အခန်း ဆယ့်ကိုး
အရေခြုံခြင်း ထုတ်ဖော်ခံရ!
၁။ ယေရှုနှင့် ယေဟောဝါသည် အရေခြုံမှုကို မည်သို့ ရှုမြင်သနည်း၊ ဟေရှာယခေတ်တွင် အဘယ် ပုံစံ ဖြစ်နေသနည်း။
ယေရှုသည် မိမိခေတ်ရှိ ဘာသာရေး ခေါင်းဆောင်များအား “သင်တို့သည် အပြင်၌ လူတို့ရှေ့မှာ ဖြောင့်မတ်ဟန် ရှိ၏။ အတွင်း၌ကား လျှို့ဝှက်ခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက် ရှိကြ၏” ဟု မိန့်တော်မူခဲ့သည်။ (မဿဲ ၂၃:၂၈) အရေခြုံ ဟန်ဆောင်မှုနှင့်ပတ်သက်သော ယေရှု၏ ပြစ်တင်ချက်က ကောင်းကင်ခမည်းတော်၏ ရှုမြင်ပုံကို ရောင်ပြန်ဟပ်ခြင်း ဖြစ်သည်။ ဟေရှာယ ပရောဖက်ပြုချက် အခန်းကြီး ၅၈ သည် ယုဒပြည်တွင် ပျံ့နှံ့နေသော အရေခြုံမှုကို သတ်သတ်မှတ်မှတ် အာရုံစိုက်ဖော်ပြသည်။ ရန်ဘက်ပြုမှု၊ ဖိနှိပ်မှုနှင့် အကြမ်းဖက်မှုတို့သည် သာမန်ဖြစ်စဉ်များ ဖြစ်ပြီး ဥပုသ်စောင့်ခြင်းသည် အဓိပ္ပာယ်မဲ့သော ထုံးစံတစ်ခုအဖြစ်သို့ ဆုတ်ယုတ်လာခဲ့သည်။ လူများသည် ယေဟောဝါအား စတိလောက်သာ အမှုဆောင်ကြပြီး စိတ်ရင်းမမှန်သော အစာရှောင်ခြင်းအားဖြင့် ဘုရားတရား ကြည်ညိုဟန်ဆောင်ကြသည်။ ယေဟောဝါသည် သူတို့၏ အဖြစ်မှန်ကို ဖော်ထုတ်ခြင်းမှာ အံ့အားသင့်စရာ မဟုတ်ပါ!
‘လူမျိုးတို့အပြစ်ကို ဖော်ပြလော့”
၂။ ယေဟောဝါ၏ သတင်းစကားကို ကြေညာရာတွင် ဟေရှာယသည် အဘယ်သဘောထား တင်ပြသနည်း၊ ယနေ့အချိန်တွင် သူနှင့် မည်သူတို့ တူသနည်း။
၂ ယေဟောဝါသည် ယုဒ၏ အကျင့်အကြံကို ရွံမုန်းသော်လည်း ကိုယ်တော်၏ စကားတော်တွင် လူမျိုးတော် နောင်တယူရန် လှိုက်လှဲသည့် မေတ္တာရပ်ခံချက် ပါရှိသည်။ သို့သော် ယေဟောဝါသည် မိမိ၏ ပြစ်တင်ဆုံးမစကားကို မသဲမကွဲ မဖြစ်လိုပါ။ ထို့ကြောင့် ဟေရှာယအား ကိုယ်တော် ဤသို့ မိန့်တော်မူ၏– “အသံမလျော့ဘဲ ကြွေးကြော်လော့။ တံပိုးသံကဲ့သို့ အသံကို လွှင့်၍ ငါ၏ လူတို့အား သူတို့ လွန်ကျူးမှုများကိုလည်းကောင်း၊ ယာကုပ်အမျိုးသားတို့အား သူတို့ ပြစ်မှုများကိုလည်းကောင်း ဖော်ပြလော့။” (ဟေရှာယ ၅၈:၁၊ သမ္မာ) ဟေရှာယသည် ယေဟောဝါ၏ စကားတော်ကို မကြောက်မရွံ့ ကြေညာပါက လူများ၏ မုန်းတီးခြင်းကို ခံရနိုင်သော်လည်း သူ တွန့်ဆုတ်မနေပါ။ “အကျွန်ုပ် ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ” ဟု ဆိုခဲ့စဉ် တင်ပြခဲ့သော သစ္စာနှံသဘောထား သူ့တွင် ဆက်ရှိနေဆဲ ဖြစ်သည်။ (ဟေရှာယ ၆:၈) ဟေရှာယ၏ ခံနိုင်ရည်သည် ဘုရားသခင့် နှုတ်ကပါဌ်တော်ကို ဟောပြောရန်နှင့် ဘာသာရေး အရေခြုံမှုကို ဖော်ထုတ်ရန် တာဝန် ရရှိထားသော မျက်မှောက်ခေတ် ယေဟောဝါသက်သေများအတွက် ပုံသက်သေကောင်းပင်!—ဆာလံ ၁၁၈:၆; ၂ တိမောသေ ၄:၁-၅။
၃၊ ၄။ (က) ဟေရှာယခေတ်မှ လူများသည် အဘယ် အသွင်အပြင်အတုကို ဝတ်ထားကြသနည်း။ (ခ) ယုဒပြည်တွင် အခြေအနေမှန်ကား အဘယ်နည်း။
၃ ဟေရှာယခေတ်မှ လူများသည် ယေဟောဝါကို ရှာကြပြီး ကိုယ်တော်၏ ဖြောင့်မတ်သော စီရင်ပြဋ္ဌာန်းချက်များကို နှစ်သက်ကြောင်း အပေါ်ယံအားဖြင့် တင်ပြကြသည်။ ယေဟောဝါ၏ စကားတော်ကို ကျွန်ုပ်တို့ ဤသို့ ဖတ်ရ၏– “သူတို့သည် တရားကျင့်သောအမျိုး၊ မိမိဘုရားသခင်၏ ပညတ်တို့ကို မစွန့်သော အမျိုးကဲ့သို့ နေ့တိုင်း ငါ့ကို ရှာ၍ ငါ၏ တရားလမ်း၌ မွေ့လျော်ကြသည်တကား။ ဖြောင့်မတ်စွာ တရားစီရင်ချက်တို့ကို ငါ့ထံမှာ အစဉ် မေးမြန်း၍ ဘုရားသခင့်ထံသို့ ချဉ်းကပ်ရာ၌ မွေ့လျော်ကြသည်တကား။” (ဟေရှာယ ၅၈:၂) ယေဟောဝါ၏ နည်းလမ်းတော်များ၌ မွေ့လျော်သည်ဟူသော ဤထုတ်ဖော်ပြောဆိုချက်သည် မှန်ကန်ပါသလော။ မမှန်ပါ။ သူတို့သည် “တရားကျင့်သောအမျိုး” ဖြစ်ကြသော်လည်း အပေါ်ယံမျှသာ ပြုမူကြခြင်း ဖြစ်သည်။ အမှန်ဆိုလျှင် ဤလူမျိုးသည် ‘မိမိဘုရားသခင်၏ ပညတ်ချက်များကို စွန့်သောအမျိုး” ဖြစ်သည်။
