ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • wt အခန်း ၁၄ စာ. ၆၈-၇၁
  • အဖွဲ့အစည်းတော်ကို ယေဟောဝါ မည်သို့လမ်းညွှန်တော်မူသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဖွဲ့အစည်းတော်ကို ယေဟောဝါ မည်သို့လမ်းညွှန်တော်မူသနည်း
  • စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မျက်မြင်ရအပိုင်းကို ခွဲခြားသိမြင်ခြင်း
  • သီအိုကရက်တစ်နည်းအရ ဖွဲ့စည်းတည်ဆောက်ပုံ
  • ဘုရားသခင့် မျက်မြင်ရ အဖွဲ့အစည်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ဘုရားသခင့်အဖွဲ့အစည်းအဝင်အဖြစ် လုံခြုံစွာနေလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခရစ်တော်နှင့် ကိုယ်တော်၏တည်ကြည်သောကျွန်အပေါ် မသွေမဖည် စွဲမြဲတည်ကြည်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ‘ဦးဆောင်နေသူတွေကို သတိရပါ’
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
နောက်ထပ် ကြည့်ပါ
စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
wt အခန်း ၁၄ စာ. ၆၈-၇၁

အခန်း တစ်ဆယ့်လေး

အဖွဲ့အစည်းတော်ကို ယေဟောဝါ မည်သို့လမ်းညွှန်တော်မူသနည်း

၁။ ယေဟောဝါ၏ အဖွဲ့အစည်းတော်နှင့်ပတ်သက်သည့် အဘယ်အကြောင်းအချက်ကို သမ္မာကျမ်းစာက ဖော်ပြသနည်း။ ၎င်းသည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့် အရေးကြီးသနည်း။

ဘုရားသခင်၌ အဖွဲ့အစည်းတော်တစ်ရပ် ရှိသလော။ ရှိသည်ဟု သမ္မာကျမ်းစာက ဆို၏။ ကိုယ်တော့် နှုတ်ကပါဌ်တော်တွင် ထိုအဖွဲ့အစည်းတော်၏ အံ့သြထိတ်လန့်ဖွယ်ကောင်းသော ကောင်းကင်ဆိုင်ရာ အပိုင်းကို တစေ့တစောင်း သိမြင်စေသည်။ (ယေဇကျေလ ၁:၁၊ ၄-၁၄; ဒံယေလ ၇:၉၊ ၁၀၊ ၁၃၊ ၁၄) ဤမျက်မြင်မရအပိုင်းကို ကျွန်ုပ်တို့ မမြင်နိုင်သော်လည်း ၎င်းသည် ယနေ့ မှန်သော ကိုးကွယ်ဝတ်ပြုသူတို့အပေါ် ကြီးစွာသော သက်ရောက်မှုများရှိသည်။ (၄ ဓမ္မရာဇဝင် ၆:၁၅-၁၇) ယေဟောဝါ၏ အဖွဲ့အစည်းတော်သည် မြေကြီးပေါ်တွင်လည်း မျက်မြင်ရအပိုင်းတစ်ရပ် ရှိသည်။ ၎င်းသည် အဘယ်အရာဖြစ်ကြောင်း၊ ၎င်းကို ယေဟောဝါ မည်သို့ လမ်းညွှန်လျက်ရှိကြောင်း ကျွန်ုပ်တို့အား သမ္မာကျမ်းစာက နားလည်စေသည်။

