အခန်း ရှစ်
‘နတ်ဆိုးတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ခြင်း’
၁။ နတ်ဆိုးများ၏ လုပ်ဆောင်ချက်များကို ကျွန်ုပ်တို့ အဘယ်ကြောင့် အထူး စိတ်ဝင်စားကြသနည်း။
နတ်ဆိုးများ ရှိသည်ဟူသော အယူအဆကို လူအများက သရော်လှောင်ပြောင်ကြသည်။ သို့သော် ဤကိစ္စသည် ရယ်စရာကိစ္စ မဟုတ်ပါ။ လူတို့ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ နတ်ဆိုးများသည် အကယ်ပင် ရှိကြသည့်အပြင် လူတိုင်းကိုလည်း ဖိအားပေးရန် ကြိုးစားလျက်ရှိသည်။ ယေဟောဝါအား ကိုးကွယ်သူတို့လည်း မလွတ်ကြချေ။ အမှန်မှာ သူတို့သည် နတ်ဆိုးတို့၏ အဓိကပစ်မှတ် ဖြစ်ကြသည်။ တမန်တော်ပေါလုက “ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန် ရကြသည်မဟုတ်။ အထွတ်အမြတ်တို့ [“မျက်မြင်မရသော အစိုးရတို့၊” ကဘ] နှင့်လည်းကောင်း၊ အာဏာစက်တို့နှင့်လည်းကောင်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်လည်းကောင်း၊ မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်လှန်ရကြ၏” ဟုဆိုလျက် ကျွန်ုပ်တို့အား ထိုအရှိတရားအကြောင်းကို သတိပေးနှိုးဆော်ထား၏။ (ဧဖက် ၆:၁၂) စာတန်သည် ကောင်းကင်မှ ချပစ်ခြင်းခံရသည့်အပြင် သူ၏ အချိန်ကာလ အနည်းငယ်သာ ကျန်ရှိသည်ကို သိသဖြင့် ပြင်းစွာ အမျက်ထွက်နေသောကြောင့် ကျွန်ုပ်တို့ခေတ်တွင် နတ်ဆိုးတို့၏ ဖိအားပေးမှုသည် အပြင်းထန်ဆုံးအဆင့်သို့ ရောက်ရှိနေပေသည်။—ဗျာဒိတ် ၁၂:၁၂။
၂။ လူထက်သာလွန်သည့် နာမ်ဝိညာဉ်များနှင့် ဆိုင်ပြိုင်တိုက်လှန်ရာတွင် ကျွန်ုပ်တို့ မည်သို့ အောင်မြင်နိုင်ကြသနည်း။
၂ လူထက်သာလွန်သော နာမ်ဝိညာဉ် အင်အားစုနှင့် ဆိုင်ပြိုင်တိုက်လှန်၍ အနိုင်ရနိုင်ပါသလော။ ရနိုင်ပါသည်၊ သို့သော် ယေဟောဝါကို လုံးဝ အားထားမှသာ ရနိုင်ပါလိမ့်မည်။ ကိုယ်တော့်စကားကို နားထောင်၍ နှုတ်ကပါဌ်တော်ကို နာခံရပါမည်။ ဤသို့ပြုခြင်းအားဖြင့် စာတန့်ဩဇာအောက် ရှိနေကြသူများ တွေ့ကြုံနေရသည့် ကာယ၊ စာရိတ္တနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ ထိခိုက်ပျက်စီးမှုများမှ ကျွန်ုပ်တို့ ကင်းဝေးနိုင်မည်ဖြစ်သည်။—ယာကုပ် ၄:၇။
ကောင်းကင်အရပ်၌နေသော လောကီမင်းများ
၃။ မည်သူတို့ကို စာတန် ရက်စက်ကြမ်းကြုတ်စွာ ဆန့်ကျင်တိုက်ခိုက်သနည်း။ အဘယ်သို့အားဖြင့်နည်း။
၃ ယေဟောဝါသည် အထက်ကောင်းကင်ဘုံ အပေါ်စီးမှနေ၍ တွေ့မြင်ရသည့် ကမ္ဘာ့အခြေအနေ အရပ်ရပ်ကို ကျွန်ုပ်တို့အား ကွက်ကွက်ကွင်းကွင်း ဖော်ပြပေးတော်မူ၏။ စာတန်ကို “မီးနီရောင် နဂါးကြီးတစ်ကောင်” အဖြစ် ဖော်ပြသည့် ရူပါရုံတစ်ခုကို တမန်တော်ယောဟန်အား ကိုယ်တော် ပေးတော်မူခဲ့၏။ စာတန်သည် ၁၉၁၄ ခုနှစ်တွင် ကောင်းကင်ဘုံ၌ ဘုရားသခင့် မေရှိယနိုင်ငံတော် မွေးဖွားလျှင် မွေးဖွားချင်း ဝါးမျိုနိုင်လျှင် ဝါးမျိုပစ်ရန် အသင့်စောင့်နေ၏။ ထိုအကြံအစည်ပျက်ပြားသွားသည့်အခါ သူသည် ထိုနိုင်ငံတော်၏ မြေကြီးဆိုင်ရာ ကိုယ်စားလှယ်များကို ရက်စက်ကြမ်းကြုတ်စွာ ဆန့်ကျင်တိုက်ခိုက်လေသည်။ (ဗျာဒိတ် ၁၂:၃၊ ၄၊ ၁၃၊ ၁၇၊ ကဘ) ၎င်းစစ်ပွဲကို စာတန် မည်သို့ ဆင်နွှဲမည်နည်း။ သူ၏ လူသားကိုယ်စားလှယ်များမှတစ်ဆင့် ဆင်နွှဲသည်။
၄။ လူ့အစိုးရများ၏ တန်ခိုးအာဏာ ပင်ရင်းဇာစ်မြစ်ကား မည်သူနည်း။ ကျွန်ုပ်တို့ အဘယ်သို့ သိရသနည်း။
၄ ၎င်းနောက် ယောဟန်သည် ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိသော သားရဲတည်းဟူသော “မျိုးနွယ်စု၊ လူမျိုး၊ ဘာသာစကားတူလူစုနှင့် တိုင်းနိုင်ငံ ရှိသမျှတို့အပေါ်” စိုးမိုးခွင့်အာဏာရရှိသည့် သားရဲတစ်ကောင်ကို မြင်ရ၏။ ၎င်းသားရဲသည် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးစနစ် တစ်ရပ်လုံးကို ကိုယ်စားပြုသည်။ “နဂါး [စာတန်မာရ်နတ်] သည် မိမိ၏တန်ခိုး၊ ပလ္လင်နှင့် ကြီးစွာသောအာဏာတို့ကို သားရဲအား အပ်ပေး” ကြောင်းကို ယောဟန် သိခဲ့ရသည်။ (ဗျာဒိတ် ၁၃:၁၊ ၂၊ ၇၊ ကဘ) မှန်ပါသည်၊ စာတန်သည် လူ့အစိုးရ ရှိရှိသမျှတို့၏ တန်ခိုးအာဏာ ဆင်းသက်ရာ ပင်ရင်းဇာစ်မြစ်ဖြစ်၏။ ထို့ကြောင့် တမန်တော်ပေါလု ရေးသားခဲ့သည့်အတိုင်း ‘လောကီမင်း’ အစစ်အမှန်တို့မှာ လူ့အစိုးရတို့ကို ချုပ်ကိုင်ထားကြသည့် “ကောင်းကင်၌နေသော နတ်ဆိုးတို့” ဖြစ်ကြပေသည်။ ယေဟောဝါအား ကိုးကွယ်လိုသူတိုင်း ဤအချက်ကို လိပ်ပတ်လည်အောင် သဘောပေါက်ထားရန် လိုပေသည်။—လုကာ ၄:၅၊ ၆။
၅။ အဘယ်အရာဆီသို့ နိုင်ငံရေး အစိုးရမင်းများ ယခုစုရုံးခံနေရကြသနည်း။
၅ နိုင်ငံရေးအုပ်စိုးရှင် များစွာတို့သည် ဘာသာတရား ကြည်ညိုကိုင်းရှိုင်းသူများဖြစ်သည်ဟု ဆိုကြသော်လည်း မည်သည့်တိုင်းနိုင်ငံကမျှ ယေဟောဝါ၏ အုပ်ချုပ်ခွင့်အာဏာကိုလည်းကောင်း၊ ခန့်အပ်ခံဘုရင် ယေရှုခရစ်ကိုလည်းကောင်း လက်အောက်ခံခြင်း မရှိကြချေ။ ၎င်းတို့အားလုံးသည် မိမိတို့၏ တန်ခိုးအာဏာကို လက်မလွှတ်တမ်း ဆုပ်ကိုင်ထားရန် အကြိတ်အနယ် ရုန်းကန်ကြိုးပမ်းနေကြသည်။ ယခုခေတ်တွင် ဗျာဒိတ်ကျမ်း ဖော်ပြသကဲ့သို့ “နတ်ဆိုးများမှုတ်သွင်းသော မြွက်ဆိုချက်များ” က လောကီမင်းများကို အာမဂေဒုန်၌ “အနန္တတန်ခိုးရှင် ဘုရားသခင်၏ နေ့ကြီးစစ်ပွဲသို့ စုရုံးစေ” လျက်ရှိသည်။—ဗျာဒိတ် ၁၆:၁၃၊ ၁၄၊ ၁၆; ၁၉:၁၇-၁၉၊ ကဘ။
၆။ စာတန့်စနစ်ကို ထောက်ခံမိလျက်သား ဖြစ်မသွားရအောင် သတိထားဖို့ အဘယ်ကြောင့် လိုသနည်း။