၄ အခြေအနေသည် နောက်ပိုင်း၌ ပရောဖက် ယေဇကျေလ ထုတ်ဖော်ခဲ့သော အခြေအနေနှင့် ပိုဆင်တူသည်။ ယေဟောဝါက ဂျူးတစ်ဦးနှင့် တစ်ဦး ဤသို့ ပြောဆိုကြသည်ဟု ယေဇကျေလအား မိန့်တော်မူခဲ့၏– “ငါတို့ သွားကြကုန်အံ့။ ထာဝရဘုရားသည် အဘယ်သို့ ဗျာဒိတ်ပေးတော်မူသည်ကို ကြားကြကုန်အံ့။” သို့သော် ဘုရားသခင်က ယေဇကျေလအား သူတို့၏ အရေခြုံဟန်ဆောင်မှုကို ဤသို့ သတိပေးခဲ့၏– “သင့်ထံသို့ လာ၍ . . . သင်၏ စကားကို ကြားသော်လည်း နားမထောင်ဘဲ နေကြ၏။ အလွန် ချစ်ဖွယ်သော လက္ခဏာကို နှုတ်နှင့် ပြသော်လည်း စိတ်နှလုံးမူကား လောကီဥစ္စာကို စွဲလမ်းလျက်ရှိ၏။ သင်၏ စကားသည် ကောင်းမွန်စွာ တီး၍ သာယာသော အသံနှင့် ပြည့်စုံသောသူ ဆိုသော နှစ်သက်ဖွယ်သော သီချင်းကဲ့သို့ သူတို့၌ ဖြစ်၍ သူတို့သည် ကြားရသော်လည်း နားမထောင်တတ်ကြ။” (ယေဇကျေလ ၃၃:၃၀-၃၂) ဟေရှာယ၏ တစ်ခေတ်တည်းသားများသည် ယေဟောဝါအား မပြတ် ရှာကြသည်ဟု ဆိုသော်လည်း ကိုယ်တော်၏ စကားတော်ကို မနာခံကြပါ။
ဟန်ဆောင် အစာရှောင်ခြင်း
၅။ ဂျူးများသည် ဘုရားသခင့် မျက်နှာသာ ရရန် မည်သို့ ကြိုးစားကြသနည်း၊ ယေဟောဝါ မည်သို့ တုံ့ပြန်သနည်း။
၅ ဂျူးများသည် ဘုရားသခင့် မျက်နှာသာ ရဖို့ ကြိုးစားအားထုတ်ရာတွင် လုပ်ရိုးလုပ်စဉ် အစာရှောင်ခြင်းကို ပြုလုပ်ကြသော်လည်း သူတို့၏ ဖြောင့်မတ်ဟန်ဆောင်မှုက ယေဟောဝါထံမှ စိမ်းကားသွေဖည်မှုကိုသာ ဖြစ်စေသည်။ စိတ်ရှုပ်ထွေးတွေဝေသော အမူအရာဖြင့် သူတို့ ဤသို့ မေး၏– “အကျွန်ုပ်တို့သည် အစာရှောင်ခြင်းအကျင့်ကို ကျင့်သောအခါ ကိုယ်တော်သည် အဘယ်ကြောင့် မြင်တော်မမူသနည်း။ အကျွန်ုပ်တို့သည် ခြိုးခြံစွာ ကျင့်သောအခါ ကိုယ်တော်သည် အဘယ်ကြောင့် သိမှတ်တော်မမူသနည်း။” ယေဟောဝါ ဤသို့ ပွင့်ပွင့်လင်းလင်း မိန့်တော်မူ၏– “သင်တို့သည် အစာရှောင်သောနေ့၌ ကိုယ်တိုင် ပျော်မွေ့၍ ကျွန်တို့ကို ပင်ပန်းစွာ လုပ်စေကြ၏။ သင်တို့သည် ငြင်းခုံရန်တွေ့လျက်၊ အဓမ္မ လက်ဆုပ်[သီး]နှင့် ထိုးလျက် အစာရှောင်ကြ၏။ မိမိတို့အသံကို ကြားစေခြင်းငှာ ယခုကာလအခါ အစာရှောင်ကြသည် မဟုတ်။ ငါနှစ်သက်သော အစာရှောင်ခြင်းသည် ထိုသို့သော လက္ခဏာ ရှိသလော။ လူသည် တစ်ရက်တွင် ခြိုးခြံစွာ ကျင့်ခြင်း၊ ကိုင်းပင်ကဲ့သို့ ဦးချခြင်း၊ အိပ်ရာဖို့ လျော်တေနှင့် ပြာကို ခင်းခြင်း လက္ခဏာ ရှိလျှင် အစာရှောင်ခြင်းဟူ၍လည်းကောင်း၊ ထာဝရဘုရား နှစ်သက်တော်မူသော နေ့ရက်ဟူ၍လည်းကောင်း မှည့်အပ်သလော။”—ဟေရှာယ ၅၈:၃-၅။
၆။ ဂျူးများ၏ အဘယ် လုပ်ဆောင်မှုများက အရေခြုံ အစာရှောင်မှု ဖြစ်ကြောင်း ဖော်ပြသနည်း။
၆ အစာရှောင်ခြင်း၊ ဖြောင့်မတ်ဟန်ဆောင်ခြင်းနှင့် ယေဟောဝါ၏ ဖြောင့်မတ်သော စီရင်ပြဋ္ဌာန်းချက်များ တောင်းခံခြင်းကိုပင် ပြုလုပ်ကြစဉ်တွင် လူများသည် မိမိကိုယ်တိုင် ပျော်ရွှင်မှုနှင့် စီးပွားရေး အကျိုးအမြတ်အတွက် လုပ်ဆောင်ကြသည်။ သူတို့သည် ရန်ဘက်ပြုခြင်း၊ ဖိနှိပ်ခြင်း၊ အကြမ်းဖက်ခြင်းတို့ကို ပြုလုပ်ကြသည်။ သူတို့၏ အမူအကျင့်အမှန်ကို ဖုံးကွယ်ဖို့ ကြိုးစားရာတွင် မိမိတို့၏ အပြစ်များအတွက် နောင်တရသည့် အသွင်အပြင် ဖြစ်သော ကျူပင်ကဲ့သို့ ခေါင်းကို ငုံ့ထားခြင်း၊ လျှော်တေအဝတ် ဝတ်၍ ပြာပေါ် ထိုင်ခြင်း စသည်တို့ကို ဟန်ဆောင်လုပ်ကြသည်။ သူတို့ ဆက်ပုန်ကန်နေမည်ဆိုလျှင် ဤအရာအားလုံးသည် အဘယ် အကျိုးရှိသနည်း။ သူတို့သည် စိတ်ရင်းမှန် အစာရှောင်ခြင်းနှင့် ဆက်စပ်သင့်သော ဘုရားရေးရာ ဝမ်းနည်းမှုနှင့် နောင်တတို့ကို မတင်ပြကြပါ။ သူတို့၏ တတွတ်တွတ် ညည်းတွားသံများသည်—ဆူညံနေသည့်တိုင်—ကောင်းကင်တွင် မကြားရပါ။
၇။ ယေရှုခေတ်ရှိ ဂျူးများသည် မည်သို့ အရေခြုံဟန်ဆောင် ပြုမူခဲ့သနည်း၊ ယနေ့အချိန်ရှိ လူများစွာနှင့်လည်း မည်သို့ ဆင်တူသနည်း။
