ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထရ အခန်း ၇ စာ. ၆၉-၇၅
  • ကျွန်ုပ်တို့ ကမ္ဘာပေါ် ရောက်လာရခြင်းအကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့ ကမ္ဘာပေါ် ရောက်လာရခြင်းအကြောင်း
  • သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆင့်ကဲဖြစ်စဉ်လော ဖန်ဆင်းခြင်းလော
  • လူကို ဘုရားသခင်ဖန်ဆင်းပုံ
  • လူကို ဤကမ္ဘာပေါ် ဘုရားသခင်နေရာချခဲ့ရခြင်းအကြောင်း
  • ကျွန်ုပ်တို့ အိုရ သေရခြင်းအကြောင်း
  • ယေရှုရဲ့ သေခြင်းနဲ့ အသက်ပြန်ရှင်လာခြင်း—သင့်အတွက် ဘာအကျိုးရှိနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ကမ္ဘာမြေပရဒိသု ဖြစ်လာမည်ကို သင်ယုံနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • နောက်ဆုံးရန်သူသေခြင်းဟာ ဆုံးရှုံးခြင်းသို့ ရောက်ရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ပထမဆုံး ယောက်ျားနဲ့ မိန်းမကို ဘုရားသခင် ဖန်ဆင်း
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
ထရ အခန်း ၇ စာ. ၆၉-၇၅

အခန်း ၇

ကျွန်ုပ်တို့ ကမ္ဘာပေါ် ရောက်လာရခြင်းအကြောင်း

၁။ စဉ်းစားတတ်သူများသည် အဘယ်သို့အပြီးသတ် ဆုံးဖြတ်ခဲ့ကြပြီနည်း။

ကမ္ဘာပေါ် လူဖြစ်လာရခြင်း၏အကြောင်းကို လူတို့တွေးဆခဲ့သည်မှာ ကြာပြီ။ ကြယ်အတိပြီးသော ကောင်းကင်ပြင်ကြီးကို ငေးမောလာခဲ့ကြပြီ။ ရောင်စုံစီခြယ်သော နေဝင်ဆည်းဆာနှင့် ကျေးလက်သဘာဝအလှကို အံ့သြချီးမွမ်းခဲ့ကြပြီ။ ဤအရာများအားလုံး၏ နောက်ကွယ်မှာ ကြီးမြတ်သည့်ရည်ရွယ်ချက်တစ်ခုခုတော့ ရှိရမည်ဟု စဉ်းစားတတ်သူများက တွေးဆခဲ့ကြ၏။ သို့သော် မိမိတို့ အဘယ်အခန်းကဏ္ဍမှ ပါဝင်သနည်းဟူသောအချက်ကို တွေး၍မပေါက်ဖြစ်ခဲ့ကြပြီ။​—ဆာလံ ၈:၃၊ ၄။

၂။ အဘယ်မေးခွန်းကို လူတို့မေးခဲ့ကြပြီနည်း။

၂ ဘဝခရီးတစ်ထောက်တွင် လူအများ ဤသို့မေးမိကြ၏– တို့တစ်တွေဟာ တစ်ခဏလောက်ပဲ အသက်ရှင်ပြီး၊ ဘဝကနေ ရနိုင်တာလေးတွေကို ရယူမယ်၊ ပြီးယင် သေဖို့အတွက် လူဖြစ်လာကြတာလား။ တို့တစ်တွေ တကယ်တမ်း ဘယ်ကိုဦးတည်နေတာလဲ။ မွေးခြင်း၊ အသက်ရှင်ခြင်းနှင့်သေခြင်းဆိုတဲ့ သံသရာတိုကလေးလောက်သာမဟုတ်ဘဲ တခြားအရာတစ်ခုခုကိုများ မျှော်လင့်နိုင်သေးသလား။ (ယောဘ ၁၄:၁၊ ၂) ကျွန်ုပ်တို့ကမ္ဘာပေါ်မည်သို့ ရောက်လာခဲ့သနည်းဟူသော မေးခွန်း၏အဖြေကိုသိလျှင် ထိုကိစ္စကို နားလည်နိုင်ပါမည်။

