အခန်း တစ်
မျက်မှောက်ခေတ်သတင်း ကြေညာသော ရှေးခေတ် ပရောဖက်
၁၊ ၂။ (က) ယနေ့လောကတွင် အဘယ် ဝမ်းနည်းဖွယ် အဖြစ်သနစ်များကို ကျွန်ုပ်တို့ တွေ့မြင်နေရသနည်း။ (ခ) ယူ. အက်စ်. အထက်လွှတ်တော် အမတ်တစ်ဦးက လူ့အဖွဲ့အစည်း ပျက်စီးယိုယွင်းနေမှုနှင့်ပတ်သက်၍ သူ၏ စိုးရိမ်မှုကို မည်သို့ ဖော်ပြခဲ့သနည်း။
လူသားများ ရင်ဆိုင်ရသည့် ပြဿနာများမှ လွတ်ကင်းရန် မတောင့်တသူ ယနေ့ မည်သူ ရှိသနည်း။ သို့တိုင် ကျွန်ုပ်တို့၏ တောင့်တမှုများ မပြည့်သည်က များသည်! တမ်းတသည်က ငြိမ်သက်မှု၊ ရလာသည်က စစ်ဘေးစစ်ဒဏ်။ ကျွန်ုပ်တို့ မြတ်နိုးသည်က ငြိမ်ဝပ်ပိပြားမှု၊ တားမရနိုင်အောင် ဒီရေအလား တိုးလာသည်က ဓားပြတိုက်မှု၊ မုဒိမ်းမှုနှင့် လူသတ်မှု။ အိမ်နီးချင်းများကို ယုံကြည်စိတ်ချလိုသော်လည်း တံခါးသော့ခတ်ပြီး အကာအကွယ်ယူထားရသည်။ ကျွန်ုပ်တို့၏ ရင်သွေးလေးများကို ချစ်၍ အကျိုးပြုသော စံနှုန်းများကို ကြိုးစားသွတ်သွင်းပေးပါသော်လည်း အများအားဖြင့် ရွယ်တူချင်းတို့၏ အကျိုးယုတ်စေသော သြဇာလွှမ်းမိုးမှုအောက် ဒူးထောက်အညံ့ခံလိုက်စဉ် ဘာမျှ မလုပ်နိုင်ဘဲ ကြည့်နေကြရစမြဲပင်။
၂ လူ့တိုတောင်းသော အသက်တာသည် “ဒုက္ခနှင့် ပြည့်စုံပါ၏” ဟု ဆိုခဲ့သူ ယောဘနှင့် ကျွန်ုပ်တို့ လုံးလုံး သဘောတူကြပေမည်။ (ယောဘ ၁၄:၁) လူ့အဖွဲ့အစည်းသည် တစ်ခါမျှ မကြုံခဲ့ဖူးသည့် အတိုင်းအတာဖြင့် ပျက်စီးယိုယွင်းနေမှုကြောင့် ယင်းအဆိုသည် အထူးသဖြင့် ယနေ့နှင့် ကိုက်ညီနေပုံရသည်။ ယူ.အက်စ်. အထက်လွှတ်တော် အမတ်တစ်ဦးက ဤသို့ ပြောခဲ့သည်– “စစ်အေးတိုက်ပွဲသည် ယခု ပြီးဆုံးသွားပြီ၊ သို့သော် ဝမ်းနည်းဖွယ်ကောင်းသည်မှာ ယခုအခါ ကမ္ဘာကြီးသည် လူမျိုးစု၊ လူမျိုးနွယ်နှင့် ဘာသာရေးအရ လက်စားချေမှု၊ ရက်စက်ကြမ်းကြုတ်မှုတို့ အလွယ်တကူ ပေါက်ဖွားရာအရပ် ဖြစ်လာလေပြီ။ . . . ကျွန်ုပ်တို့၏ လူငယ်များ စိတ်ရှုပ်ထွေး၊ စိတ်ဓာတ်ကျပြီး အခက်အခဲ အကြီးအကျယ် တွေ့ကြရသည့်အထိ ကျွန်ုပ်တို့၏ စာရိတ္တစံနှုန်းများ ကျဆင်းခဲ့ပြီ။ ကျွန်ုပ်တို့သည် မိဘဝတ္တရား ပျက်ကွက်ခြင်း၊ ကွာရှင်းခြင်း၊ ကလေးကို မတော်မတရားပြုခြင်း၊ ဆယ်ကျော်သက် ကိုယ်ဝန်ရခြင်း၊ တစ်ဝက်တစ်ပျက်နှင့် ကျောင်းထွက်ခြင်း၊ တရားမဝင် မူးယစ်ဆေး သုံးစွဲခြင်းနှင့် လမ်းပေါ်အကြမ်းဖက်မှု တိုးများလာနေခြင်း ရလဒ်ကို ရိတ်သိမ်းနေကြရသည်။ ကျွန်ုပ်တို့၏ အိမ်သည် စစ်အေးမြေငလျင်ဘေးကြီးဒဏ်မှ လွတ်မြောက်ပြီးနောက် ယခု ခြစားခံနေရဘိသကဲ့သို့ ဖြစ်နေသည်။”
၃။ အဘယ်ကျမ်းသည် အထူးသဖြင့် အနာဂတ် မျှော်လင့်ချက် ပေးသနည်း။
၃ သို့ရာတွင် ကျွန်ုပ်တို့အား မျှော်လင့်ချက်မဲ့ မထားရစ်ခဲ့ပါ။ လွန်ခဲ့သော နှစ်ပေါင်း ၂,၇၀၀ ခန့်က ဘုရားသခင်သည် ကျွန်ုပ်တို့ခေတ်အတွက် အဓိပ္ပာယ်ထူး ရှိသည့် ပရောဖက်ပြုချက် စီးရီးများကို ဆင့်ဆိုရန် အရှေ့အလယ်ပိုင်းမှ လူတစ်ဦးအား မှုတ်သွင်းတော်မူခဲ့သည်။ ထိုသတင်းစကားများကို ထိုပရောဖက်၏ အမည်တပ်ထားသော ဟေရှာယကျမ်းတွင် မှတ်တမ်းတင်ထားသည်။ ဟေရှာယကား မည်သူနည်း၊ လွန်ခဲ့သော ထောင်စုနှစ် သုံးခုနီးပါးက မှတ်တမ်းတင်ခဲ့သော သူ၏ ပရောဖက်ပြုချက်သည် ယနေ့လူသားအားလုံးအတွက် အလင်းပေးသည်ဟု အဘယ်ကြောင့် ဆိုနိုင်သနည်း။
ကသောင်းကနင်းခေတ်တွင် ဖြောင့်မတ်သူတစ်ဦး
၄။ ဟေရှာယကား မည်သူနည်း၊ ယေဟောဝါ၏ ပရောဖက်အဖြစ် အဘယ်အချိန်တွင် အမှုဆောင်ခဲ့သနည်း။
