သုံးနှုန်းပြောဆိုဆဲ ဘာသာစကားများကို “ပြောဆို” သည့် စာအုပ်တစ်အုပ်
စာအုပ်တစ်အုပ်ကို ရေးသားထားသည့်ဘာသာစကားတစ်ရပ်သည် သုံးနှုန်းပြောဆိုခြင်းမရှိတော့လျှင် အဆိုပါစာအုပ် တိမ်မြုပ်ပျောက်ကွယ်သွားသည်သာ များသည်။ ကျမ်းစာရေးသားရာတွင်အသုံးပြုခဲ့သည့် ရှေးခေတ်ဘာသာစကားများကို ယနေ့ ဖတ်ရှုနိုင်သူ အနည်းငယ်သာရှိသည်။ သို့ဖြစ်လျက်ပင် ကျမ်းစာသည် ရှင်သန်လျက်ပင်။ ယင်းဆက်၍တည်တံ့နေခြင်းမှာ လူသားတို့၏ သုံးနှုန်းပြောဆိုဆဲဘာသာစကားများကို “ပြောတတ်” လာခဲ့သောကြောင့်တည်း။ အခြားဘာသာစကားများပြောတတ်ရန် ယင်းကို “သင်ပြပေးခဲ့” ကြသည့် ဘာသာပြန်တို့သည် ရံဖန်ရံခါ ကျော်လွှားနိုင်ပုံမရှိသော အဟန့်အတားများကို ရင်ဆိုင်ခဲ့ကြရသည်။
အခန်းကြီး ၁,၁၀၀ ကျော်နှင့် အခန်းငယ် ၃၁,၀၀၀ ကျော်ပါဝင်သော ကျမ်းစာကို ဘာသာပြန်ဖို့ဆိုသည်မှာ မဟာ့မဟာတာဝန်ကြီးတစ်ခုဖြစ်သည်။ သို့သော် ရာစုနှစ်များတစ်လျှောက် သစ္စာနှံထားသောဘာသာပြန်များသည် အဆိုပါစိန်ခေါ်ချက်ကို ဝမ်းပန်းတသာ လက်ခံခဲ့ကြသည်။ ဤသူတို့အထဲမှ အများသည် ဆင်းရဲဒုက္ခများခံဖို့၊ မိမိတို့၏လုပ်ဆောင်မှုအတွက် အသက်အစတေးခံဖို့ပင် အသင့်ရှိခဲ့ကြသည်။ ကျမ်းစာကို လူတို့ပြောဆိုသုံးနှုန်းသည့်ဘာသာစကားများသို့ ပြန်ဆိုခဲ့ပုံသမိုင်းကြောင်းသည် ဇွဲနှင့် တီထွင်ဉာဏ်ဆိုင်ရာ အလွန်ထူးခြားသည့် မှတ်တမ်းတစ်ခုပင်။ စိတ်ဝင်စားမှုကို လှုံ့ဆော်သော ထိုမှတ်တမ်း၏ ကဏ္ဍငယ်လေးတစ်ခုကိုသာ သုံးသပ်ကြည့်ပါလေ။
ဘာသာပြန်တို့ရင်ဆိုင်ရသည့် စိန်ခေါ်ချက်များ
စာအုပ်တစ်အုပ်ကို အရေးအသားအက္ခရာမရှိသည့် ဘာသာစကားတစ်ခုသို့ သင်မည်သို့ ဘာသာပြန်မည်နည်း။ ကျမ်းစာဘာသာပြန်များစွာတို့သည် ဤစိန်ခေါ်ချက်ကို အမှန်ပင်ရင်ဆိုင်ခဲ့ကြရသည်။ ဥပမာ၊ စီ.အီး. စတုတ္ထရာစုမှ အူလ်ဖလပ်စ်သည် ထိုစဉ်က အရေးအသားမရှိသော်လည်း ခေတ်သစ်ဘာသာစကားတစ်ခုဖြစ်ခဲ့သော ဂေါ့သ်ဘာသာစကားသို့ ကျမ်းစာကို စ၍ဘာသာပြန်ခဲ့သည်။ အူလ်ဖလပ်စ်သည် ဂရိနှင့်လက်တင်အက္ခရာများကို အဓိကအခြေခံကာ ဂေါ့သ်အက္ခရာ ၂၇ လုံးကို တီထွင်လိုက်ခြင်းဖြင့် အဆိုပါစိန်ခေါ်ချက်ကို ကျော်လွှားနိုင်ခဲ့သည်။ ကျမ်းစာတစ်အုပ်လုံးနီးပါးကို ဂေါ့သ်ဘာသာစကားသို့ သူပြန်ဆိုမှုသည် စီ.အီး. ၃၈၁ မတိုင်မီအပြီးသတ်ခဲ့သည်။
