ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၁၃၂
  • ဘုရားသခင့်လက်ယာဘက်ဝယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်လက်ယာဘက်ဝယ်
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်လက်ယာဘက်ဝယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဘုရားသခင့်လက်ယာတော်ဘက်မှာရှိနေတဲ့ ခရစ်တော်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဒမာသက်မြို့သွားတဲ့လမ်းပေါ်မှာ
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • မကောင်းတာ လုပ်တဲ့သူတွေ ပြောင်းလဲနိုင်သလား
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၁၃၂

အခန်း ၁၃၂

ဘုရားသခင့်လက်ယာဘက်ဝယ်

ပင်တေကုတ္တေပွဲနေ့၌ သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခြင်းက ယေရှုကောင်းကင်သို့ပြန်ရောက်ရှိပြီးဖြစ်ကြောင်းထင်ရှားသည်။ ယင်းနောက်မကြာမီ တပည့်တော်သတေဖန်အား ပေးခဲ့သောရူပါရုံကလည်း ကိုယ်တော်ပြန်ရောက်ရှိပြီဖြစ်ကြောင်း သက်သေပြသည်။ ယုံကြည်မှုအပြည့်ဖြင့်သက်သေခံခြင်းကြောင့် ကျောက်ခဲနှင့်ပစ်ခြင်းမခံရမီ သတေဖန်ဤသို့ပြောသည်။ “ကြည့်ပါ။ ကောင်းကင်ပွင့်လှစ်သည်ကိုလည်းကောင်း၊ လူသားသည်ဘုရားသခင်၏လက်ယာဘက်၌ရပ်နေသည်ကိုလည်းကောင်း ငါမြင်သည်။”

ဘုရားရှင်၏လက်ယာဘက်၌ရှိစဉ် မိမိ၏ခမည်းတော်ထံမှ “ရန်သူတို့၏အလယ်၌အုပ်စိုးလော့” ဟူသောအမိန့်ကိုယေရှုစောင့်နေ၏။ သို့သော်ရန်သူများကိုအရေးမယူမီအချိန်အတွင်း ယေရှုဘာလုပ်နေသနည်း။ မိမိ၏ဘိသိက်ခံတပည့်များကို ယေရှုအုပ်စိုးလျက် သူတို့၏ဟောပြောခြင်းလုပ်ငန်းကိုညွှန်ကြားကာ၊ ထမြောက်ခြင်းအားဖြင့် ခမည်းတော်နိုင်ငံတွင် မိမိနှင့်အတူတွဲဖက်ဘုရင်များဖြစ်လာရန် သူတို့ကိုပြင်ဆင်ပေးလျက်ရှိသည်။

ဥပမာ၊ အခြားဒေသများသို့တပည့်ဖြစ်စေခြင်းလုပ်ငန်းကိုစတင်ရန်ရှောလု (နောင်တွင်သူ၏ရောမအမည်ပေါလုဖြင့်ပိုသိလာ) ကိုယေရှုရွေးချယ်သည်။ ရှောလုသည်ဘုရားပညတ်အတွက် ဇွဲရှိသူဖြစ်သည်။ သို့သော်သူသည်ဂျူးဘာသာရေးခေါင်းဆောင်များကြောင့် လမ်းလွဲနေသည်။ သို့နှင့် ရှောလုသည်သတေဖန်ကိုသတ်ရာတွင် သဘောတူရုံမက ယဇ်ပုရောဟိတ်ကယာဖထံမှအခွင့်နှင့် ဒမာသက်မြို့တွင်တွေ့ရှိသူ၊ ယေရှုတပည့်၊ ယောက်ျား၊ မိန်းမမည်သူမဆိုကိုဖမ်းဆီးကာ ယေရုရှလင်သို့ခေါ်လာရန်သွားလေသည်။ သို့သော်၊ ခရီးစဉ်တွင် တောက်ပသောအလင်းသည် သူ့ပတ်လယ်၌ရုတ်တရက်ထွန်းလင်းရာ သူသည်မြေပေါ်သို့လဲကျလေသည်။

“ရှောလု၊ ရှောလု၊ အဘယ်ကြောင့်ငါ့ကိုညှဉ်းဆဲသနည်း” ဟုမျက်မြင်မရသူထံမှအသံလာ၏။ “သခင်၊ ကိုယ်တော်သည်အဘယ်သူနည်း” ဟုရှောလုမေးသည်။