၆ နေ့စဉ်နှင့်အမျှ လူ့မိသားစုကြီးကို အစိတ်စိတ်အမြွှာမြွှာ ကွဲပြားစေသည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ဘာသာရေး ပဋိပက္ခများကြောင့် လူတို့၏ဘဝသည် ထိခိုက်လျက်ရှိကြသည်။ ၎င်းပဋိပက္ခများ၌ လူတို့သည် မိမိတို့ပါဝင်သည့် တိုင်းနိုင်ငံ၊ လူမျိုးစု၊ ဘာသာစကားတူလူစု၊ သို့မဟုတ် လူတန်းစားဘက်မှနေ၍ နှုတ်အားဖြင့်ဖြစ်စေ၊ အခြားနည်းများဖြင့်ဖြစ်စေ ဘက်လိုက်တတ်ကြသည်မှာ အဆန်းမဟုတ်ပေ။ လူတို့သည် ပဋိပက္ခတစ်ခုခု၌ တိုက်ရိုက် ပါဝင်ပတ်သက်ခြင်း မရှိသည့်တိုင်အောင် တစ်ဖက်ဘက်ကို အလေးပေးလေ့ရှိကြသည်။ သို့သော် မည်သူ့ဘက်ပါပါ၊ မည်သည့်လမ်းစဉ်ကိုလိုက်လိုက် စင်စစ်အားဖြင့် မည်သူ့ကို ထောက်ခံနေခြင်းဖြစ်သနည်း။ “လောကီသား အပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြ၏” ဟုကျမ်းစာက ရှင်းလင်းစွာ ဖော်ပြထား၏။ (၁ ယောဟန် ၅:၁၉) သို့ဖြစ်လျှင် ကျန်လူသားများနှင့်အတူ လှည့်ဖြားခြင်း မခံရရန် လူတစ်ဦး မည်သို့ရှောင်နိုင်သနည်း။ ဘုရားသခင့် နိုင်ငံတော်ကို အပြည့်အဝ ထောက်ခံခြင်းအားဖြင့်၊ ကမ္ဘာ့ ပဋိပက္ခများနှင့်ပတ်သက်၍ လုံးလုံးလျားလျား ကြားနေခြင်းအားဖြင့်သာလျှင် ဖြစ်သည်။—ယောဟန် ၁၇:၁၅၊ ၁၆။
ယုတ်မာသူ၏ စဉ်းလဲသော ပရိယာယ်များ
၇။ မှောက်မှားသောဘာသာကို အသုံးပြုရာ၌ စာတန်၏ လိမ္မာပါးနပ်မှုကို မည်သို့တွေ့ရှိရသနည်း။
၇ သမိုင်းကာလ တစ်လျှောက်အတွင်း စာတန်သည် လူတို့အား စစ်မှန်သောကိုးကွယ်မှုကို စွန့်ခွာသွားစေရန် နှုတ်အားဖြင့်ညှဉ်းပန်းခြင်းနှင့် ကိုယ်ထိလက်ရောက်ညှဉ်းပန်းခြင်းကို အသုံးပြုလာခဲ့သည်။ ပို၍ သိမ်မွေ့သောနည်းများဖြစ်သည့် ကောက်ကျစ်စဉ်းလဲသော ပရိယာယ်များကိုလည်း အသုံးပြုသေးသည်။ သူသည် လူသားအများထုကို ဘုရားသခင်အား ဝတ်ပြုနေသည်ဟူသော အထင်မျိုးရောက်စေသည့် မှောက်မှားသောဘာသာကို အသုံးပြု၍ သူတို့ကို မှောင်မိုက်၌ လိမ္မာပါးနပ်စွာ ချုပ်ထား၏။ ဘုရားသခင်အကြောင်း မှန်ကန်စွာ မသိခြင်း၊ အမှန်တရားကို ချစ်မြတ်နိုးသည့်စိတ် မရှိခြင်းတို့ကြောင့် ထိုသူတို့သည် နက်နဲဆန်းကြယ်၍ စိတ်လှုပ်ရှားစေသည့် ဘာသာရေး ဝတ်ပြုဆုတောင်းပွဲများကို နှစ်သက်ကောင်း နှစ်သက်ကြမည်၊ သို့မဟုတ် တန်ခိုးဣဒ္ဓိပါဒ်များကို အထင်ကြီးကောင်း ကြီးကြပေမည်။ (၂ သက်သာလောနိတ် ၂:၉၊ ၁၀) သို့သော် စစ်မှန်သော ကိုးကွယ်မှုတွင် တစ်ချိန်က ပါဝင်ခဲ့သူတို့ထဲမှပင် “လူအချို့တို့သည် ယုံကြည်ခြင်းကိုစွန့်ပယ်၍၊ လှည့်ဖြားတတ်သော စိတ်ဝိညာဉ်တို့၌လည်းကောင်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သော ဩဝါဒတို့၌လည်းကောင်း မှီဝဲဆည်းကပ်ကြလိမ့်မည်” ဖြစ်ကြောင်း ကျွန်ုပ်တို့အား သတိပေးထားသည်။ (၁ တိမောသေ ၄:၁၊ ၂) မည်သို့ ဖြစ်နိုင်မည်နည်း။
