖြစ်သင့်သည်။

၉–၁၁။ တိတိကျကျ တင်ပြပြောဆိုခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။

၉ တင်ပြပြောဆိုချက် တိကျမှန်ကန်ခြင်း။ ယေဟောဝါသက်သေများ၏အဖွဲ့အစည်းသည် အမှန်တရားနှင့်ဆိုင်သောအဖွဲ့အစည်းဖြစ်သည်။ ကျွန်ုပ်တို့သည် အမှန်တရားကို ပြောဆိုလိုကြပြီး အချိန်အခါမရွေး အသေးစိတ်အချက်အလက်တိုင်းတွင် လုံးလုံးတိကျမှန်ကန်ဖို့လိုသည်။ အယူဝါဒနှင့်ပတ်သက်၍သာမက ကျွန်ုပ်တို့၏ကိုးကားချက်များ၊ သူတစ်ပါးအကြောင်း ပြောဆိုသည့်အခါများ၊ သူတစ်ပါးကို ကိုယ်စားပြုပုံနှင့် သိပ္ပံဆိုင်ရာအချက်အလက်များနှင့် သတင်းရပ်များကို ဖော်ပြပြောဆိုရာ၌လည်း တိကျမှန်ကန်ရမည်။

၁၀ ပရိသတ်ရှေ့ မှားယွင်းစွာပြောဆိုသောစကားများသည် သူတစ်ပါးထံ တစ်ဆင့်ပြန်ရောက်သွားတတ်ပြီး ထိုအမှားအယွင်းများကို ပုံကြီးချဲ့ပြောဆိုကောင်း ပြောဆိုကြပေမည်။ မတိကျမမှန်ကန်ကြောင်း ပရိသတ်သိရှိသည့်အတွက် ယင်းတို့ကိုပြောဆိုသူ၏ အခြားအချက်အလက်များကိုသာမက သတင်းတရားကိုပင် သူတို့သံသယဝင်သွားနိုင်သည်။ ထိုစကားများကို ကြားနာလိုက်သည့် စိတ်ဝင်စားခါစ လူသစ်တစ်ဦးသည် အခြားတစ်ချိန်တစ်ခါက ကြားခဲ့သောစကားနှင့် ယင်းသည်ကွာခြားနေသောကြောင့် ယေဟောဝါသက်သေများသည် အတွေးအခေါ်ချင်းမညီညွတ်ဟု အထင်ရှိသွားပြီး အကျိုးအကြောင်းကို မဖော်ပြဘဲ ပေါင်းသင်းမှုရပ်စဲလိုက်ကောင်း ရပ်စဲလိုက်ပေမည်။

၁၁ အထူးသဖြင့် သမ္မာတရားတွင် လူသစ်ဖြစ်ပြီး ဘုရားသခင့်နှုတ်ကပါဌ်တော်၏ နက်နဲရာများ၌ အခြေမခိုင်သေးသည့် ကျောင်းသားပြောဆိုသမျှ အချက်တိုင်းကို သွန်သင်ချက်ပေးသူသည် စေ့စေ့စပ်စပ် အပြစ်ရှာသွန်သင်မပေးသင့်ပါ။ ယင်းအစား ကျောင်းသား၏အတွေးအခေါ်ကို ပုံသွင်းပေးဖို့ ပါးနပ်လိမ္မာစွာပြုလုပ်ပြီး အသေအချာ ကြိုတင်ပြင်ဆင်ခြင်းအားဖြင့် အချက်အလက်များကို မည်သို့အတိအကျဖော်ပြနိုင်ကြောင်း သူ့အားပြညွှန်ပေးမည်။

