ယေရှု၏ ဘဝနှင့် ဓမ္မအမှု
ဘုရားသခင့်လက်ယာဘက်ဝယ်
ပင်တေကုတ္တေပွဲနေ့၌ သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခြင်းက ယေရှုသည်ကောင်းကင်ဘုံသို့ ပြန်ရောက်ရှိပြီးဖြစ်ကြောင်းထင်ရှားသည်။ ယင်းနောက်မကြာမီ တပည့်တော်သတေဖန်အားပေးခဲ့သော ရူပါရုံကလည်း ကိုယ်တော်သည် ထိုနေရာသို့ရောက်ရှိပြီဖြစ်ကြောင်း သက်သေပြသည်။ သတေဖန်သည် သူ၏ယုံကြည်မှုအပြည့်ဖြင့်သက်သေခံခြင်းကြောင့် ကျောက်ခဲနှင့်ပစ်ခြင်းမခံရမီ ဤကဲ့သို့ပြောသည်။ “ကြည့်ပါ။ ကောင်းကင်ဖွင့်လှစ်သည်ကိုလည်းကောင်း၊ လူသားသည်ဘုရားသခင်၏လက်ယာဘက်၌ ရပ်နေသည်ကိုလည်းကောင်း ငါမြင်သည်။”
ဘုရားရှင်၏လက်ယာဘက်၌ရှိစဉ် ယေရှုသည်မိမိ၏ခမည်းတော်ထံမှ “ကိုယ်တော်သည် ရန်သူတို့၏အလယ်၌အုပ်စိုးလော့” ဟူသောအမိန့်ကိုစောင့်နေတော်မူ၏။ သို့သော်မိမိရန်သူများကိုအရေးမယူမီ ဤအချိန်အတွင်း ယေရှုဘာပြုလုပ်နေသနည်း။ ကိုယ်တော်သည် မိမိ၏ဘိသိက်ခံတပည့်တော်များအပေါ် အုပ်စိုးလျက် (သို့) စိုးစံလျက် သူတို့၏ဟောပြောခြင်းလုပ်ငန်းကိုညွှန်ကြားကာ၊ ထမြောက်ခြင်းအားဖြင့် မိမိ၏ခမည်းတော်နိုင်ငံတွင် ကိုယ်တော်နှင့်အတူတွဲဖက်ဘုရင်များဖြစ်လာရန် သူတို့ကိုပြင်ဆင်ပေးလျက်ရှိသည်။
ဥပမာအားဖြင့် ယေရှုသည်အခြားနယ်မြေများသို့တပည့်ဖြစ်စေခြင်းလုပ်ငန်းကို ဦးတည်ရန်ရှောလု (နောက်ပိုင်းသူ၏ရောမနာမည်ပေါလုဖြင့်ပိုသိလာ) ကိုရွေးချယ်သည်။ ရှောလုသည်ဘုရားပညတ်အတွက် ဇွဲရှိသူဖြစ်သည်။ သို့သော်ငြားလည်း သူသည်ဂျူးဘာသာရေးခေါင်းဆောင်များကြောင့် လမ်းလွဲခဲ့ရသည်။ ရလဒ်အနေနှင့် ရှောလုသည်သတေဖန်ကို သတ်ရာတွင်သဘောတူရုံမက ယဇ်ပုရောဟိတ်ကယာဖထံမှ အခွင့်အာဏာနှင့် ဒမာသက်မြို့တွင်သူတွေ့သော ယေရှုနောက်လိုက်ယောက်ျား၊ မိန်းမမည်သူမဆိုကို ဖမ်းဆီးကာယေရုရှလင်သို့ ခေါ်ဆောင်လာရန်သွားလေသည်။ သို့သော်၊ ရှောလုသွားစဉ် တောက်ပသောအလင်းသည် သူ့ပတ်လယ်၌ရုတ်တရက်ထွန်းလင်းကာ သူသည်မြေပေါ်သို့လဲကျလေသည်။
“ရှောလု၊ ရှောလု၊ အဘယ်ကြောင့်ငါ့ကိုညှဉ်းဆဲသနည်း” ဟုမြင်၍မရသူထံမှ လာသောအသံကမေး၏။ “သခင်၊ ကိုယ်တော်သည်အဘယ်သူနည်း” ဟုရှောလုမေးလေသည်။
“ငါကားသင်ညှဉ်းဆဲသောယေရှုဖြစ်သတည်း” ဟုပြန်ဖြေသည်။