၄ ဟေရှာယကျမ်း၏ ဦးဆုံးအခန်းငယ်တွင် သူက မိမိသည် “အာမုတ်၏သား”a ဖြစ်သည်ဟု မိတ်ဆက်ထားပြီး “ယုဒရှင်ဘုရင် ဩဇိမင်း၊ ယောသံမင်း၊ အာခတ်မင်း၊ ဟေဇကိမင်းတို့ လက်ထက်၌” ဘုရားသခင်၏ ပရောဖက်အဖြစ် အမှုဆောင်ခဲ့သည်ဟု ဆိုသည်။ (ဟေရှာယ ၁:၁) ဟေရှာယသည် ယုဒလူမျိုးအတွက် ဘုရားသခင့် ပရောဖက်အဖြစ် ၄၆ နှစ်ထက်မနည်း ဆက်တိုက် အမှုဆောင်ခဲ့သည့် အဓိပ္ပာယ်ပင်၊ ဩဇိမင်း နန်းသက်အဆုံးပိုင်း ဖြစ်သော ဘီ.စီ.အီး. ၇၇၈ ခန့်တွင် စတင်ခဲ့ဟန်ရှိသည်။
၅၊ ၆။ ဟေရှာယ၏ မိသားစုဘဝသည် မည်သို့သော ဘဝမျိုး ဖြစ်ခဲ့မည်နည်း၊ အဘယ်ကြောင့်နည်း။
၅ ကျွန်ုပ်တို့ သိထားသော အခြားပရောဖက်အချို့နှင့် နှိုင်းယှဉ်ကြည့်လျှင် ဟေရှာယ၏ ဘဝအတ္ထုပ္ပတ္တိကို အနည်းအကျဉ်းသာ သိရသည်။ သူသည် အိမ်ထောင်သည်တစ်ဦး ဖြစ်သည်၊ သူ့ဇနီးကို ‘ပရောဖက်မ’ အဖြစ် သူဖော်ပြခဲ့သည်ကို ကျွန်ုပ်တို့ သိရသည်။ (ဟေရှာယ ၈:၃) မက်ကလင်းတော့ခ်နှင့် စထရောင်းတို့ ရေးသားသော ကျမ်းစာ၊ သီအိုလိုဂျီနှင့်၊ ခရစ်ယာန်အသင်းစာပေစွယ်စုံကျမ်းအရ ယင်းသို့ မှတ်သားဖော်ပြခြင်းက ဟေရှာယ၏ အိမ်ထောင်သည်ဘဝသည် “သူ၏ လုပ်ငန်းနှင့် ကိုက်ညီရုံမက ယင်းနှင့် လက်ပွန်းတတီး ယှက်နွှယ်နေသည်” ဟု ဖော်ပြထားသည်။ ရှေးဣသရေလနိုင်ငံမှ ဘုရားတရား ကြည်ညိုသော အမျိုးသမီးအချို့နည်းတူ ဟေရှာယ၏ ဇနီးသည် သူမကိုယ်တိုင် ပရောဖက်ပြုရမည့် တာဝန် ရရှိထားခြင်း ဖြစ်ပေမည်။—တရားသူကြီး ၄:၄; ၄ ဓမ္မရာဇဝင် ၂၂:၁၄။
၆ ဟေရှာယနှင့် သူ့ဇနီးတွင် အနည်းဆုံး သားနှစ်ယောက် ရှိပြီး တစ်ဦးစီကို ပရောဖက်ပြုချက်ဆိုင်ရာ အဓိပ္ပာယ်ထူးရှိသည့် အမည်တစ်ခုစီ ပေးထားသည်။ ဟေရှာယက မင်းဆိုးအာခတ်အား ဘုရားသခင့် သတင်းစကားများကို ဆင့်ဆိုစဉ် သားဦး ရှာယာရှုပ်သည် သူနှင့်အတူ လိုက်ပါခဲ့သည်။ (ဟေရှာယ ၇:၃) ယင်းက ဟေရှာယနှင့် သူ၏ဇနီးတို့သည် ဘုရားသခင်အား ဝတ်ပြုမှုကို မိသားစုလိုက် လုပ်ရမည့် ကိစ္စတစ်ခု ဖြစ်ရန် ပြုခဲ့ကြောင်း ထင်ရှားသည်—ယနေ့ အိမ်ထောင်သည်မောင်နှံများအတွက် ပုံနမူနာကောင်းပင်!
