ကျွန်ုပ်တို့၏ဖိတ်ခေါ်ချက်
ဤဘရိုရှာအားဖြင့် သင်နှင့်ဆွေးနွေးပြောဆိုခွင့်ရသည့်အတွက် ကျွန်ုပ်တို့များစွာဝမ်းမြောက်ပါ၏။ ယေဟောဝါသက်သေတို့အကြောင်း သင်ပိုမိုသိလိုသည့်ဆန္ဒရှိမည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ ကျွန်ုပ်တို့၏ဒေသဆိုင်ရာ [ဘုရားသခင့်]နိုင်ငံတော်ခန်းမသို့ လာရောက်လည်ပတ်ရန် သင့်အားဖိတ်ခေါ်ချက်ကို ကျေးဇူးပြု၍လက်ခံပါ။ ကျွန်ုပ်တို့၏အစည်းအဝေးကျင်းပပုံကို လေ့လာပါ။ ခရစ်တော်၏နိုင်ငံတော်အောက် ပရဒိသုမြေကြီးနှင့်ပတ်သက်သောသတင်းကောင်းကို သူတစ်ပါးအား မည်သို့ကြိုးစားဝေမျှကြောင်း လာရောက်လေ့လာကြည့်ပါ။
ဤသို့ပင် ဘုရားသခင်ကတိတော်ရှိသည်။ “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။” (၂ ပေတရု ၃:၁၃) ရာစုနှစ်များစွာကုန်လွန်ခဲ့ပြီ။ စောင့်မျှော်နေရသည့်ကာလ၏အဆုံးကို ချဉ်းကပ်နေပြီ။ ကမ္ဘာ့အခြေအနေတို့က ယင်းကို သက်သေပြသည်။
“ကာလအချိန်ရောက်လုနီးသည်ကိုထောက်၍” “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှာ လည်းကောင်းတိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။ . . . အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်” တမန်တော်ပေါလုပြောခဲ့သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ကျွန်ုပ်တို့နှင့် အစည်းအဝေးတက်ခြင်းဖြင့် ပေါလု၏အကြံပေးစကားကိုတုံ့ပြန်ရန် သင့်အား ကျွန်ုပ်တို့ဖိတ်ခေါ်ပါသည်။