“ငါကားသင်ညှဉ်းဆဲသောယေရှုဖြစ်သတည်း” ဟုပြန်ဖြေသည်။

အံ့ဖွယ်အလင်းအားဖြင့်မျက်စိကွယ်နေသူရှောလုသည် ဒမာသက်မြို့သို့ဝင်၍ ညွှန်ကြားမှုကိုစောင့်နေရန်ယေရှုမိန့်ဆိုသည်။ ထိုအခါတပည့်တစ်ဦးဖြစ်သူအာနနိထံ ယေရှုသည်ရူပါရုံဖြင့်ပေါ်ထွန်းပြီး ရှောလုနှင့်စပ်လျဉ်း၍ “ထိုသူကားတစ်ပါးအမျိုးသားတို့နှင့် ရှင်ဘုရင်တို့ထံသို့လည်းကောင်း၊ ဣသရေလအမျိုးသားတို့ရှိရာသို့လည်းကောင်း ငါ၏နာမကိုပို့ဆောင်စေခြင်းငှာ ငါရွေးကောက်သောတန်ဆာဖြစ်၏” ဟုဆိုသည်။

အမှန်ပင်၊ ယေရှု၏ကျောထောက်နောက်ခံဖြင့် ရှောလု (ယခုပေါလုဟုသိကြသူ) နှင့်အခြားဧဝံဂေလိဟောပြောသူတို့သည် သူတို့၏ဟောပြောသွန်သင်ခြင်းလုပ်ငန်းတွင် ကြီးမားစွာအောင်မြင်ကြသည်။ အမှန်ဆိုရသော် ဒမာသက်မြို့သို့သွားရာလမ်းတွင် သူ့ကိုယေရှုထင်ရှားပြပြီးနောက် ၂၅ နှစ်ခန့်တွင်ပေါလုက “သတင်းကောင်း” ကို “ကောင်းကင်အောက်၌ရှိသမျှသောဝေနေယျသတ္တဝါတို့အားဟောပြော” ခဲ့ပြီဟုရေးသားသည်။

နှစ်ပေါင်းများစွာလွန်ပြီးနောက် ယေရှုသည်မိမိ၏ချစ်လှစွာသောတမန်တော်ယောဟန်အား ရူပါရုံများတစ်ခုပြီးတစ်ခုပေးလေသည်။ ဗျာဒိတ်ကျမ်းတွင်ယောဟန်ဖော်ပြထားသည့် ဤရူပါရုံများအားဖြင့် နိုင်ငံတော်အာဏာနှင့်ယေရှုပြန်ကြွလာခြင်းကို သူတွေ့မြင်ရသည်။ “ဝိညာဉ်တော်အားဖြင့်” “သခင်၏နေ့” သို့သူပို့ဆောင်ခံရကြောင်းယောဟန်ဆို၏။ ဤ “နေ့” ကားအဘယ်နည်း။

နောက်ဆုံးနေ့ရက်ဆိုင်ရာ ယေရှု၏ပရောဖက်ပြုချက်အပါအဝင် ကျမ်းစာပရောဖက်ပြုချက်တို့ကို ဂရုစိုက်လေ့လာခြင်းဖြင့် “သခင်၏နေ့” သည်ဤလူမျိုးဆက်အတွင်းသမိုင်းတွင်ရစ်သော ၁၉၁၄ ခုနှစ်တွင်စတင်ကြောင်းဖော်ပြသည်။ ထိုကြောင့် ၁၉၁၄ ခုနှစ်တွင်ယေရှုသည်မျက်မြင်မရနည်းဖြင့်ပြန်လာသည်။ အုတ်အော်သောင်းနင်းမဟုတ်ဘဲ ယေရှု၏သစ္စာရှိကျေးကျွန်များသာ ကိုယ်တော်ပြန်ကြွလာသည်ကိုသတိပြုမိကြသည်။ ထိုနှစ်၌ ရန်သူတို့အလယ်တွင်အုပ်စိုးရန် ယေရှုအား ယေဟောဝါရှင်အမိန့်ပေးတော်မူသည်။

ခမည်းတော်၏အမိန့်ကိုနာခံလျက် ယေရှုသည်စာတန်နှင့်သူ၏နတ်ဆိုးများကို ကမ္ဘာမြေကြီးသို့ချလိုက်ခြင်းဖြင့် ကောင်းကင်တွင်ရှင်းလင်းရေးပြုလုပ်လေသည်။ ဤအဖြစ်အပျက်ကို ရူပါရုံတွင်တွေ့မြင်ပြီးနောက် ယောဟန်သည်ကောင်းကင်၌ဤကြွေးကြော်သံကိုကြားရလေသည်။ “ယခုမှာကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ဘုရားသခင်၏နိုင်ငံတော်နှင့်သူ၏ခရစ်တော်၏အာဏာတော်စက်လည်းဖြစ်၏။” မှန်ပါသည်။ ၁၉၁၄ ခုနှစ်တွင်ခရစ်တော်သည် ဘုရင်အဖြစ်စတင်အုပ်စိုးလေပြီ။

