အခန်း ၄၂
အလုပ်လုပ်ဖို့ လိုအပ်ရတဲ့အကြောင်း
ကလေးတို့ အလုပ်လုပ်တာနဲ့ ကစားတာ ဘယ်ဟာ ပိုကြိုက်သလဲ။— ကစားတာ မမှားပါဘူး။ ဂျေရုဆလင်မြို့ရဲ့ “လူထုရင်ပြင်တွေမှာ ဆော့ကစားနေတဲ့ ကလေးတွေ ပြည့်နေလိမ့်မယ်” လို့ ကျမ်းစာက ဆိုထားတာပဲ။—ဇာခရိ ၈:၅။
ကြီးမြတ်တဲ့ဆရာဟာ ကလေးသူငယ်တွေ ကစားနေတာကို ကြည့်ရတာ သိပ်ပျော်တယ်။ ကမ္ဘာကို မလာခင်က ယေရှု ဒီလိုပြောခဲ့တယ်– “ကျွမ်းကျင်လုပ်သားအဖြစ် ဘုရားရဲ့ဘေးမှာ ငါရှိနေခဲ့တယ်။ . . . ရှေ့တော်မှာ ငါအမြဲဝမ်းမြောက်နေတယ်။” ယေရှုဟာ ကောင်းကင်ဘုံမှာ ယေဟောဝါနဲ့အတူ အလုပ်လုပ်တဲ့ လုပ်သားတစ်ဦး ဖြစ်တယ်ဆိုတာကို သတိပြုပါ။ အဲဒီတုန်းက “လူသားတွေကို ငါသိပ်ချစ်မြတ်နိုးတယ်” ဆိုပြီးတော့လည်း ပြောခဲ့တယ်။ ဟုတ်ပါတယ်၊ ရှေ့ပိုင်းမှာ သိခဲ့ရတဲ့အတိုင်းပါပဲ၊ ကြီးမြတ်တဲ့ဆရာဟာ ကလေးသူငယ်တွေ အပါအဝင် လူတိုင်းအပေါ် တကယ့်ကို စိတ်ဝင်စားတယ်။—ပညာအလိမ္မာ ၈:၃၀၊ ၃၁။
ကြီးမြတ်တဲ့ဆရာဟာ ကမ္ဘာကို မလာခင်က ဘာတွေနဲ့ ပျော်မွေ့ခဲ့သလဲ
ယေရှုဟာ ကလေးဘဝတုန်းက ကစားခဲ့မယ် ထင်သလား။— ကစားခဲ့မှာပဲ။ ဒါပေမဲ့ ကောင်းကင်ဘုံမှာ “ကျွမ်းကျင်လုပ်သား” ဖြစ်ခဲ့လို့ မြေကြီးပေါ်မှာကော အလုပ်လုပ်သလား။— ကျမ်းစာမှာ ယေရှုကို “လက်သမားရဲ့သား” လို့ခေါ်တဲ့အပြင် “လက်သမား” လို့လည်း ခေါ်ထားတယ်။ ဒီအချက်က ဘာကို ပြသလဲ။— ယေရှုကို သားအဖြစ် ကျွေးမွေးပြုစုခဲ့တဲ့ ယောသပ်ဟာ လက်သမားအတတ်ကိုလည်း သင်ပေးခဲ့မှာပဲ။ ဒါကြောင့် ယေရှုဟာ လက်သမား ဖြစ်လာတာပေါ့။—မဿဲ ၁၃:၅၅။ မာကု ၆:၃။
ယေရှုဟာ ဘယ်လို လက်သမားမျိုးလဲ။— ကောင်းကင်မှာတုန်းက ကျွမ်းကျင်လုပ်သား ဖြစ်ခဲ့တဲ့အတွက် ကမ္ဘာပေါ်မှာလည်း လက်ရာမြောက်တဲ့ လက်သမားဆရာကြီး ဖြစ်မယ်လို့ ထင်သလား။— ဟိုခေတ်တုန်းက လက်သမားအလုပ်ဆိုတာ တကယ်ပင်ပန်းတဲ့အလုပ်ပေါ့။ ယေရှုဟာ တောထဲ သွားပြီး သစ်ပင် ခုတ်၊ အပိုင်းပိုင်း ဖြတ်ပြီး အိမ်ကို သယ်ရမယ်။ ပြီးတော့ သစ်သားနဲ့ စားပွဲ၊ ကုလားထိုင်၊ တခြား ပရိဘောဂတွေလုပ်ရမယ်။