၈။ ယေဟောဝါအား ကိုးကွယ်နေသူတို့ကိုပင် မှောက်မှားသော ဘာသာထဲသို့ ရောက်သွားစေရန် စာတန် မည်သို့ သွေးဆောင်နိုင်သနည်း။
၈ မာရ်နတ်သည် ကျွန်ုပ်တို့၏ အားနည်းချက်များကို ကောက်ကျစ်စဉ်းလဲစွာ ခေါင်းပုံဖြတ် အမြတ်ထုတ်လေ့ရှိသည်။ လူကိုကြောက်ရွံ့သည့်စိတ် ကျွန်ုပ်တို့ကို စိုးမိုးလျက်နေဆဲ ရှိသလော။ သို့ဖြစ်လျှင်၊ ကျွန်ုပ်တို့သည် မှားယွင်းသည့် ဘာသာရေးမှ မြစ်ဖျားခံသော ဓလေ့ထုံးတမ်းများတွင် ပါဝင်ရန် ဆွေမျိုးသားချင်းများ၊ သို့မဟုတ် အိမ်နီးချင်း အသိုင်းအဝိုင်းတို့၏ ဖိအားပေးမှုကို အရှုံးပေးကောင်း ပေးမိပေမည်။ ကျွန်ုပ်တို့ မာနကြီးသလော။ သို့ဖြစ်လျှင် အကြံပေးခံရသည့်အခါ၌ဖြစ်စေ၊ ကျွန်ုပ်တို့ ထောက်ခံသည့် အကြံအစည်များကို အခြားသူတို့ လက်မခံသည့်အခါ၌ဖြစ်စေ ကျွန်ုပ်တို့ ဗွေယူကြမည်ဖြစ်သည်။ (သုတ္တံ ၁၅:၁၀; ၂၉:၂၅; ၁ တိမောသေ ၆:၃၊ ၄) ခရစ်တော်၏ စံနမူနာနှင့်အညီ မိမိတို့၏ အမြင်သဘောထားကို ပြုပြင်မည့်အစား ကျမ်းစာဖတ်ရုံ၊ ကောင်းကောင်းမွန်မွန် ကျင့်ကြံနေထိုင်ရုံနှင့် လုံလောက်သည်ဟုပြော၍ ‘ကျွန်ုပ်တို့၏နားကို ယားစေသော’ သူတို့ဘက်သို့ လိုက်ပါကောင်း လိုက်ပါကြမည်။ (၂ တိမောသေ ၄:၃) ကျွန်ုပ်တို့သည် နှုတ်ကပါဌ်တော်နှင့် အဖွဲ့အစည်းတော်မှတစ်ဆင့် ဘုရားသခင် ညွှန်ကြားသည့်အတိုင်း ယေဟောဝါအား ကိုးကွယ်ခြင်းမပြုသမျှ ကာလပတ်လုံး အခြားမည်သည့်ဘာသာရေး အဖွဲ့တစ်ခုခုတွင် ပါဝင်ပါဝင်၊ မည်သည့် ကိုယ်ပိုင်ဘာသာ တစ်ခုခုကို စွဲကိုင်စွဲကိုင် စာတန်အဖို့ အကြောင်းမထူး အရေးမကြီးပေ။
၉။ စာတန်သည် မိမိအကြံအောင်မြင်ရန် လိင်ကို စဉ်းလဲစွာ မည်သို့ အသုံးချသနည်း။
၉ စာတန်သည် သာမန်ဆန္ဒများကိုပင် လွဲမှားသောနည်းများဖြင့် ဖြေသိမ့်ရန် လူတို့အား စဉ်းလဲစွာ မြှူဆွယ်သေးသည်။ သွေးသားဆန္ဒ တောင့်တမှုနှင့်ပတ်သက်၍ သူ ဤသို့ပင် ပြုခဲ့သည်။ လောကီသား အများတို့သည် သမ္မာကျမ်းစာ စာရိတ္တကို ပစ်ပယ်လျက် အိမ်ထောင်မပြုထားသူ အချင်းချင်း လိင်ဆက်ဆံခြင်းကို တရားဝင်သော သာယာပျော်ရွှင်မှု၊ သို့မဟုတ် အရွယ်ရောက် လူလားမြောက်ကြောင်း ပြသသည့်လုပ်ရပ်အဖြစ် သဘောထားကြသည်။ အိမ်ထောင်သည်များကော မည်သို့နည်း။ အများသည် အိမ်ထောင်ရေး ဖောက်ပြန်ကြသည်။ အိမ်ထောင်ရေး ဖောက်ပြန်ခြင်း မရှိသည့်တိုင်အောင် လူအများတို့သည် အခြားသူတစ်ဦးနှင့် ပေါင်းသင်းနေထိုင်ရန်အတွက် လင်မယား ကွာရှင်းခြင်း၊ သို့မဟုတ် ခွဲနေခြင်း နည်းလမ်းများကို ရှာကြံကြသည်။ စာတန်၏ သိမ်မွေ့လှသည့် ချဉ်းကပ်နည်း၏ ရည်ရွယ်ချက်မှာ လူတို့အား လတ်တလော သာယာပျော်ရွှင်မှုအတွက်သာ စဉ်းစားရန်၊ မိမိတို့နှင့် အခြားသူတို့အပေါ် သက်ရောက်မည့် ရေရှည်အကျိုးဆက်များကို မစဉ်းစားရန်၊ အထူးသဖြင့် ယေဟောဝါနှင့် ကိုယ်တော့်သားတော်တို့နှင့် သူတို့၏ဆက်ဆံရေးအပေါ် သက်ရောက်မည့် အကျိုးဆက်များကို မစဉ်းစားရန် လှည့်ဖြားခြင်းပင်ဖြစ်သည်။—၁ ကောရိန္သု ၆:၉၊ ၁၀; ဂလာတိ ၆:၇၊ ၈။