ဆင့်ကဲဖြစ်စဉ်လော ဖန်ဆင်းခြင်းလော

၃။ ဆင့်ကဲအယူကား အဘယ်နည်း။

၃ ကျွန်ုပ်တို့မြင်မြင်သမျှသည် သူ့အလိုအလျောက် ဖြစ်ပေါ်လာသည်၊ တိုက်ဆိုင်မှု၊ မတော်တဆမှုကြောင့် ဖြစ်ပေါ်လာသည်ဟူ၍ အချို့ဒေသများ၌ လူအများ သွန်သင်ကြ၏။ အသက်သည် အနှစ်သန်းပေါင်းများစွာအတွင်း နိမ့်ကျသည့်အဆင့်မှ နောက်ဆုံးတွင် လူသားအဆင့်သို့ ဆင့်ကဲဆင့်ကဲပြောင်းလဲဖြစ်ပေါ်လာခဲ့သည်ဟုဆိုကြ၏။ ဤဆင့်ကဲဖြစ်စဉ် သီအိုရီကို ကမ္ဘာ့အစိတ်အပိုင်း တော်တော်များများ၌ အကြောင်းတရားမှန်အဖြစ် သင်ကြားနေကြ၏။ သို့သော် ကျွန်ုပ်တို့သည် အနှစ်သန်းပေါင်းများစွာက အသက်ရှင်ခဲ့သည့် လူဝံကဲ့သို့သော တိရစ္ဆာန်မှ ဆင်းသက်လာသည်ဟူသည့်အချက် မှန်ပါသလော။ ဤဧရာမ စကြဝဠာကြီးသည် မတော်တဆဖြစ်ပေါ်လာခဲ့သလော။

၄။ “ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ” ကြောင်းကို ကျွန်ုပ်တို့အဘယ်ကြောင့်ယုံကြည်နိုင်သနည်း။

၄ ကျမ်းစာက “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏” ဟုဆို၏။ (ကမ္ဘာဦး ၁:၁) သိပ္ပံဆိုင်ရာ အကြောင်းတရားမှန်များကလည်း ကြယ် သန်းကုဋေပေါင်းများစွာပါဝင်သော ကောင်းကင်နှင့် ကျွန်ုပ်တို့၏ ကမ္ဘာမြေကြီးသည် အစရှိ၏ဟူသောအချက်ကို ထောက်ခံသည်။ ၎င်းတို့သည် ဖန်ဆင်းခြင်းခံခဲ့ရ၏။ ကြယ်နှင့် ဂြိုဟ်တို့၏ ရွေ့လျားသွားလာမှုသည် အလွန်တရာ တိကျမှန်ကန်လှသဖြင့် မည်သည့်ခုနှစ်ကျလျှင် ၎င်းတို့ မည်သည့်နေရာသို့ ရောက်နေကြမည်ကိုပင် တိကျသေချာစွာ ကြိုပြောနိုင်၏။ ကြယ်နှင့်ဂြိုဟ်တို့သည် သင်္ချာနိယာမနှင့် မူများအတိုင်း သွားလာကြသည်။ သိပ္ပံအမေရိကန်ဟူသောမဂ္ဂဇင်း၌ ကင်းဘရစ်ဂ်ျတက္ကသိုလ်မှ သင်္ချာပါမောက္ခ ပီ. ဒီရက်က ဤသို့ဆို၏– “ဘုရားသခင်ဟာ အင်မတန်အဆင့်မြင့်တဲ့ သင်္ချာပါရဂူတစ်ဦးဖြစ်ပြီး စကြဝဠာကို ဆောက်တည်တဲ့နေရာမှာ အင်မတန်ခေတ်ရှေ့ပြေးနေတဲ့ သင်္ချာကို သုံးခဲ့တယ်ဆိုပြီး ပြောရင်မမှားပါဘူး။”

၅။ ကျွန်ုပ်တို့သည် ဆင့်ကဲဆင့်ကဲဖြစ်လာသည်မဟုတ်ဘဲ ဖန်ဆင်းခံရကြောင်း ကျွန်ုပ်တို့၏ကိုယ်ခန္ဓာက မည်သို့သက်သေထူသနည်း။