အံ့ဖွယ်အလင်းအားဖြင့် မျက်စိကွယ်နေသူရှောလုသည် ဒမာသက်မြို့သို့ဝင်၍ ညွှန်ကြားမှုကိုစောင့်နေရန် ယေရှု၏မိန့်ဆိုခြင်းခံရသည်။ ထိုအခါ တပည့်တော်တစ်ဦးဖြစ်သူ အာနနိထံ ယေရှုသည်ရူပါရုံဖြင့်ပေါ်ထွန်းလေသည်။ ရှောလုနှင့်စပ်လျဉ်း၍ ယေရှုသည်အာနနိကို ဤသို့ဆိုသည်။ “ထိုသူကားတစ်ပါးအမျိုးသားတို့နှင့် ရှင်ဘုရင်တို့ထံသို့လည်းကောင်း၊ ဣသရေလအမျိုးသားတို့ရှိရာသို့လည်းကောင်း ငါ၏နာမကိုပို့ဆောင်စေခြင်းငှာ ငါရွေးကောက်သောတန်ဆာဖြစ်၏။”
အမှန်ပင်၊ ယေရှု၏ကျောထောက်နောက်ခံဖြင့် ရှောလု (ယခုပေါလုဟုသိကြသူ) နှင့်အခြားဧဝံဂေလိဟောပြောသူတို့သည် သူတို့၏ဟောပြောသွန်သင်ခြင်းလုပ်ငန်းတွင် ကြီးမားစွာအောင်မြင်သည်ကို သိမှတ်ကြသည်။ အမှန်ဆိုရသော် ဒမာသက်မြို့သို့သွားရာလမ်းတွင် သူ့ကိုယေရှုထင်ရှားပြပြီးနောက် ၂၅ နှစ်ခန့်တွင် ပေါလုက “သတင်းကောင်း” သည် “ကောင်းကင်အောက်၌ရှိသမျှသောဝေနေယျသတ္တဝါတို့အားဟောပြော” ခဲ့ပြီဟုရေးသားခဲ့သည်။
နှစ်ပေါင်းများစွာလွန်ပြီးနောက် ယေရှုသည်မိမိ၏ချစ်လှစွာသော တမန်တော်ယောဟန်အား ရူပါရုံများတစ်ခုပြီးတစ်ခုပေးလေသည်။ သမ္မာကျမ်းစာဗျာဒိတ်ကျမ်းတွင် ယောဟန်ဖော်ပြထားသည့် ဤရူပါရုံများအားဖြင့် အမှန်ပင် သူသည်နိုင်ငံတော်အာဏာဖြင့် ယေရှုပြန်ကြွလာခြင်းကို တွေ့မြင်ရသည်။ ယောဟန်က “ဝိညာဉ်တော်အားဖြင့်” “သခင်ဘုရားနေ့” သို့သူပို့ဆောင်ခံရကြောင်းဆို၏။ ဤ “နေ့” ကားအဘယ်နည်း။
နောက်ဆုံးနေ့ရက်နှင့်ပတ်သက်သောယေရှု၏ ပရောဖက်ပြုချက်အပါအဝင် ကျမ်းစာပရောဖက်ပြုချက်ကို ဂရုစိုက်လေ့လာခြင်းဖြင့် ဤ “သခင်ဘုရားနေ့” သည်သမိုင်းတွင်ရစ်သော ၁၉၁၄ ခုနှစ်တွင်စတင်ကြောင်းဖော်ပြသည်။ မှန်ပါသည်။ ဤလူမျိုးဆက်အတွင်း၌ပင်ဖြစ်သည်။ ထိုကြောင့် ၁၉၁၄ ခုနှစ်တွင်ယေရှုသည်မျက်မြင်မရနည်းဖြင့် ပြန်လာသည်။ လူထုကြွေးကြော်သံများနှင့်မဟုတ်ဘဲ ကိုယ်တော်၏သစ္စာရှိကျေးကျွန်များသာ ကိုယ်တော်ပြန်ကြွလာသည်ကို သတိပြုမိကြသည်။ ထိုနှစ်၌ ယေဟောဝါရှင်သည် ယေရှုအားကိုယ်တော်၏ရန်သူအလယ်၌ အုပ်စိုးရန်အမိန့်ပေးခဲ့သည်။
မိမိခမည်းတော်၏အမိန့်ကို နာခံလျက် ယေရှုသည်စာတန်နှင့်သူ၏နတ်ဆိုးများကို ကမ္ဘာမြေကြီးသို့ချလိုက်ခြင်းဖြင့် ကောင်းကင်တွင်ရှင်းလင်းရေးပြုလုပ်လေသည်။ ဤအဖြစ်အပျက်ကို ရူပါရုံတွင်တွေ့မြင်ပြီးနောက် ယောဟန်သည်ကောင်းကင်၌ကြွေးကြော်သံကို ကြားရလေသည်။ “ယခုမှာကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ဘုရားသခင်၏နိုင်ငံတော်နှင့်သူ၏ခရစ်တော်၏အာဏာတော်စက်လည်းဖြစ်၏။” မှန်ပါသည်။ ၁၉၁၄ ခုနှစ်တွင်ခရစ်တော်သည် ဘုရင်အဖြစ်စတင်အုပ်စိုးလေပြီ။