၁၀။ အကျင့်ပျက်ခြင်းနှင့် အကြမ်းဖက်ခြင်းအပေါ် ထားရှိသည့် ကျွန်ုပ်တို့၏ သဘောထားကို ကမောက်ကမ ဖြစ်သွားစေရန် အဘယ်နည်းများဖြင့် စာတန် ကြိုးပမ်းသနည်း။
၁၀ သာမန်ဆန္ဒ နောက်တစ်ခုမှာ ဖျော်ဖြေမှုရလိုခြင်းဖြစ်သည်။ ဖျော်ဖြေမှု ကောင်းကောင်းသန့်သန့်ဖြစ်လျှင် ကာယ၊ ဉာဏ၊ စိတ္တ သုံးတန်စလုံးအတွက် ကြည်သာလန်းဆန်းစေနိုင်သည်။ သို့သော် အပန်းဖြေ အနားယူသည့် အချိန်သမယများကို စာတန်က ဘုရားသခင်၏ စဉ်းစားပုံမှ ကျွန်ုပ်တို့၏ စဉ်းစားပုံကို ဝေးကွာသွားစေရန် ပါးနပ်စွာ အသုံးပြုလာသည့်အခါ ကျွန်ုပ်တို့ မည်သို့ တုံ့ပြန်ကြသနည်း။ သာဓကအနေနှင့် လိင်စာရိတ္တပျက်ခြင်းနှင့် အကြမ်းဖက်ခြင်းကို ယေဟောဝါ မုန်းတော်မူကြောင်း ကျွန်ုပ်တို့ သိကြသည်။ ရုပ်ရှင်၊ ရုပ်မြင်သံကြား၊ သို့မဟုတ် ဇာတ်သဘင်များ၌ ထိုသို့သောအရာများကို တင်ဆက်သည့်အခါ၌ ကျွန်ုပ်တို့ မလှုပ်မယှက်ထိုင်၍ ဆက်လက်ကြည့်ရှုသလော။ “ဆိုးညစ်သူများ၊ အယောင်ဆောင် လှည့်စားသူများသည် ဆိုးယုတ်သည်ထက် ပိုမိုဆိုးယုတ်စွာ ပြုကျင့်လာကြလိမ့်မည်” ဖြစ်သဖြင့် တွင်းနက်ကြီးထဲသို့ စာတန်ကိုချပစ်မည့်အချိန် နီးကပ်လာသည်နှင့်အမျှ ထိုသို့သောအရာများ ပိုမိုယုတ်ညံ့လာစေရန် စာတန် ဖန်တီးလာမည့်အကြောင်းကိုလည်း နှလုံးသွင်းသင့်ပေသည်။ (၂ တိမောသေ ၃:၁၃၊ သက၊ ဗျာဒိတ် ၂၀:၁-၃) ထို့ကြောင့် စာတန်၏ ဉာဏ်နီဉာဏ်နက်များကို ကျွန်ုပ်တို့ အစဉ် သတိထားရန်လိုသည်။—ကမ္ဘာဦး ၆:၁၃; ဆာလံ ၁၁:၅; ရောမ ၁:၂၄-၃၂။
၁၁။ သတိမထားပါက နတ်ဝိဇ္ဇာအတတ်အကြောင်း အမှန်အတိုင်း သိထားသူတစ်ဦးပင် ကျော့ကွင်း၌ အဘယ်နည်းများဖြင့် ကျော့မိသွားနိုင်သနည်း။
၁၁ အနာဂတ်ဟောခြင်း၊ မှော်အတတ် လိုက်စားခြင်း၊ လူသေကို ဆက်သွယ်မေးမြန်းရန်ကြိုးစားခြင်း အစရှိသည့် နတ်ဝိဇ္ဇာအတတ် တစ်မျိုးမျိုးကို လိုက်စားသူတို့ကို ယေဟောဝါ စက်ဆုပ်ရွံရှာကြောင်းကိုလည်း ကျွန်ုပ်တို့ ကောင်းစွာသိကြ၏။ (တရားဟောရာ ၁၈:၁၀-၁၂) ဤအချက်ကို နှလုံးသွင်းမိပါက ကျွန်ုပ်တို့သည် နတ်ဝင်သည်များနှင့် တိုင်ပင်ခြင်းကို စဉ်းစားမည် မဟုတ်သကဲ့သို့ ကျွန်ုပ်တို့အိမ်ထဲ၌ နတ်ဝိဇ္ဇာအတတ်များ ပြုလုပ်ရန် သူတို့ကို ကြိုဆိုမည်လည်း မဟုတ်ပေ။ သို့သော် ရုပ်မြင်သံကြားနှင့် အင်တာနက်တို့၌ ၎င်းတို့ပါလာသည့်အခါ ကျွန်ုပ်တို့ နားထောင်ကြမည်လော။ ပယောဂဆရာ၏ ကုသမှုကို ကျွန်ုပ်တို့ ခံယူမည်မဟုတ်သော်လည်း ဘေးကင်းရန်ကွာ သဘောမျိုးဖြင့် ကျွန်ုပ်တို့၏ မွေးကင်းစကလေး၏ လက်ကောက်ဝတ်တွင် ပရိတ်ကြိုး ချည်ပေးနိုင်သလော။ သူတစ်ပါးအား ပြုစားခြင်းကို ကျမ်းစာက ပြစ်တင်ရှုတ်ချကြောင်း သိထားသောကြောင့် ကျွန်ုပ်တို့ကို အိပ်မွေ့ချရန် စိတ်ညှို့သူတစ်ဦးအား ခွင့်ပြုမည်လော။—ဂလာတိ ၅:၁၉-၂၁။