၅ ကျမ်းစာက “ယေဟောဝါသည် ဘုရားသခင်ဖြစ်ကြောင်း သိကြလော့။ ကိုယ်တော်ပင်လျှင် ကျွန်ုပ်တို့ကို ဖန်ဆင်းသောအရှင်ဖြစ်၏။ ကျွန်ုပ်တို့ကိုယ်ကို ကျွန်ုပ်တို့ ဖန်ဆင်းခဲ့သည်မဟုတ်” ဟုဆိုထားသည်။ (ဆာလံ ၁၀၀:၃၊ ကဘ) ကျွန်ုပ်တို့ကိုယ်ခန္ဓာသည် အံ့ဖွယ်ကောင်းလှသောဒီဇိုင်းကို ပြနေ၏။ ထိုကြောင့်လည်း ကျမ်းရေးသူတစ်ဦးက “အကျွန်ုပ်သည် ကြောက်မက်အံ့သြဖွယ် [ဖန်ဆင်းခံရသဖြင့်၊ ကဘ] ကျေးဇူးတော်ကို ချီးမွမ်းပါမည်။ မထင်ရှားရာ၌ အကျွန်ုပ်ကိုဖန်ဆင်း၍ . . . စေ့စပ်သောအခါ ကိုယ်ခန္ဓာ [အကျွန်ုပ်၏အရိုးတို့သည်၊ ကဘ] ပုန်းကွယ်လျက်မနေဘဲ အကျွန်ုပ်၏သန္ဓေကို မြင်တော်မူလျက် အင်္ဂါများကို နေ့စဉ်ပြုပြင်၍ တစ်စုံတစ်ခုမျှ မပြီးသေးမီကာလတွင် စာရင်းတော်၌ အကုန်အစင် မှတ်သားလျက်ရှိခဲ့ပါ၏” ဟုဆို၏။ (ဆာလံ ၁၃၉:၁၄-၁၆၊ သမ) ကလေးတစ်ယောက် မိခင်ကိုယ်ထဲတွင် အံ့ဖွယ်နည်းဖြင့် ကြီးထွားဖြစ်ထွန်း၏။ ဤအချက်နှင့်ပတ်သက်၍ နယူးစ်ဝိခ် မဂ္ဂဇင်းက ဤသို့ဆို၏– “ဤကား အခြားမဟုတ်၊ အံ့ဖွယ်သူရဲဖြစ်သည်။” “ပဋိသန္ဓေတည်ချိန်ကို ဘယ်နည်းပညာကမျှ ထောက်မပြနိုင်။ ၎င်းနောက်ပိုင်း လူ့သန္ဓေသားလောင်း၏ အာရုံကြောကွန်ချာ ကုဋေကုဋာချီ၍ မြားမြောင်လှသည့် အင်္ဂါအစိတ်အပိုင်းတို့ကို အဆင့်ဆင့်ကြီးပွားလာအောင် ထူးဆန်းအံ့ဩဖွယ်ကောင်းသော အဘယ်စွမ်းအင်များက လွှမ်းမိုးလာသနည်းဟူသည့်အချက်ကို အဘယ်သိပ္ပံပညာရှင်မျှ မပြောနိုင်ချေ” ဟု ထပ်လောင်းရေးသားလိုက်သည်။

၆။ ဆင့်ကဲဖြစ်စဉ်အစား ဖန်ဆင်းခြင်းကိုယုံကြည်လျှင် အဘယ်ကြောင့်အဓိပ္ပာယ်ရှိသနည်း။

၆ မဟာစကြဝဠာကြီးနှင့် ဆန်းကျယ်စွာ ဒီဇိုင်းဆွဲ၍ တည်ဆောက်ထားသော ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကို စဉ်းစားကြည့်ပါ။ မှန်ကန်စွာဆင်ခြင်လိုက်လျှင် ထိုအရာများ အလိုလိုဆင့်ကဲဆင့်ကဲ ပြောင်းလဲဖြစ်ပေါ်မလာ၊ မိမိတို့ဘာသာအလျောက် ဖြစ်ပေါ်လာခြင်းလည်း မဟုတ်ကြောင်း သဘောပေါက်နိုင်သည်။ ဒီဇိုင်းဆွဲသူတစ်ဦး၊ ဖန်ဆင်းရှင်တစ်ပါး ရှိမှ ဖြစ်လာနိုင်သည်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် မြင်ရသော အခြားအရာများကိုလည်း စဉ်းစားကြည့်ပါဦး။ သင်သည် အိမ်ထဲ၌ရှိနေစဉ် မိမိကိုယ်ကို ဤသို့မေးပါ– ကျွန်တော်ရဲ့စာကြည့်ခုံ၊ မီးလုံး၊ ခုတင်၊ ကုလားထိုင်၊ စားပွဲ၊ နံရံမကလို့ အိမ်ကိုယ်နှိုက်ကစ ဆင့်ကဲဆင့်ကဲဖြစ်လာခဲ့သလား။ ဒါမှမဟုတ်၊ ပြုလုပ်တဲ့ပုဂ္ဂိုလ်တစ်ဦး လိုသလား။ အသိဉာဏ်ရှိသူများ ပြုလုပ်၍ ဖြစ်လာသည်မှာ အထူးဆိုဖွယ်မရှိ! သို့ ဖြစ်လျှင် များစွာသာလွန် ရှုပ်ထွေးသော ကျွန်ုပ်တို့၏ စကြဝဠာနှင့် ကျွန်ုပ်တို့ကိုယ်ခန္ဓာသည် ပြုလုပ်သူမလိုဟု မည်သို့ဆိုနိုင်သနည်း။ ဘုရားသခင်က ကျွန်ုပ်တို့အား ဤကမ္ဘာ၌ နေရာချခဲ့သည်မှန်လျှင် အကြောင်းရှိရမည် သေချာသည်။