ကောင်းကင်ဘုံတွင် ယေဟောဝါအားဝတ်ပြုသူများအတွက်မည်မျှသတင်းကောင်းပါတကား။ သူတို့က “ကောင်းကင်နှင့်ကောင်းကင်သားတို့ရွှင်လန်းကြလော့” ဟုတိုက်တွန်းလေသည်။ သို့သော် မြေကြီးပေါ်ရှိ သူများအတွက်အခြေအနေမည်သို့နည်း။ “မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည်မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီ” ဟုကောင်းကင်မှအသံလာလေသည်။
ကျွန်ုပ်တို့သည် ယခုပင်ထိုတိုတောင်းသောအချိန်တွင်ရောက်နေ၏။ လူတို့သည် ဘုရားသခင့်ကမ္ဘာသစ်ထဲသို့ဝင်မည့်ဘက် (သို့) ဖျက်ဆီးခံရမည့်ဘက်သို့ လောလောဆယ်ခွဲခြားခံနေရသည်။ အမှန်တရားမှာ၊ ခရစ်တော်၏ညွှန်ကြားမှုအောက်ကမ္ဘာတစ်ဝန်းဟောပြောနေသော ဘုရားသခင်နိုင်ငံတော်သတင်းကောင်းကို သင်မည်သို့တုံ့ပြန်ပုံအားဖြင့် သင့်ကြမ္မာကိုယခုအဆုံးအဖြတ်ပေးလျက်ရှိသည်။
လူမျိုးတို့ကိုခွဲခြားခြင်းပြီးဆုံးသည့်အခါ ယေရှုခရစ်သည် စာတန်၏မြေကြီးစနစ်အစီအစဉ်အားလုံးနှင့် ၄င်းကိုထောက်ခံသူများကိုဖယ်ရှားပစ်ရန် ဘုရား၏ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မည်။ ယေရှုသည် ဤသို့ဆိုးယုတ်မှုအားလုံးကို ဖယ်ရှားခြင်းအား သမ္မာကျမ်းစာတွင် ဟာမဂေဒုန် (သို့) အာမဂေဒုန်ဟုခေါ်သည့် စစ်ပွဲတွင်ပြီးမြောက်စေမည်။ ထိုနောက်၊ ယခုစကြဝဠာတွင် ယေဟောဝါဘုရားရှင်ပြီးလျှင်အကြီးဆုံးဖြစ်သူ ယေရှုသည်စာတန်နှင့်သူ၏နတ်ဆိုးတို့အား ဖမ်းချုပ်ကာ အသေကဲ့သို့မလှုပ်ရှားနိုင်သောအခြေအနေဖြစ်သည့် “တွင်းနက်” ကြီးထဲ၌အနှစ်တစ်ထောင်ချုပ်နှောင်ထားမည်။ တမန်တော် ၇:၅၅–၆၀၊ ၈:၁–၃၊ ၉:၁–၁၉၊ ၁၆:၆–၁၀။ ဆာလံ ၁၁၀:၁၊ ၂။ ဟေဗြဲ ၁၀:၁၂၊ ၁၃။ ၁ ပေတရု ၃:၂၂။ လုကာ ၂၂:၂၈–၃၀။ ကောလောသဲ ၁:၁၃၊ ၂၃။ ဗျာဒိတ် ၁:၁၊ ၁၀၊ ၁၂:၇–၁၂၊ ၁၆:၁၄–၁၆၊ ၂၀:၁–၃။ မဿဲ ၂၄:၁၄၊ ၂၅:၃၁–၃၃။
◆ ယေရှုကောင်းကင်သို့တက်ကြွပြီးနောက် မည်သည့်နေရာတွင်နေပြီး အဘယ်အရာကိုစောင့်ဆိုင်းနေသနည်း။
◆ ကောင်းကင်သို့တက်ပြီးနောက် မည်သူများအပေါ်ကိုယ်တော်အုပ်စိုးသနည်း။ ကိုယ်တော်အုပ်စိုးကြောင်း မည်သို့ထင်ရှားသနည်း။
◆ “သခင်ဘုရားနေ့” မည်သည့်အချိန်၌စခဲ့ပြီး၊ ယင်း၏အစတွင်ဘာဖြစ်ခဲ့သနည်း။
◆ ယနေ့ကျွန်ုပ်တို့တစ်ဦးစီအပါအဝင်လူတိုင်းကို ထိခိုက်နေသောမည်သည့်ခွဲခြားခြင်းလုပ်ငန်းသည် ဆက်၍လုပ်နေပြီး၊ ခွဲခြားခြင်းလုပ်ငန်းကို အဘယ်အခြေခံအပေါ်ပြုလုပ်နေသနည်း။
◆ ခွဲခြားခြင်းလုပ်ငန်းပြီးစီးသည့်အခါ မည်သည့်ဖြစ်ရပ်များဖြစ်မည်နည်း။