နဝမရာစုတွင် ထူးချွန်သော စာပေပညာရှင်နှင့် ဘာသာဗေဒပညာရှင်များဖြစ်ကြ သော ဂရိစကားပြောညီနောင်နှစ်ဦးဖြစ်သူ စိရယ်လ် (အမည်ရင်း ကွန်စတင်တိုင်း) နှင့် မီသိုဒီယက်စ်တို့သည် ကျမ်းစာကို ဆလာဗ်စကားပြောသူများအတွက် ဘာသာပြန်လိုခဲ့ကြသည်။ သို့သော် ယနေ့ဆလာဗ်ဘာသာစကားများ၏ ရှေ့ပြေးဖြစ်သော ဆလာဗ်ဗိုနစ်ဘာသာစကားတွင် အရေးအသားအက္ခရာမရှိချေ။ ထို့ကြောင့် ညီနောင်နှစ်ဦးသည် ဘာသာပြန်ကျမ်းတစ်ဆူကို ထုတ်လုပ်နိုင်ရန် အက္ခရာစဉ်တစ်ခုကို တီထွင်ခဲ့ကြသည်။ သို့နှင့် ကျမ်းစာသည် ယခု ပို၍များသောလူများ၊ ဆလာဗ်အသိုင်းအဝိုင်းရှိသူများအား “ပြောဆို” နိုင်လေသည်။
၁၆ ရာစုတွင် ဝီလျံတင်ဒေးသည် ကျမ်းစာကို မူရင်းဘာသာစကားများမှ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဖို့ အစချီခဲ့သည်၊ သို့သော် သူသည် ချာ့ချ်နှင့် နိုင်ငံတော်၏အပြင်းအထန်ဆန့်ကျင်ကန့်ကွက်မှုကို ရင်ဆိုင်ခဲ့ရသည်။ အောက်စ်ဖို့ဒ်တွင်ပညာသင်ယူခဲ့သည့် တင်ဒေးသည် “ထယ်ထိုးသည့် လုလင်တစ်ယောက်” ပင်နားလည်နိုင်သည့် ဘာသာပြန်ကျမ်းတစ်ဆူကို ပေါ်ထွက်စေလိုခဲ့သည်။၁ သို့သော် ယင်းအထမြောက်ဖို့ သူ၏အင်္ဂလိပ် “ဓမ္မသစ်ကျမ်း” ကို ၁၅၂၆ ခုနှစ်တွင် ပုံနှိပ်ခဲ့သည့်အရပ်ဖြစ်သော ဂျာမနီသို့ ထွက်ပြေးခဲ့ရသည်။ ကျမ်းများကို အင်္ဂလန်သို့ တိတ်တဆိတ်တင်သွင်းသည့်အခါ အာဏာပိုင်များသည် အလွန်ဒေါသထွက်ရာ ယင်းတို့ကို လူထုရှေ့တွင် စတင်ပြီးမီးရှို့လာသည်အထိ ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် တင်ဒေးခမျာ သစ္စာဖောက်ခံလိုက်ရသည်။ လည်ညှစ်သတ်ကာ ခန္ဓာကိုယ်ကို မီးရှို့မခံရမီလေးတွင် အသံကျယ်ကျယ်ဖြင့် ဤစကားများကို နှုတ်မြွက်သွားလေသည်– “အရှင်ဘုရား၊ အင်္ဂလန်ဘုရင်ရဲ့ မျက်စိတွေကို ဖွင့်ပေးတော်မူပါ!”၂
ကျမ်းစာဘာသာပြန်မှုသည် ဆက်သွားခဲ့သည်; ဘာသာပြန်တို့အနေဖြင့် ရပ်ပစ်လိုက်ကြမည်ဟုတ်ပါ။ ၁၈၀၀ ပြည့်နှစ်အရောက်တွင် ယုတ်စွအဆုံး ကျမ်းစာအစိတ်အပိုင်းများသည် ဘာသာစကား ၆၈ မျိုးဖြင့် “ပြောတတ်” လာသည်။ သို့နှင့် ကျမ်းစာအဖွဲ့အစည်းများ—အထူးသဖြင့် ၁၈၀၄ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ဗြိတိသျှနှင့်နိုင်ငံခြား