မျက်မြင်ရအပိုင်းကို ခွဲခြားသိမြင်ခြင်း

၂။ အဘယ်အသင်းတော်အသစ်ကို ဘုရားသခင် ဖွဲ့စည်းတော်မူခဲ့သနည်း။

၂ ဣသရေလနိုင်ငံသည် နှစ်ပေါင်း ၁,၅၄၅ နှစ်တိုင်တိုင် ဘုရားသခင့် အသင်းတော် ဖြစ်ခဲ့သည်။ (တမန်တော် ၇:၃၈) သို့သော်လည်း ဣသရေလလူမျိုးသည် ဘုရားသခင့် ပညတ်တရားတော်ကို လိုက်နာစောင့်ထိန်းရန် ပျက်ကွက်ခဲ့သည့်အပြင် ဘုရားသခင့် သားတော်ရင်းကိုပင် ငြင်းပယ်ခဲ့သဖြင့် ရလဒ်အနေနှင့် ထိုအသင်းတော်ကို ယေဟောဝါ ငြင်းပယ်၍ စွန့်ပစ်လိုက်တော်မူ၏။ “ကြည့်လော့! သင်တို့အိမ်တော်သည် သင်တို့၌ စွန့်ပစ်တော်မူပြီ” ဟူ၍ ဂျူးတို့အား ယေရှု မိန့်တော်မူ၏။ (မဿဲ ၂၃:၃၈၊ ကဘ) ထို့နောက် ဘုရားသခင်သည် အသင်းတော်သစ်တစ်ခု တည်ထောင်၍ ၎င်းနှင့် ပဋိညာဉ်သစ် ဖွဲ့တော်မူ၏။ ဤအသင်းတော်မှာ ကောင်းကင်ဘုံတွင် သားတော်နှင့်အတူ ပေါင်းစည်းရန် ဘုရားသခင် ရွေးကောက်သည့် ၁၄၄,၀၀၀ သောပုဂ္ဂိုလ်များ ပါဝင်ဖွဲ့စည်းမည့် အသင်းတော်ဖြစ်သည်။—ဗျာဒိတ် ၁၄:၁-၄။

၃။ ယခုအခါ အသင်းတော်အသစ်ကို ဘုရားသခင် အသုံးပြုလျက်ရှိပြီဖြစ်ကြောင်း ရှင်းလင်းသည့် သက်သေအထောက်အထား အနေနှင့် စီ.အီး. ၃၃ ခုနှစ်တွင် အဘယ်အရာ ဖြစ်ပျက်ခဲ့သနည်း။

၃ ၎င်းအသင်းတော်သစ်၏ အဦးဆုံးသော အသင်းသားများသည် စီ.အီး. ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့တွင် ယေဟောဝါ၏ သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခြင်းခံရကြသည်။ ထိုမှတ်သားလောက်သော ဖြစ်ရပ်အကြောင်းနှင့် ပတ်သက်၍ ဤသို့ဖတ်ရသည်– “ပင်တေကုတ္တေပွဲနေ့ ရောက်သောအခါ၊ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်း စည်းဝေး၍နေကြ၏။ ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သော အသံသည် တစ်ခဏခြင်းတွင် ကောင်းကင်မှလာ၍၊ ထိုသူတို့ နေထိုင်သောအိမ်ကို ဖြည့်လေ၏။ ထိုခဏခြင်းတွင် ကွဲပြားသောလျှာတို့သည် မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူအသီးအသီးတို့ အပေါ်၌ တည်နေကြ၏။ ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့် . . . ကြ၏။” (တမန်တော် ၂:၁-၄) ဤသို့ဖြင့် ဤသူတို့သည် ကောင်းကင်ဘုံရှိ ယေရှုခရစ်၏ ညွှန်ကြားမှုအောက်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် ယခု အသုံးတော်ခံရမည့် လူစုဖြစ်ကြောင်း ဘုရားသခင့် ဝိညာဉ်တော်က ရှင်းလင်းသည့် သက်သေအထောက်အထား ပေးခဲ့သည်။

၄။ ယနေ့ ယေဟောဝါ၏ မျက်မြင်ရ အဖွဲ့အစည်းတော်အဖြစ် မည်သူတို့ဖြင့် ဖွဲ့စည်းထားသနည်း။

၄ ယနေ့ ၁၄၄,၀၀၀ မှ အကြွင်းအကျန်တို့သာ ကမ္ဘာပေါ်၌ ကျန်ရှိတော့သည်။ သို့သော် သမ္မာကျမ်းစာ ပရောဖက်ပြုချက် ပြည့်စုံသည့်အနေနှင့် သန်းနှင့်ချီသည့် “အခြားသိုးများ” မှ “လူအုပ်ကြီးတစ်အုပ်” သည် ဘိသိက်ခံ အကြွင်းအကျန်တို့နှင့် ပူးပေါင်းလာကြသည်။ ကောင်းသောသိုးထိန်း ယေရှုသည် ဤအခြားသိုးများကို အကြွင်းအကျန်တို့နှင့် ပေါင်းစည်းစေလျက် သိုးထိန်းတစ်ပါးတည်းဖြစ်သော မိမိလက်အောက်တွင် သိုးအုပ်တစ်အုပ်အဖြစ် ပူးပေါင်းဖွဲ့စည်းစေသည်။ (ဗျာဒိတ် ၇:၉; ယောဟန် ၁၀:၁၁၊ ၁၆) ဤသူအပေါင်းတို့သည် စည်းလုံးသော အသင်းတော်၊ ယေဟောဝါ၏ မျက်မြင်ရ အဖွဲ့အစည်းတော်အဖြစ် ဖွဲ့စည်းလျက်ရှိကြသည်။