၇ ယေရှုခေတ်ရှိ ဂျူးများသည် အလားတူ အစာရှောင်ခြင်း ထုံးစံကို လုပ်ဆောင်ကြသည်၊ အချို့သည် တစ်ပတ်နှစ်ကြိမ် အစာရှောင်ကြသည်! (မဿဲ ၆:၁၆-၁၈; လုကာ ၁၈:၁၁၊ ၁၂) ဘာသာရေး ခေါင်းဆောင် အများစုသည်လည်း ခက်ထန်ကြမ်းတမ်း၊ ဩဇာလွှမ်းမိုးခြင်းဖြင့် ဟေရှာယခေတ်ရှိ လူများကို အတုယူခဲ့ကြသည်။ ထို့ကြောင့် ယေရှုက သူတို့၏ ဝတ်ပြုရေးပုံစံသည် အချည်းနှီး ဖြစ်သည်ဟု မိန့်တော်မူခြင်းဖြင့် ထိုဘာသာရေး အရေခြုံမှုကို သတ္တိရှိရှိ ထုတ်ဖော်ခဲ့သည်။ (မဿဲ ၁၅:၇-၉) ယနေ့အချိန်တွင်လည်း သန်းနှင့်ချီသော “သူတို့သည် ဘုရားသခင်ကို သိယောင်ဆောင်သော်လည်း အကျင့်အားဖြင့် ဘုရားသခင်ကို ငြင်းပယ်ကြ၏။ စက်ဆုပ်ရွံရှာဖွယ်သောသူ၊ နားမထောင်သောသူ၊ ကောင်းသောအမှုတစ်ခုကိုမျှ ပြုတတ်သော ဉာဏ်မရှိသောသူ ဖြစ်ကြ၏။” (တိတု ၁:၁၆) ထိုသူတို့သည် ဘုရားသခင့် ကရုဏာကို မျှော်လင့်ကြမည် ဖြစ်သော်လည်း သူတို့၏ အကျင့်အကြံက သူတို့၏ အရေခြုံ ဟန်ဆောင်မှုကို ဖော်ပြသည်။ ဆန့်ကျင်ဘက်အနေနှင့် ယေဟောဝါသက်သေများသည် စစ်မှန်သော ဘုရားရေးရာ မွေ့လျော်မှုနှင့် စစ်မှန်သော ညီအစ်ကိုချင်း မေတ္တာကို တင်ပြကြသည်။—ယောဟန် ၁၃:၃၅။
စစ်မှန်သော နောင်တတွင် ပါဝင်ရာများ
၈၊ ၉။ စိတ်ရင်းမှန် နောင်တနှင့် အဘယ် အပြုသဘော လုပ်ဆောင်မှုများ ဒွန်တွဲရမည်နည်း။
၈ လူမျိုးတော်သည် မိမိတို့၏ အပြစ်များအပေါ် အစာရှောင်ခြင်းထက်မက ပြုလုပ်ရန် ယေဟောဝါ အလိုရှိတော်မူ၏၊ သူတို့ နောင်တယူရန် ကိုယ်တော် အလိုရှိတော်မူ၏။ ထိုသို့ပြုလျှင် ကိုယ်တော့် မျက်နှာသာကို သူတို့ ရရှိမည်။ (ယေဇကျေလ ၁၈:၂၃၊ ၃၂) အဓိပ္ပာယ်ရှိသော အစာရှောင်ခြင်း ဖြစ်ရန် အတိတ်က အမှားများကို ပြုပြင်ရမည်ဟု ကိုယ်တော် ရှင်းပြတော်မူ၏။ ယေဟောဝါ မေးသော နှလုံးကို ဆန်းစစ်သည့် ဤမေးခွန်းများကို သုံးသပ်ကြည့်ပါ– “ငါနှစ်သက်သော အစာရှောင်ခြင်းဟူမူကား မတရားသော အချည်အနှောင်ကို ချွတ်ခြင်း၊ လေးသော ဝန်ကို ချခြင်း၊ ညှဉ်းဆဲခံရသောသူတို့ကို လွှတ်ခြင်း၊ ထမ်းပိုးရှိသမျှကို ချိုးခြင်း မဟုတ်လော။”—ဟေရှာယ ၅၈:၆။
၉ အချည်အနှောင်နှင့် ထမ်းပိုးတို့သည် ကြမ်းတမ်းသော ချုပ်နှောင်မှုအောက် ရှိကြောင်း ဖော်ပြသည့် သင့်တော်သော အမှတ်အသားများ ဖြစ်သည်။ အစာရှောင်ခြင်း ပြုလုပ်ပြီး တစ်ချိန်တည်းတွင် ယုံကြည်သူချင်းတို့ကို ဖိနှိပ်ခြင်း ပြုမည့်အစား လူများသည် “ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ရမည်” ဟူသော ပညတ်ကို နာခံသင့်သည်။ (ဝတ်ပြုရာ ၁၉:၁၈) ဖိနှိပ်ခံရသူများနှင့် မတရားကျွန်ခံနေရသူ အားလုံးကို သူတို့ လွှတ်သင့်သည်။a အစာရှောင်ခြင်းကဲ့သို့သော အပြင်ပန်း ဘာသာရေး အပြုအမူများသည် စစ်မှန်သော ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့် ညီအစ်ကိုချင်း မေတ္တာပြခြင်း လုပ်ရပ်များကို အစားမထိုးနိုင်ပါ။ ဟေရှာယနှင့် တစ်ခေတ်တည်းသား ဖြစ်သူ ပရောဖက် မိက္ခာက ဤသို့ ရေး၏– “တရားသဖြင့် ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်းမှတစ်ပါး အဘယ် ပူဇော်သကာကို ထာဝရဘုရား တောင်းတော်မူသနည်း။”—မိက္ခာ ၆:၈။
၁၀၊ ၁၁။ (က) ဂျူးများအတွက် အဘယ်အရာသည် အစာရှောင်ခြင်းထက် ပိုကောင်းမည်နည်း။ (ခ) ယနေ့ ခရစ်ယာန်များသည် ဂျူးများအား ယေဟောဝါ ပေးခဲ့သည့် ဆုံးမသြဝါဒကို မည်သို့ ကျင့်သုံးနိုင်သနည်း။
၁၀ တရားမျှတမှု၊ ကြင်နာမှုနှင့် ကျိုးနွံမှုတို့သည် အခြားသူများအား ကောင်းမှုပြုစေသည်၊ ယင်းက ယေဟောဝါ ပညတ်တရား၏ အခြေခံ လိုရင်းချက် ဖြစ်သည်။ (မဿဲ ၇:၁၂) အစာရှောင်ခြင်းထက် ပိုကောင်းသောအရာမှာ မိမိတို့၏ ပစ္စည်းဥစ္စာများကို လိုအပ်သူများအား ဝေမျှခြင်း ဖြစ်မည်။ ယေဟောဝါ ဤသို့ မေးတော်မူ၏– “[ငါနှစ်သက်သော အစာရှောင်ခြင်းဟူမူကား] မွတ်သိပ်သောသူကို အစာကျွေးခြင်း၊ နေရာမရှိ၊ ဆင်းရဲသောသူတို့ကို ကိုယ်အိမ်သို့ ဆောင်ခြင်း၊ အဝတ်မရှိသောသူကို မြင်လျှင် အဝတ်ကို ပေးခြင်း၊ ကိုယ်အသားကို မရှောင်ဘဲ နေခြင်း မဟုတ်လော။” (ဟေရှာယ ၅၈:၇) မှန်ပါသည်၊ အစာရှောင်ခြင်း ပြုမည့်အစား မိမိတို့၏ အသား ဖြစ်သော ယုဒပြည်သူပြည်သားချင်းထဲမှ လိုအပ်နေသူများကို အစားအစာ၊ အဝတ်အထည် သို့မဟုတ် နေစရာ ပေးခြင်းတို့ ပြုလုပ်သင့်သည်။
