ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lvs အခန်း ၁၅ စာ. ၂၀၀-၂၁၂
  • အလုပ်မှာ ပျော်ရွှင်ကျေနပ်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အလုပ်မှာ ပျော်ရွှင်ကျေနပ်ပါ
  • ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • “ဘုရားသခင့်မေတ္တာ” ဖတ်ပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကြီးမြတ်ဆုံး လုပ်သားနှစ်ဦး
  • အလုပ်ကို ဘယ်လို သဘောထားသင့်သလဲ
  • ဘယ်အလုပ်ကို ရွေးချယ်သင့်သလဲ
  • “ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိ” ပါ
  • လုပ်ဆောင်နိုင်တဲ့ အရေးကြီးဆုံးလုပ်ငန်း
  • အလုပ်ကြိုးစားမှုကနေ ကျေနပ်ပျော်ရွှင်မှုရနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • အလုပ်လုပ်ဖို့ လိုအပ်ရတဲ့အကြောင်း
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ကြိုးစားအားထုတ်ရာ၌ ပျော်မွေ့ပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
  • ဘုရားသခင်နဲ့အတူ တွဲဖက်လုပ်ဆောင်ခြင်းက ရွှင်လန်းဝမ်းမြောက်စေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
နောက်ထပ် ကြည့်ပါ
ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
lvs အခန်း ၁၅ စာ. ၂၀၀-၂၁၂
အလုပ်မှာ ညီအစ်ကိုတစ်ယောက် သက်သေခံနေစဉ်

အခန်း ၁၅

အလုပ်မှာ ပျော်ရွှင်ကျေနပ်ပါ

“ကြိုးစားပမ်းစား လုပ်ကိုင်မှုကြောင့် ပျော်ရွှင်ကျေနပ်တာဟာ သင့်လျော်တယ်။”—ဒေသနာ ၃:၁၃။

၁-၃။ (က) လူတွေ အလုပ်ကို ဘယ်လို သဘောထားကြသလဲ။ (ခ) ဒီအခန်းမှာ ဘယ်မေးခွန်းတွေ သုံးသပ်ကြမလဲ။

ကမ္ဘာတစ်ဝန်းမှာ လူတွေက ကိုယ်တိုင်နဲ့ မိသားစုကို ထောက်ပံ့ဖို့ ကြိုးစားပမ်းစား အလုပ်လုပ်ကြတယ်။ လူများစွာက ကိုယ့်အလုပ်ကို မကြိုက်ကြဘူး။ တစ်နေကုန် လုပ်ရတဲ့အတွက် လူတချို့ အလုပ်မသွားချင်ကြဘူး။ အဲဒီလိုခံစားရရင် အလုပ်မှာ ပိုပျော်ရွှင်လာအောင် ဘာလုပ်နိုင်သလဲ။ အလုပ်အပေါ် ဘယ်လို သဘောထားနိုင်သလဲ။

၂ “စားတာ၊ သောက်တာ၊ ကြိုးစားပမ်းစား လုပ်ကိုင်မှုကြောင့် ပျော်ရွှင်ကျေနပ်တာဟာ သင့်လျော်တယ်။ . . . ဒါတွေဟာ ဘုရားသခင်ဆီက ရတဲ့ လက်ဆောင်ပဲ” ဆိုပြီး ယေဟောဝါ မိန့်ဆိုတယ်။ (ဒေသနာ ၃:၁၃) ယေဟောဝါက ကျွန်တော်တို့ကို အလုပ်လုပ်ဖို့ လိုအပ်ချက်၊ စိတ်ဆန္ဒနဲ့ ဖန်ဆင်းထားတယ်။ ကျွန်တော်တို့ လုပ်ကိုင်ရာတွေကနေ ကျေနပ်မှု ရစေချင်တယ်။—ဒေသနာ ၂:၂၄။ ၅:၁၈ တို့ကို ဖတ်ပါ။

၃ အလုပ်မှာ ပျော်ရွှင်ဖို့ ဘာက ကူညီပေးနိုင်သလဲ။ ဘယ်လိုအလုပ်မျိုးကို ခရစ်ယာန်တွေ ရှောင်ရမလဲ။ ယေဟောဝါကို ကိုးကွယ်ဝတ်ပြုခြင်းနဲ့ အလုပ်ကို ဘယ်လို ဟန်ချက်ညီစေနိုင်သလဲ။ ကျွန်တော်တို့ လုပ်ဆောင်နိုင်တဲ့ အရေးကြီးဆုံးလုပ်ငန်းက ဘာလဲ။

