ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၈၈
  • သူဌေးကြီးနှင့် လာဇရု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူဌေးကြီးနှင့် လာဇရု
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူဌေးနှင့်လာဇရု ပြောင်းလဲမှုတွေ့ကြုံရ
  • သူဌေးနှင့် လာဇရု—ပြောင်းလဲမှု တွေ့ကြုံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • သူဌေးကြီးနှင့် လာဇရု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • သူဌေးနဲ့လာဇရုရဲ့ အပြောင်းအလဲ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • သူဌေးနဲ့ လာဇရုက ဘယ်သူတွေလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၈၈

အခန်း ၈၈

သူဌေးကြီးနှင့် လာဇရု

ဥစ္စာဓနကိုလျောက်ပတ်စွာသုံးရန်နှင့် ယင်း၏အစေကိုလည်းခံနေရင်း ဘုရား၏ကျေးကျွန်မဖြစ်နိုင်ကြောင်း တပည့်များအားယေရှုရှင်းပြသည်။ ဖာရိရှဲများလည်းနားထောင်နေပြီး ယေရှုကိုပြက်ရယ်ပြုကြ၏။ အကြောင်းမှာ သူတို့သည်ငွေကိုတပ်မက်ကြသည်။ ထိုကြောင့်ကိုယ်တော်က “သင်တို့သည် လူများရှေ့မှာ ဖြောင့်မတ်ဟန်ဆောင်သော်လည်း ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးကိုသိမြင်တော်မူ၏။ လူ့သဘောအားဖြင့်အထွတ်အမြတ်ထားသောအရာသည် ဘုရားသခင့်ရှေ့တော်၌ စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏” ဟုဆိုသည်။

လောကစည်းစိမ်၊ တန်ခိုးအာဏာ၊ ဘာသာရေးသြဇာတို့နှင့်လွှမ်းမိုးနိုင်သူတို့ကိုနှိမ့်ချပြီး ဝိညာဏလိုအပ်ချက်ကိုသိမြင်သူတို့အား မြှင့်တင်ပေးရတော့မည်။ ဖာရိရှဲများအားဤသို့ဆက်ပြောရာ၌ ထိုပြောင်းလဲမှုအကြောင်းယေရှုဖော်ပြသည်။

“[နှစ်ခြင်းဆရာ] ယောဟန်မရောက်မီ ပညတ္တိကျမ်းနှင့်အနာဂတ္တိကျမ်းရှိ၏။ ယောဟန်လက်ထက်မှစ၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သောသတင်းကောင်းကို ဟောလျက်ရှိ၏။ လူများတို့သည်လည်း နိုင်ငံတော်ကိုအနိုင်အထက်ဝင်ကြ၏။ ပညတ္တိကျမ်း၌အငယ်ဆုံးသောဗိန္ဒုတစ်လုံးပျက်စီးလွယ်သည်ထက် ကောင်းကင်နှင့်မြေကြီးပျက်စီးလွယ်၏။”

ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့သည် မောရှေပညတ်ကိုလိုက်လျှောက်နေခြင်းအတွက် ဂုဏ်မောက်နေကြသည်။ ယေရုရှလင်တွင် လူတစ်ဦးအားအံ့ဖွယ်နည်းဖြင့် ယေရှုမျက်စိကုသပေးခဲ့စဉ် သူတို့ဝါကြွားပုံကိုပြန်သတိရပါ။ “ငါတို့သည် မောရှေ၏တပည့်ဖြစ်ကြသည်။ ဘုရားသည်မောရှေအားဖြင့်ပြောဆိုခဲ့သည်ကို ငါတို့သိကြသည်။” သို့သော်ယခုတွင် မောရှေပညတ်၏ရည်ရွယ်ချက်ဖြစ်သည့် နှိမ့်ချသူများကို ဘုရားခန့်အပ်ထားသောဘုရင်ယေရှုခရစ်ထံပို့ဆောင်ခြင်းသည် ပြည့်စုံပြီဖြစ်သည်။ သို့ဖြစ်၍ယောဟန်၏အမှုဆောင်ချိန်မှစပြီး လူအားလုံး၊ အထူးသဖြင့် နိမ့်ကျဆင်းရဲသူများသည် ဘုရားနိုင်ငံတော်လက်အောက်ခံသားများဖြစ်လာရန် ကြိုးပမ်းနေကြသည်။