၁၁ ယေဟောဝါ ဖော်ပြခဲ့သော ညီအစ်ကိုချင်းမေတ္တာ၊ ထောက်ထားစာနာမှုနှင့်ဆိုင်သော ထိုနှစ်လိုဖွယ်မူများသည် ဟေရှာယခေတ်ရှိ ဂျူးများနှင့်သာ သက်ဆိုင်သည် မဟုတ်ပါ။ ခရစ်ယာန်များအတွက်လည်း လမ်းညွှန် ဖြစ်သည်။ ထို့ကြောင့် တမန်တော် ပေါလု ဤသို့ ရေးခဲ့၏– “ထိုကြောင့် ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏ အိမ်သူအိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။” (ဂလာတိ ၆:၁၀) ခရစ်ယာန် အသင်းတော်သည် မေတ္တာနှင့် ညီအစ်ကို စုံမက်ခြင်း ရှိသော ကွန်းခိုရာနေရာ ဖြစ်ရမည်၊ အထူးသဖြင့် ကျွန်ုပ်တို့ အသက်ရှင်နေရသော ဒုက္ခတိုးများနေသည့် အချိန်ကာလတွင် ဖြစ်သည်။—၂ တိမောသေ ၃:၁; ယာကုပ် ၁:၂၇။
နာခံမှုသည် ကြွယ်ဝသည့် ကောင်းချီးများ ဖြစ်စေ
၁၂။ လူမျိုးတော်သာ ယေဟောဝါကို နာခံမည်ဆိုပါက ကိုယ်တော် အဘယ်အရာ လုပ်ဆောင်တော်မူမည်နည်း။
၁၂ ယေဟောဝါ၏ လူမျိုးတော်သာ ကိုယ်တော်၏ မေတ္တာပါ ဆုံးမပဲ့ပြင်မှုကို လိုက်နာရန် ထိုးထွင်းသိမြင်မှု ရှိခဲ့ကြမည်ဆိုလျှင် ကောင်းလိုက်မည့်ဖြစ်ခြင်း! ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “သို့ပြုလျှင် သင်၏ အလင်းသည် မိုးသောက်သော အလင်းကဲ့သို့ ပေါ်ထွန်း၍ အလျင်အမြန် ကျန်းမာခြင်းသို့ ရောက်လိမ့်မည်။ သင်၏ ဖြောင့်မတ်ခြင်း ပါရမီသည် သင့်ရှေ့၌ သွား၍ ထာဝရဘုရား၏ ဘုန်းတော်သည် နောက်၌ လုံခြုံစေလိမ့်မည်။ သို့ပြုလျှင် ထာဝရဘုရားသည် သင်ခေါ်သောအခါ ထူးတော်မူလိမ့်မည်။ အော်ဟစ်သောအခါ ‘ငါရှိသည်’ ဟု မိန့်တော်မူလိမ့်မည်။” (ဟေရှာယ ၅၈:၈၊ ၉က) နွေးထွေးပြီး နှစ်သက်ဖွယ်ကောင်းသည့် စကားများပါတကား! ယေဟောဝါသည် မေတ္တာကရုဏာနှင့် ဖြောင့်မတ်ခြင်း၌ ပျော်မွေ့သူများကို ကောင်းချီးပေးပြီး ကာကွယ်တော်မူ၏။ ယေဟောဝါ၏ လူမျိုးတော်သည် သူတို့၏ ကြမ်းတမ်းမှု၊ အယောင်ဆောင်မှုမှ နောင်တယူပြီး ကိုယ်တော်ကို နာခံမည်ဆိုလျှင် သူတို့၏ အခြေအနေသည် အလင်းကဲ့သို့ ထွန်းလင်းလာမည်။ ယေဟောဝါသည် “ကျန်းမာခြင်း” အခွင့် ပေးတော်မူမည်၊ လူမျိုးတော်၏ ဝိညာဉ်ရေး၊ ကာယရေး ပြန်လည် နာလန်ထူလာမည်။ သူတို့၏ ဘိုးဘေးများကို အီဂျစ်ပြည်မှ ထွက်လာစဉ်က ကာကွယ်စောင့်ရှောက်ခဲ့သကဲ့သို့ သူတို့ကိုလည်း ကိုယ်တော် ကာကွယ်စောင့်ရှောက်မည်။ ထို့ပြင် ကိုယ်တော်သည် သူတို့ အော်ဟစ်အကူအညီတောင်းမှုကို ချက်ချင်း တုံ့ပြန်တော်မူမည်။—ထွက်မြောက်ရာ ၁၄:၁၉၊ ၂၀၊ ၃၁။
၁၃။ ဂျူးများသည် ယေဟောဝါ၏ နှိုးဆော်ချက်ကို တုံ့ပြန်ကြမည်ဆိုလျှင် သူတို့အတွက် အဘယ် ကောင်းချီးများ စောင့်ကြိုနေသနည်း။
၁၃ ယခု ယေဟောဝါသည် မိမိ၏ အစောပိုင်း နှိုးဆော်ချက်ကို ဤသို့ ဆက်မိန့်တော်မူ၏– “သင်သည် သင်၏ အထဲက ထမ်းပိုး [ကြမ်းတမ်းပြီး မျှတမှု မရှိသည့် ကျွန်ခံစေခြင်း] ကိုလည်းကောင်း၊ လက်ညှိုးထိုးခြင်း [မထီမဲ့မြင်ပြုခြင်း သို့မဟုတ် မှားယွင်းသော စွပ်စွဲခြင်း ဖြစ်နိုင်] ကိုလည်းကောင်း၊ ကဲ့ရဲ့သော စကားကိုလည်းကောင်း ပယ်ရှား၍ မွတ်သိပ်သောသူနှင့် ဆင်းရဲခံရသောသူကို သနားသောစိတ်နှင့် ချမ်းသာပေးလျှင် မရှင်းလင်းသောအရာမှာ သင်၏ အလင်းသည် ပေါ်ထွန်း၍ သင်၏ မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ ဖြစ်လိမ့်မည်။” (ဟေရှာယ ၅၈:၉ခ၊ ၁၀) တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ကြမ်းတမ်းခြင်းသည် မိမိကိုယ်ကို ရှုံးနိမ့်စေပြီး ယေဟောဝါ၏ အမျက်ဒေါသကို ခံရစေသည်။ သို့ရာတွင် ကြင်နာမှုနှင့် ရက်ရောမှုကို