ဤကားကောင်းကင်ရှိယေဟောဝါဝတ်ပြုသူတို့အတွက် သတင်းကောင်းပါတကား။ “ကောင်းကင်နှင့်ကောင်းကင်သားတို့ရွှင်လန်းကြလော့” ဟုသူတို့တိုက်တွန်းခံရသည်။ သို့သော်မြေကြီးသားတို့အတွက်အခြေအနေကော။ “မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည်မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီ” ဟုကောင်းကင်မှအသံလာလေသည်။

ယခုပင်ထိုတိုတောင်းသောအချိန်တွင်ကျွန်ုပ်တို့ရောက်နေပြီ။ ဘုရားသခင့်ကမ္ဘာသစ်ထဲဝင်ဖို့၊ သို့မဟုတ် ဖျက်ဆီးခံရဖို့ လူတို့ခွဲခြားခံနေရသည်။ အမှန်မှာ၊ ခရစ်တော်၏ညွှန်ကြားမှုအရ ကမ္ဘာတစ်ဝန်းဟောပြောနေသောဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို သင်တုံ့ပြန်ပုံက သင့်အနာဂတ်ကိုယခုအဆုံးအဖြတ်ပေးလျက်ရှိသည်။

လူမျိုးတို့ကိုခွဲခြားပြီးသည့်အခါ စာတန်၏မြေကြီးအစီအစဉ်စနစ်အားလုံးနှင့် ၄င်းကိုထောက်ခံသူများအားဖယ်ရှားပစ်မည့် ဘုရား၏ကိုယ်စားလှယ်အဖြစ် ယေရှုခရစ်ဆောင်ရွက်မည်။ ဆိုးယုတ်မှုအားလုံးဖယ်ရှားခြင်းကို သမ္မာကျမ်းစာတွင် အာမဂေဒုန်ဟုခေါ်သည့်စစ်ပွဲ၌ ယေရှုပြီးမြောက်စေမည်။ ထိုနောက်၊ ယခုစကြဝဠာတွင် ယေဟောဝါဘုရားရှင်ပြီးလျှင်အကြီးဆုံးဖြစ်သူယေရှုသည် စာတန်နှင့်သူ၏နတ်ဆိုးတို့အားဖမ်းချုပ်ကာ အသေကဲ့သို့မလှုပ်ရှားနိုင်သောအခြေအနေဖြစ်သည့် “တွင်းနက်” ကြီးထဲ၌အနှစ်တစ်ထောင်ချုပ်နှောင်ထားမည်။ တမန်တော် ၇:၅၅-၆၀၊ ၈:၁-၃၊ ၉:၁-၁၉၊ ၁၆:၆-၁၀။ ဆာလံ ၁၁၀:၁၊ ၂။ ဟေဗြဲ ၁၀:၁၂၊ ၁၃။ ၁ ပေတရု ၃:၂၂။ လုကာ ၂၂:၂၈-၃၀။ ကောလောသဲ ၁:၁၃၊ ၂၃။ ဗျာဒိတ် ၁:၁၊ ၁၀၊ ၁၂:၇-၁၂၊ ၁၆:၁၄-၁၆၊ ၂၀:၁-၃။ မဿဲ ၂၄:၁၄၊ ၂၅:၃၁-၃၃။

▪ ယေရှုကောင်းကင်သို့တက်ကြွပြီးနောက် မည်သည့်နေရာတွင်နေပြီး အဘယ်အရာကိုစောင့်ဆိုင်းနေသနည်း။

▪ ကောင်းကင်သို့တက်ပြီးနောက် မည်သူများကိုကိုယ်တော်အုပ်စိုးသနည်း။ ကိုယ်တော်အုပ်စိုးကြောင်း မည်သို့ထင်ရှားသနည်း။

▪ “သခင်၏နေ့” မည်သည့်အချိန်၌စခဲ့ပြီး၊ ယင်း၏အစတွင်ဘာဖြစ်သနည်း။

▪ ယနေ့ကျွန်ုပ်တို့တစ်ဦးစီအပါအဝင် လူတိုင်းကိုအကျိုးသက်ရောက်နေသော မည်သည့်ခွဲခြားခြင်းလုပ်ငန်းသည် ဆက်၍ဖြစ်နေပြီး၊ ခွဲခြားခြင်းသည် အဘယ်အပေါ်အခြေပြုသနည်း။

▪ ခွဲခြားခြင်းလုပ်ငန်းပြီးစီးသည့်အခါ မည်သည့်ဖြစ်ရပ်များဖြစ်မည်နည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