ဆင်းရဲခက်ခဲမှုအားလုံး အဆုံးတိုင်လုနီးပြီ
သင့်ဘဝ တစ်ချိန်ချိန်တွင် ‘ဆင်းရဲခက်ခဲမှု အဘယ့်ကြောင့် ဤမျှ များပြားနေရသနည်း’ ဟူ၍ မေးခွန်းထုတ်မိပေမည်။ လူ့မိသားစုကြီးသည် နှစ်ပေါင်း ထောင်နှင့်ချီ၍ စစ်ဘေးစစ်ဒဏ်၊ ဆင်းရဲမွဲတေမှု၊ ကပ်ဘေးများ၊ ရာဇဝတ်မှု၊ မတရားမှု၊ ဖျားနာမှုနှင့် သေခြင်းတရားတို့ကြောင့် ဆင်းရဲခက်ခဲမှုများကို အလူးအလိမ့် ခံစားလာခဲ့ကြရသည်။ လွန်ခဲ့သောနှစ်ပေါင်း တစ်ရာအတွင်း လူသားများသည် ယခင့်ယခင်ကထက် ဆင်းရဲခက်ခဲမှုများကို ပို၍ တွေ့ကြုံခဲ့ပုံရသည်။ ဤဆင်းရဲခက်ခဲမှုများအားလုံး တစ်နေ့နေ့တွင် အဆုံးတိုင်ပါမည်လော။
စိတ်ချမ်းမြေ့ဖွယ်ရာအဖြေမှာ အဆုံးတိုင်ပါမည်၊ ထိုမျှမက များမကြာမီမှာပင် အဆုံးတိုင်တော့မည်ဖြစ်သည်။ သမ္မာကျမ်းစာက ဤသို့ဖော်ပြထားသည်– “ခဏကြာပြီးမှ မတရားသောသူသည် မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍ မတွေ့ရ။ . . . စိတ်နှိမ့်ချသော သူတို့မူကား ပြည်တော် [ကမ္ဘာမြေကြီး] ကိုအမွေခံ၍ များပြားသော ငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။” မည်မျှကြာကြာ မွေ့လျော်ကြရမည်နည်း။ “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [ကမ္ဘာမြေကြီး] ကိုအမွေခံ၍ အစၣ်အမြဲ နေရကြလိမ့်မည်။”—ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉။
ဆိုးယုတ်မှုနှင့် ဆင်းရဲခက်ခဲမှုတို့ကို ဘုရားသခင် ပယ်ရှားပြီးနောက် ကမ္ဘာမြေကြီးသည် ပရဒိသုဘုံအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ လူတို့သည် ကျန်းမာရေး ဒေါင်ဒေါင်မြည်ကာ ပျော်ပျော်ရွှင်ရွှင်နှင့် ထာဝစၣ် အသက်ရှင်သွားနိုင်မည်ဖြစ်သည်။ ဘုရားသခင့် တရားတော်က ဤသို့ကြိုဟောထားသည်– “ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း မရှိရ။”—ဗျာဒိတ် ၂၁:၄၊ သမ္မာ။
ကမ္ဘာသစ်တွင် သေလွန်သူများပင် အဆိုပါ ကောင်းချီးများကို ခံစားနိုင်ရန် အသက်ပြန်ရှင်လာကြမည်– “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ ရှိသမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်။” (တမန်တော် ၂၄:၁၅) ယင်းကြောင့် ယေရှုခရစ်တော်က မိမိအားယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည့် နောင်တရသော လူဆိုးတစ်ဦးအား “သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်” ဟု မိန့်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။—လုကာ ၂၃:၄၃။
ဆင်းရဲခက်ခဲမှု အဘယ်ကြောင့် အစပြုခဲ့သနည်း
လူသားများအတွက် ထိုမျှလောက် အံ့ချီးဖွယ်ကောင်းသော အနာဂတ်ကို ဘုရားသခင် ရည်ရွယ်ခဲ့ပါလျက်ကယ် ဆင်းရဲခက်ခဲမှု အစပြုရန် ကိုယ်တော် အဘယ်ကြောင့် ခွင့်ပြုခဲ့ရသနည်း။ ဆင်းရဲခက်ခဲမှုကို အဘယ်ကြောင့် ဤမျှကြာမြင့်စွာ တည်ရှိခွင့် ပေးခဲ့ရသနည်း။