အထူးသဖြင့် မွတ်သိပ်သူနှင့် ဆင်းရဲခံရသူတို့အပေါ် ပြသခြင်းသည် ယေဟောဝါ၏ ကြွယ်ဝသော ကောင်းချီး ခံစားရစေသည်။ ဂျူးများသာ ဤအမှန်တရားများကို နှလုံးသွင်းမည်ဆိုလျှင် ကောင်းလိုက်မည်ဖြစ်ခြင်း! သို့ဖြစ်လျှင် သူတို့၏ ဝိညာဏအလင်းနှင့် ကြွယ်ဝချမ်းသာမှုတို့သည် မွန်းတည့်အလင်းကဲ့သို့ ထွန်းလင်းတောက်ပမည်၊ အမှောင်မှန်သမျှကို ပျောက်လွင့်စေမည်။ ထို့ထက်ကား၊ သူတို့သည် မိမိတို့၏ ဘုန်းအသရေ၊ ကောင်းချီးများ၏ ရင်းမြစ် ဖြစ်တော်မူသော ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းကြမည်။—၃ ဓမ္မရာဇဝင် ၈:၄၁-၄၃။
နိုင်ငံတစ်နိုင်ငံ ပြန်လည်တည်ထောင်
၁၄။ (က) ဟေရှာယ၏ တစ်ခေတ်တည်းသားများသည် သူ၏ စကားကို မည်သို့ တုံ့ပြန်ကြသနည်း။ (ခ) ယေဟောဝါသည် အဘယ်အရာကို ဆက်၍ ကမ်းလှမ်းတော်မူသနည်း။
၁၄ ဝမ်းနည်းစရာမှာ လူမျိုးတော်သည် ယေဟောဝါ၏ မေတ္တာရပ်ခံချက်ကို လျစ်လျူရှုကြပြီး မိုက်တွင်း နက်သည်ထက် နက်လာကြသည်။ နောက်ဆုံးတွင် ယေဟောဝါသည် သူတို့ကို သတိပေးခဲ့သည့်အတိုင်း ပြည်နှင်ဒဏ် ပေးခြင်းမှလွဲ၍ အခြားရွေးစရာ မရှိတော့ပါ။ (တရားဟောရာ ၂၈:၁၅၊ ၃၆၊ ၃၇၊ ၆၄၊ ၆၅) သို့တိုင် ဟေရှာယမှတစ်ဆင့် ယေဟောဝါ ဆက်ပြောသော စကားများတွင် မျှော်လင့်ချက် ဆက်၍ ကမ်းလှမ်းထားတော်မူ၏။ ဆုံးမခံရပြီး ဆုံးမခြင်းကို လက်ခံခဲ့ကြသည့် နှလုံးကြေကွဲနေသော အကြွင်းအကျန်သည် ယုဒပြည် လူသူဆိတ်သုဉ်းလျက်ရှိသည့်တိုင် ပြည်တော်သို့ ရွှင်လန်းဝမ်းမြောက်စွာ ပြန်ကြမည်ဟု ကြိုဟောထားတော်မူ၏။
၁၅။ ယေဟောဝါသည် အဘယ် ရွှင်လန်းဖွယ် ပြန်လည်တည်ထောင်ခြင်းအကြောင်း ကြိုဟောတော်မူသနည်း။
၁၅ ဘီ.စီ.အီး. ၅၃၇ တွင် မိမိ၏ လူမျိုးတော် ပြည်တော်ပြန်မည်ကို ကြို၍ ရှုမြင်ကာ ဟေရှာယမှတစ်ဆင့် ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “ထာဝရဘုရားသည် သင့်ကို အစဉ် ပဲ့ပြင်တော်မူမည်။ အစာခေါင်းပါးသည် ကာလ၌ ဝစွာ ကျွေး၍ [“သွေ့ခြောက်သော အရပ်၌ ရောင့်ရဲစေ၍၊” သမ္မာ] သင်၏ အရိုးတို့ကို ခိုင်ခံ့စေတော်မူမည်။ သင်သည် ရေလောင်းသော ဥယျာဉ်ကဲ့သို့လည်းကောင်း၊ ရေမပြတ်နိုင်သော စမ်းရေတွင်းကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။” (ဟေရှာယ ၅၈:၁၁) ယေဟောဝါသည် ဣသရေလလူမျိုး၏ သွေ့ခြောက်နေသော ပြည်တော်ကို အသီးအနှံများစွာ ထွက်သော ဖြစ်ထွန်းသည့် ပြည် ပြန်လည်ဖြစ်စေမည်။ ပို၍ အံ့ဖွယ်ကောင်းသည်မှာ ကိုယ်တော်သည် နောင်တရသူများ၏ “အရိုးတို့ကို” ခွန်အားပေးခြင်းဖြင့် ဝိညာဉ်ရေး သေနေသည့် အခြေအနေမှ အပြည့်အဝ ရှင်သန်လာစေသည့် ကောင်းချီး ပေးတော်မူမည်။ (ယေဇကျေလ ၃၇:၁-၁၄) လူများကိုယ်နှိုက်သည် ဝိညာဏ အသီးများဖြင့် ပြည့်လွှမ်းနေသော “ရေလောင်းသော ဥယျာဉ်” ကဲ့သို့ ဖြစ်လာမည်။
၁၆။ ပြည်တော်ကို မည်သို့ ပြန်လည်တည်ထောင်မည်နည်း။
၁၆ ပြန်လည်တည်ထောင်ခြင်းတွင် ဗာဗုလုန် ကျူးကျော်တိုက်ခိုက်သူများကြောင့် ဘီ.စီ.အီး. ၆၀၇ တွင် ပျက်စီးခဲ့သော မြို့များကို ပြန်လည်တည်ဆောက်ခြင်း ပါဝင်မည်။ “သင်၏ အမျိုးအနွယ်သည် ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။ ရှေးကာလ၌ တည်ဖူးသော တိုက်မြစ်များအပေါ်မှာ ထပ်ဆင့်၍ တည်ဆောက်ကြလိမ့်မည်။ သင်သည်လည်း ပြိုပျက်သော မြို့ရိုးကို ပြုပြင်သောသူ၊ လူနေရာလမ်းများကို ပြင်ဆင်သောသူဟူ၍ သမုတ်ခြင်းကို ခံရလိမ့်မည်။” (ဟေရှာယ ၅၈:၁၂) “ရှေးပြိုပျက်ရာတို့” နှင့် “ရှေးကာလ၌ တည်ဖူးသော တိုက်မြစ်များ” (သို့မဟုတ်၊ လူမျိုးဆက်နှင့်ချီ၍ ပျက်စီးယိုယွင်းနေသော အုတ်မြစ်များ) ဟူသည့် ဆင်တူသော အသုံးအနှုန်းများက ပြည်တော်ပြန် အကြွင်းအကျန်သည် ယုဒပြည်ရှိ ပျက်စီးနေသော မြို့များ၊ အထူးသဖြင့် ယေရုရှလင်မြို့ကို ပြန်လည်တည်ဆောက်မည်ကို ဖော်ပြသည်။ (နေဟမိ ၂:၅; ၁၂:၂၇; ဟေရှာယ ၄၄:၂၈) သူတို့သည် ယေရုရှလင်မြို့၏ “ပြိုပျက်သော မြို့ရိုး” များကို ပြန်လည်ပြုပြင်မည် ဖြစ်ပြီး အခြားမြို့များ၌လည်း ထိုသို့ပင် ပြုပြင်ကြမည်မှာ သေချာသည်။—ယေရမိ ၃၁:၃၈-၄၀; အာမုတ် ၉:၁၄။