၇။ (က) ယေရှုသည် ဖန်ဆင်းခြင်းကိုယုံကြည်ကြောင်း မည်သို့ ပြတော်မူသနည်း။ (ခ) အာဒံသည် တကယ့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း နောက်ထပ်အဘယ်သာဓက ရှိသေးသနည်း။

၇ ပထမယောက်ျားနှင့် မိန်းမအကြောင်းကို ယေရှုခရစ်ကိုယ်တော်တိုင် ဤသို့မိန့်ဆိုခဲ့၏– “အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့် မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။” (မဿဲ ၁၉:၄၊ ၅) ယေရှုသည် အာဒံနှင့်ဧဝတို့ကို ဖန်ဆင်းသည့်အကြောင်းနှင့်စပ်လျဉ်းသော ကမ္ဘာဦး ၁:၂၇ နှင့် ၂:၂၄ တို့မှ ကိုးကားပြောဆိုနေခြင်းဖြစ်၏။ ဤနည်းဖြင့် ထိုကျမ်းစာမှတ်တမ်း မှန်ကန်ကြောင်း ပြသတော်မူ၏။ (ယောဟန် ၁၇:၁၇) ထို့ပြင် ကျမ်းစာက ဧနောက်ကို “အာဒံမှ ဆင်းသက်၍ ခုနစ်ဆက်မြောက်သောသူ” ဟုခေါ်ထားသည်။ (ယုဒ ၁၄) အာဒံသာ တကယ့်ပုဂ္ဂိုလ်တစ်ယောက်မဟုတ်ခဲ့လျှင် သူ့အကြောင်းကို ကျမ်းစာက ဤသို့ တိကျစွာ ဖော်ပြခဲ့မည်မဟုတ်။​—လုကာ ၃:၃၇။

၈။ လူအစနှင့်ပတ်သက်သော အဘယ်အယူကို ကျမ်းစာမသွန်သင်သနည်း။

၈ အချို့သူများက ဘုရားသခင်သည် ဆင့်ကဲဖြစ်စဉ်နည်းဖြင့် လူကိုဖန်ဆင်းခဲ့သည်ဟု ဆိုကြ၏။ ဘုရားသခင်သည် လူကို ဆင့်ကဲဆင့်ကဲဖြစ်ပေါ်လာစေကြောင်း၊ ဖြစ်စဉ်တစ်နေရာသို့ ရောက်သောအခါ သူ့ကိုယ်ထဲသို့ စိုးလ်တစ်ခု ထည့်သွင်းတော်မူခဲ့ကြောင်း သူတို့ဆိုကြ၏။ သို့သော် ဤအယူအဆကို ကျမ်းစာ မည်သည့်နေရာ၌မျှ မတွေ့ရပါ။ ၎င်းအစား၊ ကျမ်းစာက အပင်နှင့်တိရစ္ဆာန်တို့သည် “အမျိုးအလိုက်” ဖန်ဆင်းခြင်းခံရသည်ဟုသာဆို၏။ (ကမ္ဘာဦး ၁:၁၁၊ ၂၁၊ ၂၄) အကြောင်းတရားမှန်များကလည်း တစ်ချိန်ချိန်တွင် အပင်၊ သို့မဟုတ် တိရစ္ဆာန်တစ်မျိုးက နောက်တစ်မျိုးအဖြစ်သို့ ကူးပြောင်းမသွားကြောင်း ပြသ၏။ ကျွန်ုပ်တို့သည် ဆင့်ကဲဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ကြောင်း သက်သေပြရန် ထပ်ဆင့်အချက်အလက်များကို လူသည် ဆင့်ကဲဖြစ်စဉ်ကြောင့် ဤနေရာသို့ ရောက်ရှိခဲ့ခြင်းလော၊ ဖန်ဆင်းခြင်းကြောင့်လောဟူသောစာအုပ်တွင် တွေ့နိုင်ပါသည်။

လူကို ဘုရားသခင်ဖန်ဆင်းပုံ

၉။ (က) လူကိုဖန်ဆင်းသည့်အကြောင်းကို ကျမ်းစာမည်သို့ဖော်ပြသနည်း။ (ခ) လူ့နှခေါင်းထဲသို့ “ထွက်သက်ဝင်သက်” ကို မှုတ်သွင်းတော်မူသောအခါ မည်သို့ဖြစ်လာသနည်း။