အကြီးမြတ်ဆုံး လုပ်သားနှစ်ဦး

၄၊ ၅။ အလုပ်အပေါ် ယေဟောဝါရဲ့ အမြင်က ဘာလဲ။

၄ ယေဟောဝါကိုယ်တိုင် အလုပ်ကို ချစ်မြတ်နိုးတယ်။ ကမ္ဘာဦး ၁:၁ မှာ ဒီလိုဖော်ပြထားတယ်– “အစအဦးမှာ ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတယ်။” မြေကြီးနဲ့ မြေကြီးပေါ်ရှိသမျှကို ဖန်ဆင်းပြီးတဲ့အခါ “သိပ်ကောင်းတယ်” လို့ မိန့်ဆိုခဲ့တယ်။ (ကမ္ဘာဦး ၁:၃၁) ဖန်ဆင်းရှင်က ဖန်ဆင်းခဲ့တာနဲ့ပတ်သက်ပြီး ကျေနပ်အားရခဲ့တယ်။—၁ တိမောသေ ၁:၁၁။

၅ ယေဟောဝါက အမြဲ အလုပ်လုပ်တယ်။ “ကျွန်တော့်ရဲ့ အဖဘုရားဟာ အခုချိန်ထိ အလုပ်လုပ်နေတုန်းပဲ” လို့ ယေရှု ပြောခဲ့တယ်။ (ယောဟန် ၅:၁၇) ယေဟောဝါ လုပ်ဆောင်သမျှ အံ့ဖွယ်အမှုအားလုံးကို ကျွန်တော်တို့ မသိပေမဲ့ တချို့ကိုတော့ သိကြတယ်။ ဘုရားနိုင်ငံတော်မှာ သားတော် ယေရှုခရစ်နဲ့အတူ အုပ်ချုပ်မယ့်သူတွေကို ရွေးချယ်တယ်။ (၂ ကောရိန္သု ၅:၁၇) လူသားတွေကို စိတ်ဝင်တစား လမ်းညွှန်၊ ဂရုစိုက်ပေးနေတယ်။ ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းကြောင့် လူသန်းပေါင်းများစွာ ယေဟောဝါကို သိကျွမ်းလာကြတယ်။ ကမ္ဘာ့ပရဒိသုမှာ ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိလာကြတယ်။—ယောဟန် ၆:၄၄။ ရောမ ၆:၂၃။

၆၊ ၇။ ယေရှုဟာ ဘယ်လို လုပ်သားမျိုးလဲ။

၆ ခမည်းတော်လိုပဲ ယေရှုလည်း အလုပ်ကို ချစ်မြတ်နိုးတယ်။ မြေကြီးပေါ် မလာခင် ကောင်းကင်နဲ့ မြေကြီးပေါ်ရှိသမျှကို ဖန်ဆင်းရာမှာ ဘုရားရဲ့ “ကျွမ်းကျင်လုပ်သား” အဖြစ် အမှုထမ်းခဲ့တယ်။ (ပညာအလိမ္မာ ၈:၂၂-၃၁။ ကောလောသဲ ၁:၁၅-၁၇) မြေကြီးပေါ်မှာလည်း ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျွမ်းကျင်တဲ့ လက်သမား ဖြစ်လာပြီး ပရိဘောဂနဲ့ အိမ်တွေ ဆောက်လုပ်ခဲ့ပုံရတယ်။ ကျွမ်းကျင်လာတဲ့အတွက် လူတွေက ယေရှုကို “လက်သမား” လို့ သိလာကြတယ်။—မာကု ၆:၃။

၇ ဒါပေမဲ့ မြေကြီးပေါ် ရှိစဉ် ယေရှုအတွက် အရေးကြီးဆုံးလုပ်ငန်းကတော့ သတင်းကောင်း ဟောပြောခြင်းနဲ့ ယေဟောဝါအကြောင်း လူတွေကို သွန်သင်ပေးခြင်းပါပဲ။ အမှုဆောင်ခြင်းလုပ်ငန်း ပြီးစီးဖို့ ယေရှု သုံးနှစ်ခွဲ အချိန်ရခဲ့တယ်။ မနက်စောစောကနေ ညနက်တဲ့အထိ ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့တယ်။ (လုကာ ၂၁:၃၇၊ ၃၈။ ယောဟန် ၃:၂) ဖုန်ထူတဲ့ လမ်းတွေပေါ် မိုင်ရာချီ လမ်းလျှောက်ပြီး လူများနိုင်သမျှများများကို သတင်းကောင်း ဟောပြောခဲ့တယ်။—လုကာ ၈:၁။

