အခန်း ၈၆
ပျောက်နေသော သားတစ်ယောက်ပုံပြင်
ပျောက်သောသိုးနှင့်ပျောက်သောငွေဥပမာများကို ဖာရိရှဲတို့အားမိန့်ဆိုပြီးခါစရှိသည်။ ယခု ဥပမာနောက်တစ်ခု ဆက်၍မိန့်ကြား၏။ မေတ္တာပြည့်ဝသောဖခင်တစ်ဦးက ကြီးလေးသောအမှားကိုယ်စီရှိသားနှစ်ယောက်နှင့်ဆက်ဆံပုံအကြောင်းဖြစ်သည်။
ယင်းဥပမာထဲမှ အဓိကဇာတ်ကောင်ဖြစ်သောသားငယ်အကြောင်း အစချီထားသည်။ သူသည် ဖင့်နွှဲခြင်းမရှိဘဲ ဖခင်ခွဲဝေပေးလိုက်သောအမွေဥစ္စာများကို သိမ်းယူပြီးလျှင် အိမ်မှထွက်သွား၍ အလွန်သီလပျက်သောအသက်တာမျိုး၌ ပျော်ပါးလေ၏။ သို့သော် ယင်းပုံပြင်ကိုနားထောင်ပြီး ဇာတ်ကောင်များ မည်သူအသီးသီးကိုပုံဆောင်ကြောင်း သင်ဆုံးဖြတ်နိုင်မနိုင် ဆန်းစစ်ကြည့်ပါ။
“တစ်စုံတစ်ယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။ သားအငယ်က၊ အဘ၊ အကျွန်ုပ်ရထိုက်သောအမွေစုကိုပေးပါဟုပြောဆိုလျှင် အဘသည်ဥစ္စာများကိုဝေ၍ သားတို့အားပေးလေ၏” ဟူ၍ယေရှုစဟောသည်။ ဤသားအငယ်သည် ရရှိသောအမွေစုနှင့် ဘာလုပ်သနည်း။
“ထိုနောက် နေ့ရက်များမကြာမီ သားအငယ်သည် မိမိဥစ္စာရှိသမျှကိုသိမ်းယူ၍ ဝေးစွာသောပြည်သို့သွားပြီးလျှင် ထိုပြည်မှာကာမဂုဏ်၌လွန်ကျူးသောအားဖြင့် ဥစ္စာများကိုဖြုန်းတီး” လေ၏ဟုယေရှုပြောပြ၏။ အမှန်မှာပြည့်တန်ဆာတို့နှင့်ပျော်ပါး၍ ငွေဖြုန်းတီးခြင်းဖြစ်သည်။ ယေရှုဆက်လက်၍ဟောကြားသည့်အတိုင်း နောက်ပိုင်းတွင် ဒုက္ခကာလရောက်လေသည်။
“ရှိသမျှကုန်သောအခါ ထိုပြည်၌ကြီးစွာသောအစာခေါင်းပါးခြင်းဖြစ်၍ သူသည်အလွန်ဆင်းရဲခြင်းသို့ရောက်၏။ ထိုအခါ ပြည်သားတစ်ယောက်ထံသို့ သွား၍အစေခံလျှင်၊ ဝက်တို့ကို ကျောင်းစေခြင်းငှာ သူ့သခင်သည်တောသို့စေလွှတ်သဖြင့် သူသည်ဝက်စားတတ်သောပဲတောင့်ကိုပင် စားချင်မတတ် ငတ်မွတ်လျက်နေရ၏။ အဘယ်သူမျှ အစာကိုမကျွေး။”
ဝက်သည် ပညတ်တရားအရ မစင်ကြယ်သောအကောင်များဖြစ်သဖြင့် ဤအလုပ်ကိုမလွဲသာဘဲလုပ်ရခြင်းသည် အလွန်နိမ့်ကျလှသည်။ သို့သော် ထိုသားအခံရအခက်ဆုံးကား ဝက်စာကိုပင်စားချင်လောက်အောင် အူတကြုတ်ကြုတ်ဆာလောင်ခြင်းဖြစ်သည်။ သူသည် ဤကြောက်ဖွယ်ဒုက္ခကြီးကြောင့် ‘သတိတရားရ’ လာသည်ဟုယေရှုဆို၏။