သီအိုကရက်တစ်နည်းအရ ဖွဲ့စည်းတည်ဆောက်ပုံ

၅။ ဘုရားသခင့် အဖွဲ့အစည်းတော်ကို မည်သူ ညွှန်ကြားသနည်း။ မည်သို့အားဖြင့်နည်း။

၅ “အသက်ရှင်တော်မူသော ဘုရားသခင်၏ အသင်းတော်” ဟူသော ကျမ်းစာအသုံးအနှုန်းက မည်သူ ညွှန်ကြားလျက်ရှိကြောင်း ထင်ရှားစေသည်။ ဤအဖွဲ့အစည်းတော်သည် သီအိုကရက်တစ်၊ သို့မဟုတ် ဘုရားအုပ်ချုပ်သည့် အဖွဲ့အစည်းဖြစ်သည်။ ယေဟောဝါသည် အသင်းတော်၏ မျက်မြင်ရ ဦးခေါင်းအဖြစ် မိမိခန့်အပ်သည့် ယေရှုအားဖြင့်လည်းကောင်း၊ မိမိ၏ မှုတ်သွင်းခံ နှုတ်ကပါဌ်တော် သမ္မာကျမ်းစာအားဖြင့်လည်းကောင်း မိမိလူမျိုးတော်အတွက် လမ်းညွှန်ချက် ပေးတော်မူ၏။—၁ တိမောသေ ၃:၁၄၊ ၁၅; ဧဖက် ၁:၂၂၊ ၂၃; ၂ တိမောသေ ၃:၁၆၊ ၁၇။

၆။ (က) အသင်းတော်ကို ကောင်းကင်မှ ညွှန်ကြားလျက်ရှိကြောင်း ပထမရာစုတွင် မည်သို့ ထင်ရှားခဲ့သနည်း။ (ခ) ယေရှုသည် အသင်းတော်၏ဦးခေါင်း ဖြစ်ဆဲရှိကြောင်း အဘယ်အရာက ပြသနည်း။

၆ ဤကဲ့သို့သော လမ်းညွှန်ချက်ကို ပင်တေကုတ္တေပွဲနေ့တွင် အထင်အရှား တွေ့ခဲ့ရသည်။ (တမန်တော် ၂:၁၄-၁၈၊ ၃၂၊ ၃၃) အာဖရိကတိုက်သို့ သတင်းကောင်း ပြန့်ပွားရေးအတွက် ယေဟောဝါ၏ ကောင်းကင်တမန်က ညွှန်ကြားသည့်အခါ၌လည်းကောင်း၊ တာရှုမြို့သား ရှောလု ဘာသာပြောင်းဝင်စဉ်က ယေရှု၏ အသံတော်က ညွှန်ကြားမှု ပေးသည့်အခါ၌လည်းကောင်း၊ လူမျိုးခြားတို့ဘောင်တွင် ဟောပြောခြင်းလုပ်ငန်းကို ပေတရု စတင်ခဲ့စဉ်ကလည်းကောင်း ဤအချက် ထင်ရှားပေါ်လွင်ခဲ့သည်။ (တမန်တော် ၈:၂၆၊ ၂၇; ၉:၃-၇; ၁၀:၉-၁၆, ၁၉-၂၂) သို့သော်လည်း အချိန်ကြာလတ်သော် ကောင်းကင်မှ စကားသံများကို နောက်ထပ်မကြားရတော့၊ ကောင်းကင်တမန်များကိုလည်း ထပ်၍မတွေ့ရတော့၊ ဝိညာဉ်တော်၏ အံ့ဖွယ်ဆုကျေးဇူးများ ထပ်၍ပေးခြင်းလည်း မရှိတော့ချေ။ သို့တစေ၊ ယေရှုက “ကြည့်လော့! အစီအစဉ်စနစ် အဆုံးတိုင်အောင် ဤနေ့ရက်များတစ်လျှောက် သင်တို့နှင့်အတူ ငါရှိသည်” ဟု ကတိပြုတော်မူခဲ့၏။ (မဿဲ ၂၈:၂၀၊ ကဘ; ၁ ကောရိန္သု ၁၃:၈) ယနေ့၊ ယေဟောဝါသက်သေများသည် ယေရှု၏ ညွှန်ကြားမှုကို အသိအမှတ်ပြုကြ၏။ ထိုညွှန်ကြားမှု မရှိပါက ခါးသီးပြင်းထန်သည့် မုန်းတီးမှုများကြားတွင် နိုင်ငံတော်သတင်း ကြွေးကြော်ခြင်းသည် ဖြစ်မြောက်နိုင်မည် မဟုတ်ပေ။