၁၂၊ ၁၃။ ထပ်ဆင့်ရှင်းပြသောအကြောင်းအရာ၏တန်ဖိုးကား အဘယ်နည်း။

၁၂ ထပ်ဆင့်ရှင်းပြသောအကြောင်းအရာ။ တွေးတောဆင်ခြင်ပြီးသောအကြောင်း သို့မဟုတ် အကြောင်းတစ်ခုကို ထပ်ဆင့်စူးစမ်းလေ့လာပြီး၍ ပြောဆိုသောအချက်အလက်များသည် ဟောပြောချက်တစ်ခုကို အထောက်အကူပြုနိုင်သည်။ ပရိသတ်သိနှင့်ပြီးသားအကြောင်းကို သွန်သင်မှုမဖြစ်သောထပ်မံပြောဆိုခြင်းလည်း မဖြစ်စေပါ။ ဟောပြောတင်ဆက်ပုံကို သစ်လွင်စေပြီး ပရိသတ် စိတ်ဝင်စားစရာဖြစ်၍ အကျွမ်းတဝင်ရှိအကြောင်းတစ်ခုသည် အလွန်နာပျော်ဖွယ်ဖြစ်စေသည်။ ထို့ပြင် ဟောပြောသူ စိတ်ချလက်ချဟောပြောနိုင်ရန် အထောက်အကူပြုသည်။ အနည်းငယ်ခြားနားသောအကြောင်းတစ်ခုကို တင်ပြပြောဆိုခွင့်ရသည်ဟူသော စိတ်အားတက်ကြွမှုမျိုးနှင့် သူ၏ဟောပြောချက်ကိုပြောဆိုစေရန် ကူညီသည်။

၁၃  ကိုယ်ပိုင်အယူအဆများကို တင်ပြခြင်းအမှား မပြုမိရန်သတိထားရမည်။ အသင်းမစာပေများကိုအသုံးပြု၍ မှီခိုသင့်သည်။ အသင်းမ၏မာတိကာများနှင့် ကျမ်းချက်၏ အောက်ခြေမှတ်ချက်များကို စစ်ဆေးကြည့်ပါ။ သင်ပြောဆိုသောစကားသည် အထင်မှားစရာမဖြစ်စေဘဲ ပိုရှင်းလင်းသွားပါလေစေ။

**********

၁၄–၁၆။ ရိုးရိုးကလေးတင်ပြပြောဆိုနိုင်ရန် ဟောပြောချက်ပြင်ဆင်သည့်အခါ မည်သို့ပြုရမည်နည်း။

၁၄ ဟောပြောမည့်အကြောင်းကို ပြင်ဆင်ရာတွင် သင်ပြောဆိုရမည့်အချက်ကို မည်သို့ပြောဆိုမည်အကြောင်း အသေအချာဂရုစိုက်ခြင်းလည်း အရေးကြီးသည်။ ယင်းကို စကားပြောသွန်သင်ချက်စာရွက်ပေါ်တွင် “ရှင်းလင်း၍ နားလည်လွယ်ခြင်း” ဟုဖော်ပြထားသည်။ ယင်းကိုအလုံအလောက်အာရုံမပြုလျှင် သင့်ပရိသတ်ကို ထိမိစွဲထင်နိုင်မည်မဟုတ်ပါ။ သို့မဟုတ် သူတို့ကြားနာသောအကြောင်းကို မမှတ်မိနိုင်ဘဲ ဖြစ်သွားစေမည်။ ဤအချက်ကို ဂရုပြုရာတွင် သိရှိရန်လိုသည့် အဓိကအချက်သုံးချက်ရှိသည်။

၁၅ ရိုးရိုးကလေးတင်ပြခြင်း။ ယင်းက စကားစုများကို တင်ကူးပြီးစဉ်းစားထားရမည်ဟု မဆိုလိုပါ။ သို့သော် တင်ပြမည့်အချက်အလက်များကို အသေအချာစိစစ်လေ့လာပြီး အတိအကျအချက်အလက်အချို့ကို ထည့်တွက်ရမည်ဖြစ်သည်။ ဤသို့ပြုခြင်းအားဖြင့် ဟောပြောချက်သည် ကျစ်လစ်ကာ သာမန်စကားဖြင့်ပြောသော ရိုးရိုးကလေးဖြစ်မည်။ ဟောပြောသူ၏စိတ်ထဲ ရှုပ်ထွေးနေသည့်အကြောင်းသည် တင်ဆက်ပြောဆိုရာတွင် ရှုပ်ထွေးနေမည်။