ယေရှုဤသို့ဆက်ရှင်းပြ၏။ “သူက ငါ့အဘထံမှသူရင်းငှားတို့သည် ဝစွာစားရကြ၏။ ငါမူကား ဤတွင်မွတ်သိပ်လျက်ပျက်စီးရတော့မည်တကား။ ငါထ၍အဘထံသွားပြီးလျှင် အဘ၊ ကျွန်တော်သည် ကောင်းကင်ရှင်ကိုလည်းကောင်း၊ အဘကိုလည်းကောင်း ပြစ်မှားမိပါပြီ၊ သားဟုအခေါ်ခံထိုက်တော့မည်မဟုတ်ပါ။ သူရင်းငှားတစ်ယောက်ကဲ့သို့ထားပါ ဟူ၍လျှောက်မည်ဟု အကြံပြုသည်အတိုင်း ထ၍အဘထံသွား” လေ၏။
ဤတွင် စဉ်းစားစရာတစ်ခုဝင်လာသည်။ အိမ်မှထွက်ခဲ့စဉ်က ဖခင်သည် စိတ်ဆိုးမာန်ဆိုးနှင့် သူ့အားကြိမ်းမောင်းခဲ့သည်ရှိသော် သူဘာလုပ်သင့်သည်ကို ယခုလောက် စိတ်ဖြောင့်ဖြောင့်နှင့်ဆုံးဖြတ်နိုင်မည်မဟုတ်ပေ။ နေရင်းပြည်သို့ပြန်၍တစ်နေရာရာတွင် အလုပ်ရှာမည်၊ ဖခင်နှင့် မျက်နှာချင်းမဆိုင်ရအောင်နေမည်ဟု ဆုံးဖြတ်ပေမည်။ သို့သော် ထိုစိတ်ကူးမျိုးလုံးဝမပေါ်၊ အိမ်ကိုသာ ပြန်ရောက်ချင်နေသည်။
ယေရှု၏ဥပမာထဲမှဖခင်ဖြစ်သူမှာ မေတ္တာကရုဏာကြွယ်ဝသော ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော် ယေဟောဝါဘုရားသခင်ကိုပုံဆောင်သည်မှာရှင်းလှပေသည်။ ပျောက်နေသောသား၊ သို့မဟုတ် ဖြုန်းတီးသောသားမှာ ကြီးလေးသောအပြစ်ပြုသူများကိုပုံဆောင်ကြောင်း သင်သိမြင်ပေမည်။ အဆိုပါအပြစ်သားများနှင့်စားသောက်ခြင်းအတွက် ယေရှု၏ပရိသတ် ဖာရိရှဲတို့သည် မကြာခင်ကကိုယ်တော်အားအပြစ်တင်ခဲ့သည်။ သို့သော် သားကြီး မည်သူတို့ကို ပုံဆောင်သနည်း။
ပျောက်သောသား ပြန်တွေ့သောအခါ
ယေရှု၏ဥပမာထဲမှပျောက်နေသောသား သို့မဟုတ် ဖြုန်းတီးသောသား ဖခင်အိမ်သို့ပြန်လာသောအခါ အဘယ်သို့ကြိုဆိုခြင်းခံရသနည်း။ ယေရှုဆက်မိန့်ကြားပုံကိုနားဆင်ပါ။
“အဝေး၌ရှိသေးစဉ် အဘမြင်၍ ကရုဏာသက်သဖြင့်ပြေးကြိုလျက် လည်ပင်းကိုဖက်ပြီးလျှင် နမ်းရှုပ်လေ၏။” ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ယေဟောဝါအား ကိုယ်စားပြုသည့် ကရုဏာတရား၊ အကြင်နာနှလုံးသားရှိဖခင်ပါတကား။
သား၏အကျင့်ပျက်ပျော်ပါးသောဘဝအကြောင်း ဖခင်ကြားခဲ့ပေမည်။ သို့နှင့်ပင် အကြောင်းစုံရှင်းပြခြင်းကိုမစောင့်ဘဲ သူ့အားလှိုက်လှဲစွာကြိုဆိုသည်။ ယေရှု၌လည်း ထိုသို့ကြိုဆိုလက်ခံသည့်စိတ်ဓာတ်ရှိ၏။ ဥပမာမှဖြုန်းတီးသောသားကိုယ်စားပြုသည့် အပြစ်သားများနှင့်အခွန်ခံများထံ ကိုယ်တော်စ၍ချဉ်းကပ်ပါသည်။