၇။ (က) “သစ္စာနှင့် သတိပညာ ရှိသောကျွန်” ကို မည်သူများဖြင့် ဖွဲ့စည်းထားသနည်း။ အဘယ်ကြောင့်နည်း။ (ခ) ထို “ကျွန်” အား အဘယ်တာဝန် ပေးအပ်ခဲ့သနည်း။

၇ အရှင်သခင်အနေနှင့် ယေရှုက မိမိ အထူးတာဝန် အပ်နှင်းမည့် “သစ္စာနှင့် သတိပညာ ရှိသောကျွန်” အကြောင်းကို တပည့်တော်များအား သေဆုံးခါနီးတွင် မိန့်ကြားခဲ့သည်။ ထို “ကျွန်” သည် ကောင်းကင်ဘုံသို့ သခင် ထွက်ခွာချိန်တွင် ရှိနေမည့်အပြင် နိုင်ငံတော်တန်ခိုးနှင့် မျက်မြင်မရနည်းဖြင့် ခရစ်တော် ပြန်ကြွလာသည့်အချိန်တွင် ဆက်၍ အလုပ်လုပ်နေမည်။ ဤဖော်ပြချက်သည် ပုဂ္ဂိုလ်တစ်ဦးတည်းနှင့် လျော်ကန်သည် မဟုတ်သော်လည်း ခရစ်တော်၏ ဘိသိက်ခံ အသင်းတော်နှင့်မူ လျော်ကန်လှပေသည်။ ၎င်းအသင်းတော်ကို မိမိ၏ အသွေးတော်ဖြင့် ဝယ်ယူသည်ဖြစ်သောကြောင့် ယေရှုက ၎င်းကို “ကျွန်” အဖြစ် ညွှန်းဆိုခဲ့၏။ ကိုယ်တော်က ၎င်းအသင်းသားများအား လူတို့ကို တပည့်ဖြစ်စေရန်၊ ထိုသူတို့အား ‘ထိုက်သင့်ရာအချိန်တွင် [ဝိညာဉ်ရေး] စားနပ်ရိက္ခာ’ ဝေပေးခြင်းဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ကျွေးမွေးရန် တာဝန်ပေးအပ်ခဲ့၏။—မဿဲ ၂၄:၄၅-၄၇; ၂၈:၁၉; ဟေရှာယ ၄၃:၁၀; လုကာ ၁၂:၄၂; ၁ ပေတရု ၄:၁၀။

၈။ (က) ယခုအခါ ကျွန်အတန်းအစားသည် အဘယ်တာဝန်များ ရရှိထားသနည်း။ (ခ) ဘုရားသခင့် ဆက်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် ရရှိသော ညွှန်ကြားချက်ကို ကျွန်ုပ်တို့ တုံ့ပြန်ပုံသည် အဘယ်ကြောင့် အရေးကြီးသနည်း။

၈ ကျွန်အတန်းအစားသည် ၁၉၁၄ ခုနှစ်တွင် မျက်မြင်မရနည်းဖြင့် အရှင်သခင် ပြန်ကြွလာချိန်၌ အရှင်၏အလုပ်ကို သစ္စာရှိရှိ လုပ်ဆောင်နေသဖြင့် ၁၉၁၉ ခုနှစ်တွင် ထပ်ဆင့်တိုးချဲ့ တာဝန်များ အပ်နှင်းခံရကြောင်း သက်သေအထောက်အထားများ ရှိပေသည်။ ထိုအချိန်မှစ၍ နောက်ပိုင်းနှစ်များတွင် နိုင်ငံတော်အတွက် တစ်ကမ္ဘာလုံး သက်သေခံရန်ဖြစ်ခဲ့ရာ ယေဟောဝါအား ကိုးကွယ်သူ လူအုပ်ကြီးတစ်အုပ်သည် ဆင်းရဲဒုက္ခကြီးကို ကပ်ကျော်မည့် မျှော်လင့်ချက်နှင့်အတူ စုသိမ်းခံရကြသည်။ (မဿဲ ၂၄:၁၄၊ ၂၁၊ ၂၂; ဗျာဒိတ် ၇:၉၊ ၁၀) ဤသူတို့လည်း ဝိညာဉ်အစာ လိုအပ်သဖြင့် ကျွန်အတန်းအစားက သူတို့ကို ကျွေးမွေးလေ၏။ ထို့ကြောင့် ဘုရားသခင့် စိတ်တော်နှင့် တွေ့လိုပါက ဤဆက်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် ကိုယ်တော်ပေးလှာသည့် ညွှန်ကြားချက်ကိုလက်ခံ၍ လိုက်နာကျင့်ဆောင်အပ်ပေသည်။