၉ “ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူလျှင် လူသည် အသက်ရှင်သောသတ္တဝါ [စိုးလ်၊ ကဘ] ဖြစ်လေ၏” ဟုကျမ်းစာဆိုသည့်အတိုင်း လူကို ကမ္ဘာပေါ်တွင် နေထိုင်စေရန် မြေကြီးထဲမှ ဘုရားသခင် ဖန်ဆင်းတော်မူခဲ့သည်။ (ကမ္ဘာဦး ၂:၇) ဤတွင် လူကို ဘုရားသခင် တိုက်ရိုက်ဖန်ဆင်းကြောင်း သိမြင်နိုင်သည်။ အထူးဖန်ဆင်းခြင်းတစ်ရပ်ဖြင့် လူကို စေ့စပ်စုံလင်သောပုဂ္ဂိုလ်တစ်ဦး ဖြစ်လာစေသည်။ လူ့နှာခေါင်းထဲသို့ “ထွက်သက်ဝင်သက်” ကို မှုတ်သွင်းတော်မူသောအခါ လူ့အဆုတ်များ လေဖြင့် ပြည့်နှက်သွားသည်။ သို့သော် ထိုမျှသာပြီးမြောက်ခဲ့သည်မဟုတ်။ ထိုသို့ပြုခြင်းဖြင့် လူ့ကိုယ်ခန္ဓာထဲသို့ အသက်သွင်းတော်မူခဲ့သည်။ ၎င်းအသက်-စွမ်းအား မပြတ်ရှိစေရန် လေရှူရှိုက်ပေးရ၏။

၁၀။ လူ့ စိုးလ်ကား အဘယ်နည်း။ ၎င်းသည် မည်သို့ဖန်ဆင်းခံရသနည်း။

၁၀ သို့ရာတွင် လူအား စိုးလ်ပေးခဲ့ သည်ဟု ကျမ်းစာမဆိုကြောင်း သတိပြုပါ။ လူကို အသက် စတင်ရှူရှိုက်စေသည်နှင့် ‘လူသည် အသက်ရှင်သော ဝိညာဉ် [စိုးလ်၊ ကဘ] ဖြစ်လာလေသည်’ ဟုသာ ဆိုထားသည်။ ထို့ကြောင့် ဆရာဝန်ဖြစ်လာသူသည် ဆရာဝန်ဖြစ်သည့်နည်းတူ၊ လူသည် စိုးလ်ဖြစ်၏။ (၁ ကောရိန္သု ၁၅:၄၅) ကိုယ်ခန္ဓာပုံသွင်းရာ၌ သုံးခဲ့သော “မြေကြီးမှ မြေမှုန့်” သည် စိုးလ်မဟုတ်။ “ထွက်သက် ဝင်သက်” သည် ထိုစိုးလ် ဖြစ်သည်ဟုလည်း ကျမ်းစာမဆို။ မြေမှုန့်နှင့် ထွက်သက်ဝင်သက် ပေါင်းစပ်လိုက်သောအခါ ‘လူသည် အသက်ရှင်သောဝိညာဉ် [စိုးလ်၊ ကဘ] ဖြစ်လာသည်’ ဟုသာ ကျမ်းစာကပြဆိုထားသည်။

၁၁။ လူ့ စိုးလ်နှင့်ပတ်သက်သော ကျမ်းစာပါအကြောင်းမှန်များက ၎င်းသည် လူနှင့်သီးခြား၍ ရပ်တည်နိုင်သော အရိပ်ပမာအရာတစ်ခု မဖြစ်နိုင်ကြောင်း မည်သို့ ပြသနည်း။

၁၁ လူ့စိုးလ်သည် လူကိုယ်တိုင်ပင်ဖြစ်သောကြောင့် ခန္ဓာအတွင်းတွင် အသက်ရှင်နေသည့်အရိပ်ကဲ့သို့သောအရာ၊ ခန္ဓာကို စွန့်ခွာနိုင်သောအရာတစ်ခု ဘယ်နည်းနှင့်မျှ မဖြစ်နိုင်။ ရိုးရိုးပြောရလျှင် သင့်စိုးလ်သည် အသင်ပင်ဖြစ်သည်ဟု ကျမ်းစာ သွန်သင်ထား၏။ ဥပမာ၊ ကျမ်းစာက စိုးလ်သည် ကာယအစာ စားလိုကြောင်း ဤသို့ဆိုထားသည်– “သင် [သင့်စိုးလ်၊ ကဘ] သည် အမဲသားကို စားချင်သောစိတ်ရှိ” သည်။ (တရားဟောရာ ၁၂:၂၀) ၎င်းပြင် စိုးလ်၏ သွေးကြောများအတွင်း သွေးများ လည်ပတ်သည်ဟုလည်းဆို၏။ “အပြစ်မဲ့ဆင်းရဲသား စိုးလ်များ၏ သွေးအစွန်းအထင်း” အကြောင်း ပြောထား၍ဖြစ်သည်။​—ယေရမိ ၂:၃၄၊ ကဘ။