၁၂။ (က) မှားသည်ဟု ကျွန်ုပ်တို့ သိထားသည့်အရာကို စဉ်းစားစေရန် တေးဂီတကို မည်သို့ အသုံးပြုသနည်း။ (ခ) ယေဟောဝါ မနှစ်သက်သော ဘဝပုံစံရှိသူတို့ကို အားကျကြောင်း လူတစ်ဦး၏ ဝတ်စားဖြီးလိမ်းပုံ၊ သို့မဟုတ် ပြောဆိုပုံက မည်သို့ ဖော်ပြနိုင်သနည်း။ (ဂ) စာတန်၏ စဉ်းလဲသော ပရိယာယ်ကျော့ကွင်းအတွင်း သက်ဆင်းမိသည့်သားကောင် မဖြစ်ရလေအောင် ကျွန်ုပ်တို့ဘက်မှ အဘယ်အရာပြုလုပ်ရမည်နည်း။
၁၂ မတရားသောမေထုန်နှင့် ညစ်ညူးမှုအမျိုးမျိုးအကြောင်းကို (မတော်လျော်သည့်သဘောဖြင့်) နှုတ်မြွက်ရန်ပင် မသင့်ကြောင်း သမ္မာကျမ်းစာက ဆိုထားသည်။ (ဧဖက် ၅:၃-၅) သို့ရာတွင် သာယာနာပျော်ဖွယ်သော တေးသံ၊ မြူးကြွသော စည်းချက်ဝါးချက်၊ သို့မဟုတ် အဆက်မပြတ်သော တီးလုံးများပါရှိသည့် တေးဂီတနှင့်တွဲဖက်လျက် ထိုသို့သောအကြောင်းအရာများ ပါလာခဲ့သော် မည်သို့ပြုမည်နည်း။ ထိမ်းမြားခြင်းမရှိဘဲ လိင်ဆက်ဆံခြင်းအကြောင်း၊ အပျော်အပါးသဘောဖြင့် မူးယစ်ဆေးဝါးများ သုံးစွဲခြင်းအကြောင်းနှင့် အခြားအခြားသော အပြစ်ရှိသည့် လုပ်ရပ်များကို အမွှမ်းတင် ဂုဏ်ပြုစပ်ဆိုထားသည့် သီချင်းစာသားများကို ထပ်ခါထပ်ခါ လိုက်ဆိုကြမည်လော။ သို့တည်းမဟုတ် ထိုသို့သောအကျင့်များ၌ အထိန်းအကွပ် မရှိသူများ၏ ဘဝပုံစံကို အတုမခိုးသင့်ကြောင်း ကျွန်ုပ်တို့ သိထားကြသော်လည်း ထိုသူတို့၏ ဝတ်စားဖြီးလိမ်းပုံ၊ ပြောဆိုပုံတို့ကို အတုခိုးခြင်းအားဖြင့် သူတို့နှင့်တူကြောင်း ပြသကြသလော။ သူ၏ ယုတ်ညံ့ဖောက်ပြန်သည့် စဉ်းစားတွေးခေါ်ပုံအတိုင်း လူသားများလိုက်စေရန် စာတန်အသုံးပြုသော ဖြားယောင်းသွေးဆောင်သည့် နည်းစနစ်များသည် ကောက်ကျစ်စဉ်းလဲ ပိရိလိုက်လေခြင်း! (၂ ကောရိန္သု ၄:၃၊ ၄) သူ၏ စဉ်းလဲသော ပရိယာယ်ကျော့ကွင်းအတွင်း မသက်ဆင်းရလေအောင် ကျွန်ုပ်တို့သည် ဤလောကနှင့်အတူ ရောယောင်၍ လိုက်ပါသွားခြင်းကို ရှောင်ကြဉ်ရမည်။ ‘ဤအမှောင်လောကကို အစိုးရသူများ’ သည် မည်သူတို့ဖြစ်ကြောင်း အမြဲသတိရလျက် ၎င်းတို့၏ လွှမ်းမိုးခြယ်လှယ်မှုကို စိတ်ပါလက်ပါ ဆိုင်ပြိုင်တိုက်လှန်ရန်လိုသည်။—၁ ပေတရု ၅:၈။
အောင်နိုင်သူများဖြစ်ရန် အသင့်ရှိခြင်း
၁၃။ ကျွန်ုပ်တို့သည် မစုံလင်ကြစေကာမူ စာတန် အုပ်ချုပ်သည့် ဤလောကကို အောင်နိုင်သူများ မည်သို့ ဖြစ်နိုင်ကြသနည်း။