၇။ ဟေရှာယခေတ်ရှိ ယုဒနိုင်ငံ၏ အခြေအနေများကို ဖော်ပြပါ။
၇ ဟေရှာယနှင့် သူ့မိသားစုသည် ယုဒသမိုင်းတွင် ကသောင်းကနင်း ဖြစ်နေချိန်အတွင်း အသက်ရှင်ခဲ့ကြသည်။ နိုင်ငံရေး မငြိမ်မသက်မှုသည် သာမန်အရာ၊ လာဘ်စားခြင်းကြောင့် တရားရုံးများ ဖောက်လွဲဖောက်ပြန် ဖြစ်နေကာ အရေခြုံမှုကြောင့် လူမှုအဖွဲ့အစည်းနှင့် တစ်သားတည်းဖြစ်သော ဘာသာရေးသည် အစိတ်စိတ်အမြွှာမြွှာ ကွဲနေသည်။ တောင်ထိပ်များသည် မှောက်မှားသော ဘုရားများ၏ ယဇ်ပလ္လင်များနှင့် ပြည့်နေသည်။ ဘုရင်အချို့ပင်လျှင် အယူမှားသော ဝတ်ပြုရေးကို ဦးဆောင်ဦးရွက် ပြုခဲ့ကြသည်။ ဥပမာ၊ အာခတ်သည် မိမိ၏ လက်အောက်ခံပြည်သူများ ရုပ်တုကိုးကွယ်နေသည်ကို ခွင့်ပြုထားရုံသာမကဘဲ ခါနာန်ဘုရား မောလုတ်အား ထုံးတမ်းအတိုင်း မိမိ၏ ရင်သွေးကို “မီးဖြင့်ပူဇော်” ခြင်းဖြင့် ယင်းတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သည်။b (၄ ဓမ္မရာဇဝင် ၁၆:၃၊ ၄; ၂ ရာဇဝင်ချုပ် ၂၈:၃၊ ၄) ယင်းတို့အားလုံးသည် ယေဟောဝါ ဘုရားသခင်နှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုးအလယ်တွင် ဖြစ်ပျက်ခဲ့ခြင်းတည်း!—ထွက်မြောက်ရာ ၁၉:၅-၈။
၈။ (က) ဘုရင်သြဇိနှင့် ယောသံတို့သည် အဘယ်ပုံနမူနာများ ချမှတ်ခဲ့ပြီး လူများသည် သူတို့၏ ဦးဆောင်မှုနောက် လိုက်လျှောက်ခဲ့သလော။ (ခ) ဟေရှာယသည် ပုန်ကန်သည့် လူများအလယ်တွင် ရဲရင့်မှုကို မည်သို့ ပြခဲ့သနည်း။
၈ ချီးမွမ်းစရာမှာ ဟေရှာယနှင့် တစ်ခေတ်တည်းသားအချို့—ရှင်ဘုရင်အချို့ အပါအဝင်—သည် စစ်မှန်သော ဝတ်ပြုရေး ထွန်းကားရန် ကြိုးစားခဲ့ကြသည်။ ယင်းတို့ထဲတွင် ‘ယေဟောဝါရှေ့တော်၌ တရားသော အမှုကို ပြု’ ခဲ့သူ ဘုရင်သြဇိ ပါဝင်သည်။ သို့တိုင် ထိုမင်းအုပ်စိုးချိန်တွင် လူများတို့သည် “မြင့်သောအရပ်တို့ . . . ၌ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ကြ၏။” (၄ ဓမ္မရာဇဝင် ၁၅:၃၊ ၄) ယောသံမင်းလည်း ‘ယေဟောဝါရှေ့တော်၌ တရားသော အမှုကို ပြု၏။’ သို့ရာတွင် “ပြည်သူပြည်သားတို့သည် မတရားသဖြင့် ပြုကြသေး၏။” (၂ ရာဇဝင်ချုပ် ၂၇:၁-၂) မှန်ပါသည်၊ ဟေရှာယ ပရောဖက်ပြု ဓမ္မအမှုဆောင်ချိန် အများစုတွင် ယုဒနိုင်ငံ၏ ဝိညာဉ်ရေးနှင့် ကိုယ်ကျင့်တရား အခြေအနေသည် အတော် ဆိုးရွားခဲ့သည်။ ခြုံကြည့်လိုက်လျှင် လူတို့သည် သူတို့၏ ဘုရင်များထံမှ အပြုသဘော သြဇာလွှမ်းမိုးမှု မှန်သမျှကို လျစ်လျူရှုခဲ့ကြသည်။ ဘုရားသခင့် သတင်းစကားကို ထိုခေါင်းမာသောသူများအား ဟောပြောခြင်းသည် လွယ်ကူသည့် တာဝန် မဟုတ်ကြောင်း နားလည်နိုင်ပါသည်။ သို့ဖြစ်စေကာမူ ယေဟောဝါက “ငါသည် အဘယ်သူကို စေလွှတ်ရမည်နည်း၊ ငါတို့အဖို့ အဘယ်သူ သွားမည်နည်း” ဟု မေးခွန်းထုတ်ခဲ့သည်။ ဟေရှာယသည် တုံ့ဆိုင်းမနေခဲ့ပါ။ သူ ဤသို့ ကြွေးကြော်ခဲ့သည်– “အကျွန်ုပ် ရှိပါ၏! အကျွန်ုပ်ကို စေလွှတ်တော်မူပါ။”—ဟေရှာယ ၆:၈။
ကယ်တင်ခြင်း သတင်းစကား
၉။ ဟေရှာယအမည်၏ အဓိပ္ပာယ်ကား အဘယ်နည်း၊ ယင်းသည် သူ့ကျမ်း၏ အဓိကအကြောင်းနှင့် မည်သို့ ဆက်စပ်မှု ရှိသနည်း။
၉ ဟေရှာယအမည်၏ အဓိပ္ပာယ်မှာ “ယေဟောဝါ၏ ကယ်တင်ခြင်း” ဖြစ်ပြီး ယင်းသည် သူ့သတင်းတရား၏ အဓိကအကြောင်းဟု ကောင်းစွာ ဆိုနိုင်သည်။ ဟေရှာယ ပရောဖက်ပြုချက်အချို့မှာ တရားစီရင်ချက်နှင့် ပတ်သက်သည်မှာ မှန်ပါသည်။ သို့တိုင် အဓိကအကြောင်း ဖြစ်သော ကယ်တင်ခြင်းသည် ပို၍ ပေါ်လွင်ထင်ရှားသည်။ ဟေရှာယက ယေဟောဝါ ချိန်းချက်ထားသည့်အချိန်တွင် ဣသရေလလူမျိုးကို ဗာဗုလုန် သုံ့ပန်းဘဝမှ ကယ်လွှတ်မည့်ပုံ၊ အကြွင်းအကျန်တို့ကို ဇိအုန်သို့ ပြန်ခွင့်ရစေကာ ပြည်တော်ကို ယခင် ခမ်းနားထည်ဝါမှုမျိုး ပြန်ပေးမည်တို့ကို ထပ်ခါတလဲ ပြောခဲ့သည်။ သူ မြတ်နိုးသော ယေရုရှလင်မြို့ကို ပြန်လည်တည်ထောင်ခြင်းနှင့်ပတ်သက်သော ပရောဖက်ပြုချက်များကို ဟောပြောရ၊ ရေးသားရသည့် အခွင့်အရေးသည် ဟေရှာယကို ကြီးစွာ ရွှင်လန်းမှု ဖြစ်စေခဲ့မည်မှာ သေချာသည်!