လူကို ဤကမ္ဘာပေါ် ဘုရားသခင်နေရာချခဲ့ရခြင်းအကြောင်း

၁၂။ ကမ္ဘာပေါ်လူသားများအတွက် ဘုရားသခင့်ရည်ရွယ်ချက်ကား မည်သို့နည်း။

၁၂ အာဒံနှင့်ဧဝတို့ တစ်ခဏမျှ အသက်ရှင်ပြီး သေလွန်၍ အခြားတစ်နေရာ၌ ဆက်လက်အသက်ရှင်စေရန် သူတို့အဖို့ ဘုရားသခင်မရည်ရွယ်ခဲ့။ ဤကမ္ဘာပေါ်တွင်နေပြီး ကမ္ဘာနှင့် ကမ္ဘာ့သက်ရှိများအားလုံးကို စောင့်ရှောက်စေရန် ဖြစ်သည်။ ကျမ်းစာဆိုသည့်အတိုင်း “‘အချင်းတို့၊ များပြားစွာ မွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့’ ဟုမိန့်တော်မူ၍ သူတို့ကို ကောင်းချီးပေးတော်မူ၏။” (ကမ္ဘာဦး ၁:၂၈; ၂:၁၅) အာဒံနှင့် ဧဝတို့ကော၊ သူတို့မှ ပေါက်ဖွားလာမည့်ကလေးများအားလုံးပါ ဘုရားသခင်အလိုတော်ရှိရာများကို ပြုလုပ်လျက် ကမ္ဘာပေါ် ထာဝစဉ် ပျော်ရွှင်စွာ နေထိုင်ခဲ့ပေမည်။

၁၃။ (က) ကျွန်ုပ်တို့ မည်သို့ပျော်ရွှင်နိုင်သနည်း။ (ခ) အဘယ်အရာက ကျွန်ုပ်တို့အသက်တာကို တကယ်အဓိပ္ပာယ်ပြည့်ဝစေမည်နည်း။

၁၃ “ဘုရားသခင် သူတို့ကို ကောင်းချီးပေးတော်မူ၏” ဟူသည့်အချက်ကို သတိပြုပါ။ ကိုယ်တော်သည် မိမိ၏မြေကြီးသားသမီးများကို တကယ်ပင်ချစ်တော်မူ၏။ ထို့ကြောင့် မေတ္တာရှင် ခမည်းတော်အနေနှင့် သူတို့ကောင်းကျိုးအတွက် သွန်သင်ညွှန်ကြားချက်များ ပေးတော်မူ၏။ ၎င်းတို့ကိုသာ နာခံခဲ့ကြလျှင် သူတို့ပျော်ရွှင်မှုခံစားခဲ့ကြပေမည်။ ယင်းအချက်ကိုယေရှုသိ၍ နောက်ပိုင်း၌ ဤသို့မိန့်ဆိုခဲ့သည်– “ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်ကိုနာ၍ ကျင့်စောင့်သောသူသည် မြတ်စွာသောမင်္ဂလာရှိသည် [ပျော်ရွှင်ကြ၏၊ ကဘ]။” (လုကာ ၁၁:၂၈) ယေရှုသည် ဘုရားသခင့်နှုတ်ကပါဌ်တရားတော်ကို ကျင့်စောင့်ခဲ့သည်။ “နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ် ငါပြုသည်” ဟုဆိုခဲ့သည်။ (ယောဟန် ၈:၂၉) ဤကား ကျွန်ုပ်တို့ကမ္ဘာသို့ ရောက်နေရခြင်း၏ အဓိကအကြောင်းရင်းပင်ဖြစ်သတည်း။ ဘုရားသခင့်အလိုတော်နှင့်အညီ အသက်ရှင်ခြင်းဖြင့် ပြည့်ဝပျော်ရွှင်သောဘဝကို ရရှိရန်ဖြစ်သတည်း။ ယေဟောဝါကိုဝတ်ပြုလျှင် ယခုပင် ကျွန်ုပ်တို့အသက်တာသည် တကယ့်အဓိပ္ပာယ်ပြည့်ဝမည်။ သို့ပြုခြင်းဖြင့် ကမ္ဘာပေါ် ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်ရမည့်သူများထဲတွင် ပါဝင်ရာရောက်မည်ဖြစ်သည်။​—ဆာလံ ၃၇:၁၁၊ ၂၉။