ကျမ်းစာအဖွဲ့အစည်း—ကို ဖွဲ့စည်းလိုက်ခြင်းကြောင့် ကျမ်းစာသည် နောက်ထပ်ဘာသာစကားအသစ်များကိုပင် အလျင်အမြန် “တတ်” လာလေသည်။ ရာနှင့်ချီသော လူငယ်များစွာတို့သည် သာသနာပြုများအနေနှင့် တိုင်းတစ်ပါးသို့ ဆန္ဒအလျောက်သွားခဲ့ကြရာ အများစု၏အဓိကရည်ရွယ်ချက်မှာ ကျမ်းစာကို ဘာသာပြန်ဖို့ဖြစ်သည်။
အာဖရိကဘာသာစကားများကို သင်ယူခြင်း
၁၈၀၀ ပြည့်နှစ်တွင် အာဖရိက၌ အရေးအသားရှိသောဘာသာစကား တစ်ဒါဇင်ခန့်သာရှိသည်။ ရာနှင့်ချီ အခြား ပြောဆိုသောဘာသာစကားတို့သည် ရေးထုံးကို တစ်စုံတစ်ယောက်က တီတွင်သည့်အထိ စောင့်နေခဲ့ရသည်။ သာသနာပြုများရောက်လာကာ သင်ပုန်းကြီးစာအုပ်များ သို့မဟုတ် အဘိဓာန်များ၏ ထောက်ကူမှုမရှိဘဲ ဘာသာစကားများကို သင်ယူခဲ့ကြသည်။ ထို့နောက် သူတို့သည် အရေးအသားပုံစံတစ်ခုကို ကြိုးစားပမ်းစား ဖော်ထုတ်ခဲ့ကြပြီးနောက် စာဖတ်နည်းကို လူများအား သင်ပေးခဲ့ကြသည်။ တစ်နေ့နေ့တွင် လူတို့သည် ကျမ်းစာကို မိမိတို့ဘာသာစကားဖြင့် ဖတ်နိုင်ရန် ဤသို့လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။၃
ဤကဲ့သို့သော သာသနာပြုတစ်ယောက်မှာ ရောဘတ်မောဖက်အမည်ရှိ စကော့လူမျိုးတစ်ဦးဖြစ်သည်။ ၁၈၂၁ ခုနှစ်တွင် အသက် ၂၅ နှစ်အရွယ်ရှိ မောဖက်သည် အာဖရိကတောင်ပိုင်း တစွာနာစကားပြော လူများထဲတွင် အဖွဲ့တစ်ဖွဲ့ကို စတင်ဖွဲ့စည်းလိုက်သည်။ သူသည် သူတို့၏အရေးအသားမရှိသော ဘာသာစကားကို သင်ယူဖို့ ထိုလူမျိုးတို့နှင့် ရောနှောခဲ့သည်၊ တစ်ခါတစ်ရံတွင် သူတို့နှင့်အတူနေထိုင်ရန် ကုန်းတွင်းပိုင်းသို့ ခရီးနှင်ခဲ့သည်။ နောက်ပိုင်းတွင် သူက “လူတွေဟာ ကြင်နာမှုရှိကြတယ်၊ ကျွန်တော်စကားပြောမှားမိတဲ့အခါ တော်တော်များများအတွက် ခွက်ထိုးခွက်လန်ရယ်စရာဖြစ်စေခဲ့တယ်။ သူ ဒါမှမဟုတ် သူမဟာ တခြားသူတွေတကယ့်ကို ပျော်ရွှင်ရယ်မောစရာဖြစ်စေဖို့ ကျွန်တော်.ရဲ့မူလပြောဆိုပုံကို ထိရောက်စွာမတုပနိုင်မချင်း စကားလုံးတစ်လုံးကိုဖြစ်စေ၊ ဝါကျတစ်ကြောင်းကိုဖြစ်စေ ဘယ်တော့မှမပြုပြင်ပေးပါ” ဟုသူရေးသားခဲ့သည်။၄ မောဖက်သည် ဇွဲရှိရှိသင်ယူခဲ့ရာ ဘာသာစကားကို နောက်ဆုံး တတ်ကျွမ်းသွားကာ ယင်းအတွက် အရေးအသားပုံစံတစ်ခုကို ပေါ်ထွက်စေခဲ့သည်။