၈၊ ၉။ ယေရှု အလုပ်မှာ ဘာကြောင့် ပျော်ရွှင်ကျေနပ်ခဲ့သလဲ။

၈ ဘုရားအမှုဆောင်ခြင်းက ယေရှုအတွက် အစားအစာလိုပဲ။ အမှုဆောင်ခြင်းကနေ အစွမ်းခွန်အား ရခဲ့တယ်။ အစာစားချိန် မရှိလောက်အောင် ကြိုးစားပမ်းစား အလုပ်လုပ်တဲ့နေ့တွေ ရှိတယ်။ (ယောဟန် ၄:၃၁-၃၈) ခမည်းတော်အကြောင်း တခြားသူတွေ သိလာဖို့ အခွင့်အရေးတိုင်းကို အသုံးချခဲ့တယ်။ ဒါကြောင့်လည်း ယေဟောဝါဆီ ဒီလိုပြောနိုင်ခဲ့တယ်– “ကမ္ဘာပေါ်မှာ အဖရဲ့ ဘုန်းကို ကျွန်တော် ထင်ရှားစေခဲ့ပါပြီ။ အဖ ခိုင်းထားတဲ့ အလုပ်ကို လုပ်ပြီးပါပြီ။”—ယောဟန် ၁၇:၄။

၉ ယေဟောဝါကော ယေရှုပါ အလုပ်ကြိုးစားပြီး အလုပ်ကနေ ပျော်ရွှင်ကျေနပ်မှု ခံစားကြတယ်။ ကျွန်တော်တို့ “ဘုရားသခင်ကို အတုယူ” ချင်ကြတယ်။ “[ယေရှုရဲ့ ] ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်” ချင်ကြပါတယ်။ (ဧဖက် ၅:၁။ ၁ ပေတရု ၂:၂၁) ဒါကြောင့် အတတ်နိုင်ဆုံး ကြိုးစားပမ်းစား လုပ်ကိုင်ကြတယ်။

အလုပ်ကို ဘယ်လို သဘောထားသင့်သလဲ

၁၀၊ ၁၁။ အလုပ်အပေါ် အပြုသဘောထား ရှိဖို့ ဘာက ကူညီပေးနိုင်သလဲ။

၁၀ ယေဟောဝါရဲ့ ကျေးကျွန်တွေက ကိုယ်တိုင်နဲ့ မိသားစုကို ထောက်ပံ့ဖို့ ကြိုးစားပမ်းစား အလုပ်လုပ်ကြတယ်။ အလုပ်ကနေ ပျော်ရွှင်ကျေနပ်မှု ခံစားချင်ပေမဲ့ စိန်ခေါ်ချက် ဖြစ်နိုင်တယ်။ အလုပ်မှာ မပျော်ရွှင်ဘူးဆိုရင် ဘာလုပ်နိုင်သလဲ။

ညီအစ်ကိုတစ်ယောက် ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်နေစဉ်

အပြုသဘောထား ရှိခြင်းက ဘယ်အလုပ်ကိုမဆို ပိုပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်စေနိုင်

၁၁ အပြုသဘောထား ရှိပါ။ ဘယ်မှာ လုပ်မယ်၊ ဘယ်လောက် လုပ်မယ်ဆိုတာကို ပြောင်းလဲလို့ ရချင်မှ ရမယ်။ ဒါပေမဲ့ ကိုယ့်သဘောထားကိုတော့ ပြောင်းလဲလို့ ရတယ်။ ကျွန်တော်တို့ဆီက ယေဟောဝါ ဘာမျှော်လင့်ကြောင်း နားလည်ထားခြင်းက အကူအညီ ဖြစ်နိုင်တယ်။ ဥပမာ၊ မိသားစု လိုအပ်ရာတွေကို အတတ်နိုင်ဆုံး ကြိုးစားဖြည့်ဆည်းပေးဖို့ အိမ်ထောင်ဦးစီးဆီက ယေဟောဝါ မျှော်လင့်တယ်။ မိသားစုကို မထောက်ပံ့သူဟာ “မယုံကြည်သူထက်တောင် ဆိုးရွားတယ်” ဆိုပြီး ကျမ်းစာမှာ ဖော်ပြတယ်။ (၁ တိမောသေ ၅:၈) အိမ်ထောင်ဦးစီး ဖြစ်မယ်ဆိုရင် မိသားစုကို ထောက်ပံ့ဖို့ အလုပ်ကြိုးစားရမယ်။ ကိုယ့်အလုပ်ကို ကြိုက်ကြိုက်, မကြိုက်ကြိုက် မိသားစုကို ထောက်ပံ့တာက ယေဟောဝါ နှစ်သက်ရာကို လုပ်ဆောင်နေတာပဲဆိုတာ သိထားရမယ်။

ညီအစ်မတစ်ယောက် ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်နေစဉ်

၁၂။ အလုပ်ကြိုးစားခြင်း၊ ရိုးသားခြင်းက ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုသလဲ။