မောရှေပညတ်သည် ယခုပြည့်စုံသွားပြီဖြစ်၍ ပညတ်စောင့်ရမည့်တာဝန်ကိုဖယ်ရှားရမည်ဖြစ်သည်။ ပညတ်တော်သည် အကြောင်းအမျိုးမျိုးပြ၍ဖြတ်စာပေးရန်ခွင့်ပြုသော်လည်း ယေရှုက ယခုဤသို့ဆိုသည်။ “အကြင်သူသည်မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့် စုံဖက်ခြင်းကိုပြု၏။ ထိုသူသည် မိမိမယားကိုပြစ်မှား၏။ လင်ကွာသောမိန်းမနှင့်စုံဖက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကိုပြစ်မှားသည်။” ဖာရိရှဲများသည် အကြောင်းများစွာအတွက်နှင့်ဖြတ်စာပေးရန်ခွင့်ပြုကြရာ ထိုစကားများသည် သူတို့အား မည်မျှဒေါသထွက်စေမည်တကား။

ဖာရိရှဲများအားဆက်ပြောဆိုရာ၌ အခြေအနေလုံးဝပြောင်းလဲသွားသူ လူနှစ်ယောက်အကြောင်းပုံဥပမာကိုယေရှုပြောသည်။ မည်သူ့ကိုပုံဆောင်ကြောင်း၊ သူတို့၏အခြေအနေ ပြောင်းပြန်ဖြစ်သွားခြင်းက ဘာကိုဆိုလိုကြောင်း သင်သိမြင်သလော။

ယေရှု ဤသို့ရှင်းပြသွားသည်။ “တစ်ဖန်တုံ သူဌေးတစ်ယောက်သည် နီမောင်းသောကမ္ပလာနှင့်ပိတ်ချောကိုဝတ်ဆင်၍ ကာမဂုဏ်စည်းစိမ်၌နေ့တိုင်းပျော်မွေ့လျက်နေ၏။ လာဇရုအမည်ရှိသောသူဆင်းရဲတစ်ယောက်သည် တစ်ကိုယ်လုံး၌အနာစိမ်းပေါက်၍ သူဌေး၏စားပွဲမှကျသော စားနုပ်စားပေါက်ကိုစားပါရစေဟု တောင့်တသောစိတ်နှင့်သူဌေးအိမ်တံခါးနားမှာ တုံးလုံးနေ၏။ ခွေးတို့သည်လာ၍ အနာစိမ်းများကိုလျက်ကြ၏။”

ဤတွင်သူဌေးကို ဖာရိရှဲများနှင့်ကျမ်းပြုဆရာများသာမက ဇဒ္ဒုကဲနှင့်ယဇ်ပုရောဟိတ်ကြီးများအပါအဝင် ဂျူးဘာသာရေးခေါင်းဆောင်များနှင့် ယေရှုပုံခိုင်းနေသည်။ သူတို့မှာ ဝိညာဏအခွင့်အရေးများစွာရရှိထားသည်။ သူတို့၏ နီမောင်းသောကမ္ပလာက သူတို့၏မျက်နှာသာရအခြေအနေကိုတင်ပြပြီး ဖြူသောဝတ်လုံက သူတို့ကိုယ်ကိုဖြောင့်မတ်သည်ဟုယူမှတ်ခြင်းကို ပုံတင်ပြသည်။

ဤထောင်လွှားသော သူဌေးအတန်းအစားသည် ဆင်းရဲသောသာမညလူများကို လုံးဝရွံရှာဖွယ်များအဖြစ်မြင်ပြီး သူတို့အား အမ်ဟာအရက်စ် (‘am ha·’a’‏rets) သို့မဟုတ် မြေကြီးသားများဟုခေါ်ကြသည်။ ထိုကြောင့် သူတောင်းစားလာဇရုသည် ဘာသာရေးခေါင်းဆောင်များထံမှ သင့်တော်သောဝိညာဏအစာနှင့် အခွင့်အရေးများမရခဲ့သူများကိုပုံဆောင်သည်။ ထိုကြောင့် အနာစိမ်းများနှင့်ဖုံးလွှမ်းနေသောလာဇရုကဲ့သို့ သာမန်လူများသည် ဝိညာဉ်ရေးရောဂါစွဲကပ်ပြီး ခွေးများနှင့်သာပေါင်းဖေါ်ထိုက်သူများဟူ၍ အထင်သေးခံရကြသည်။ သို့ပင်ငြားလည်း ထိုလာဇရုအတန်းအစားသည် ဝိညာဏအာဟာရကိုဆာလောင်ငတ်မွတ်ပြီး သူဌေးကြီး၏စားပွဲမှကျသော မည်သည့်ဝိညာဉ်အစာအပိုင်းအစကိုမဆိုရယူရန် ဂိတ်ဝ၌ စောင့်ဆိုင်းလျက်ရှိလေသည်။