၉၊ ၁၀။ (က) အယူဝါဒဆိုင်ရာ ပြဿနာများ ဖြေရှင်းခြင်းနှင့် သတင်းကောင်း ဟောပြောခြင်းအတွက် ညွှန်ကြားချက်ပေးရန် ပထမရာစုတွင် အဘယ်အစီအစဉ် ရှိခဲ့သနည်း။ (ခ) ယနေ့ ယေဟောဝါ၏ လူမျိုးတော်၏ လုပ်ဆောင်မှုများကို ညှိနှိုင်းဆောင်ရွက်ခြင်းအတွက် အဘယ်အစီအစဉ် ရှိသနည်း။

၉ တစ်ခါတစ်ရံတွင် အယူဝါဒ၊ လုပ်ထုံးလုပ်နည်း နှင့်ပတ်သက်၍ မေးခွန်းများ ပေါ်လာတတ်သည်။ ထိုအခါ မည်သို့ပြုမည်နည်း။ လူမျိုးခြား ဘာသာဝင်များနှင့် စပ်လျဉ်းသည့် အရေးကိစ္စတစ်ရပ်ကို မည်သို့ဖြေရှင်းခဲ့ပုံအကြောင်း တမန်တော်ဝတ္ထု အခန်းကြီး ၁၅ တွင်ဖော်ပြထားသည်။ ၎င်းကိစ္စကို ဗဟိုအုပ်ချုပ်ရေးအဖွဲ့အဖြစ် ဆောင်ရွက်ကြသည့် တမန်တော်များနှင့် ယေရုရှလင်မြို့ရှိ အသက်ကြီးသူများထံ တင်ပြခဲ့သည်။ ထိုသူတို့သည် မမှားတတ်သူများ မဟုတ်ကြသော်လည်း သူတို့ကို ဘုရားသခင် အသုံးပြုတော်မူ၏။ သူတို့သည် ထိုအကြောင်းအရာနှင့် သက်ဆိုင်သည့် ကျမ်းချက်များနှင့် လူမျိုးခြားလယ်ကွင်း ဖွင့်လှစ်ရာ၌ ဘုရားသခင့် ဝိညာဉ်တော်၏ လုပ်ဆောင်ပုံ အထောက်အထားများကိုပါ ဆင်ခြင်သုံးသပ်ကြသည်။ ၎င်းနောက် ဆုံးဖြတ်ချက် ချကြသည်။ ထိုအစီအစဉ်ကို ဘုရားသခင် ကောင်းချီးပေးတော်မူ၏။ (တမန်တော် ၁၅:၁-၂၉; ၁၆:၄၊ ၅) ထိုဗဟိုအဖွဲ့သည် နိုင်ငံတော်ဟောပြောခြင်း တိုးချဲ့ရေးအတွက် လူတို့ကို ခန့်အပ်စေလွှတ်၏။

၁၀ ကျွန်ုပ်တို့ခေတ်တွင် ယေဟောဝါ၏ မျက်မြင်ရ အဖွဲ့အစည်းတော်၏ အုပ်ချုပ်ရေးအဖွဲ့သည် နိုင်ငံအသီးသီးမှ ဘိသိက်ခံ ညီအစ်ကိုများဖြင့် ဖွဲ့စည်းထားပြီး ယေဟောဝါသက်သေများ၏ ကမ္ဘာ့ဌာနချုပ်တွင် တည်ရှိသည်။ အုပ်ချုပ်ရေးအဖွဲ့သည် ယေရှုခရစ်၏ ဦးဆောင်မှုအောက်၌ တိုင်းပြည်အသီးသီးတွင် စင်ကြယ်သည့် ကိုးကွယ်မှုကို တိုးပွားကျယ်ပြန့်စေသည့်အပြင် ယေဟောဝါသက်သေများ၏ သောင်းနှင့်ချီသည့် အသင်းတော်များတွင် ဟောပြောခြင်း လုပ်ဆောင်မှုများကို ညှိနှိုင်းဆောင်ရွက်ပေးသည်။ “ငါတို့သည် သင်တို့၏ ယုံကြည်ခြင်းကို အစိုးရသည်မဟုတ်။ သင်တို့၏ ဝမ်းမြောက်ခြင်းအကြောင်းကို ကူမ၍သာပြုကြ၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ယုံကြည်ခြင်းအားဖြင့် သင်တို့သည် တည်နိုင်ကြ၏” ဟု ခရစ်ယာန်ချင်းတို့ထံ တမန်တော်ပေါလုက ရေးသားခဲ့၏။ အုပ်ချုပ်ရေး အဖွဲ့ဝင်များသည်လည်း ပေါလု၏ အမြင်သဘောထားမျိုး ထားရှိကြသည်။—၂ ကောရိန္သု ၁:၂၄။