၁၂ အလုပ်ကြိုးစားပါ၊ ရိုးသားပါ။ ဒါက အလုပ်မှာ ပျော်ရွှင်ဖို့ ပိုလွယ်ကူစေနိုင်တယ်။ (ပညာအလိမ္မာ ၁၂:၂၄။ ၂၂:၂၉) တစ်ချက်အနေနဲ့ အလုပ်ရှင်က ကိုယ့်အပေါ် ယုံကြည်စိတ်ချလာမယ်။ ငွေ၊ ပစ္စည်း၊ အချိန် မခိုးတဲ့၊ ရိုးသားတဲ့ အလုပ်သမားတွေကို အလုပ်ရှင်တွေ တန်ဖိုးထားကြတယ်။ (ဧဖက် ၄:၂၈) ပိုအရေးကြီးတာက အလုပ်ကြိုးစားတာ၊ ရိုးသားတာကို ယေဟောဝါ သိတယ်။ ကိုယ်ချစ်မြတ်နိုးတဲ့ ဘုရားရဲ့ နှစ်သက်မှု ရတယ်ဆိုတဲ့ အသိကြောင့် “အမှားအမှန်သိစိတ် ကြည်လင်” နိုင်တယ်။—ဟီဘရူး ၁၃:၁၈။ ကောလောသဲ ၃:၂၂-၂၄။

အလုပ်မှာ ညီအစ်ကိုတစ်ယောက် သက်သေခံနေစဉ်

၁၃။ လုပ်ငန်းခွင်မှာ ကိုယ့်ရိုးသားမှုကြောင့် ဘာအကျိုးကျေးဇူး ရနိုင်သေးသလဲ။

၁၃ လုပ်ငန်းခွင်မှာ တင်ပြတဲ့ အမူအကျင့်က ယေဟောဝါကို ချီးမွမ်းဂုဏ်တင်နိုင်ကြောင်း အသိအမှတ်ပြုပါ။ ဒါက အလုပ်မှာ ပျော်ရွှင်ကျေနပ်နိုင်တဲ့ နောက်ထပ် အကြောင်းရင်းတစ်ရပ်ပါ။ (တိတု ၂:၉၊ ၁၀) ကိုယ့်စံနမူနာကောင်းကြောင့် အလုပ်ဖော်တစ်ယောက် ကျမ်းစာ လေ့လာချင်စိတ်တောင် ဝင်လာနိုင်တယ်။—ပညာအလိမ္မာ ၂၇:၁၁။ ၁ ပေတရု ၂:၁၂ တို့ကို ဖတ်ပါ။

ဘယ်အလုပ်ကို ရွေးချယ်သင့်သလဲ

၁၄-၁၆။ အလုပ်အကိုင် ရွေးချယ်တဲ့အခါ ဘာထည့်စဉ်းစားရမလဲ။

၁၄ ခရစ်ယာန်တစ်ယောက် လုပ်သင့်တဲ့၊ မလုပ်သင့်တဲ့ အလုပ်အကိုင်စာရင်း ကျမ်းစာမှာ မပါဘူး။ ဒါပေမဲ့ အလုပ်အကိုင်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကောင်း ချနိုင်စေတဲ့ အခြေခံမူတွေတော့ ပါတယ်။ (ပညာအလိမ္မာ ၂:၆) ကျမ်းစာအခြေခံမူတွေ သုံးပြီး ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးနိုင်တယ်–

သတင်းစာထဲက အလုပ်ခေါ်စာတွေကို ညီအစ်ကို ဆန်းစစ်နေစဉ်

ယေဟောဝါရဲ့ စံနှုန်းတွေနဲ့ မဆန့်ကျင်မယ့်အလုပ် ရှာပါ

၁၅ မှားတယ်လို့ ယေဟောဝါ မိန့်ဆိုထားတဲ့အရာ တစ်ခုခုကို ဒီအလုပ်ကြောင့် လုပ်ဖို့ လိုလာမလား။ ခိုးတာ၊ လိမ်တာစတဲ့ ယေဟောဝါ ရွံမုန်းတဲ့ အကျင့်တွေကို သိခဲ့ကြပြီ။ (ထွက်မြောက်ရာ ၂၀:၄။ တမန်တော် ၁၅:၂၉။ ဧဖက် ၄:၂၈။ ဗျာဒိတ် ၂၁:၈) ဒါကြောင့် ယေဟောဝါရဲ့ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ဘယ်အလုပ်ကိုမဆို ဂရုတစိုက် ရှောင်ကြတယ်။—၁ ယောဟန် ၅:၃ ကိုဖတ်ပါ။