ဤတွင် သူဌေးကြီးနှင့်လာဇရု၏ ပြောင်းလဲသွားသောအခြေအနေကို ယေရှုဆက်ဖေါ်ပြသည်။ ဤပြောင်းလဲမှုများကား အဘယ်သို့ဖြစ်၍ ယင်းတို့သည် ဘာကိုပုံဆောင်သနည်း။

သူဌေးနှင့်လာဇရု ပြောင်းလဲမှုတွေ့ကြုံရ

သူဌေးမှာ ဝိညာဉ်ရေးဆိုင်ရာအခွင့်ထူးများပေးအပ်ခံရသော ဘာသာရေးခေါင်းဆောင်တို့ကို ကိုယ်စားပြုပြီး လာဇရုမှာ ဝိညာဏအာဟာရဆာမွတ်နေသော သာမညလူတန်းစားတို့ကို ပုံဆောင်သည်။ ယေရှုက မိမိ၏ပုံပြင်ကိုဆက်ဟောကြားရာတွင် ထိုသူနှစ်ဦးတို့၏အခြေအနေ ရုတ်တရက်ပြောင်းလဲသွားပုံအကြောင်း မိန့်ကြားသည်။

“တစ်နေ့သ၌ ထိုဆင်းရဲသားသည်သေလွန်၍ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ရင်ခွင်သို့ ပို့ဆောင်ကြ၏။ သူဌေးသည်လည်းသေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ မရဏာနိုင်ငံ၌ ပြင်းပြစွာသောဝေဒနာကိုခံရလျက် မျှော်ကြည့်၍ အာဗြဟံကိုလည်းကောင်း၊ အာဗြဟံ၏ရင်ခွင်၌ လာဇရုကိုလည်းကောင်း အဝေးကမြင်” ၏ဟု ယေရှုဟောလေသည်။

သူဌေးနှင့်လာဇရုတို့သည် ပကတိပုဂ္ဂိုလ်များမဟုတ်ဘဲ အထိမ်းအမှတ်ပြုသည့် လူအတန်းအစားများသာဖြစ်သဖြင့် ဆင်ခြင်တုံတရားအရ သူတို့၏သေခြင်းမှာလည်းအထိမ်းအမှတ်မျှသာဖြစ်သည်။ သူတို့၏သေခြင်းကား အဘယ်အရာ၏အထိမ်းအမှတ် သို့မဟုတ် ကိုယ်စားပြုခြင်းဖြစ်သနည်း။

‘ပညတ္တိကျမ်းနှင့်ပရောဖက်ကျမ်းများသည် နှစ်ခြင်းဆရာယောဟန်လက်ထက်တိုင်ရှိ၏။ သို့သော် ထိုကာလမှစ၍ဘုရားသခင့်နိုင်ငံတော်သတင်းကိုဟောလျက်ရှိ၏’ ဟုယေရှုပြောဆိုခြင်းဖြင့် အခြေအနေပြောင်းလဲမည့်အကြောင်းထောက်ပြသည်။ ထိုကြောင့် ယောဟန်နှင့်ယေရှုခရစ်တို့၏ ဟောပြောခြင်းအားဖြင့် သူဌေးနှင့်လာဇရုတို့သည် ယခင်အခြေအနေဘက်တွင် သေလွန်သွားသည်။

စိတ်နှိမ့်ချ၍နောင်တယူသောလာဇရုအတန်းအစားဝင်တို့သည် ဝိညာဉ်ရေးချို့ငဲ့သည့် အခြေအနေဘက်တွင်သေလွန်ပြီး ဘုရားစိတ်တော်နှင့်တွေ့သည့် အနေအထားသို့ရောက်ရှိသွားသည်။ စောစောပိုင်းကသူတို့သည် ဘာသာရေးခေါင်းဆောင်တို့၏ ဝိညာဏစားပွဲမှကျသောစားနုပ်စားပေါက်ကိုမျှော်လင့်ခဲ့ရသော်လည်း ယခုယေရှုပို့ချသောကျမ်းစာသမ္မာတရားကြောင့် သူတို့၏ဆန္ဒပြည့်ဝလာသည်။ သို့ဖြင့် သူတို့သည်သာ၍ကြီးမြတ်သောအာဗြဟံ၊ ယေဟောဝါရှင်၏ရင်ခွင်တော် သို့မဟုတ် စိတ်တော်တွေ့အနေအထားသို့ ရောက်လေသည်။