၁၁။ (က) အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများကို မည်သို့ ခန့်အပ်သနည်း။ (ခ) ခန့်အပ်ခံရသူတို့နှင့် အဘယ်ကြောင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သင့်သနည်း။

၁၁ ကမ္ဘာတစ်ဝန်းမှ ယေဟောဝါသက်သေများသည် အသင်းတော်များကို ကြည့်ရှုစောင့်ရှောက်မည့် အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများကို ခန့်အပ်ပေးရန် လုပ်ပိုင်ခွင့်လွှဲအပ်ခံရသည့် အရည်အချင်း ပြည့်မီသော ညီအစ်ကိုများကို ရွေးချယ်ပေးရန် အုပ်ချုပ်ရေးအဖွဲ့အား မျှော်ကိုးကြ၏။ ထိုခန့်အပ်ခံများအတွက် လိုအပ်ချက်များကို သမ္မာကျမ်းစာတွင် ဖော်ပြရာ၌ ထိုသူတို့သည် မစုံလင်သူများဖြစ်၍ မှားတတ်သူများဖြစ်ကြောင်း ထည့်သွင်းစဉ်းစားထားသည်။ ထောက်ခံသူ အကြီးအကဲများကော၊ ခန့်အပ်သူ အကြီးအကဲများပါ ဘုရားသခင့် ရှေ့တော်တွင် ကြီးလေးသောတာဝန် ရှိကြသည်။ (၁ တိမောသေ ၃:၁-၁၀၊ ၁၂၊ ၁၃; တိတု ၁:၅-၉) ထို့ကြောင့် သူတို့သည် ဘုရားသခင့် ဝိညာဉ်တော်၏ ကူညီမစမှုအတွက် ဆုတောင်း၍ မှုတ်သွင်းခံ နှုတ်ကပါဌ်တော်မှ လမ်းညွှန်မှုကို ရှာယူကြသည်။ (တမန်တော် ၆:၂-၄၊ ၆; ၁၄:၂၃) ကျွန်ုပ်တို့ရှိသမျှအား “ယုံကြည်ခြင်း၌ တစ်လုံးတစ်ဝတည်း” ဖြစ်စေရန် အကူအညီပေးသည့် ဤ “လူ့အသွင် ဆုလာဘ်များ” ကိုလေးမြတ်ကြောင်း ပြကြပါစို့။—ဧဖက် ၄:၈၊ ၁၁-၁၆၊ ကဘ။

၁၂။ သီအိုကရက်တစ် အစီအစဉ်တွင် အမျိုးသမီးများကို ယေဟောဝါ မည်သို့ အသုံးပြုတော်မူသနည်း။

၁၂ အသင်းတော်တွင် ကြီးကြပ်ခြင်းတာဝန်ကို အမျိုးသားများသာ ဆောင်ရွက်ရန် သမ္မာကျမ်းစာက ညွှန်ကြားထားသည်။ ၎င်းက အမျိုးသမီးများကို နှိမ်ခြင်းမဟုတ်ပါ။ အကြောင်းမှာ အမျိုးသမီးအချို့သည် ကောင်းကင်နိုင်ငံတော် အမွေခံများဖြစ်သည့်ပြင် ဟောပြောခြင်းလုပ်ငန်း များစွာကိုပါ လုပ်ဆောင်ကြသည်။ (ဆာလံ ၆၈:၁၁) ၎င်းပြင်၊ အမျိုးသမီးများသည် မိသားစုတာဝန်များကို သစ္စာရှိစွာ ထမ်းဆောင်ခြင်းအားဖြင့် အသင်းတော်အတွက် နာမည်ကောင်းရအောင် ထောက်ကူပေးကြသည်။ (တိတု ၂:၃-၅) သို့သော် အသင်းတော်အတွင်း သွန်သင်ခြင်းကိုမူ သွန်သင်ရန် ခန့်အပ်ခံရသည့် အမျိုးသားများကသာ ဆောင်ရွက်ရန်ဖြစ်သည်။—၁ တိမောသေ ၂:၁၂၊ ၁၃။