၁၆ ဒီအလုပ်က ယေဟောဝါ ပြစ်တင်ရှုတ်ချတဲ့အကျင့်ကို အားပေးထောက်ခံနေသလား။ ဥပမာ၊ ကိုယ်ဝန်ဖျက်ချပေးတဲ့ ဆေးခန်းမှာ ဧည့်ကြို လုပ်ဖို့ ကမ်းလှမ်းခံရတယ်ဆိုရင်ကော။ ဧည့်ကြိုဝန်ထမ်း လုပ်တာ မမှားဘူး။ ဒါပေမဲ့ ကိုယ်ဝန်ဖျက်ချခြင်းနဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ ရှုမြင်ပုံကို သိထားတယ်။ ကိုယ်တိုင် ကိုယ်ဝန်ဖျက်ချမပေးပေမဲ့ အပြစ်ရှိတယ်လို့ ယေဟောဝါ ရှုမြင်တဲ့အလုပ်မှာ ပါဝင်နေတယ်လို့ မခံစားရဘူးလား။—ထွက်မြောက်ရာ ၂၁:၂၂-၂၄။

၁၇။ ဘုရား နှစ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ ဘာက ကူညီပေးနိုင်သလဲ။

၁၇ ကျမ်းစာအခြေခံမူတွေ သုံးခြင်းအားဖြင့် ဟီဘရူး ၅:၁၄ မှာ ဖော်ပြထားတဲ့ “ပိုင်းခြားသိမြင်နိုင်စွမ်းကို အမြဲ အသုံးပြုပြီး အမှားအမှန် ခွဲခြားသိနိုင်အောင် လေ့ကျင့်ထား” တဲ့ လူစားမျိုး ဖြစ်နိုင်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ဒီအလုပ်ကို လက်ခံလိုက်ရင် တခြားသူတွေ ထိမိလဲသွားမလား။ အိမ်ထောင်ဖက်နဲ့ သားသမီးတွေကို ထားခဲ့ပြီး နိုင်ငံရပ်ခြားမှာ သွားလုပ်ဖို့ လိုလာမလား။ အဲဒါက သူတို့အပေါ် ဘယ်လို သက်ရောက်မှု ရှိမလဲ။’

“ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိ” ပါ

၁၈။ ဝတ်ပြုရေးကို အာရုံစိုက်နေဖို့ ဘာကြောင့် စိန်ခေါ်ချက် ဖြစ်နိုင်သလဲ။

၁၈ “အလွန် ခက်ခဲကျပ်တည်း” တဲ့ ကာလမှာ ယေဟောဝါရဲ့ ဝတ်ပြုရေးကို ပထမနေရာ ထားဖို့ ခက်ခဲနိုင်ပါတယ်။ (၂ တိမောသေ ၃:၁) အလုပ် ရဖို့၊ မြဲနေဖို့ဆိုတာ တကယ့် စိန်ခေါ်ချက်ပါပဲ။ မိသားစုကို ထောက်ပံ့ရမယ် ဆိုပေမဲ့ ဝတ်ပြုရေးက ပထမပါပဲ။ ကိုယ့်အသက်တာမှာ ရုပ်ပစ္စည်းတွေ သိပ်အရေးပါလာတာမျိုး မဖြစ်စေသင့်ဘူး။ (၁ တိမောသေ ၆:၉၊ ၁၀) “ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိနိုင်” ပြီး တစ်ချိန်တည်းမှာ မိသားစုကို ဘယ်လို ထောက်ပံ့နိုင်ကြမလဲ။—ဖိလိပ္ပိ ၁:၁၀။

၁၉။ အလုပ်နဲ့ပတ်သက်ပြီး ဟန်ချက်ညီဖို့ ယေဟောဝါကို ယုံကြည်ကိုးစားခြင်းက ဘယ်လို ကူညီပေးသလဲ။

၁၉ ယေဟောဝါကို အပြည့်အဝ ယုံကြည်ကိုးစားပါ။ (ပညာအလိမ္မာ ၃:၅၊ ၆ ကို ဖတ်ပါ။) ကျွန်တော်တို့ လိုအပ်ရာကို ဘုရားသခင် အတိအကျ သိမှန်း၊ ဂရုစိုက်မှန်း သိကြတယ်။ (ဆာလံ ၃၇:၂၅။ ၁ ပေတရု ၅:၇) “ခင်ဗျားတို့ရဲ့ ဘဝမှာ ငွေတပ်မက်တာကို ရှောင်ပါ။ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ပါ။ ‘မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး’ လို့ ဘုရားသခင် ပြောထားတာပဲ” ဆိုပြီး ကျမ်းစာမှာ ဖော်ပြတယ်။ (ဟီဘရူး ၁၃:၅) မိသားစုကို ထောက်ပံ့ဖို့ ကျွန်တော်တို့ တစ်ချိန်လုံး စိတ်ပူနေရတာကို ယေဟောဝါ မလိုလားဘူး။ မိမိလူမျိုးရဲ့ လိုအပ်ရာတွေကို ဖြည့်ဆည်းပေးနိုင်ကြောင်း ဘုရား အကြိမ်ကြိမ် ပြခဲ့တယ်။ (မဿဲ ၆:၂၅-၃၂) ကိုယ့်အလုပ် အခြေအနေ ဘယ်လိုပဲ ရှိပါစေ ကျမ်းစာ မှန်မှန် ဖတ်ကြတယ်။ သတင်းကောင်း ဟောပြောကြတယ်။ ခရစ်ယာန် အစည်းအဝေးတွေ တက်ရောက်ကြတယ်။—မဿဲ ၂၄:၁၄။ ဟီဘရူး ၁၀:၂၄၊ ၂၅။