၁၆ အချိန်ကပ်ပြင်ဆင်မှုကို ရှောင်ကြဉ်ရမည်။ ဟောပြောချက်တစ်လျှောက်ရှိ အချက်တိုင်း ရိုးရှင်းပြီး ရှင်းလင်းနေသည့်တိုင် စဉ်းစားရမည်။ ဟောပြောရန်ပြင်ဆင်ရာတွင် ဤအချက်အလက်များကို ပြန်လည်သုံးသပ်ခြင်းဖြင့် ယင်းတို့သည် ဦးနှောက်ထဲထင်းနေမည်ဖြစ်ရာ အသုံးပြုလိုသည့်အခါ လွယ်ကူစွာသတိရနိုင်ပြီး ဟောပြောသူအတွက် ရှင်းလင်းပြတ်သားသကဲ့သို့ ပရိသတ်အတွက်လည်း ထပ်တူပင်ဖြစ်ပေလိမ့်မည်။

၁၇၊ ၁၈။ အကျွမ်းတဝင်မရှိသောအသုံးအနှုန်းများကို အဘယ်ကြောင့်ရှင်းပြဖို့လိုသနည်း။

၁၇ အကျွမ်းမဝင်သည့်အသုံးအနှုန်းများကို ရှင်းပြခြင်း။ ကျမ်းစာနှင့် ကင်းမျှော်စင်အသင်း၏စာပေများကို လေ့လာခြင်းအားဖြင့် ကျွန်ုပ်တို့၏လုပ်ငန်းနှင့် အကျွမ်းတဝင်မရှိသူများအတွက် စိမ်းသောအသုံးအနှုန်းများ ကျွန်ုပ်တို့ရရှိထားကြသည်။ အချို့သောပရိသတ်များရှေ့ ယင်းတို့ကိုအသုံးပြုပြီး ကျမ်းစာသမ္မာတရားကို ရှင်းပြမည်ဆိုလျှင် ကျွန်ုပ်တို့ပြောဆိုသောအကြောင်းများကို သူတို့နားမလည်နိုင်ခြင်း သို့မဟုတ် ကျွန်ုပ်တို့၏စကားကို သူတို့လုံးဝသဘောမပေါက်နိုင်ဘဲဖြစ်ပေမည်။

၁၈ သင့်ပရိသတ်အခြေအနေကို ထည့်စဉ်းစားပါ။ သူတို့၏ သိနားလည်နိုင်စွမ်း မည်မျှရှိသနည်း။ ကျွန်ုပ်တို့၏လုပ်ငန်းအကြောင်း မည်မျှသိထားသနည်း။ ဟောပြောသူ လွယ်ကူစွာနားလည်သည့် အသုံးအနှုန်းများကို သူတို့မည်မျှအကျွမ်းတဝင်ရှိသနည်း။ “သီအိုကရေစီ၊” “အကြွင်းအကျန်၊” “အခြားသိုး” ဟူသောအသုံးအနှုန်းများသာမက “အာမဂေဒုန်” နှင့် “နိုင်ငံတော်” ဟူသောအသုံးအနှုန်းများပင်လျှင် ကြားသူအတွက် အဓိပ္ပာယ်တစ်မျိုး သို့မဟုတ် လုံးဝအဓိပ္ပာယ်မသိဘဲ ဖြစ်ချေမည်။ ကျွန်ုပ်တို့၏လုပ်ငန်းနှင့် အကျွမ်းတဝင်မရှိသူအတွက် “စိုးလ်၊” “ငရဲ” နှင့် “မသေနိုင်သောအဖြစ်” တို့ကို ရှင်းပြရန် လိုပေမည်။ သို့သော် အသင်းတော်ရှေ့ ဟောပြောနေခြင်းဖြစ်ပါက ဤကဲ့သို့သော အသုံးအနှုန်းများကို ရှင်းပြပေးစရာလိုမည်မဟုတ်ပါ။ ထို့ကြောင့် အခြေအနေကို ထည့်စဉ်းစားရမည်ဖြစ်သည်။