ယေရှု၏ဥပမာထဲမှအမြော်အမြင်ကြီးမားသောဖခင်ဖြစ်သူသည် ခေါင်းမဖော်ဘဲဝမ်းနည်းပက်လက်နှင့်ပြန်လာသောသားကိုကြည့်၍ သား၏နောင်တကိုရိပ်မိမည်မှာအမှန်။ သို့သော် ဖခင်သည် ဤသို့မေတ္တာရှေ့ထားခရီးဦးကြိုပြုမှုကြောင့် သားသည်သူ့အပြစ်ဝန်ခံရန်လွယ်ကူသွားသဖြင့် “အဘ၊ ကျွန်တော်သည် ကောင်းကင်ရှင်ကိုလည်းကောင်း၊ အဘကိုလည်းကောင်း ပြစ်မှားမိပါပြီ။ သားဟုအခေါ်ခံထိုက်တော့သည်မဟုတ်ပါ။ သူရင်းငှားတစ်ယောက်ကဲ့သို့ထားပါ” ဟူ၍ဆိုကြောင်းယေရှုပြောသည်။
သို့သော်သားဖြစ်သူ၏နှုတ်မှ ထိုစကားများထွက်လာရုံရှိသေးသည်၊ ဖခင်ဖြစ်သူက ချက်ချင်းပင်ဖြတ်၍ ကျွန်တို့အား “‘အကောင်းဆုံးသောဝတ်လုံကို အမြန်ထုတ်ယူပေးကြလော့။ လက်တွင်လက်စွပ်နှင့် ခြေတွင်ဖိနပ်ကိုဆင်ပေးကြလော့။ ဆူဖြိုးသောနွားငယ်ကို ဆွဲယူစီရင်ကြလော့။ စားသောက်ပွဲလုပ်၍ ပျော်မွေ့ကြကုန်အံ့။ ငါ့သားသည် သေရာမှရှင်ပြန်ပြီ။ ပျောက်ရာမှတွေ့ပြီ’ ဟုဆိုလျက်ပျော်မွေ့ကြ၏။”
ထိုအချိန်၌ ‘သားကြီးသည် လယ်ထဲမှာရောက်နေ၏။’ ပုံပြင်၏ကျန်အပိုင်းကိုနားဆင်ပြီး သားကြီးမည်သူကိုကိုယ်စားပြုကြောင်း သင်ခွဲခြားသိမြင်နိုင်မနိုင် စစ်ဆေးကြည့်ပါ။ သားကြီးနှင့်ပတ်သက်၍ ယေရှုဤသို့ဆို၏။ “သားအကြီးသည် တောင်ယာကလာ၍ အိမ်အနီးသို့ရောက်သောအခါ ကခြင်း၊ တီးမှုတ်ခြင်းအသံကိုကြားလျှင် ငယ်သားတစ်ယောက်ကိုခေါ်၍ အဘယ်သို့သော အခြင်းအရာနည်းဟုမေး၏။ ငယ်သားက ‘သခင်၏ညီသည် ရောက်လာပါပြီ။ ဘေးနှင့်ကင်းလွတ်လျက်ရှိသည်ကိုအဘတွေ့သောကြောင့် ဆူအောင်ကျွေးသောနွားကလေးကိုသတ်ပါပြီဟုပြောဆို၏။’ သားအကြီးသည် အမျက်ထွက်၍ အိမ်သို့မဝင်ဘဲနေ၏။ အဘသည် သူ့ဆီသို့သွား၍ချော့မော့ရ၏။ သားအကြီးကလည်း ‘အကျွန်ုပ်သည် ကာလတာရှည်စွာအဘ၏အစေကိုခံပါပြီ။ အဘ၏အလိုကိုတစ်ခါမျှမလွန်ကျူးပါ။ သို့သော်လည်းအကျွန်ုပ်သည် အဆွေတို့နှင့်အတူပျော်မွေ့ခြင်းကိုပြုစေခြင်းငှာ အဘသည် ဆိတ်ကလေးတစ်ကောင်ကို တစ်ခါမျှမပေး။ ပြည်တန်ဆာမိန်းမတို့နှင့်ပေါင်းဖော်၍ မိမိဥစ္စာကိုဖြုန်းသောဤသားငယ်ရောက်လာသောအခါမူကား အဘသည် ဆူအောင်ကျွေးသောနွားကလေးကိုသတ်လေပြီတကား’ ဟုဆို၏။”
အပြစ်သားများအားတင်ပြသောကရုဏာနှင့်အရေးစိုက်မှုကို သားကြီးကဲ့သို့ မည်သူတို့ အပြစ်တင်ဝေဖန်ကြသနည်း။ ကျမ်းတတ်တို့နှင့်ဖာရိရှဲတို့မဟုတ်လော။ အပြစ်သားတို့ကိုယေရှုကြိုဆိုလက်ခံသဖြင့် ကိုယ်တော်အား သူတို့အပြစ်တင်ဝေဖန်ခြင်းကြောင့် ဤဥပမာကိုဆောင်၍ဟောကြားသည်ဖြစ်ရာ သူတို့သည် သားကြီးကိုကိုယ်စားပြုကြောင်းရှင်းလှပေသည်။