သစ္စာရှိရှိ ဥပုသ်စောင့်ခြင်းမှ ရရှိသော ကောင်းချီးများ
၁၇။ ယေဟောဝါသည် မိမိ၏ လူမျိုးတော်အား ဥပုသ်ပညတ်ကို လိုက်လျှောက်ရန် မည်သို့ မေတ္တာရပ်ခံတော်မူသနည်း။
၁၇ ဥပုသ်ဟူသည် လူမျိုးတော်၏ ကာယနှင့် ဝိညာဏ ကောင်းချီးအတွက် ဘုရားသခင်၏ နက်ရှိုင်းသော စိုးရိမ်ပူပန်မှုကို ဖော်ပြသည့် စကားအသုံးအနှုန်း ဖြစ်သည်။ ယေရှု ဤသို့ မိန့်တော်မူခဲ့၏– “ဥပုသ်နေ့သည် လူအဖို့ ဖြစ်၏။” (မာကု ၂:၂၇) ယေဟောဝါ သန့်ရှင်းစေသော ထိုနေ့တွင် ဣသရေလ လူမျိုးများသည် ဘုရားသခင်အပေါ် သူတို့၏ မေတ္တာကို တင်ပြရန် အထူး အခွင့်အရေး ရရှိစေသည်။ ဝမ်းနည်းစရာမှာ ဟေရှာယခေတ် ရောက်သော် ဥပုသ်စောင့်ခြင်းသည် အနှစ်သာရ မရှိသော ထုံးတမ်း၊ ကိုယ်ကျိုးဆန္ဒများအတွက် လုပ်ဆောင်သည့်နေ့အဖြစ်သို့ ရောက်ရှိခဲ့သည်။ ထို့ကြောင့် ယေဟောဝါသည် မိမိလူမျိုးကို တစ်ဖန် ဆုံးမရန် အကြောင်းဖန်လာသည်။ ထို့ပြင် ကိုယ်တော်သည် သူတို့၏ နှလုံးထိမိစေရန် တစ်ဖန် ကြိုးစားတော်မူ၏။ ကိုယ်တော် ဤသို့ မိန့်တော်မူ၏– “သင်သည် ဥပုသ်နေ့ကို မရှုတ်ချ၊ ငါသန့်ရှင်းသောနေ့မှာ ကိုယ်အလိုသို့ မလိုက်၊ ဥပုသ်နေ့ကို မွေ့လျော်ရာနေ့၊ ထာဝရဘုရားအဖို့ သန့်ရှင်းသောနေ့၊ ရိုသေဖွယ်သော နေ့ဟူ၍ ခေါ်သဖြင့် ကိုယ်အမှုကို မပြု၊ ကိုယ်အလိုသို့ မလိုက်၊ ကိုယ်စကားကို မပြောဘဲ နေ၍ ထိုနေ့ကို ရိုသေလျှင်၊ သင်သည် ထာဝရဘုရား၌ ပျော်မွေ့ရလိမ့်မည်။ မြေကြီးပေါ်မှာ မြင့်သော အရပ်တို့ကို ငါစီးစေ၍ သင့်အဘ ယာကုပ်၏ အမွေဥစ္စာနှင့် ငါကျွေးမည်ဟု ထာဝရဘုရား၏ နှုတ်တော်ထွက် အမိန့်တော်ရှိ၏။”—ဟေရှာယ ၅၈:၁၃၊ ၁၄။
၁၈။ ဥပုသ်နေ့ကို အလေးထားရန် ယုဒ၏ ပျက်ကွက်မှုကြောင့် အဘယ် ရလဒ် ရရှိမည်နည်း။
၁၈ ဥပုသ်နေ့သည် ဝိညာဉ်ရေးရာများကို စေ့စေ့ စဉ်းစားဆင်ခြင်ရန်၊ ဆုတောင်းရန်နှင့် မိသားစုလိုက် ဝတ်ပြုကိုးကွယ်ရန်နေ့ ဖြစ်သည်။ ယင်းသည် ဂျူးများအား မိမိတို့အတွက် ယေဟောဝါ၏ အံ့ဖွယ်လုပ်ဆောင်မှုများနှင့် ကိုယ်တော့် ပညတ်တော်တွင် ဖော်ပြထားသော တရားမျှတမှု၊ မေတ္တာစသည်တို့ကို ပြန်လည်စဉ်းစားတွေးတောရန် ထောက်ကူသင့်သည်။ ထို့ကြောင့် ဤသန့်ရှင်းသောနေ့ကို သစ္စာရှိစွာ စောင့်ထိန်းသူများသည် မိမိတို့၏ ဘုရားသခင်နှင့် လူများ နီးနီးကပ်ကပ် ရှိလာစေရန် အကူအညီ ပေးသင့်သည်။ ယင်းအစား သူတို့သည် ဥပုသ်ကို အဓိပ္ပာယ် တလွဲကောက်ခြင်းကြောင့် ယေဟောဝါ၏ ကောင်းချီး ခံစားရခြင်းမှ ဖြတ်တောက်ခံရမည့် အန္တရာယ်တွင် ရှိနေကြသည်။—ဝတ်ပြုရာ ၂၆:၃၄; ၂ ရာဇဝင်ချုပ် ၃၆:၂၁။
၁၉။ ဘုရားသခင့် လူမျိုးတော်သည် ဥပုသ်နေ့ကို စောင့်ထိန်းကြမည်ဆိုလျှင် သူတို့အတွက် အဘယ် ကြွယ်ဝသော ကောင်းချီးများ သိုမှီးထားသနည်း။
၁၉ သို့တိုင်၊ ဂျူးများသည် ဆုံးမပဲ့ပြင်ခြင်းမှ သင်ယူပြီး ဥပုသ်အစီအစဉ်ကို အလေးထားမည်ဆိုပါက ကြွယ်ဝသည့် ကောင်းချီးများ သိုမှီးထားပါသည်။ စစ်မှန်သော ကိုးကွယ်မှုနှင့် ဥပုသ်နေ့ကို လေးမြတ်ခြင်း၏ အကျိုးဆက်မွန်များက သူတို့၏ အသက်တာ ကဏ္ဍအားလုံးတွင် ပြည့်လျှံနေမည်။ (တရားဟောရာ ၂၈:၁-၁၃; ဆာလံ ၁၉:၇-၁၁) ဥပမာ၊ ယေဟောဝါသည် မိမိ၏ လူမျိုးတော်ကို ‘မြေကြီးပေါ်ရှိ မြင့်သော အရပ်တို့ကို စီးစေ’ မည်။ ဤအသုံးအနှုန်းက လုံခြုံမှု ရှိပြီး ရန်သူများကို အနိုင်ရသည် ဟူသော အဓိပ္ပာယ် သက်ရောက်သည်။ မြင့်သော အရပ်တို့—တောင်ကြီး၊ တောင်ငယ်များ—ကို ထိန်းချုပ်သူသည် ပြည်တော်ကို ထိန်းချုပ်သည်။ (တရားဟောရာ ၃၂:၁၃; ၃၃:၂၉) ဣသရေလလူမျိုးသည် ယေဟောဝါကို နာခံခဲ့ချိန်တစ်ချိန်က