၁၃။ (က) အကြီးအကဲများအား သူတို့၏ရာထူးနှင့်ပတ်သက်၍ မည်သို့ သဘောထားရန် သမ္မာကျမ်းစာက တိုက်တွန်းထားသနည်း။ (ခ) အဘယ် အခွင့်အရေးတွင် ကျွန်ုပ်တို့အားလုံး ပါဝင်နိုင်ကြသနည်း။

၁၃ လောက၌ ထင်ပေါ်ကျော်ကြားသောရာထူး ရရှိထားသူအား အရေးပါသူအဖြစ် သဘောထားကြသော်လည်း ဘုရားသခင့် အဖွဲ့အစည်းတော်အတွင်း၌ လိုက်နာရမည့်ကျင့်စဉ်မှာ “သင်တို့အထဲတွင် သိမ်ငယ်သူအဖြစ် ပြုမူကျင့်ကြံသူသည် ကြီးမြတ်သောသူ ဖြစ်၏” ဟူ၍ဖြစ်သည်။ (လုကာ ၉:၄၆-၄၈၊ ကဘ; ၂၂:၂၄-၂၆) အကြီးအကဲများအနေဖြင့် ဘုရားသခင့် အမွေတော် ဖြစ်သူများကို အစိုးတရမပြုဘဲ သိုးတော်စုရှေ့၌ စံနမူနာပြ၍ သတိနှင့်ကျင့်ဆောင်ရန် သမ္မာကျမ်းစာက ဆုံးမထားသည်။ (၁ ပေတရု ၅:၂၊ ၃) ရွေးချယ်ခံ လူနည်းစုမျှသာမဟုတ်ဘဲ ယေဟောဝါသက်သေအားလုံး ယောက်ျားမိန်းမမရွေး စကြဝဠာ အချုပ်အခြာအာဏာပိုင်ကို ကိုယ်စားပြုခွင့်၊ ကိုယ်တော့်နာမတော်၌ နှိမ့်ချစွာ ပြောဆိုခွင့်၊ နေရာတကာမှလူတို့ကို ကိုယ်တော့်နိုင်ငံတော်အကြောင်း ပြောပြခွင့် ရှိကြသည်။

၁၄။ ရည်ညွှန်းထားသည့် ကျမ်းချက်များကို အသုံးပြုကာ ဤအပိုဒ်၏ အဆုံးတွင် ဖော်ပြထားသည့် မေးခွန်းများကို ဆွေးနွေးပါ။

၁၄ ‘မျက်မြင်ရ အဖွဲ့အစည်းတော်ကို ယေဟောဝါ လမ်းညွှန်နေပုံကို ကျွန်ုပ် အမှန်ပင် လေးမြတ်တန်ဖိုးထားသလော။ ကျွန်ုပ်၏ စိတ်သဘောထား၊ အပြောအဆို၊ အပြုအမူတို့က လေးမြတ်တန်ဖိုးထားကြောင်း ထင်ဟပ်စေသလော’ ဟူ၍ မိမိကိုယ်ကို မေးကြည့်လျှင် ကောင်းပေမည်။ အောက်ပါအချက်များကို ဆင်ခြင်စဉ်းစားခြင်းဖြင့် ကျွန်ုပ်တို့တစ်ဦးစီအား ထိုသို့ဆန်းစစ်နိုင်ရန် ထောက်ကူပေးလိမ့်မည်။

ခရစ်တော်ကို အသင်းတော်၏ဦးခေါင်းအဖြစ် ကျွန်ုပ် တကယ် လက်အောက်ခံပါက အောက်ပါကျမ်းချက်များ၌ ဖော်ပြထားသည့်အတိုင်း ကျွန်ုပ် အဘယ်အရာ ပြုလုပ်နေရမည်နည်း။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀; ယောဟန် ၁၃:၃၄၊ ၃၅)

ကျွန်အတန်းအစားနှင့် ၎င်း၏ အုပ်ချုပ်ရေးအဖွဲ့မှတစ်ဆင့် ရောက်ရှိလာသည့် ဝိညာဉ်ရေး အထောက်အပံ့များကို ကျေးဇူးတင်လေးစားစွာဖြင့် လက်ခံလျှင် မည်သူ့ကို ကျွန်ုပ် လေးစားရာကျသနည်း။ (လုကာ ၁၀:၁၆)