သားကြီးအားချော့မော့သည့်ဖခင်၏အောက်ပါစကားနှင့် ပုံပြင်ကိုယေရှုနိဂုံးချုပ်သည်။ “ငါ့သား သင်သည် ငါ့ထံမှာအစဉ်နေ၏။ ငါ၏ဥစ္စာရှိသမျှသည် သင်၏ဥစ္စာဖြစ်၏။ သင်၏ညီမူကား အထက်ကသေ၏၊ ယခုရှင်ပြန်၏။ အထက်ကပျောက်၏၊ ယခုတွေ့ပြန်၏။ ထိုကြောင့် ပျော်မွေ့ဝမ်းမြောက်စရာအကြောင်းရှိ၏။”
ဤသို့ဖြင့် သားကြီးနောက်ဆုံးဘာလုပ်သည်ကို ယေရှုမရှင်းပြဘဲချန်ထား၏။ ယေရှုသေ၍ ထမြောက်ပြီးနောက်ပိုင်းတွင် ‘များစွာသောယဇ်ပုရောဟိတ်တို့ပင် ယုံကြည်ခြင်းတရားတော်ကိုလိုက်နာခဲ့ကြ’ သည်အမှန်။ ထိုသူတို့တွင် ယေရှု၏ဤတရားတော်ကိုကြားနာခဲ့သော “သားကြီး” အတန်းအစားမှပုဂ္ဂိုလ်အချို့လည်းပါဝင်ဖွယ်ရှိသည်။
သို့သော် ယခုခေတ်သစ်၌ ထိုသားနှစ်ယောက်သည် မည်သူတို့ကိုကိုယ်စားပြုသနည်း။ ထိုသူတို့မှာ ယေဟောဝါနှင့်ဆက်ဆံရေးထူထောင်နိုင်သည့်အခြေခံရှိလောက်အောင် ကိုယ်တော့်ရည်ရွယ်ချက်များကို အတော်အတန်သိကျွမ်းသူများဖြစ်ရပေမည်။ သားကြီးကား “သိုးစုငယ်” သို့မဟုတ် “ကောင်းကင်စာရင်း၌ဝင်သော သားဦးတို့၏အသင်းတော်” မှအချို့သူတို့ကိုကိုယ်စားပြု၏။ ဤသူတို့သည် သားကြီး၏စိတ်သဘောပိုက်ထားကြသည်။ မြေကြီးအတန်းအစား “အခြားသိုး” သာအာရုံစိုက်ခံရသည်ဟုသူတို့ယူဆကြသဖြင့် ကြိုဆိုလက်ခံလိုသောဆန္ဒမရှိကြပေ။
ဖြုန်းတီးသောသားမူကား ဤလောကကမ်းလှမ်းသောပျော်ပါးမှုတို့ကိုခံစားရန် ဘုရားလူမျိုးတော်ကိုစွန့်သွားကြသူတို့ကိုကိုယ်စားပြုသည်။ သို့ရာတွင် အချိန်တန်သော် ဤသူတို့သည် နောင်တရလျက်ပြန်လာကာ ဘုရားသခင်၏တက်ကြွသောကျေးကျွန်များ ပြန်ဖြစ်လာကြသည်။ အပြစ်လွှတ်ခံရဖို့လိုအပ်ကြောင်းအသိအမှတ်ပြု၍ ပြန်လှည့်လာသူတို့အပေါ် ဘုရားသခင်သည် မေတ္တာကရုဏာကြီးမားလှသည်တကား။ လုကာ ၁၅:၁၁-၃၂။ ဝတ်ပြုရာ ၁၁:၇၊ ၈။ တမန်တော် ၆:၇။ လုကာ ၁၂:၃၂။ ဟေဗြဲ ၁၂:၂၃။ ယောဟန် ၁၀:၁၆။
▪ ဤဥပမာသို့မဟုတ်ပုံပြင်ကို မည်သူတို့အား ယေရှုဟောကြားတော်မူသနည်း။ အဘယ်ကြောင့်နည်း။
▪ ပုံပြင်တွင် အဓိကဇာတ်ကောင်ကားမည်သူနည်း။ သူဘာဖြစ်သနည်း။
▪ ဖခင်နှင့်သားငယ်တို့သည် ယေရှုခေတ်ရှိမည်သူအသီးသီးတို့ကိုပုံဆောင်သနည်း။
▪ ပုံဥပမာထဲမှ ကရုဏာသက်တတ်သောဖခင်၏ပုံသက်သေကို ယေရှုအဘယ်သို့တုပတော်မူသနည်း။
▪ ညီငယ်ကိုကြိုဆိုပုံအပေါ် သားကြီးအဘယ်သို့သဘောထားသနည်း။ သားကြီးကဲ့သို့ ဖာရိရှဲများ အဘယ်သို့ပြုကျင့်ကြသနည်း။
▪ ယေရှု၏ပုံဥပမာသည် ကျွန်ုပ်တို့ခေတ်တွင် အဘယ်သို့သက်ဆိုင်သနည်း။