သူဌေးအတန်းအစားဝင်တို့မူကား ယေရှုဟောသောနိုင်ငံတော်သတင်းကိုလက်ခံရန် ခေါင်းမာမာနှင့်ငြင်းပယ်သည့်အတွက် ဘုရားသခင့်မျက်နှာသာတော်ဆုံးရှုံးရသည်။ သို့ဖြင့် ယခင်မျက်နှာသာရအနေအထားဘက်တွင် သေလွန်သွားသည်။ သူတို့သည် တင်စားသည့် ညှဉ်းဆဲရာအရပ်တွင်ရောက်နေသည်ဟုဆိုထားသည်။ သူဌေးပြောသည့်စကားကို နားဆင်ကြည့်ပါ။

“အိုအဘအာဗြဟံ၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ အကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာခံရသောကြောင့် လာဇရုသည် မိမိလက်ဖျားကိုရေ၌နှစ်၍ အကျွန်ုပ်လျှာကိုအေးစေခြင်းငှာ သူ့ကိုအကျွန်ုပ်ရှိရာသို့ စေလွှတ်တော်မူပါ။” ယေရှု၏တပည့်များဟောသော ဘုရားထံတော်မှ မီးကဲ့သို့သောတရားစီရင်ခြင်းသတင်းသည် သူဌေးအတန်းအစားမှပုဂ္ဂိုလ်တစ်ဦးချင်းအား ညှဉ်းဆဲရာပင်ဖြစ်သည်။ ထိုသတင်းကိုမဟောဘဲနေစေလိုကြသည်။ သို့မှသာ သူတို့ခံရသောညှဉ်းပန်းခြင်းမှ သက်သာရာရမည်ဖြစ်သည်။

“အာဗြဟံကလည်း ‘ငါ့သား၊ သင်သည်အသက်ရှင်စဉ်အခါ ချမ်းသာရသည်ကိုလည်းကောင်း၊ လာဇရုသည် ဆင်းရဲစွာနေရသည်ကိုလည်းကောင်း အောက်မေ့လော့။ ယခုမူကား သူသည်သက်သာခြင်းရှိ၏။ သင်သည် ဒုက္ခဝေဒနာကိုခံရ၏။ ထိုမှတစ်ပါး ငါတို့နှင့်သင်တို့စပ်ကြား၌ အလွန်နက်လှသောချောက်ကြီးတည်လျက်ရှိ၏။ ထိုကြောင့်ဤအရပ်မှ သင်တို့ရှိရာသို့ကူးချင်သောသူ မကူးနိုင်’ ဟုဆိုသည်။”

လာဇရုအတန်းအစားနှင့် သူဌေးအတန်းအစားတို့စပ်ကြားတွင် ဤသို့အခြေအနေရုတ်တရက်ပြောင်းပြန်ဖြစ်သွားခြင်းမှာ တရားမျှတပြီး သင့်မြတ်လျော်ကန်လှသည်။ ထိုသို့သောအခြေအနေပြောင်းလဲမှုသည် လအနည်းငယ်အကြာ၊ ပညတ်ပဋိညာဉ်ဟောင်းကို ပဋိညာဉ်သစ်ဖြင့် အစားထိုးလိုက်သော စီအီး ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့တွင်ဖြစ်ပျက်ခဲ့သည်။ ယခုသိသာထင်ရှားသည်မှာ ဖာရိရှဲတို့နှင့်အခြားဘာသာရေးခေါင်းဆောင်များမဟုတ်ဘဲ တပည့်တို့သာလျှင် ဘုရားသခင့်မျက်နှာသာတော်ခံစားရသူများဖြစ်သည်။ ထိုကြောင့် အထိမ်းအမှတ်ဖြစ်သော သူဌေးအား ယေရှု၏တပည့်များမှခွဲခြားထားသော “အလွန်နက်လှသည့်ချောက်ကြီး” မှာ ဘုရားသခင်၏မပြောင်းလဲနိုင်သော ဖြောင့်မတ်သည့်တရားစီရင်ချက်ကိုပုံဆောင်သည်။