အသင်းတော်ရှိ လူတိုင်းအနေဖြင့်၊ အထူးသဖြင့် အကြီးအကဲများအနေဖြင့် တစ်ဦးကိုတစ်ဦး မည်သို့ ဆက်ဆံသင့်သနည်း။ (ရောမ ၁၂:၁၀)

၁၅။ (က) ယေဟောဝါ၏ မျက်မြင်ရ အဖွဲ့အစည်းတော်အပေါ် ထားရှိသည့် ကျွန်ုပ်တို့၏ သဘောထားအားဖြင့် ကျွန်ုပ်တို့ အဘယ်အရာ ဖော်ပြသနည်း။ (ခ) မာရ်နတ်ကို မုသာကောင်ဖြစ်ကြောင်း သက်သေထူကာ ယေဟောဝါ၏ စိတ်တော်ကို ရွှင်လန်းစေရန် အဘယ်အခွင့်အရေးများ ရှိသနည်း။

၁၅ ယေဟောဝါသည် ခရစ်တော် လက်အောက်ရှိ မိမိ၏ မျက်မြင်ရ အဖွဲ့အစည်းတော်အားဖြင့် ယနေ့ ကျွန်ုပ်တို့ကို ဦးဆောင်လမ်းပြလျက်ရှိသည်။ ဤအစီအစဉ်အပေါ် ကျွန်ုပ်တို့ထားရှိသည့် သဘောထားက အချုပ်အခြာအာဏာ အရေးကိစ္စနှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ သဘောထားကို ဖော်ပြသည်။ (ဟေဗြဲ ၁၃:၁၇) ကျွန်ုပ်တို့ အဓိကထားသည့်အရာမှာ ကိုယ်ကျိုးဖြစ်သည်ဟု စာတန်က အခိုင်အမာဆိုထားသည်။ သို့သော် ကျွန်ုပ်တို့သည် ကျရာနေရာမှ ကျရာတာဝန်ကို ထမ်းရွက်၍ ကိုယ်ကျိုးအတွက် လွန်ကဲစွာ အာရုံပြုစေသည့် အရာများကို ရှောင်ကြဉ်မည်ဆိုပါက မာရ်နတ်ကို မုသာကောင်ဖြစ်ကြောင်း သက်သေထူနိုင်ကြမည်။ ကျွန်ုပ်တို့ထဲတွင် ဦးဆောင်နေသူတို့ကို ချစ်ခင်လေးစား၍ ‘ကိုယ်ကျိုးအတွက် သူတစ်ပါးကို မြှောက်ပင့်ပြောဆိုခြင်း’ မပြုဘဲနေလျှင် ယေဟောဝါ၏ စိတ်တော်ကို ရွှင်လန်းစေရာရောက်သည်။ (ယုဒ ၁၆; ဟေဗြဲ ၁၃:၇) ယေဟောဝါ၏ အဖွဲ့အစည်းတော်အပေါ် ကျေးဇူးသစ္စာ စောင့်သိခြင်းအားဖြင့် ယေဟောဝါသည် ကျွန်ုပ်တို့၏ ဘုရားသခင်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့သည် ကိုယ်တော်အား ကိုးကွယ်ဝတ်ပြုရာတွင် စည်းလုံးလျက်ရှိကြောင်း ပြသကြ၏။—၁ ကောရိန္သု ၁၅:၅၈။

ပြန်လည်သုံးသပ်ဆွေးနွေးခြင်း

• ယနေ့ ယေဟောဝါ၏ မျက်မြင်ရ အဖွဲ့အစည်းတော်ကား အဘယ်နည်း။ ၎င်း၏ရည်ရွယ်ချက်ကား အဘယ်နည်း။

• အသင်းတော်၏ ခန့်အပ်ခံ ဦးခေါင်းကား မည်သူနည်း။ အဘယ်မျက်မြင်ရ အစီအစဉ်များမှတစ်ဆင့် ကျွန်ုပ်တို့အတွက် မေတ္တာပြည့်ဝသော လမ်းညွှန်မှု ပေးတော်မူသနည်း။

• ယေဟောဝါ၏ အဖွဲ့အစည်းတော်အတွင်း ရှိသူများအပေါ် အဘယ် အကျိုးပြုသော သဘောထားကို ကျွန်ုပ်တို့ မွေးမြူအပ်သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