တစွာနာတို့ကြားတွင် ရှစ်နှစ်တိုင် လုပ်ဆောင်ခဲ့ပြီးနောက် ၁၈၂၉ ခုနှစ်တွင် မောဖက်သည် လုကာခရစ်ဝင်ကျမ်းကို ပြန်ဆိုပြီးစီးခဲ့သည်။ ယင်းကို ပုံနှိပ်ဖို့အတွက် မိုင် ၆၀၀ ခန့်ဝေးသည့် ကမ်းခြေသို့ နွားလှည်းဖြင့်သွားကာ ကိတ်တောင်းမြို့သို့ သင်္ဘောစီးခဲ့သည်။ ဤမြို့တွင် မြို့ဝန်က သူ့အား အစိုးရပုံနှိပ်စက်ကို အသုံးပြုခွင့်ပေးခဲ့သည်၊ သို့သော် မောဖက်သည် ကိုယ်တိုင် စာစီ၊ ကိုယ်တိုင်ပုံနှိပ်ခဲ့ရရာ နောက်ဆုံး ၁၈၃၀ ပြည့်နှစ်တွင် ဤခရစ်ဝင်ကျမ်းကို ပုံနှိပ်ထုတ်ဝေခဲ့လေသည်။ တစွာနာတို့သည် မိမိတို့၏ဘာသာစကားဖြင့် ကျမ်းစာအစိတ်အပိုင်းတစ်ခုကို ဦးဆုံးအကြိမ်ဖတ်ရှုနိုင်ခဲ့သည်။ ၁၈၅၇ ခုနှစ်တွင် မောဖက်သည် တစွာနာဘာသာဖြင့် ကျမ်းစာတစ်အုပ်လုံးဘာသာပြန်ဆိုမှုကို အပြီးသတ်ခဲ့သည်။
လုကာခရစ်ဝင်ကျမ်းကို တစွာနာတို့ဦးဆုံးရရှိခဲ့ချိန်တွင် သူတို့၏တုံ့ပြန်မှုကို မောဖက်က နောက်ပိုင်းတွင် ဖော်ပြသည်။ သူက ဤသို့မှတ်ချက်ချခဲ့သည်– “စိန့်လုကာကျမ်းကို ရယူဖို့ မိုင်ပေါင်းရာနဲ့ချီတဲ့အကွာအဝေးကနေ လူတချို့လာကြကြောင်း ကျွန်တော်သိလိုက်ပါတယ်။ . . . စိန့်လုကာကျမ်းရဲ့ အစိတ်အပိုင်းတွေကို သူတို့ရလိုက်တဲ့အခါ ရင်မှာပိုက်ပြီး ငိုခဲ့ကြတယ်၊ ‘ခင်ဗျားတို့ရဲ့မျက်ရည်တွေနဲ့ စာအုပ်တွေပျက်စီးကုန်လိမ့်မယ်’ လို့ တစ်ယောက်ထက်မက ကျွန်တော်ပြောယူရတဲ့အထိ ကျေးဇူးတင်တဲ့မျက်ရည်တွေ ကျခဲ့ကြတယ်ဗျာ။”၅
သို့ဖြင့် မောဖက်ကဲ့သို့ သစ္စာနှံထားသောဘာသာပြန်တို့သည် အစတွင် အရေးအသားဘာသာစကားရှိဖို့လိုအပ်ကြောင်း သဘောမပေါက်ခဲ့ကြသော အာဖရိကန်လူမျိုးများစွာတို့ကို စာရေးသားခြင်းဖြင့် ဆက်သွယ်ခွင့်ကို ဦးဆုံးရရှိစေခဲ့ကြသည်။ သို့သော် ထိုဘာသာပြန်တို့က မိမိတို့သည် အာဖရိကလူထုထံ သာ၍တန်ဖိုးကြီးသောလက်ဆောင်ဖြစ်သည့် သူတို့၏ဘာသာစကားဖြင့် ကျမ်းစာကို ပေးကမ်းနေခြင်းဖြစ်ကြောင်း ခံယူထားကြသည်။ ယနေ့ဆိုလျှင် ကျမ်းစာသည် တစ်အုပ်လုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ အာဖရိကန်ဘာသာစကား ၆၀၀ ကျော်ဖြင့် “ပြောဆို” နေပါသည်။
အာရှဘာသာစကားများကို သင်ယူခြင်း