၁၀၊ ၁၁။ (က) ဟေရှာယကျမ်းသည် ယနေ့ ကျွန်ုပ်တို့အတွက် အဘယ်ကြောင့် စိတ်ဝင်စားဖွယ် ဖြစ်သနည်း။ (ခ) ဟေရှာယကျမ်းသည် မေရှိယကို မည်သို့ အာရုံစိုက်စေသနည်း။
၁၀ သို့သော် ထိုတရားစီရင်ခြင်းနှင့် ကယ်တင်ခြင်း သတင်းတရားများသည် ကျွန်ုပ်တို့နှင့် မည်သို့ ပတ်သက်သနည်း။ ဝမ်းသာစရာမှာ ဟေရှာယသည် ယုဒနှစ်နွယ်နိုင်ငံ၏ အကျိုးအတွက်သာ ပရောဖက်ပြုခြင်း မဟုတ်ပါ။ သို့အစား သူ၏ သတင်းတရားသည် ကျွန်ုပ်တို့ခေတ်အတွက် အထူးအဓိပ္ပာယ် ပါရှိသည်။ ဟေရှာယက မကြာမီ ဘုရားသခင့် နိုင်ငံတော်သည် ကျွန်ုပ်တို့ကမ္ဘာမြေကို ကြီးမားလှသည့် ကောင်းချီးများ မည်သို့ ဖြစ်စေမည့် ဘုန်းကျက်သရေနှင့် ပြည့်ဝသည့် သရုပ်သကန်ကို ခြယ်မှုန်းပေးခဲ့သည်။ ၎င်းနှင့်ပတ်သက်၍ ဟေရှာယ ရေးသားချက်များမှ အများစုသည် ဘုရားသခင့် နိုင်ငံတော်ဘုရင်အဖြစ် အုပ်ချုပ်မည့်၊ ကြိုဟောထားသည့် မေရှိယကို အာရုံစိုက်စေသည်။ (ဒံယေလ ၉:၂၅; ယောဟန် ၁၂:၄၁) ယေရှုနှင့် ဟေရှာယအမည်တို့၏ အဓိပ္ပာယ် တူညီသလောက် ဖြစ်ခြင်းသည် တိုက်ဆိုင်မှု မဟုတ်ကြောင်းသေချာသည်၊ ယေရှုအမည်၏ အဓိပ္ပာယ်မှာ “ယေဟောဝါသည် ကယ်တင်ခြင်း” ဖြစ်၏။
၁၁ ယေရှုသည် ဟေရှာယခေတ်မှ အနှစ်ခုနစ်ရာခန့် ကြာသည့်တိုင် မမွေးဖွားသေးချေ။ သို့သော် ဟေရှာယကျမ်းတွင် ပါသော မေရှိယနှင့်ပတ်သက်သည့် ပရောဖက်ပြုချက်များသည် ယေရှု၏ မြေကြီးအသက်တာ မှတ်တမ်းကို မျက်မြင်ကိုယ်တွေ့တစ်ဦးက ရေးထားဘိသကဲ့သို့ အလွန် အသေးစိတ်ကျပြီး အလွန် တိကျလှသည်။ ယင်းကို ထောက်ရှု၍ ဟေရှာယကျမ်းကို တစ်ခါတစ်ရံ “ငါးအုပ်မြောက် ခရစ်ဝင်ကျမ်း” ဟု ခေါ်ဆိုကြောင်း ပုဂ္ဂိုလ်တစ်ဦးက မှတ်သားထားခဲ့သည်။ ထို့ကြောင့် ယေရှုနှင့် ကိုယ်တော့် တမန်တော်များသည် မေရှိယ မည်သူမည်ဝါ ဖြစ်ကြောင်း အထင်အရှားပြရန် ဟေရှာယကျမ်းကို အများဆုံး ကိုးကားခဲ့သည်မှာ အံ့ဩစရာ မဟုတ်ပါ။
၁၂။ ကျွန်ုပ်တို့သည် ဟေရှာယကျမ်းကို အစပြုလေ့လာရန် အဘယ်ကြောင့် စိတ်အားထက်သန်သင့်သနည်း။