၂၀။ ဘယ်လို ရိုးရိုးရှင်းရှင်း အသက်ရှင်နေထိုင်နိုင်သလဲ။

၂၀ တစ်ခုတည်းကိုပဲ အာရုံစိုက်ကြည့်ပါ။ (မဿဲ ၆:၂၂၊ ၂၃ ကိုဖတ်ပါ။) တစ်ခုတည်းကိုပဲ အာရုံစိုက်ကြည့်တယ်ဆိုတာ ယေဟောဝါရဲ့ အမှုတော် ဆောင်ခြင်းကို အာရုံစိုက်နိုင်ဖို့ ရိုးရိုးရှင်းရှင်း အသက်ရှင်နေထိုင်တာကို ဆိုလိုတယ်။ ဘုရားနဲ့ ဆက်ဆံရေးထက် ငွေ၊ သက်သောင့်သက်သာ ဘဝပုံစံ၊ နောက်ဆုံးပေါ် ပစ္စည်းတွေကို ပိုအလေးထားခြင်းက ပညာမဲ့ရာရောက်မှန်း ကျွန်တော်တို့ သိကြပါတယ်။ ဒါဆိုရင် ဦးစားပေးရမယ့်အရာတွေကို ဦးစားပေးဖို့ ဘာက ကူညီပေးမလဲ။ အကြွေးမတင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားရမယ်။ အကြွေးတင်နေရင် လျှော့ချဖို့၊ ဆပ်ဖို့ လက်တွေ့ကျကျ စီစဉ်ပါ။ ဂရုမစိုက်ရင် ရုပ်ပစ္စည်းတွေကြောင့် အချိန်နဲ့ ခွန်အားများစွာ ကုန်ဆုံးပြီး ဆုတောင်းဖို့၊ လေ့လာဖို့၊ ဟောပြောဖို့ အချိန်မရှိတော့ဘဲ ဖြစ်သွားမယ်။ ရုပ်ပစ္စည်းကြောင့် ဘဝကို ရှုပ်ထွေးစေမယ့်အစား “စားစရာ၊ ဝတ်စရာ” စတဲ့ အခြေခံလိုအပ်ရာတွေနဲ့ ရောင့်ရဲတတ်ချင်ကြပါတယ်။ (၁ တိမောသေ ၆:၈) ယေဟောဝါကို ဘယ်လို အပြည့်အဝ အမှုဆောင်နိုင်မလဲဆိုတာ သိမြင်ဖို့ မကြာခဏ ကိုယ့်အခြေအနေကို ဆန်းစစ်သင့်တယ်။

၂၁။ ဦးစားထားရာကို ဘာကြောင့် ဆုံးဖြတ်ရမလဲ။

၂၁ ဦးစားထားရာတွေကို မှန်ကန်စေပါ။ အချိန်၊ ခွန်အား၊ ရုပ်ပစ္စည်းတွေကို ပညာရှိရှိ သုံးရမယ်။ ဂရုမစိုက်ရင် ပညာရေး၊ ငွေစတဲ့ သိပ်အရေးမကြီးတဲ့အရာတွေကြောင့် တန်ဖိုးရှိတဲ့အချိန်တွေ ကုန်သွားမယ်။ “ဘုရားသခင်ရဲ့ နိုင်ငံတော် . . . ကို အမြဲ ဦးစားထားကြပါ” လို့ ယေရှု ပြောခဲ့တယ်။ (မဿဲ ၆:၃၃) ကိုယ့်ရွေးချယ်မှု၊ အလေ့အကျင့်၊ နေ့စဉ် လုပ်ရိုးလုပ်စဉ်၊ ပန်းတိုင်တွေက ကိုယ့်စိတ်နှလုံးထဲ ဘာကို ဦးစားထားနေကြောင်း ဖော်ပြတယ်။