သူဌေးက ‘အဘအာဗြဟံ၊ အကျွန်ုပ်ညီငါးယောက်ရှိပါသည်ဖြစ်၍ လာဇရုကို အကျွန်ုပ်အဘ၏အိမ်သို့စေလွှတ်တော်မူပါ’ ဟုတောင်းပန်၏။ ဤသို့ဖြင့် စင်စစ်၊ စာတန်ဖြစ်သောအခြားအဘတစ်ဦးနှင့်ရင်းနှီးသည့်ဆက်ဆံရေးရှိကြောင်း သူဌေးဝန်ခံလိုက်သည်။ သူ၏ “ညီငါးယောက်” တည်းဟူသော ဘာသာရေးမဟာမိတ်တို့ကို “ဤပြင်းပြစွာသောအရပ်” သို့မရောက်စေခြင်းငှာ လာဇရုအနေဖြင့် ဘုရားသခင့်တရားစီရင်ချက်သတင်းတရားကို လျှော့ပေါ့ပေးရန်တောင်းပန်သည်။

သို့သော် “အာဗြဟံက ‘သင်၏ညီတို့၌ မောရှေမှစ၍ပရောဖက်များရှိကြ၏။ ပရောဖက်တို့၏စကားကိုနားထောင်ကြစေ’ ဟုဆို၏။” ထို “ညီငါးယောက်” သည်ပြင်းစွာသောဝေဒနာမှလွတ်လိုပါက ယေရှုအား မေရှိယအဖြစ်ထင်ရှားစွာဖေါ်ပြထားသော မောရှေနှင့်ပရောဖက်ကျမ်းများကိုနာယူပြီး ယေရှု၏တပည့်များဖြစ်လာရကြမည်။ သို့သော် သူဌေးက “မဟုတ်ပါ။ အဘအာဗြဟံ၊ လူသေတို့အထဲမှ တစ်ယောက်ယောက်သွားလျှင် နောင်တရပါလိမ့်မည်ဟုဆိုသည်။”

သို့ရာတွင် ‘မောရှေနှင့်ပရောဖက်တို့ကျမ်းများကိုမနာယူက လူသေတို့အထဲမှ တစ်ယောက်ယောက် ရှင်ပြန်ထမြောက်သော်လည်း သဘောကျကြမည်မဟုတ်’ ဟူ၍သူကြားရပြန်၏။ လူများယုံကြည်လာစေရန် အထူးနိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကိုဘုရားသခင် ပြသတော်မူမည်မဟုတ်ပေ။ ကိုယ်တော်၏မျက်နှာသာတော်ခံစားလိုပါက ကျမ်းစာကိုဖတ်၍ လိုက်နာကျင့်သုံးရပေမည်။ လုကာ ၁၆:၁၄-၃၁။ ယောဟန် ၉:၂၈၊ ၂၉။ မဿဲ ၁၉:၃-၉။ ဂလာတိ ၃:၂၄။ ကောလောသဲ ၂:၁၄။ ယောဟန် ၈:၄၄။

▪ သူဌေးနှင့်လာဇရုတို့၏သေခြင်းသည် အဘယ်ကြောင့်အထိမ်းအမှတ်သာဖြစ်ရမည်နည်း။ သူတို့၏သေခြင်းကား အဘယ်အရာကိုပုံဆောင်သနည်း။

▪ ယောဟန်၏ဓမ္မအမှုစခြင်းနှင့်အတူ မည်သည့်ပြောင်းလဲမှုဖြစ်ပေါ်ကြောင်း ယေရှုတင်ပြသနည်း။

▪ ယေရှုသေဆုံးရာတွင် ဘာကိုပယ်ရှားရန်ဖြစ်ပြီး ထိုအကြောင်းက ကွာရှင်းခြင်းကိစ္စကို မည်သို့အကျိုးသက်ရောက်သနည်း။

▪ ယေရှု၏ပုံဥပမာတွင် သူဌေးကြီးနှင့်လာဇရုသည် မည်သူတို့ကိုပုံဆောင်သနည်း။

▪ သူဌေးခံစားရသော ညှဉ်းဆဲခြင်းဝေဒနာများကား အဘယ်နည်း။ သက်သာရာသက်သာကြောင်း အဘယ်နည်းဖြင့်တောင်းပန်သနည်း။

▪ “ချောက်ကြီး” ကဘာကိုတင်စားသနည်း။

▪ သူဌေး၏ဖခင်အစစ်ကား မည်သူနည်း။ သူ့ညီငါးယောက်ကား မည်သူတို့နည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