၁၂ “တရားသဖြင့် အုပ်စိုးသော ရှင်ဘုရင်တစ်ပါး” နှင့် မင်းသားမှူးမတ်တို့သည် တရားသဖြင့် အုပ်စိုးကြမည့်အချိန် “ကောင်းကင်သစ်နှင့် မြေကြီးသစ်” နှင့်ပတ်သက်သော ဘုန်းကျက်သရေနှင့် ပြည့်ဝသည့် သရုပ်သကန်ကို ဟေရှာယ ခြယ်မှုန်းဖော်ပြခဲ့သည်။ (ဟေရှာယ ၃၂:၁၊ ၂; ၆၅:၁၇၊ ၁၈; ၂ ပေတရု ၃:၁၃) ထို့ကြောင့် ဟေရှာယကျမ်းသည် နန်းထိုင်ဘုရင် မေရှိယယေရှုခရစ်လက်အောက်တွင်ရှိ ဘုရားသခင့် နိုင်ငံတော်ဆိုင်ရာ နှလုံးနွေးထွေးဖွယ် မျှော်လင့်ချက်ကို ဖော်ပြသည်။ နေ့စဉ်နေ့တိုင်း “[ယေဟောဝါ၏] ကယ်တင်တော်မူခြင်း” ကို ရွှင်လန်းစွာ မျှော်လင့်လျက် အသက်ရှင်ကြရန် ကျွန်ုပ်တို့အတွက် အားပေးမှုတစ်ရပ်ပင်! (ဟေရှာယ ၂၅:၉; ၄၀:၂၈-၃၁) ထို့ကြောင့် ဟေရှာယကျမ်းတွင် ပါရှိသော အဖိုးထိုက် သတင်းတရားကို စိတ်အားထက်သန်စွာ ဆန်းစစ်ကြည့်ကြစို့။ ကျွန်ုပ်တို့ ထိုသို့ ပြုလုပ်ပါက ဘုရားသခင့် ကတိတော်များအပေါ် ကျွန်ုပ်တို့၏ ယုံကြည်စိတ်ချမှုသည် အလွန် ခိုင်မာလာမည်။ ထို့အပြင် ယေဟောဝါသည် ကျွန်ုပ်တို့ကို အမှန် ကယ်တင်မည့် ဘုရား ဖြစ်ကြောင်း ကျွန်ုပ်တို့၏ ယုံကြည်စိတ်ချမှုကို ကြီးထွားလာစေရန် အကူအညီ ဖြစ်စေမည်။
[အောက်ခြေမှတ်ချက်]
a သြဇိမင်း နန်းစံအစပိုင်းတွင် ပရောဖက်ပြုခဲ့ပြီး မိမိ၏ အမည်ဖြင့် သမုတ်သောကျမ်းကို ရေးခဲ့သူ အာမုတ်နှင့် ဟေရှာယ၏ဖခင် အာမုတ်ကို မရောထွေးပါနှင့်။
b အချို့သူများက “မီးဖြင့် ပူဇော်” ခြင်းသည် သန့်ရှင်းစင်ကြယ်ခြင်းဆိုင်ရာ အခမ်းအနားတစ်ခုကိုသာ ရည်ညွှန်းခြင်း ဖြစ်နိုင်သည်ဟု ဆိုကြသည်။ သို့သော် ဤစကားစု၏ ရှေ့နောက်စကားများက ပကတိ ယဇ်ပူဇော်ခြင်းကို ရည်ညွှန်းပုံရသည်။ ကလေးယဇ်ပူဇော်ခြင်းသည် ခါနာန်လူမျိုးများနှင့် အယူဖောက်ပြန်သော ဣသရေလလူမျိုးများ၏ ဓလေ့ထုံးစံ ဖြစ်ခဲ့သည်မှာ အထင်အရှားပင်။—တရားဟောရာ ၁၂:၃၁; ဆာလံ ၁၀၆:၃၇၊ ၃၈။
[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]
ဟေရှာယကား မည်သူနည်း။
အမည်၏ အဓိပ္ပာယ်– “ယေဟောဝါ၏ ကယ်တင်ခြင်း”
မိသားစု– အနည်းဆုံး သားနှစ်ယောက် ရှိသော အိမ်ထောင်သည်ဖြစ်
နေထိုင်သည့်ဒေသ– ယေရုရှလင်မြို့
အမှုဆောင်သည့်သက်တမ်း– ဘီ.စီ.အီး. ၇၇၈ ခန့်မှ ဘီ.စီ.အီး ၇၃၂ နောက်ပိုင်းတစ်ချိန်ချိန်အထိ အနည်းဆုံး ၄၆ နှစ်
ခေတ်ပြိုင် ယုဒဘုရင်များ– ဩဇိ၊ ယောသံ၊ အာခတ်၊ ဟေဇကိ
ခေတ်ပြိုင် ပရောဖက်များ– မိက္ခာ၊ ဟောရှေ၊ ဩဒက်