လူမျိုးတော်သည် ကိုယ်တော်၏ ကာကွယ်ပေးမှုတွင် ပျော်မွေ့ခဲ့ပြီး အခြားလူမျိုးများက လေးစား၊ ကြောက်ရွံ့သည့်အထိ ဖြစ်ခဲ့သည်။ (ယောရှု ၂:၉-၁၁; ၃ ဓမ္မရာဇဝင် ၄:၂၀၊ ၂၁) သူတို့သည် ယေဟောဝါကို တစ်ဖန် နာခံကြမည်ဆိုလျှင် ယခင်က ရှိခဲ့သော ထိုဘုန်းအသရေအချို့ကို ပြန်လည်ခံစားရမည်။ ယေဟောဝါသည် “ယာကုပ်၏ အမွေဥစ္စာ” ကို မိမိ၏ လူမျိုးတော်အား အပြည့်အဝ ခွဲဝေယူစေမည်—သူတို့၏ ဘိုးဘေးများနှင့် ဖွဲ့ထားသော ကိုယ်တော်၏ ပဋိညာဉ်အားဖြင့် ကတိထားရာ ကောင်းချီးများ၊ အထူးသဖြင့် ကတိထားရာ ပြည်တော်ကို ရရှိပိုင်ဆိုင်ခြင်း ကောင်းချီးများ ဖြစ်သည်။—ဆာလံ ၁၀၅:၈-၁၁။
၂၀။ ခရစ်ယာန်များအတွက် အဘယ် “အနားယူခြင်း ဥပုသ်” ရှိသနည်း။
၂၀ ယင်းတွင် ခရစ်ယာန်များအတွက် သင်ခန်းစာ ရှိပါသလော။ ယေရှုခရစ်၏ သေခြင်းအားဖြင့် ဥပုသ်စောင့်ရန် တောင်းဆိုချက် အပါအဝင် မောရှေပညတ်သည် ဖယ်ရှားခံခဲ့ရသည်။ (ကောလောသဲ ၂:၁၆၊ ၁၇) သို့ရာတွင် ယုဒလူမျိုးများအား ဝိညာဉ်ရေး အကျိုးစီးပွားကို ဦးစားထားရန်နှင့် ယေဟောဝါနှင့် နီးကပ်စွာ နေရန် အားပေးမှု ဖြစ်စေသင့်သော ဥပုသ်စောင့်ခြင်းဆိုင်ရာ သဘောထားသည် ယေဟောဝါအား ကိုးကွယ်သူများအတွက် အရေးပါနေဆဲ ဖြစ်သည်။ (မဿဲ ၆:၃၃; ယာကုပ် ၄:၈) ထို့ပြင် ဟေဗြဲလူများထံ ရေးသော ပေါလု၏ စာတွင် ဤသို့ ဆိုထား၏– “ဘုရားသခင်၏ လူတို့အဖို့အလို့ငှာ ငြိမ်ဝပ်ခြင်း ချမ်းသာ [“အနားယူခြင်း ဥပုသ်၊” ကဘ] တစ်မျိုးသည် ကျန်ရစ်သေး၏။” ခရစ်ယာန်များသည် ယေဟောဝါကို နာခံပြီး ယေရှုခရစ်၏ အသွေးတော်ကို ယုံကြည်ခြင်းအပေါ် အခြေခံသည့် ဖြောင့်မတ်ခြင်းကို လိုက်စားခြင်းဖြင့် ဤ “အနားယူခြင်း ဥပုသ်” ထဲသို့ ဝင်ကြသည်။ (ဟေဗြဲ ၃:၁၂၊ ၁၈၊ ၁၉; ၄:၆၊ ၉-၁၁၊ ၁၄-၁၆) ခရစ်ယာန်များအတွက် ထိုကဲ့သို့သော ဥပုသ်စောင့်ခြင်းသည် တစ်ပတ် တစ်ရက်မျှသာ မဟုတ်ဘဲ နေ့တိုင်း စောင့်ထိန်းလုပ်ဆောင်ကြသည်။—ကောလောသဲ ၃:၂၃၊ ၂၄။
ဝိညာဏ ဣသရေလသည် ‘မြေကြီးပေါ်ရှိ မြင့်သော အရပ်တို့ကို စီး’ ၏
၂၁၊ ၂၂။ ယေဟောဝါသည် ဘုရားသခင်၏ ဣသရေလလူမျိုးအား အဘယ်နည်းဖြင့် ‘မြေကြီးပေါ်ရှိ မြင့်သော အရပ်တို့ကို စီးစေ’ သနည်း။
၂၁ ၁၉၁၉ ခုနှစ်တွင် ဗာဗုလုန်သုံ့ပန်းဘဝမှ လွတ်မြောက်လာကတည်းက ဘိသိက်ခံ ခရစ်ယာန်များသည် ဥပုသ်က ပုံဆောင်ခဲ့ရာကို သစ္စာရှိစွာ စောင့်ထိန်းခဲ့ကြသည်။ ရလဒ်အနေနှင့် ယေဟောဝါသည် သူတို့ကို ‘မြေကြီးပေါ်ရှိ မြင့်သော အရပ်တို့ကို စီးစေ’ ခဲ့သည်။ အဘယ်သဘောဖြင့်နည်း။ ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်၌ ယေဟောဝါသည် အာဗြဟံ၏ သားစဉ်မြေးဆက်များနှင့် သူတို့ နာခံမည်ဆိုလျှင် ယဇ်ပုရောဟိတ်အမျိုး၊ သန့်ရှင်းသောလူမျိုး ဖြစ်လာမည် ဖြစ်ကြောင်း ပဋိညာဉ် ဖွဲ့ခဲ့သည်။ (ထွက်မြောက်ရာ ၁၉:၅၊ ၆) လင်းယုန်ငှက်သည် မိမိအတောင်ပေါ်တွင် သယ်ဆောင်သွားသကဲ့သို့ ယေဟောဝါသည် တောကန္တာရအတွင်း အနှစ် ၄၀ ကာလပတ်လုံး သူတို့ကို အကာအကွယ်ပေး ခေါ်ဆောင်ခဲ့ပြီး အလျှံပယ် ပြင်ဆင်ပေးချက်များဖြင့် သူတို့ကို ကောင်းချီးပေးခဲ့သည်။ (တရားဟောရာ ၃၂:၁၀-၁၂) သို့ရာတွင် လူမျိုးတော်သည် ယုံကြည်ခြင်း ကင်းမဲ့ခဲ့သောကြောင့် နောက်ဆုံးတွင် သူတို့ ရရှိခဲ့သော အခွင့်အရေးအားလုံး ဆုံးရှုံးခဲ့သည်။ သို့သော်လည်း ယနေ့ ယေဟောဝါ၌ ယဇ်ပုရောဟိတ်နိုင်ငံ ရှိသည်။ ၎င်းမှာ ဘုရားသခင်၏ ဝိညာဏ ဣသရေလလူမျိုး ဖြစ်သည်။—ဂလာတိ ၆:၁၆; ၁ ပေတရု ၂:၉။