အာဖရိကရှိ ဘာသာပြန်တို့သည် စကားပြောသာရှိသည့် ဘာသာစကားများအတွက် အရေးအသား ပုံစံများကို ပေါ်လာစေရန် ကြိုးစားပမ်းစားလုပ်ဆောင်နေစဉ် ကမ္ဘာ့အခြားတစ်ဖက်တွင်လည်း အခြားဘာသာပြန်တို့သည် ရှုပ်ထွေးသည့် အရေးအသားအက္ခရာများရှိထားနှင့်သည့် ဘာသာစကားများသို့ ဘာသာပြန်ရသည့် လွန်စွာခြားနားသည့် အဟန့်အတားတစ်ခု ရင်ဆိုင်ခဲ့ကြရသည်။ ယင်းသည် အာရှဘာသာစကားများသို့ ကျမ်းစာကို ဘာသာပြန်ခဲ့ကြသူများရင်ဆိုင်ခဲ့ကြရသည့် စိန်ခေါ်ချက်မျိုးဖြစ်သည်။
၁၉ ရာစုနှစ်ဆန်းစတွင် ဝီလျံကယ်ရီနှင့် ဂျော့ရှုဝါ မာ့ရှ်မဲန်းတို့သည် အိန္ဒိယနိုင်ငံသို့သွား၍ ၎င်းဒေသ၏ အရေးအသားဘာသာစကားများစွာကို အထူးတတ်မြောက်ခဲ့ကြသည်။ ပုံနှိပ်သူ ဝီလျံဝါ့ဒ်၏အကူအညီဖြင့် ယုတ်စွအဆုံး ကျမ်းစာ၏တစ်စိတ်တစ်ဒေသကို ဘာသာစကား ၄၀ နီးပါးဖြင့် ဘာသာပြန်ထုတ်လုပ်ခဲ့ကြသည်။ ဝီလျံကယ်ရီနှင့်ပတ်သက်ပြီး စာရေးဆရာ ဂျေ. ဟာဘတ်ကိန်းက ဤသို့ရှင်းပြသည်– “သူသည် နှောင်းခေတ်ပုံစံတွင် အစားထိုးလိုက်သည့် စကားလှပြီး ပြောရလွယ်ကူသော [ဘန်ဂါလီ] အရပ်သုံးစကားပုံစံကို တီထွင်ခဲ့သည်၊ ဤသို့ဖြင့် ခေတ်သစ်စာဖတ်ပရိသတ်အတွက် ပို၍နားလည်လွယ်ကူပြီး ပို၍စိတ်ဝင်စားဖွယ်ကောင်းလာစေသည်။”
အမေရိကန်ပြည်ထောင်စုတွင် မွေးဖွားကြီးပြင်းလာသူ အဒိုနိုင်ရမ် ဂျပ်ဆင်သည် မြန်မာနိုင်ငံသို့ ခရီးထွက်ခဲ့ပြီး ၁၈၁၇ ခုနှစ်တွင် ကျမ်းစာကို မြန်မာဘာသာသို့ စတင်ပြန်ဆိုခဲ့သည်။ အရှေ့တိုင်းဘာသာစကားတစ်ခုသို့ ကျမ်းစာကို ဘာသာပြန်နိုင်သည့်အထိ တတ်ကျွမ်းရန် မည်မျှခက်ခဲလှကြောင်း ဖော်ပြရာတွင် သူဤသို့ရေးသားခဲ့သည်– ‘ကျွန်ုပ်တို့နှင့် ယူဆပုံတစ်ဖက်တစ်လမ်းစီဖြစ်သောကြောင့် ပြောဆိုသုံးနှုန်းပုံအားလုံးမှာ အသစ်အဆန်းဖြစ်သော၊ စာလုံးများနှင့် စကားလုံးများသည် ကျွန်ုပ်တို့တွေ့ခဲ့ဖူးသည့် မည်သည့်ဘာသာစကားနှင့်မဆို နည်းနည်းလေးမျှမတူသော ကမ္ဘာ့တစ်ဖက်ခြမ်းမှ လူတစ်မျိုးပြောဆိုသည့် ဘာသာစကားတစ်ခုကို ကျွန်ုပ်တို့သင်ယူခြင်း; ကျွန်ုပ်တို့တွင် အဘိဓာန် သို့မဟုတ် စကားပြန်မရှိဘဲ ဒေသခံဆရာတစ်ယောက်အကူအညီ မရနိုင်သေးမီ ဘာသာစကားကို အနည်းအကျဉ်းနားလည်အောင်လုပ်ရခြင်းသည် အကြီးအကျယ်အားထုတ်မှုဖြစ်သည်သာ!’