ဒီအလုပ်ကို လုပ်ရတာ ယေရှု ပျော်မယ်ထင်သလား။— ကလေးတို့ကော လူတွေ သုံးဖို့ စားပွဲ ကောင်းကောင်းလေး၊ ကုလားထိုင် ကောင်းကောင်းလေး၊ တခြားပစ္စည်း ကောင်းကောင်းလေး လုပ်နိုင်တယ်ဆိုရင် မပျော်ဘူးလား။— ကျမ်းစာက “ကိုယ့်အလုပ်မှာ ပျော်ရွှင်ကျေနပ်” သင့်တယ်လို့ ဆိုထားတယ်။ ကစားလို့ရတဲ့ ပျော်ရွှင်မှုဟာ အလုပ်လုပ်လို့ရတဲ့ ပျော်ရွှင်မှုမျိုးကို ဘယ်တော့မှ မမီနိုင်ဘူး။—ဒေသနာ ၃:၂၂။
တကယ်ဆိုရင် အလုပ်ဟာ ကိုယ်စိတ်နှစ်ဖြာစလုံးကို အကျိုးပြုတယ်။ ကလေး အများစုဟာ တစ်နေကုန် ထိုင်ပြီး တီဗွီ ကြည့်တယ်၊ ဗီဒီယိုဂိမ်း ကစားကြတယ်။ အဝလွန်ပြီး အားမရှိကြဘူး။ ပျော်လည်း မပျော်ကြဘူး။ သူများကိုလည်း ပျော်အောင် မလုပ်ပေးနိုင်ဘူး။ ဒီလိုဆိုရင် ပျော်ရွှင်အောင် တို့တစ်တွေ ဘာလုပ်ရမလဲ။—
ပေးကမ်းခြင်းနဲ့ ကူညီပေးခြင်းက ပျော်ရွှင်စေမှန်း ဒီစာအုပ် အခန်း ၁၇ မှာ သိခဲ့ရတယ်။ (တမန်တော် ၂၀:၃၅) ကျမ်းစာက ယေဟောဝါ ဘုရားသခင်ကို “ပျော်ရွှင်တဲ့ဘုရား” ဆိုပြီး ခေါ်ထားတယ်။ (၁ တိမောသေ ၁:၁၁) ပြီးတော့ ပညာအလိမ္မာကျမ်းမှာ ဖတ်ရတဲ့အတိုင်း ယေရှုဟာ ‘ရှေ့တော်မှာ အမြဲဝမ်းမြောက်နေတယ်။’ ယေရှု ဘာကြောင့် ပျော်ရွှင်ရသလဲ။— “ကျွန်တော့်ရဲ့ အဖဘုရားဟာ အခုချိန်ထိ အလုပ်လုပ်နေတုန်းပဲ။ ကျွန်တော်လည်း အလုပ်လုပ်မှာပဲ” ဆိုပြီး ပြောတဲ့အခါမှာ ပျော်ရွှင်ရတဲ့ အကြောင်းရင်းတစ်ခုကို ယေရှု သိစေတယ်။—ယောဟန် ၅:၁၇။
ယေရှု ကမ္ဘာပေါ် ရှိတုန်းက တစ်သက်လုံး လက်သမား လုပ်သွားတာ မဟုတ်ဘူး။ ယေဟောဝါဘုရားက သူ့အတွက် ကမ္ဘာပေါ်မှာ လုပ်စရာ အထူးအလုပ်တစ်ခု ပေးထားတယ်။ ဘာအလုပ်လဲ သိသလား။— ယေရှုက “ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို တခြားမြို့ရွာတွေမှာလည်း ဟောရဦးမယ်။ အဲဒီအတွက် ကျွန်တော့်ကို စေလွှတ်လိုက်တာ” ဆိုပြီး ပြောခဲ့တယ်။ (လုကာ ၄:၄၃) တစ်ခါတလေ ယေရှု ဟောပြောတဲ့အခါမှာ လူတွေက ယုံကြည်ပြီး ယေရှု ဟောပြောတဲ့အကြောင်းတွေကို တခြားလူတွေကို ပြန်ပြောပြကြတယ်။ ဒီပုံမှာ တွေ့ရတဲ့ ရှမာရိအမျိုးသမီး လုပ်ခဲ့သလိုမျိုးပေါ့။—ယောဟန် ၄:၇-၁၅၊ ၂၇-၃၀။
ယေရှုဟာ ကမ္ဘာပေါ်မှာ ရှိတုန်းက ဘယ်အလုပ် နှစ်မျိုးကို လုပ်ကိုင်ခဲ့သလဲ