၂၂ ‘နောက်ဆုံးသောကာလ’ အတွင်း ဤဝိညာဏလူမျိုးသည် ရှေးဣသရေလလူမျိုး ပျက်ကွက်ခဲ့ရာများကို လုပ်ဆောင်ခဲ့ကြသည်။ သူတို့သည် ယေဟောဝါအပေါ် ယုံကြည်ခြင်း မပြတ် တင်ပြကြသည်။ (ဒံယေလ ၈:၁၇) အဖွဲ့ဝင်များသည် ယေဟောဝါ၏ မြင့်မားသော စံနှုန်းများ၊ မြင့်မြတ်သော နည်းလမ်းများကို စွဲမြဲစွာ လိုက်လျှောက်ကြသောကြောင့် ဝိညာဏသဘောအရ ယေဟောဝါသည် သူတို့ကို အမြင့်တွင် မြှင့်တင်ထားတော်မူသည်။ (သုတ္တံ ၄:၄၊ ၅၊ ၈; ဗျာဒိတ် ၁၁:၁၂) သူတို့ ပတ်ပတ်လည်ရှိ မသန့်ရှင်းသော ဝန်းကျင်မှ ကာကွယ်ပေးခဲ့ပြီး သူတို့သည် မြင့်မြတ်သော ဘဝပုံစံတွင် မွေ့လျော်ကြကာ ကိုယ်ပိုင်နည်းလမ်းများကို ဇွတ်အတင်း လိုက်မည့်အစား ကိုယ်တော့် နှုတ်ကပါဌ်တော်နှင့် “ထာဝရဘုရား၌ မွေ့လျော်ခြင်း ရှိ” ရန် ကြိုးစားကြသည်။ (ဆာလံ ၃၇:၄) ကမ္ဘာတစ်ဝန်း ဆန့်ကျင်တိုက်ခိုက်မှုများ ကြုံတွေ့ကြရသည့်ကြားမှ ယေဟောဝါသည် သူတို့ကို ဝိညာဏ လုံခြုံမှု ဆက်၍ ပေးတော်မူ၏။ ၁၉၁၉ ခုနှစ်အချိန်ကစ၍ သူတို့၏ ဝိညာဏ “ပြည်တော်” ကျိုးပဲ့ပျက်စီးခြင်း မရှိခဲ့ပါ။ (ဟေရှာယ ၆၆:၈) သူတို့သည် ကမ္ဘာတစ်ဝန်း ဝမ်းမြောက်ရွှင်လန်းစွာ ကြေညာနေသော ကိုယ်တော်၏ မြင့်မြတ်သော နာမတော်အတွက် လူမျိုး ဆက်၍ ဖြစ်ကြသည်။ (တရားဟောရာ ၃၂:၃; တမန်တော် ၁၅:၁၄) ထို့ပြင် လူမျိုးခပ်သိမ်းမှ တိုးများလျက် ရှိသော စိတ်နှိမ့်ချသူများသည် ယခု သူတို့နှင့်အတူ ယေဟောဝါ၏ နည်းလမ်းတော်များ သွန်သင်ခံရသည့် အခွင့်ထူး၌ ပါဝင်ခွင့် ရပြီး ကိုယ်တော်၏ နည်းလမ်းတော်များတွင် လျှောက်လှမ်းရန် အကူအညီ ရရှိခဲ့ကြသည်။
၂၃။ ယေဟောဝါသည် မိမိ၏ ဘိသိက်ခံ ကျေးကျွန်များအား ‘ယာကုပ်၏ အမွေဥစ္စာနှင့်’ မည်သို့ ‘ကျွေးမွေး’ ခဲ့သနည်း။
၂၃ ယေဟောဝါသည် မိမိ၏ ဘိသိက်ခံ ကျေးကျွန်များကို ‘ယာကုပ်၏ အမွေဥစ္စာနှင့် ကျွေး’ မွေးခဲ့သည်။ ဣဇာက်သည် ဧသောအစား ယာကုပ်ကို ကောင်းချီးပေးခဲ့စဉ်က ဘိုးဘေး၏ စကားများတွင် အာဗြဟံမှ ဆင်းသက်သော ကတိထားရာ မျိုးနွယ်တော်ကို ယုံကြည်ကြောင်း တင်ပြသူအားလုံးအတွက် ကောင်းချီးများကို ကြိုပြောခဲ့သည်။ (ကမ္ဘာဦး ၂၇:၂၇-၂၉; ဂလာတိ ၃:၁၆၊ ၁၇) ဘိသိက်ခံ ခရစ်ယာန်များနှင့် သူတို့၏ အပေါင်းပါများသည် ဧသောကဲ့သို့ မဟုတ်ဘဲ ယာကုပ်ကဲ့သို့ ‘မြင့်မြတ်သော အရာများ၊’ အထူးသဖြင့် ဘုရားသခင် အလျှံပယ် ထောက်ပံ့ပေးသော ဝိညာဏ အစာများကို ‘လေးမြတ်’ ခဲ့ကြသည်။ (ဟေဗြဲ ၁၂:၁၆၊ ၁၇; မဿဲ ၄:၄) ကတိထားရာ မျိုးနွယ်တော်နှင့် မျိုးနွယ်တော်၏ အပေါင်းအဖော်များအားဖြင့် ဘုရားသခင်သည် အဘယ်အရာကို ပြီးမြောက်နေစေသည်နှင့် စပ်လျဉ်းသော အသိပညာ အပါအဝင် ဝိညာဏအစာသည် ခွန်အား ဖြစ်စေကာ ကြံ့ခိုင်စေပြီး သူတို့၏ ဝိညာဏ အသက်တာအတွက် အရေးပါသည်။ ထို့ကြောင့် သူတို့သည် ဘုရားသခင့် နှုတ်ကပါဌ်တော်ကို ဖတ်ရှုဆင်ခြင်သုံးသပ်ခြင်းဖြင့် ဝိညာဏ အာဟာရကို မပြတ် ရယူရန် အရေးကြီးသည်။ (ဆာလံ ၁:၁-၃) သူတို့သည် ခရစ်ယာန် အစည်းအဝေးများတွင် ယုံကြည်သူချင်းများနှင့် စုဝေးရန် လိုအပ်သည်။ ထို့ပြင် သူတို့သည် ထိုအစာအာဟာရကို အခြားသူများအား ရွှင်လန်းစွာ ဝေမျှစဉ် စင်ကြယ်သော ဝတ်ပြုရေး၏ မြင့်မားသော စံနှုန်းများကို စွဲကိုင်ရန် အလွန် အရေးကြီးသည်။
၂၄။ ယနေ့ စစ်မှန်သော ခရစ်ယာန်များသည် မိမိတို့ကိုယ်ကို မည်သို့ ကျင့်ဆောင်ပြုမူကြသနည်း။
၂၄ ယေဟောဝါ၏ ကတိတော် ပြည့်စုံလာမည်ကို စိတ်ထက်သန်စွာ စောင့်စားနေစဉ် စစ်မှန်သော ခရစ်ယာန်များသည် အရေခြုံမှု မျိုးစုံကို ဆက်၍ ငြင်းပယ်နိုင်ကြပါစေ။ ‘ယာကုပ်၏ အမွေဥစ္စာ’ မှ အာဟာရ ရရှိပြီး ‘မြေကြီးပေါ်ရှိ မြင့်သောအရပ်တို့’ တွင် ဝိညာဏ လုံခြုံမှုကို ဆက်ရရှိနိုင်ကြပါစေ။
[အောက်ခြေမှတ်ချက်]
a မိမိ၏ လူမျိုးတော်အထဲရှိ အကြွေးတင်သောသူများသည် အကြွေးပြန်ဆပ်ရန် ကျွန်အဖြစ်—အထူးသဖြင့် အငှားကျွန်များ ဖြစ်လာစေရန်—မိမိတို့ကိုယ်ကို ရောင်းရန် ယေဟောဝါ အစီအစဉ်များ ပြုလုပ်ပေးခဲ့သည်။ (ဝတ်ပြုရာ ၂၅:၃၉-၄၃) သို့ရာတွင် ကျွန်များကို ကြင်နာစွာ ဆက်ဆံရန် ပညတ်တရားက တောင်းဆိုခဲ့သည်။ ကြမ်းတမ်းစွာ ဆက်ဆံခံရသူများကို လွှတ်ပေးရသည်။—ထွက်မြောက်ရာ ၂၁:၂၊ ၃၊ ၂၆၊ ၂၇; တရားဟောရာ ၁၅:၁၂-၁၅။