ကျွန်ုပ်တို့ အိုရ သေရခြင်းအကြောင်း

၁၄။ ဘုရားသခင့်အမိန့်တော်ကို ဖီဆန်ခြင်းအားဖြင့် အာဒံနှင့်ဧဝတို့ ဘာကိုပြုကြသနည်း။

၁၄ သို့သော် ယခု ကျွန်ုပ်တို့ အိုရ၊ သေရကြ၏။ အဘယ်ကြောင့်နည်း။ လွန်ခဲ့သည့်အခန်းတွင် သတိပြုမိသည့်အတိုင်း အာဒံနှင့် ဧဝတို့၏ ပုန်ကန်မှုကြောင့်ဖြစ်၏။ အာဒံနှင့် ဧဝတို့သည် ဘုရားသခင်ကို နာခံရန်လိုသည်။ ထိုသို့နာခံမှု ရှိ မရှိ ယေဟောဝါ သူတို့ကို စမ်းသပ်တော်မူခဲ့သည်။ အာဒံအား ဤသို့မိန့်တော်မူ၏– “ကောင်း မကောင်းကို သိကျွမ်းရာအပင်မှတစ်ပါး၊ ထိုဥယျာဉ်၌ ရှိသမျှသောအပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန် သေရမည်။” (ကမ္ဘာဦး ၂:၁၆၊ ၁၇) အာဒံနှင့် ဧဝတို့ ထိုအပင်မှစားခြင်းဖြင့် မိမိတို့၏ ကောင်းကင်ခမည်းတော်ကို ကျောခိုင်း၍ ကိုယ်တော့်လမ်းညွှန်မှုကို ငြင်းပယ်ခဲ့ကြသည်။ သူတို့သည် စကားတော်ကို နားမထောင်ဘဲ မိမိတို့မပိုင်သောအရာကို ယူခဲ့ကြ၏။ သူတို့သည် ဆင်းရဲမရှိ၊ ပရဒိသု၌ ချမ်းမြေ့ပျော်ရွှင်စွာ နေနိုင်ခဲ့သော်လည်း ယခုဆိုလျှင် မိမိတို့အပေါ်သို့ အပြစ်ဒဏ် သက်ရောက်စေခဲ့ကြပြီ။ အပြစ်ဒဏ်ကား မစုံလင်မှုနှင့် သေခြင်းပေတည်း။​—ရောမ ၆:၂၃။

၁၅။ အာဒံထံမှ ကျွန်ုပ်တို့အပြစ်ကို မည်သို့ရရှိခဲ့ကြသနည်း။

၁၅ အာဒံထံမှ အပြစ်ကို ကျွန်ုပ်တို့ မည်သို့ရခဲ့ကြောင်း သင်သိသလော။ အာဒံ မစုံမလင် ဖြစ်လာသည့်နောက် မိမိသားသမီးအားလုံးအား ထိုမစုံလင်မှုနှင့် သေခြင်းကို လက်ဆင့်ကမ်းခဲ့၏။ (ယောဘ ၁၄:၄; ရောမ ၅:၁၂) ယင်းအခြေအနေကို သဘောပေါက်နိုင်ရန် မုန့်ဖုတ်သမားက ပိမ့်ခွက်နေသော ဒယ်ပြားကိုသုံးပြီး မုန့်ဖုတ်လျှင် မည်သို့ဖြစ်မည်ကို စဉ်းစားကြည့်ပါ။ ၎င်းဒယ်ပြားထဲထည့်၍ ဖုတ်သမျှသောမုန့်တို့၌ အမှတ်တစ်ခုပါလာမည်။ အာဒံသည် ထိုဒယ်ပြားနှင့်တူ၍ ကျွန်ုပ်တို့သည် မုန့်နှင့်တူ၏။ သူသည် ဘုရားသခင့် ပညတ်တော်ကို ချိုးဖောက်သောအခါ မစုံမလင်ဖြစ်လာသည်။ ပိမ့်ခွက်ပြီး မကောင်းသောအမှတ်အသား ရသွားသကဲ့သို့ဖြစ်၏။ ထို့ကြောင့် ကလေးများ မွေးလာသောအခါ သူတို့အားလုံး အလားတူအမှတ်ဖြစ်သောအပြစ်နှင့် မစုံလင်မှုကို ရကြလေသည်။

၁၆၊ ၁၇။ အပြစ်တရားကြောင့် လူ့အိမ်ထောင်တွင်းသို့ ဖျားနာမှုဝင်ရောက်လာခြင်းဖြစ်ကြောင်း ယေရှု၏အံ့ဖွယ်အမှုတစ်ခုက မည်သို့ ပြသနည်း။

