ယေရှု၏ ဘဝနှင့် ဓမ္မအမှု
သူဌေးကြီးနှင့် လာဇရု
ယေရှုသည် မိမိ၏တပည့်များအား ဥစ္စာဓနကို လျောက်ပတ်စွာသုံးရန်၊ ယင်း၏အစေကိုလည်းခံပြီး တစ်ချိန်တည်းတွင် ဘုရား၏ကျေးကျွန်များမဖြစ်နိုင်ကြောင်း ရှင်းပြခဲ့သည်။ ဖါရိရှဲများလည်း နားထောင်နေပြီး ယေရှုကိုပြက်ယယ်ပြုကြ၏။ အကြောင်းမှာ သူတို့သည် ငွေကိုတပ်မက်သောကြောင့်ဖြစ်သည်။ ထိုကြောင့် ကိုယ်တော်က “သင်တို့သည် လူများရှေ့မှာ ဖြောင့်မတ်ဟန်ဆောင်သော်လည်း ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးကို သိမြင်တော်မူ၏။ လူသဘောအားဖြင့် အမြတ်ထားသောအရာသည် ဘုရားသခင့်ရှေ့တော်၌ စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏” ဟုပြောခဲ့သည်။
လောကဥစ္စာ၊ တန်ခိုးအာဏာကြွယ်ဝသူ၊ ဘာသာရေးသြဇာနှင့် လွှမ်းမိုးနိုင်သူတို့၏ စားပွဲကို မှောက်လှန်ရန် အချိန်ရောက်ပေပြီ။ သူတို့ကို နှိမ့်ချပြီး ဝိညာဏလိုအပ်ချက်ကို သိမှတ်သူတို့အား မြှင့်တင်ရန်ဖြစ်သည်။ ယေရှုသည် ဖါရိရှဲများကိုပြောရာ၌ ထိုသို့သောပြောင်းလဲမှုကို ထောက်ပြခဲ့သည်။
“[နှစ်ခြင်းဆရာ] ယောဟန်မရောက်မီ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းရှိ၏။ ယောဟန်လက်ထက်မှစ၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော သတင်းကောင်းကို ဟောလျက်ရှိ၏။ လူများတို့သည်လည်း နိုင်ငံတော်ကို အနိုင်အထက်ဝင်ကြ၏။ ပညတ္တိကျမ်း၌ အငယ်ဆုံးသော ဗိန္ဒုတစ်လုံးပျက်စီးလွယ်သည်ထက် ကောင်းကင်နှင့်မြေကြီးပျက်စီးလွယ်၏။”
ကျမ်းပြုဆရာနှင့် ဖါရိရှဲတို့သည် သူတို့၏ မောရှေပညတ်ကို လိုက်လျှောက်နေမှုကို ဂုဏ်မောက်နေကြသည်။ ယေရှုသည် ယေရုရှလင်တွင် လူတစ်ဦးအား အံ့ဖွယ်နည်းဖြင့် မျက်စိကုသပေးခဲ့စဉ် သူတို့ဝါကြွားခဲ့ပုံကို ပြန်သတိရပါလေ။ “ငါတို့သည် မောရှေ၏တပည့်ဖြစ်ကြသည်။ ဘုရားသည် မောရှေအားဖြင့် ပြောဆိုခဲ့သည်ကို ငါတို့သိကြသည်။” သို့သော် ယခုတွင် မောရှေပညတ်သည် ယင်း၏ကြံရွယ်ထားသော ရည်ရွယ်ချက်ဖြစ်သည့် နှိမ့်ချသူများကို ဘုရားခန့်အပ်ထားသော ဘုရင်ယေရှုခရစ်ထံ ပို့ဆောင်ခြင်းသည် ပြည့်စုံသွားပြီဖြစ်သည်။ သို့ဖြင့် ယောဟန်၏အမှုဆောင်ချိန်မှစ၍ လူအားလုံး၊ အထူးသဖြင့် နှိမ့်ချဆင်းရဲသူများသည် ဘုရားနိုင်ငံတော်လက်အောက်ခံသားများဖြစ်လာရန် သူတို့ကိုယ်ကိုသူတို့ကြိုးပမ်းနေကြသည်။
မောရှေပညတ်သည် ယခုပြည့်စုံသွားပြီဖြစ်၍ ပညတ်စောင့်ရမည့် တာဝန်ကို ဖယ်ရှားရမည်ဖြစ်သည်။ ပညတ်တော်သည် အကြောင်းအမျိုးမျိုးအပေါ် ဖြတ်စာပေးရန် ခွင့်ပြုသော်လည်း ယေရှုက ယခုဤသို့ဆိုသည်။ “အကြင်သူသည်မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့် စုံဘက်ခြင်းကိုပြု၏။ ထိုသူသည် မိမိမယားကိုပြစ်မှား၏။ လင်ကွာသောမိန်းမနှင့် စုံဘက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကို ပြစ်မှားသည်ဟု မိန့်တော်မူ၏။” ဖါရိရှဲများသည် အထူးသဖြင့် အကြောင်းများစွာအတွက်နှင့် ဖြတ်စာပေးရန်ခွင့်ပြုကြရာ ထိုစကားများသည် သူတို့အား မည်မျှဒေါသထွက်စေမည်တကား။