ဂျပ်ဆင်မှာမူ ၁၈ နှစ်ခန့် ဝီရိယစိုက်ထုတ်လုပ်ကိုင်ခဲ့ရသည်။ မြန်မာကျမ်းစာ၏ နောက်ဆုံးအပိုင်းကို ၁၈၃၅ ခုနှစ်တွင် ပုံနှိပ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံတွင်နေခြင်းသည် သူ့အတွက် အကြီးအကျယ်အနစ်နာခံစွန့်လွှတ်မှုဖြစ်သည်။ ဘာသာပြန်နေစဉ် သူလျှိုဟု စွပ်စွဲခံရကာ ခြင်ပေါများလှသည့် ထောင်တွင် နှစ်နှစ်နီးပါးမျှနေခဲ့ရသည်။ ထောင်မှထွက်လာပြီးမကြာခင်တွင် ဇနီးနှင့်သမီးငယ်တို့မှာ အဖျားဝင်ပြီး သေဆုံးသွားကြသည်။
အသက် ၂၅ နှစ်အရွယ် ရောဘတ်မိုရစ်စင်သည် ၁၈၀၇ ခုနှစ်တွင် တရုတ်ပြည်သို့ရောက်လာသောအခါ အရှုပ်ထွေးဆုံး အရေးအသားဘာသာစကားတစ်ခုဖြစ်သော တရုတ်ဘာသာစကားသို့ ကျမ်းစာကို ဘာသာပြန်သည့် အလွန်တစ်ရာမှခက်ခဲသောအလုပ်ကို တာဝန်ယူလုပ်ကိုင်ခဲ့သည်။ သူသည် လွန်ခဲ့သည့်နှစ်နှစ်ခန့်ကမျှ စတင်လေ့လာခဲ့သော တရုတ်စကားကို အနည်းငယ်သာသိနားလည်ထားသည်။ မိုရစ်စင်သည် တရုတ်ပြည်၏သီးသန့်ကမ္ဘာဖြစ်ရေးကို ထိန်းသိမ်းထားသော တရုတ်ဥပဒေနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ နိုင်ငံခြားသားများအား တရုတ်စကားသင်ပေးလျှင် သေဒဏ်ခံရမည်ဟု ပြဋ္ဌာန်းကာ တရုတ်ပြည်သူများကို တားမြစ်ထားသည်။ နိုင်ငံခြားသားတစ်ယောက်အနေနှင့် ကျမ်းစာကို တရုတ်ဘာသာစကားသို့ပြန်ဆိုခြင်းသည် သေဒဏ်သင့်သော ပြစ်မှုတစ်ခုဖြစ်သည်။
မိုရစ်စင်သည် သတ္တိကို သတိနှင့်ယှဉ်ကာ ထိုဘာသာစကားကို ဆက်ပြီးသင်ယူရာ အလျင်အမြန်တတ်လာလေသည်။ နှစ်နှစ်အတွင်း အရှေ့အိန္ဒိယကုမ္ပဏီ၏ ဘာသာပြန်အဖြစ် အလုပ်ရခဲ့သည်။ သူသည် ကုမ္ပဏီအတွက် နေ့အခါအလုပ်လုပ်၍ တစ်ဖက်တွင် မပြတ်ထောက်လှမ်းနေသည့်အန္တရာယ်ကြားမှ လျှို့ဝှက်စွာဖြင့် ကျမ်းစာဘာသာပြန်ခြင်းကို ဆက်လက်လုပ်ကိုင်ခဲ့သည်။ တရုတ်ပြည်သို့သူရောက်ပြီး ခုနစ်နှစ်အကြာဖြစ်သည့် ၁၈၁၄ ခုနှစ်တွင် ခရစ်ယာန်ဂရိကျမ်းကို ပုံနှိပ်ဖို့ အသင့်ဖြစ်နေလေသည်။၉ နောက်ငါးနှစ်အကြာတွင် ဝီလျံမေးလ်န်အကူအညီဖြင့် ဟေဗြဲကျမ်းစောင်များကို ပြီးစီးခဲ့သည်။