၁၉၊ ၂၀။ ပြောဆိုတင်ပြစရာအကြောင်း များလွန်းခြင်းကို မည်သို့ရှောင်ကြဉ်နိုင်သနည်း။

၁၉ အကြောင်းမများလွန်းခြင်း။ ဟောပြောချက်၌ အချက်အလက်အကြောင်းအရာ များလွန်းရကား နားထောင်သူတို့သည် မှတ်သားစရာများလွန်းပြီး ဇဝေဇဝါသော်လည်းကောင်း၊ လုံးဝမလိုက်နိုင်တော့ဘဲသော်လည်းကောင်း ဖြစ်သွားနိုင်သည်။ ဟောပြောချက်၏ရည်ရွယ်ချက် အထမြောက်စေရန် စုဆောင်းပြင်ဆင်ထားသည့်အကြောင်းအရာများသည် ရရှိထားချိန်အတွင်း ရှင်းရှင်းလင်းလင်းတင်ပြနိုင်သည်ထက် မများလွန်းသင့်ပါ။ ပရိသတ် လက်သင့်ခံနိုင်သည်ထက် ပို၍ မတင်ပြသင့်ပါ။ ထို့ပြင် အသင်းတော်ထံ ဟောပြောသည့်အကြောင်းကိုပင် သူစိမ်းတစ်ဦးအား သို့မဟုတ် စိတ်ဝင်စားခါစ လူသစ်တစ်ဦးအား ပြောဆိုသည့်အခါ သူနားလည်ရလွယ်ကူစေရန် အတော်အသင့်ပြုပြင်ပြောဆိုဖို့လိုပေမည်။ ဤတွင်တစ်ဖန် သွန်သင်ချက်ပေးသူသည် ဟောပြောသူ၏ပရိသတ်ကို ထည့်တွက်အကြံပေးသင့်သည်။

၂၀ ဟောပြောရာတွင် ကျောင်းသားတစ်ဦးသည် မည်မျှဟောရမည်ကို မည်သို့သိနိုင်မည်နည်း။ ပြင်ဆင်ရာ၌ နှိုင်းယှဉ်ခြင်းသည် အကျိုးပြုမည်။ တင်ဆက်ရမည့်အကြောင်းကို သုံးသပ်ပါ။ မိမိပြောဆိုမည့်အချက်များမှ အနည်းဆုံးအချို့ကို ပရိသတ်သည် မည်မျှသိနားလည်ထားနှင့်သနည်း။ မည်မျှမူကား လုံးဝမသိသောအချက်များဖြစ်မည်နည်း။ အခြေခံအသိပညာ များလေလေ ပေးထားသည့်အချိန်အတွင်း ယင်းကိုအခြေပြု၍ ပြောဆိုနိုင်မည့်အကြောင်းအရာ များလေလေဖြစ်သည်။ သို့သော် ဆွေးနွေးမည့်အကြောင်းကို ကြားဖူးနားဝမရှိသလောက်ဖြစ်မည်ဆိုလျှင် မည်မျှဖော်ပြပြောဆိုမည်၊ ထိုအချက်အလက်များကို ပရိသတ်အပြည့်အဝသဘောပေါက်နားလည်စေရန် မည်မျှကြာကြာ ရှင်းပြရမည်အကြောင်းကို အထူးဂရုစိုက်ရပါမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