ဖါရိရှဲများနှင့် ဆက်ပြောဆိုရာ၌ ယေရှုက သူတို့၏အနေအထား သို့မဟုတ် အခြေအနေ၊ နောက်ဆုံးတွင် လုံးဝရုတ်တရက်ပြောင်းလဲသွားသူ လူနှစ်ယောက်အကြောင်း ပုံဥပမာကိုပြောပြသည်။ သူတို့သည် မည်သူ့ကို ပုံဆောင်ကြောင်း၊ သူတို့၏ ဗြောင်းပြန်အခြေအနေဖြစ်သွားခြင်းက ဘာကိုဆိုလိုကြောင်း သင်သိပါသလော။
ယေရှု ဤသို့ရှင်းပြသွားသည်။ “တစ်ဖန်တုံ သူဌေးတစ်ယောက်သည် နီမောင်းသော ကမ္ပလာနှင့် ပိတ်ချောကိုဝတ်ဆင်၍ ကာမဂုဏ်စည်းစိမ်၌ နေ့တိုင်းပျော်မွေ့လျက်နေ၏။ လာဇရုအမည်ရှိသော သူဆင်းရဲတစ်ယောက်သည် တစ်ကိုယ်လုံး၌ အနာစိမ်းပေါက်၍ သူဌေး၏စားပွဲမှကျသော စားနုပ်စားပေါက်ကို စားပါရစေဟု တောင့်တသောစိတ်နှင့် သူဌေးအိမ်တံခါးနားမှာ တုံးလုံးနေ၏။ ခွေးတို့သည် လာ၍ အနာစိမ်းများကိုလျက်ကြ၏။”
ယေရှုသည် ဤတွင် သူဌေးကို ဖါရိရှဲများနှင့် ကျမ်းပြုဆရာများသာမကဘဲ ဇဒ္ဒုကဲနှင့် ယဇ်ပုရောဟိတ်ကြီးများအပါအဝင် ဂျူးဘာသာရေးခေါင်းဆောင်များကို ပုံခိုင်းသည်။ သူတို့သည် ဝိညာဏအခွင့်အရေးနှင့် အခွင့်အလမ်းတွင် ကြွယ်ဝသည်။ သူတို့၏ နီမောင်းသော ကမ္ပလာက သူတို့၏ မျက်နှာသာရအခြေအနေကို တင်ပြပြီး ဖြူသောဝတ်လုံက သူတို့၏ကိုယ့်ဖြောင့်မတ်ခြင်းကို ပုံတင်ပြသည်။
ဤထောင်လွှားသော သူဌေးအတန်းအစားသည် ဆင်းရဲသော သာမညလူများကို လုံးဝရွံရှာဖွယ်များအဖြစ်မြင်ပြီး သူတို့အား am ha.’a’rets သို့မဟုတ် မြေကြီးသားများဟု ခေါ်ကြသည်။ ထိုကြောင့် သူတောင်းစားလာဇရုသည် ဘာသာရေးခေါင်းဆောင်များမှ လျောက်ပတ်သော ဝိညာဏအစာနှင့် အခွင့်အရေးမရခဲ့သူများကို ပုံဆောင်သည်။ ထိုကြောင့် လာဇရုသည် အနာစိမ်းများနှင့် ဖုံးလွှမ်းနေသကဲ့သို့ သာမန်လူများသည် ဝိညာဉ်ရေးရောဂါစွဲကပ်သူများအဖြစ် ခွေးများနှင့်သာ ပေါင်းဖေါ်ထိုက်၏ဟု အထင်သေးခံရကြသည်။ သို့ပင်ငြားလည်း ထိုလာဇရုအတန်းအစားသည် ဝိညာဏအာဟာရကို ဆာလောင်ငတ်မွတ်ပြီး သူဌေးကြီး၏စားပွဲမှကျသော မည်သည့်ဝိညာဉ်အစာအပိုင်းအစကိုမဆို ရယူရန် ဂိတ်ဝ၌ စောင့်ဆိုင်းလျက်ရှိလေသည်။
ယခုတွင် ယေရှုသည် သူဌေးကြီးနှင့် လာဇရု၏ ပြောင်းလဲသွားသော အခြေအနေကို ဆက်လက်ဖေါ်ပြသည်။ ဤပြောင်းလဲမှုများကား အဘယ်သို့ဖြစ်၍ ယင်းတို့ ဘာကိုပုံဆောင်သနည်း။ ဤမေးခွန်းများကို ကျွန်ုပ်တို့၏ နောက်လထုတ်မဂ္ဂဇင်းတွင် ဆွေးနွေးသွားပါမည်။ လုကာ ၁၆:၁၄–၂၁။ ယောဟန် ၉:၂၈၊ ၂၉။ မဿဲ ၁၉:၃–၉။ ဂလာတိ ၃:၂၄။ ကောလောသဲ ၂:၁၄။
◆ ယောဟန်၏ ဓမ္မအမှုစခြင်းနှင့်အတူ မည်သည့်ပြောင်းလဲမှုဖြစ်ကြောင်း ယေရှုတင်ပြသနည်း။
◆ ယေရှုသေဆုံးရာတွင် ဘာကိုပယ်ရှားရန်ဖြစ်ပြီး ထိုအကြောင်းက ဖြတ်စာကိစ္စကို မည်သို့ထိခိုက်သနည်း။
◆ ယေရှု၏ပုံဥပမာတွင် မည်သူတို့သည် သူဌေးကြီးနှင့် လာဇရုကိုပုံဆောင်သနည်း။
◆ ဤမဂ္ဂဇင်း၏ နောက်လထုတ်တွင် မည်သည့်အကြောင်းကို ကျွန်ုပ်တို့ မျှော်လင့်နိုင်သနည်း။