လုပ်ဆောင်နိုင်တဲ့ အရေးကြီးဆုံးလုပ်ငန်း

၂၂၊ ၂၃။ (က) ခရစ်ယာန်တွေ လုပ်ဆောင်နိုင်တဲ့ အရေးကြီးဆုံးလုပ်ငန်းက ဘာလဲ။ (ခ) အလုပ်မှာ ပျော်ရွှင်ဖို့ ဘာက ကူညီပေးမလဲ။

၂၂ လုပ်ဆောင်နိုင်တဲ့ အရေးကြီးဆုံးလုပ်ငန်းကတော့ ယေဟောဝါရဲ့ အမှုတော်ဆောင်ခြင်းနဲ့ တခြားသူတွေကို သတင်းကောင်း ဟောပြောခြင်းပါပဲ။ (မဿဲ ၂၄:၁၄။ ၂၈:၁၉၊ ၂၀) ယေရှုလိုပဲ ဒီလုပ်ငန်းမှာ အတတ်နိုင်ဆုံး ပါဝင်ချင်ကြတယ်။ တချို့က ဟောပြောသူတွေ ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်ဖို့ ပြောင်းရွှေ့ကြတယ်။ တချို့က ဘာသာခြားစကားပြောသူတွေကို ဟောပြောနိုင်ဖို့ နိုင်ငံခြားဘာသာစကား သင်ယူကြတယ်။ သူတို့နဲ့ စကားပြောပြီး ဘယ်လို လုပ်ဆောင်ခဲ့ကြောင်းကို မေးကြည့်ပါ။ အသက်တာမှာ ပိုပျော်ရွှင်ပြီး ပိုအဓိပ္ပာယ်ရှိလာကြောင်း ပြောပြကြပါလိမ့်မယ်။—ပညာအလိမ္မာ ၁၀:၂၂ ကို ဖတ်ပါ။

မောင်နှံတစ်စုံ အမှုဆောင်လုပ်ငန်းမှာ ပါဝင်နေစဉ်

ကျွန်တော်တို့ လုပ်ဆောင်နိုင်တဲ့ အရေးကြီးဆုံးအလုပ်က ယေဟောဝါရဲ့ အမှုတော်ဆောင်ခြင်းပါ

၂၃ ဒီနေ့ ကျွန်တော်တို့တစ်တွေ မိသားစု အခြေခံလိုအပ်ရာတွေ ထောက်ပံ့ဖို့ နာရီပေါင်းများစွာ အလုပ်လုပ်ကြရတယ်။ ဒါမှမဟုတ် အလုပ်အတော်များများ လိုက်လုပ်ကြရတယ်။ ဒါကို ယေဟောဝါ သိတယ်။ မိသားစုကို စောင့်ရှောက်ဖို့ လုပ်ဆောင်သမျှကို ဘုရား တန်ဖိုးထားတယ်။ ဒါကြောင့် ဘယ်အလုပ်မျိုးပဲ လုပ်ရပါစေ ကြိုးစားပမ်းစား လုပ်ကိုင်ခြင်းအားဖြင့် ယေဟောဝါနဲ့ ယေရှုကို တုပကြပါစို့။ အရေးကြီးဆုံးလုပ်ငန်းက ယေဟောဝါရဲ့ အမှုတော်ဆောင်ခြင်းနဲ့ ဘုရားနိုင်ငံတော် သတင်းကောင်း ဟောပြောခြင်း ဖြစ်ကြောင်း သတိရကြရအောင်။ အဲဒါက စစ်မှန်တဲ့ ပျော်ရွှင်မှု ရရှိစေပါမယ်။

ကျမ်းစာအခြေခံမူများ

၁ ယေဟောဝါက လူသားတွေကို အလုပ်လုပ်ချင်တဲ့စိတ်ဆန္ဒနဲ့ ဖန်ဆင်းထား

“စားတာ၊ သောက်တာ၊ ကြိုးစားပမ်းစား လုပ်ကိုင်မှုကြောင့် ပျော်ရွှင်ကျေနပ်တာဟာ သင့်လျော်တယ်။ . . . ဒါတွေဟာ ဘုရားသခင်ဆီက ရတဲ့ လက်ဆောင်ပဲ။”—ဒေသနာ ၃:၁၃

အလုပ်ဟာ ဘာကြောင့် ဘုရားပေးတဲ့ လက်ဆောင် ဖြစ်ရသလဲ။

  • ကမ္ဘာဦး ၁:၁၊ ၃၁။ ဒေသနာ ၂:၂၄။ ယောဟန် ၅:၁၇

    ယေဟောဝါက အလုပ်ကြိုးစားတယ်။ မိမိအလုပ်မှာ ပျော်ရွှင်သလို ကျွန်တော်တို့ကိုလည်း အလုပ်မှာ ကျေနပ်ပျော်ရွှင်စေချင်တယ်။