ဒီအလုပ် လုပ်ရတာကို ယေရှု ဘယ်လို သဘောထားသလဲ။ ဒီအလုပ်ကို လုပ်ချင်စိတ် ရှိတယ်လို့ ထင်သလား။— ယေရှုက “ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ရဲ့ အလိုတော်ကို ဆောင်တာ၊ သူခိုင်းထားတဲ့ အလုပ်ကို ပြီးစီးအောင် လုပ်တာဟာ ကျွန်တော့်အတွက် စားစရာပဲ” လို့ ပြောခဲ့တယ်။ (ယောဟန် ၄:၃၄) ကလေးတို့ သိပ်ကြိုက်တဲ့အစာဆိုရင် ဘယ်လောက်များများ စားချင်မလဲ။— အေး၊ ဒီလိုပဲပေါ့၊ ယေရှုလည်း ဘုရားပေးတဲ့အလုပ်ကို ဘယ်လောက် ကြိုက်တယ်ဆိုတာ သဘောပေါက်နိုင်တယ်။
အလုပ် လုပ်တတ်အောင် သင်ယူပြီး ပျော်ရွှင်မှု ခံစားဖို့ တို့တစ်တွေကို ဘုရားသခင် ဖန်ဆင်းခဲ့တာ ဖြစ်တယ်။ လူကို ဘုရားပေးတဲ့ လက်ဆောင်ဟာ “ကြိုးစားပမ်းစား လုပ်ကိုင်မှုကနေ ပျော်ရွှင်ကျေနပ်မှု ရ” ဖို့ ဖြစ်တယ်လို့ ကျမ်းစာမှာ ဆိုထားတယ်။ ဒါကြောင့် ငယ်ငယ်ကတည်းက အလုပ်လုပ်တတ်အောင် သင်ထားမယ်ဆိုရင် ဘဝတစ်လျှောက်လုံး ပိုပျော်ရွှင်နိုင်မယ်။—ဒေသနာ ၅:၁၉။
ဒီလိုပြောတဲ့အတွက် ကလေးတစ်ယောက်ဟာ လူကြီးတစ်ယောက် လုပ်တဲ့အလုပ်ကို လုပ်နိုင်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ တို့အားလုံးဟာ အလုပ်တစ်ခုခုကို လုပ်နိုင်တယ်လို့ ပြောချင်တာပါ။ ကလေးတို့ရဲ့ မိဘတွေဟာ မိသားစု စားစရာ၊ နေစရာ ရဖို့ နေ့တိုင်း အလုပ်သွားလုပ်ပြီး ငွေရှာချင် ရှာရမယ်။ ကလေးတို့ သိတဲ့အတိုင်းပဲ အိမ်ကို သပ်ရပ်သန့်ရှင်းအောင် ထားဖို့ဆိုရင် အိမ်တွင်းအိမ်ပြင်မှာ လုပ်စရာအလုပ်က အများကြီးပဲ။
တစ်အိမ်သားလုံး အကျိုးရှိမယ့် ဘယ်အလုပ်မျိုးကို ကလေးတို့ လုပ်နိုင်သလဲ။— ထမင်းပွဲ ပြင်တဲ့အခါမှာ ဝိုင်းကူနိုင်တယ်၊ ပန်းကန်တွေ ဆေးပေးနိုင်တယ်၊ အမှိုက်တွေ သွားပစ်ပေးနိုင်တယ်။ ကိုယ့်အခန်းကို သန့်ရှင်းရေးလုပ်နိုင်တယ်။ ကစားစရာအရုပ်တွေကို ကောက်သိမ်းပေးနိုင်တယ်။ ကလေးတို့ ဒီအလုပ်တွေ လုပ်ရင်လည်း လုပ်နေမယ်။ ဒီအလုပ်တွေဟာ မိသားစုအတွက် တကယ့်ကို ကောင်းကျိုးပြုတယ်။
ကစားစရာတွေကို ကစားပြီးရင် ပြန်သိမ်းဖို့ ဘာကြောင့် အရေးကြီးသလဲ
ဒီလိုအလုပ်မျိုးက ဘယ်လို ကောင်းကျိုးပြုတယ်ဆိုတာ ကြည့်ရအောင်။ ကစားစရာအရုပ်တွေကို ကစားပြီးရင် ပြန်သိမ်းရတယ်။ ဒီလိုသိမ်းဖို့ အရေးကြီးတယ်လို့ ဘာကြောင့် ပြောသလဲ။— ဒီလိုလုပ်ရင် တစ်အိမ်လုံး သပ်သပ်ရပ်ရပ် ရှိမယ့်အပြင် မတော်တဆ ထိခိုက်မှုကိုလည်း ကာကွယ်တားဆီးနိုင်မယ်။ ကလေးတို့ ကစားစရာတွေကို မသိမ်းဘဲ ထားမယ်ဆိုရင် တစ်နေ့နေ့မှာ ကလေးတို့မေမေ လက်ထဲမှာ ပစ္စည်းတွေအပြည့်နဲ့ အိမ်ထဲ ဝင်လာတဲ့အခါ နင်းမိနိုင်တယ်။ ခလုတ်တိုက် လဲကျပြီး အနာတရ ဖြစ်သွားနိုင်တယ်။ ဆေးရုံတောင် တက်ချင်တက်ရမယ်။ ကြောက်စရာ မကောင်းဘူးလား။— ဒါကြောင့် ကစားစရာတွေကို ကစားပြီး ပြန်သိမ်းမယ်ဆိုရင် တစ်အိမ်သားလုံးအတွက် ကောင်းကျိုးပြုတာပဲ။