မဟာအောင်မြင်မှုကြီးတစ်ရပ်ပင်—ယခုအခါ ကျမ်းစာသည် ကမ္ဘာပေါ် မည်သည့်စကားထက်မဆို လူအများဆုံး အသုံးပြုသည့် ဤဘာသာစကားဖြင့် “ပြောဆို” နိုင်လေပြီ။ ကျွမ်းကျင်သောဘာသာပြန်များ၏ကျေးဇူးကြောင့် အခြားအာရှဘာသာစကားများဖြင့် ဘာသာပြန်ကျမ်းများ နောက်ထပ်ပေါ်ထွက်လာပါသည်။ ယနေ့ဆိုလျှင် ကျမ်းစာအစိတ်အပိုင်းများကို အာရှသုံးဘာသာစကား ၅၀၀ ကျော်ဖြင့် ဖတ်ရှုနိုင်ပေပြီ။
တင်ဒေး၊ မောဖက်၊ ဂျပ်ဆင်နှင့် မိုရစ်စင်တို့ကဲ့သို့သော အမျိုးသားများသည်—အချို့ဆိုလျှင် မိမိတို့၏အသက်ကို အစတေးပင်ခံကာ—မိမိတို့မသိမကျွမ်းသော၊ အချို့အဖြစ်အပျက်များတွင် အရေးအသားဘာသာစကားမရှိသော လူများအတွက် စာအုပ်တစ်အုပ်ကို ဘာသာပြန်ဖို့ နှစ်နှင့်ချီပြီး အဘယ်ကြောင့် ကြိုးစားခဲ့ကြပါသနည်း။ ဂုဏ်တက်ဖို့ သို့မဟုတ် ငွေကြေးအမြတ်အစွန်းရဖို့မဟုတ်သည်မှာ သေချာသည်။ သူတို့က ကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပါဌ်တော်ဖြစ်ကြောင်း၊ ယင်းသည် လူများ—လူအားလုံး—ကို သူတို့၏ကိုယ်စီဘာသာစကားဖြင့် “ပြောဆို” သင့်ကြောင်း ယူမှတ်ခဲ့ကြသည်။
ကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပါဌ်တော်ဖြစ်သည်ဟု သင်ယူမှတ်သည်ဖြစ်စေ၊ မယူမှတ်သည်ဖြစ်စေ အဆိုပါသစ္စာနှံထားသောဘာသာပြန်များ ပြသခဲ့သည့် ကိုယ်ကျိုးစွန့်စိတ်ဓာတ်မျိုးမှာ ယနေ့ကမ္ဘာပေါ်တွင် အလွန်ရှားပါသည်ဟု သင်သဘောတူပေမည်။ ဤကဲ့သို့သော ကိုယ်ကျိုးစွန့်မှုကို ဖြစ်ပေါ်စေသည့် စာအုပ်တစ်အုပ်ကို လေ့လာဆန်းစစ်ထိုက်သည် မဟုတ်ပေလော။
[စာမျက်နှာ ၁၂ ပါ ဇယား]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
၁၈၀၀ ပြည့်နှစ်ကတည်းက ကျမ်းစာအစိတ်အပိုင်းများအဖြစ် ပုံနှိပ်ခဲ့ပြီးဖြစ်သည့် ဘာသာစကားများ၏အရေအတွက်
၆၈ ၁၀၇ ၁၇၁ ၂၆၉ ၃၆၇ ၅၂၂ ၇၂၉ ၉၇၁ ၁,၁၉၉ ၁,၇၆၂ ၂,၁၂၃
၁၈၀၀ ၁၉၀၀ ၁၉၉၅
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ကျမ်းစာ ဘာသာပြန်နေသည့် တင်ဒေး
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
ရောဘတ်မောဖက်
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
အဒိုနိုင်ရမ်ဂျပ်ဆင်
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ရောဘတ် မိုရစ်စင်