  • ပညာအလိမ္မာ ၈:၂၂-၃၁။ ကောလောသဲ ၁:၁၅-၁၇

    ယေရှုလည်း ကောင်းကင်မှာကော မြေကြီးပေါ်မှာပါ အလုပ်ကြိုးစားတဲ့သူ အမြဲ ဖြစ်ခဲ့တယ်။

  • မာကု ၆:၃။ လုကာ ၂၁:၃၇၊ ၃၈။ ယောဟန် ၄:၃၁-၃၈။ ၁၇:၄

    ယေရှုက မလွယ်ကူတဲ့ အချိန်တွေမှာတောင် တာဝန်တွေကို အကောင်းဆုံး ပြီးမြောက်အောင် ဆောင်ရွက်ခဲ့တယ်။

၂ အလုပ်အပေါ် ကိုယ့်သဘောထားကို တိုးတက်ကောင်းမွန်စေနိုင်

“အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်တဲ့သူကို တွေ့ဖူးသလား။ အဲဒီလိုလူဟာ . . . ဘုရင့်ရှေ့တော်မှာ ခစားရလိမ့်မယ်။”—ပညာအလိမ္မာ ၂၂:၂၉

အလုပ်မှာ ပျော်ရွှင်ဖို့ ဘာက ကူညီပေးမလဲ။

  • ပညာအလိမ္မာ ၁၂:၂၄။ ကောလောသဲ ၃:၂၂-၂၄။ ဟီဘရူး ၁၃:၁၈

    အလုပ်ပြောင်းလို့ မရရင်တောင် ကိုယ့်သဘောထားကို တိုးတက်ကောင်းမွန်စေနိုင်တယ်။ ကျွန်တော်တို့က ရိုးသားပြီး အလုပ်လည်း ကြိုးစားချင်ကြတယ်။

  • ပညာအလိမ္မာ ၂၇:၁၁။ ၁ တိမောသေ ၅:၈။ ၁ ပေတရု ၂:၁၂

    မိသားစုကို ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့တဲ့အခါ ဘုရားကို နာခံနေတာ ဖြစ်တယ်။ လုပ်ငန်းခွင်မှာ အမူအကျင့်ကောင်း ပြခြင်းက ယေဟောဝါကို ဂုဏ်တင်တယ်။

  • ထွက်မြောက်ရာ ၂၀:၁၃-၁၅။ ပညာအလိမ္မာ ၂:၆။ ရောမ ၁၄:၁၉-၂၂။ ဧဖက် ၅:၂၈–၆:၄။ ၁ ယောဟန် ၅:၃။ ဗျာဒိတ် ၁၈:၄

    အလုပ်အကိုင်က ကိုယ်တိုင်၊ မိသားစု၊ ညီအစ်ကို/မတွေ၊ အထူးသဖြင့် ယေဟောဝါအပေါ် ဘယ်လို သက်ရောက်မှု ရှိကြောင်း နားလည်ဖို့ ကျမ်းစာက ကူညီပေးတယ်။

၃ ဦးစားထားရာတွေ မှန်ကန်စေခြင်းက အလုပ်မှာ ပျော်ရွှင်စေနိုင်

“ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိနိုင်ကြပါ။”—ဖိလိပ္ပိ ၁:၁၀

ဘာတွေကို ဦးစားထားသင့်သလဲ။

  • ဆာလံ ၃၇:၂၅။ ပညာအလိမ္မာ ၃:၅၊ ၆။ ၁ ပေတရု ၅:၇

    ကျွန်တော်တို့ နေ့စဉ်လိုအပ်ရာကို ယေဟောဝါ သိကြောင်း ယုံကြည်စိတ်ချပါ။

  • မဿဲ ၆:၂၅-၃၂။ ၁ တိမောသေ ၆:၈-၁၀။ ဟီဘရူး ၁၃:၅

    ရှိတာနဲ့ ရောင့်ရဲတတ်ပါ။

  • ပညာအလိမ္မာ ၁၀:၂၂။ မဿဲ ၆:၃၃။ ၂၈:၁၉၊ ၂၀။ ဟီဘရူး ၁၀:၂၄၊ ၂၅

    ယေဟောဝါရဲ့ အမှုတော်ဆောင်ခြင်း၊ သတင်းကောင်း ဟောပြောခြင်းကို အာရုံစိုက်နေပါ။ ဒါဟာ ကျွန်တော်တို့ လုပ်ဆောင်နိုင်တဲ့ အရေးကြီးဆုံး လုပ်ငန်း ဖြစ်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