၁၆ ကျွန်ုပ်တို့ ယခု နာရ၊ အိုရသည်မှာ အာဒံမှ ကျွန်ုပ်တို့အားလုံးရခဲ့သော အပြစ်ကြောင့်ဖြစ်သည်။ ယေရှုပြခဲ့သော အံ့ဖွယ်အမှုတစ်ခုက ဤအချက်ကို တင်ပြ၏။ ယေရှုသည် မိမိနေထိုင်ရာအိမ်တွင် သွန်သင်နေစဉ် လူအုပ်ကြီးတစ်အုပ် ဝိုင်းအုံလာသဖြင့် မည်သူမျှ အတွင်းသို့ တိုးဝင်၍မရနိုင်ဘဲဖြစ်နေ၏။ လူလေးဦးက လေဖြတ်ဝေဒနာရှင်တစ်ဦးကို ထမ်းစင်ဖြင့် ထမ်းလာသောအခါ အတွင်းသို့ မဝင်နိုင်ဘဲ ဖြစ်နေသည်ကို တွေ့ရ၏။ သို့နှင့် ခေါင်မိုးပေါ်သို့တက်ကာ အမိုးကိုဖောက်၍ လေဖြတ်ဝေဒနာရှင်ကို ထမ်းစင်နှင့်တစ်ပါတည်း ယေရှုရှိရာသို့ လျှော့ချကြ၏။

၁၇ ယေရှုသည် သူတို့၏ ယုံကြည်ခြင်းကြီးမားပုံကို မြင်သောအခါ လေဖြတ်သူအား “သင်၏အပြစ်ကို လွတ်စေပြီ” ဟုမိန့်တော်မူ၏။ သို့သော် ထိုနေရာ၌ရှိသော လူအချို့တို့က ယေရှုအပြစ်လွှတ်နိုင်သည်ဟု မထင်ကြ။ သို့နှင့် ယေရှုက “‘လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှာ ထလော့၊ ကိုယ် [ထမ်းစင်] ကိုဆောင်၍ ကိုယ်အိမ်သို့သွားလော့ဟု သင့်အားငါဆိုသည်’ ဟုလက်ခြေသေသောသူအား မိန့်တော်မူ၏။ ထိုသူသည်လည်း ချက်ချင်းထ၍ [ထမ်းစင်] ကိုဆောင်လျက် လူအပေါင်းတို့ရှေ့မှာ ထွက်သွား၏။”​—မာကု ၂:၁-၁၂။

၁၈။ ဘုရားသခင့်ကျေးကျွန်များ မည်သို့သောအနာဂတ်ကို မျှော်မှန်းနိုင်သနည်း။

၁၈ ယေရှုပြသော ဤတန်ခိုးသည် ကျွန်ုပ်တို့အဖို့ မည်သို့အဓိပ္ပာယ်ရှိနိုင်သည်ကိုသာ စဉ်းစားကြည့်လေ! ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်၌ ခရစ်တော်သည် ဘုရားသခင်ကိုချစ်၍ ဝတ်ပြုသောလူအားလုံး၏အပြစ်ကို ခွင့်လွှတ်နိုင်စွမ်းရှိတော်မူမည်။ သို့ဖြစ်၍ ကိုက်ခဲနာကျင်မှုနှင့် အဖျားအနာအားလုံးပယ်ရှင်းခံရလတ္တံ့။ မည်သူမျှ အို၍ သေစရာမလိုတော့! အနာဂတ်အတွက် အလွန်တောက်ပသော မျှော်လင့်ချက်ပါတကား! မှန်သည်၊ မွေးလာ၍ တစ်ခဏအသက်ရှင်ပြီး သေရုံလောက်သာ မျှော်လင့်စရာရှိသည်မဟုတ်။ ဘုရားသခင်အကြောင်း အဆက်မပြတ်လေ့လာပြီး ကိုယ်တော်ကို အစဉ်ဝတ်ပြုသွားခြင်းဖြင့် ကမ္ဘာပေါ် ပရဒိသုအတွင်း အမှန်တကယ် ထာဝစဉ်အသက်ရှင်နိုင်မည်ဖြစ်သတည်း။

[စာမျက်နှာ ၆၉ ပါ ရုပ်ပုံ]

လူ့ဘဝ အဓိပ္ပာယ်ကို တွေးဆသူများ မနည်းပါ

[စာမျက်နှာ ၇၀ ပါ ရုပ်ပုံ]

ဤအရာများ ဆင့်ကဲဆင့်ကဲ ဖြစ်လာသလော၊ ဖန်ဆင်း၍ ဖြစ်လာသလော

[စာမျက်နှာ ၇၅ ပါ ရုပ်ပုံ]

လေဖြတ်သူကို ယေရှု ကုသပေးသည့် ကျမ်းစာအဖြစ်အပျက်က အာဒံ အပြစ်ကြောင့် လူတို့ ဖျားနာနေရကြောင်းပြ၏

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