အခန်း ၉
ယေရှုငယ်စဉ် မိသားစုဘဝ
နာဇရက်မြို့တွင် ယေရှုကြီးပြင်းလာစဉ် ယင်းမြို့သည်အတော်ငယ်ပြီး အရေးမပါလှပေ။ လှပသည့်ယေဇရေလတောင်ကြားနှင့်မဝေးလှသော ဂါလိလဲတောင်ကုန်းတစ်ခုပေါ် တည်ရှိသည်။
ယောသပ်နှင့်မာရိတို့ အီဂျစ်ပြည်မှခေါ်လာသည့်အခါယေရှုသည် အသက်နှစ်နှစ်ခန့်သာရှိမည်ဖြစ်ပြီး မာရိ၏တစ်ဦးတည်းသောသားဖြစ်မည်။ သို့သော်မကြာမီ ယောသပ်နှင့်မာရိသည် ယာကုပ်၊ ယောသပ်၊ ရှိမုန်နှင့်ယုဒသာမက မိန်းကလေးများ၏မိဘများဖြစ်လာသည်။ ယေရှုတွင် အနည်းဆုံးမောင်နှမခြောက်ဦးရှိသည်။
ယေရှုတွင် အခြားဆွေမျိုးများလည်းရှိ၏။ မိုင်ပေါင်းများစွာဝေးသည့် ယုဒပြည်တွင်နေထိုင်သော ဝမ်းကွဲအစ်ကိုယောဟန်အကြောင်း ကျွန်ုပ်တို့သိရှိပြီးဖြစ်သည်။ သို့သော်ဂါလိလဲတွင် ခပ်နီးနီးနေထိုင်သူမှာ မာရိညီမရှာလုံဖြစ်သည်။ ရှာလုံသည်ဇေဗေဒဲနှင့်လက်ထပ်ပြီးရသော သားယာကုပ်နှင့်ယောဟန်တို့မှာ ယေရှု၏ဝမ်းကွဲများဖြစ်သည်။ ငယ်စဉ်က ယေရှုသည် ယင်းကလေးငယ်နှစ်ဦးနှင့် အချိန်များစွာအသုံးပြုမပြုမသိရသော်လည်း နောက်ပိုင်းတွင်သူတို့သည် နီးကပ်စွာပေါင်းသင်းသူများဖြစ်လာကြသည်။
ကြီးထွားလာသောမိသားစုအတွက် ယောသပ်သည်လက်သမားအလုပ်ဖြင့်တပင်တပန်း ရှာကျွေးရသည်။ ယေရှုအား မိမိသားရင်းကဲ့သို့ ပြုစုကျွေးမွေးသည့်အတွက် လူအများကယေရှုကို “လက်သမားသား” ဟူ၍ခေါ်ကြသည်။ ယောသပ်၏သင်ကြားပေးမှုကြောင့် လက်သမားအတတ်ကို ယေရှုကောင်းစွာနားလည်ခဲ့သည်။ ထိုကြောင့်လည်းနောက်ပိုင်း အများကယေရှုအား “ဤသူသည်လက်သမား” ဟူ၍ပြောဆိုကြသည်။
ယောသပ်၏မိသားစုသည် ယေဟောဝါဘုရား၏ဝတ်ပြုရေး၌ တည်ဆောက်ထားသည်။ ဘုရားပညတ်ကိုလိုက်သောအားဖြင့် ယောသပ်နှင့်မာရိတို့သည် ‘အိမ်တွင်ထိုင်သည့်အခါဖြစ်စေ၊ ခရီးသွားသည့်အခါဖြစ်စေ၊ အိပ်လျက်ထလျက်ရှိသည့်အခါဖြစ်စေ’ မိမိတို့၏သားသမီးများအား ဝိညာဉ်ရေးအရသွန်သင်မှုပြုကြသည်။ နာဇရက်တွင်တရားဇရပ်ရှိသဖြင့် သွားရောက်ဝတ်ပြုရန် ယောသပ်သည်မိမိ၏မိသားစုကို မှန်မှန်ခေါ်သွားလေ့ရှိကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်သည်။ သို့သော်ယေရုရှလင်ရှိ ယေဟောဝါဗိမာန်တော်သို့ မှန်မှန်သွားကြခြင်းကို သူတို့များစွာနှစ်ထောင်းအားရခဲ့ကြမည်။ မဿဲ ၁၃:၅၅၊ ၅၆၊ ၂၇:၅၆။ မာကု ၁၅:၄၀၊ ၆:၃။ တရားဟောရာ ၆:၆-၉။
▪ ယေရှုတွင် မောင်နှမအရေအတွက်အနည်းဆုံးမည်မျှရှိသနည်း။ သူတို့နာမည်အချို့ကားအဘယ်နည်း။
▪ ယေရှု၏ထင်ပေါ်သော ဝမ်းကွဲတော်စပ်သူ သုံးဦးကားမည်သူနည်း။
▪ နောင်တွင်ယေရှု အဘယ်လောကီအလုပ် လုပ်ကိုင်သနည်း။ အဘယ်ကြောင့်နည်း။
▪ မိသားစုအား အဘယ်အရေးကြီးသော သွန်သင်ချက်ကို ယောသပ်ပေးသနည်း။