၁၃ ယေရှုသည် အသေမခံရမီ တမန်တော်များအား “အားယူကြလော့။ ငါသည် ဤလောကကိုအောင်ပြီ” ဟု မိန့်တော်မူခဲ့၏။ (ယောဟန် ၁၆:၃၃၊ သမ္မာ) သူတို့သည်လည်း အောင်နိုင်သူများ ဖြစ်နိုင်ကြပေသည်။ နှစ်ပေါင်း ၆၀ ခန့်ကြာပြီးနောက် တမန်တော်ယောဟန်က “ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ယုံကြည်သောသူမှတစ်ပါး၊ အဘယ်သူသည် လောကကိုအောင်နိုင်သနည်း” ဟူ၍ ရေးသားခဲ့သည်။ (၁ ယောဟန် ၅:၅) ယေရှု၏ ပညတ်များကို နာခံ၍ ယေရှုနည်းတူ ဘုရားသခင့် နှုတ်ကပါဌ်တော်ကို အားထားခြင်းအားဖြင့် ထိုသို့သော ယုံကြည်ခြင်းမျိုးကို တင်ပြနိုင်ကြသည်။ အခြား အဘယ်အရာများ လိုအပ်သေးသနည်း။ ကိုယ်တော် ဦးခေါင်းဖြစ်သည့် အသင်းတော်နှင့် နီးနီးကပ်ကပ်နေရန် လိုအပ်သည်။ ကျွန်ုပ်တို့ အပြစ်လုပ်မိသည့်အခါ စိတ်ရင်းမှန်နှင့် နောင်တယူပြီး ယေရှု၏ ပူဇော်သကာကို အခြေပြု၍ ဘုရားသခင့် ခွင့်လွှတ်ခြင်းကို ရှာယူရမည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့လည်း မစုံလင်မှုနှင့် အားနည်းမှုများကြားမှ အောင်နိုင်သူများ ဖြစ်နိုင်ကြပေသည်။—ဆာလံ ၁၃၀:၃၊ ၄။
၁၄။ ဧဖက် ၆:၁၃-၁၇ ကိုဖတ်၍ ဤအပိုဒ်တွင်ပေးထားသည့် မေးခွန်းများနှင့် ကျမ်းချက်များကို အခြေခံကာ ဝိညာဏချပ်ဝတ်တန်ဆာ၏ အစိတ်အပိုင်း တစ်ခုစီ၏ အကျိုးကျေးဇူးအကြောင်း ဆွေးနွေးပါ။
၁၄ ကျွန်ုပ်တို့သည် အောင်မြင်မှုရနိုင်ရန် “ဘုရားသခင်ထံမှ ချပ်ဝတ်တန်ဆာ အပြည့်အစုံ” ကို တစ်ခုမကျန် ဝတ်ဆင်ရမည်။ သင့်ကျမ်းစာ၌ ဧဖက် ၆:၁၃-၁၇ ကိုဖွင့်၍ ထိုချပ်ဝတ်တန်ဆာအကြောင်း ရှင်းပြချက်ကို ဖတ်ကြည့်ပါ။ ထို့နောက် အောက်ပါမေးခွန်းများကို ဖြေဆိုရာ၌ ထိုချပ်ဝတ်တန်ဆာ တစ်ခုစီ၏ အကာအကွယ်မှ မည်သို့ အကျိုးကျေးဇူး ရရှိနိုင်ကြောင်း ဆင်ခြင်သုံးသပ်ပါလေ။
“အမှန်တရား တည်းဟူသော ခါးပန်း” (ကဘ)
အမှန်တရားကို ကျွန်ုပ်တို့ သိပင်သိသော်လည်း၊ သမ္မာကျမ်းစာ အမှန်တရားများကို မှန်မှန်လေ့လာခြင်း၊ စဉ်းစားတွေးတောခြင်းနှင့် စည်းဝေးများတက်ခြင်းတို့သည် ကျွန်ုပ်တို့အား မည်သို့ ကာကွယ်ပေးနိုင်သနည်း။ (၁ ကောရိန္သု ၁၀:၁၂၊ ၁၃; ၂ ကောရိန္သု ၁၃:၅; ဖိလိပ္ပိ ၄:၈၊ ၉)
“ဖြောင့်မတ်ခြင်းပါရမီ တည်းဟူသော ရင်အုပ်တန်ဆာ”
ဤကား မည်သူ၏ ဖြောင့်မတ်ခြင်းစံနှုန်းများနည်း။ (ဗျာဒိတ် ၁၅:၃)
ယေဟောဝါ၏ နည်းလမ်းတော်များကို လိုက်လျှောက်ရန် ပျက်ကွက်ခြင်းဖြင့် လူတစ်ဦးအား မည်သို့ ဝိညာဉ်ရေးအတိဒုက္ခ ရောက်စေနိုင်ကြောင်း သာဓကပေး၍ရှင်းပြပါ။ (တရားဟောရာ ၇:၃၊ ၄; ၁ ဓမ္မရာဇဝင် ၁၅:၂၂၊ ၂၃)
“ငြိမ်းချမ်းရေး သတင်းကောင်း တည်းဟူသော တန်ဆာပလာ ဝတ်ဆင်ထားသည့် ခြေထောက်” (ကဘ)