ကလေးတွေမှာ လုပ်စရာ တခြားအလုပ် ရှိသေးတယ်။ ဥပမာ၊ ကျောင်းပညာကို ကြည့်ရအောင်။ ကျောင်းတက်တဲ့အခါမှာ စာဖတ်တတ်ဖို့ သင်ရတယ်။ တချို့ကလေးတွေက စာဖတ်ရတာကို ပျော်ကြတယ်၊ ဒါပေမဲ့ တချို့ကျတော့ ခက်တယ်လို့ ပြောကြတယ်။ အစမှာ ခက်တယ်ပဲထား၊ ကောင်းကောင်း ဖတ်တတ်လာတဲ့အခါ ကလေးတို့ ပျော်လာမယ်။ စာဖတ်တတ်ရင် စိတ်ဝင်စားစရာတွေ အများကြီးလည်း သိလာမယ်။ ဘုရားသခင်ပေးတဲ့ စာအုပ်ဖြစ်တဲ့ သမ္မာကျမ်းစာကိုတောင် ကလေးတို့ကိုယ်တိုင် ဖတ်လာနိုင်မှာ။ ဒါကြောင့် ကျောင်းပညာ ကြိုးစားမယ်ဆိုရင် တကယ်ပဲ အကျိုးရှိတယ် မဟုတ်လား။—
အလုပ် လုံးဝ မလုပ်ချင်တဲ့ လူတချို့ ရှိတယ်။ အဲဒီလိုလူမျိုးကို ကလေးတို့ သိရင်သိမယ်။ ဘုရားသခင်က တို့တစ်တွေကို အလုပ်လုပ်ဖို့ ဖန်ဆင်းထားတာ ဖြစ်တဲ့အတွက် အလုပ်ကို ပျော်ပျော်နဲ့ လုပ်တတ်အောင် သင်ဖို့ လိုတယ်။ ကြီးမြတ်တဲ့ဆရာဟာ အလုပ်မှာ ဘယ်လောက်တောင် ပျော်ခဲ့သလဲ။— အကြိုက်ဆုံးအစာကို စားရသလိုမျိုး ပျော်ခဲ့တယ်။ ယေရှုက ဘယ်အလုပ်ကို ပြောနေတာလဲ။— သူတစ်ပါးကို ယေဟောဝါဘုရားအကြောင်း၊ ထာဝရအသက် ဘယ်လိုရနိုင်တယ်ဆိုတဲ့အကြောင်း ပြောပြတဲ့အလုပ်ကို ပြောနေတာ။
ဒါကြောင့် အလုပ်မှာ ပျော်ရွှင်အောင် အထောက်အကူပေးတဲ့ အချက်ကတော့ ‘ဒီအလုပ်ကို ဘာကြောင့် လုပ်ရသလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးကြည့်ဖို့ ဖြစ်တယ်။ အလုပ်တစ်ခုရဲ့ အရေးပါမှုကို သိရင် လုပ်ချင်စိတ်လည်း ပိုပြင်းပြလာမယ်။ ပြီးတော့ ကြီးတဲ့အလုပ်ဖြစ်ဖြစ်၊ သေးတဲ့အလုပ်ပဲဖြစ်ဖြစ် ကောင်းကောင်း ကြိုးစားလုပ်ပါ။ ဒီလို လုပ်မယ်ဆိုရင် တို့တစ်တွေရဲ့ ကြီးမြတ်တဲ့ဆရာလိုပဲ ကိုယ်လုပ်တဲ့အလုပ်မှာ ပျော်လာနိုင်ပါတယ်။
ကျမ်းစာက လူတစ်ယောက်ကို လုပ်သားကောင်း ဖြစ်လာအောင် ကူညီပေးနိုင်တယ်။ ပညာအလိမ္မာ ၁၀:၄။ ၂၂:၂၉။ ဒေသနာ ၃:၁၂၊ ၁၃။ ကောလောသဲ ၃:၂၃ တို့မှာ ပြောထားတာတွေကို ဖတ်ကြည့်ပါ။