ငြိမ်းချမ်းရေးအတွက် ဘုရားသခင့် အစီအစဉ်များအကြောင်း သူတစ်ပါးကို သွားရောက်ပြောပြရန် ကျွန်ုပ်တို့၏ခြေတို့ကို အမြဲတမ်း အသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့အား မည်သို့ ကာကွယ်ပေးနိုင်သနည်း။ (ဆာလံ ၇၃:၂၊ ၃; ရောမ ၁၀:၁၅; ၁ တိမောသေ ၅:၁၃)
“ယုံကြည်ခြင်း တည်းဟူသော ဒိုင်းလွှား”
အခြေခိုင်သော ယုံကြည်ခြင်းရှိပါက ကျွန်ုပ်တို့အား သံသယဝင်စေရန်၊ ကြောက်လန့်စေရန် အားထုတ်လုပ်ဆောင်မှုများနှင့် ရင်ဆိုင်ရသည့်အခါ၌ ကျွန်ုပ်တို့ မည်သို့တုံ့ပြန်ကြမည်နည်း။ (၄ ဓမ္မရာဇဝင် ၆:၁၅-၁၇; ၂ တိမောသေ ၁:၁၂)
“ကယ်တင်ခြင်း တည်းဟူသော သံခမောက်လုံး”
ကယ်တင်ခြင်း မျှော်လင့်ချက်သည် ဥစ္စာပစ္စည်း ပိုင်ဆိုင်ခြင်းအတွက် အလွန်အမင်း စိုးရိမ်ပူပန်ခြင်း ကျော့ကွင်း၌ ကျော့မိခြင်းကို ရှောင်နိုင်ရန် ကျွန်ုပ်တို့အား မည်သို့ ထောက်ကူပေးသနည်း။ (၁ တိမောသေ ၆:၇-၁၀၊ ၁၉)
“ဝိညာဉ်တော်၏ဓား”
မိမိတို့၏ ဝိညာဉ်ရေးကိုဖြစ်စေ၊ အခြားသူတို့၏ ဝိညာဉ်ရေးကိုဖြစ်စေ ထိုးနှက်တိုက်ခိုက်လာသည်များကို တိုက်ထုတ်ရာ၌ အဘယ်အရာကို အမြဲအားထားရမည်နည်း။ (ဆာလံ ၁၁၉:၉၈; သုတ္တံ ၃:၅၊ ၆; မဿဲ ၄:၃၊ ၄)
ဝိညာဏစစ်ပွဲတွင် အောင်နိုင်ရန် အခြားအဘယ်အရာလည်း အရေးကြီးသေးသနည်း။ ၎င်းကို မည်မျှတွင်တွင် အသုံးပြုရမည်နည်း။ မည်သူများအတွက် အသုံးပြုရမည်နည်း။ (ဧဖက် ၆:၁၈၊ ၁၉)
၁၅။ ဤဝိညာဏတိုက်ပွဲတွင် ကျွန်ုပ်တို့ မည်သို့ ထိုးစစ်ဆင်နွှဲနိုင်သနည်း။
၁၅ ခရစ်တော်၏ စစ်သားများအနေနှင့် ကျွန်ုပ်တို့သည် ဝိညာဏစစ်ပွဲကို ဆင်နွှဲနေသည့် တပ်မတော်ကြီးတွင် အပါအဝင်ဖြစ်ကြသည်။ အစဉ်သတိရှိပြီး ဘုရားသခင်ထံမှ ချပ်ဝတ်တန်ဆာ အပြည့်အစုံကို ကောင်းစွာ အသုံးချမည်ဆိုပါက ကျွန်ုပ်တို့ ဤတိုက်ပွဲတွင်ကျဆုံးဖို့ အကြောင်းမရှိပါ။ တိုက်ပွဲတွင်ကျဖို့ နေနေသာသာ ဘုရားသခင့် အစေခံကျွန်ချင်းများအတွက်ပင် တစ်တပ်တစ်အား အထောက်အကူ ဖြစ်ပါလိမ့်မည်။ စာတန် သဲသဲမဲမဲ ဆန့်ကျင်တိုက်ခိုက်သည့် ကောင်းကင်အစိုးရဖြစ်သော ဘုရားသခင့် မေရှိယနိုင်ငံတော်၏ သတင်းကောင်းကို ပျံ့နှံ့အောင် လုပ်ဆောင်ခြင်းအားဖြင့် ထိုးစစ်ဆင်နွှဲရန် ကျွန်ုပ်တို့ အားတက်သရော အသင့်ရှိနေကြမည်ဖြစ်သည်။
ပြန်လည်သုံးသပ်ဆွေးနွေးခြင်း
• ကမ္ဘာ့ ပဋိပက္ခများနှင့်စပ်လျဉ်း၍ ယေဟောဝါအား ကိုးကွယ်သူတို့သည် လုံးလုံးလျားလျား ကြားနေခြင်းကို အဘယ်ကြောင့် ကြိုးစားထိန်းသိမ်းကြသနည်း။
• ခရစ်ယာန်များအား ဝိညာဉ်ရေး ပျက်စီးစေရန် စာတန် အသုံးပြုသည့် စဉ်းလဲသော ပရိယာယ်အချို့ကား အဘယ်နည်း။
• ဝိညာဏစစ်ပွဲတွင် ဘုရားသခင် ပြင်ဆင်ပေးသည့် ချပ်ဝတ်တန်ဆာတို့က ကျွန်ုပ်တို့ကို မည်သို့ ကာကွယ်ပေးသနည်း။