အာဒံနှင့် ဧဝတို့ကို ဖန်ဆင်းစၣ်က ဘုရားသခင်သည် သူတို့ကို ကိုယ်စိတ်နှစ်ဖြာ စုံလင်စွာ ဖန်ဆင်းတော်မူခဲ့သည်။ သူတို့ကို ပရဒိသုဥယျာဉ်တွင် နေရာချပေးပြီး အားရကျေနပ်ဖွယ်ကောင်းသော အလုပ်ကိုပေးခဲ့သည်။ “ဘုရားသခင်သည် မိမိ ဖန်ဆင်းသမျှသော အရာတို့ကိုကြည့်ရှုလျှင် အလွန်ကောင်းသည်ကို မြင်တော်မူ” ၏ဟု သမ္မာကျမ်းစာက ဆိုသည်။ (ကမ္ဘာဦး ၁:၃၁) သူတို့သာ ဘုရားသခင်အား နာခံခဲ့ပါက စုံလင်သော သားသမီးများကို မွေးဖွားဖြစ်မည့်အပြင် မြေကြီးသည်လည်း တစ်ကမ္ဘာလုံး ပရဒိသုဘုံ ဖြစ်လာမည်ဖြစ်ရာ လူတို့သည် ငြိမ်းချမ်းသာယာ ပျော်ရွှင်စွာနှင့် ထာဝစၣ် အသက်ရှင်သွားကြမည် ဖြစ်သည်။
ဘုရားသခင်သည် အာဒံနှင့် ဧဝတို့၏ ကိုယ်ထဲ၌ လူ့ပင်ကိုစွမ်းရည်အဖြစ် အံ့ဖွယ်ဆုကျေးဇူးဖြစ်သည့် စိတ်ကြိုက်ဖန်တီးနိုင်စွမ်းကို ထည့်သွင်းပေးခဲ့သည်။ သူတို့သည် ဆင်ခြင်ဉာဏ်ကင်းမဲ့သည့် စက်ရုပ်များ ဖြစ်စရာ မလိုပေ။ သို့ရာတွင်၊ သူတို့၏ ထာဝစၣ် ပျော်ရွှင်မှုသည် စိတ်ကြိုက်ဖန်တီးနိုင်စွမ်းကို မှန်ကန်သောနည်းလမ်း—ဘုရားသခင့် ပညတ်များကို နာခံခြင်း—ဖြင့် အသုံးပြုခြင်းပေါ်တွင် မူတည်နေသည်။ ဘုရားသခင်က “ငါသည် သင်၏အကျိုးနှင့် ယှဉ်သောအရာကို သွန်သင်၍ သင်သွားအပ်သောလမ်းဖြင့် ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏” ဟုမိန့်တော်မူ၏။ (ဟေရှာယ ၄၈:၁၇) လူသားများသည် ဘုရားသခင်ကို အမှီအခိုမပြုဘဲ တစ်သီးတခြား အောင်မြင်စွာ ရပ်တည်နိုင်အောင် ဖန်ဆင်းထားခြင်း မခံရသည့်အတွက် စိတ်ကြိုက်ဖန်တီးနိုင်စွမ်းကို အလွဲသုံးစားပြုလျှင် ဘေးတွေ့မည်သာဖြစ်သည်။ “လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစၣ်အခါ မိမိခြေရာများကို မစီရင်ပိုင်ကြောင်း” သမ္မာကျမ်းစာက ဆိုထားသည်။—ယေရမိ ၁၀:၂၃၊ သမ္မာ။
ဝမ်းနည်းဖွယ်ရာမှာ ကျွန်ုပ်တို့၏ ကနဦး မိဘတို့သည် ဘုရားသခင်ကို အမှီအခိုမပြုဘဲ သီးခြားအောင်မြင်စွာ ရပ်တည်နိုင်မည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် ဘုရားသခင့် အုပ်ချုပ်မှုအောက်မှ အလွတ် ရုန်းထွက်သွားသည့်အခါ သူတို့ကို စုံလင်သော အခြေအနေ၌ ဆက်လက်တည်မြဲနေရန် ဘုရားသခင် ဆက်၍ထောက်မခြင်း မပြုတော့ချေ။ ဤသို့ဖြင့် သူတို့သည် ယိုယွင်းပျက်စီးစ ပြုလာပြီး နောက်ဆုံးတွင် အိုမင်း၍ သေဆုံးသွားရသည်။ ဗီဇနိယာမတရားနှင့်အညီ ကျွန်ုပ်တို့သည် မစုံလင်မှုနှင့် သေခြင်းကို အမွေရရှိလာသည်။—ရောမ ၅:၁၂။
အဓိက အရေးကိစ္စ—အကြီးမြင့်ဆုံးအာဏာ
ဘုရားသခင်သည် အာဒံနှင့် ဧဝတို့ကို ဖျက်ဆီး၍ နောက်ထပ် လူသားမောင်နှံ တစ်စုံကို အဘယ်ကြောင့် ဖန်ဆင်းတော် မမူသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင့် စကြဝဠာဆိုင်ရာ အကြီးမြင့်ဆုံးအာဏာဖြစ်သည့် ဘုရားသခင့် အုပ်ချုပ်ပိုင်ခွင့် စိန်ခေါ်ခံရ၍ဖြစ်သည်။ ပေါ်ပေါက်လာသည့် မေးခွန်းမှာ မည်သူ၌ အုပ်ချုပ်ပိုင်ခွင့် ရှိသနည်း၊ မည်သူ့အုပ်ချုပ်မှုသည် မှန်ကန်သင့်တော်သနည်း ဟူ၍ဖြစ်သည်။ တစ်ဆင့်တက်၍ မေးစရာမှာ လူသားများသည် ဘုရားသခင့် အုပ်ချုပ်မှု မခံယူလျှင် ပို၍ကောင်းမည်လော ဟူ၍ဖြစ်သည်။ ဘုရားသခင်သည် လူသားများအား လွတ်လွတ်လပ်လပ် စမ်းသပ်အုပ်ချုပ်ရန် အချိန် အလုံအလောက် ပေးလိုက်ခြင်းဖြင့် လူသားများ၏ အခြေအနေသည် ဘုရားသခင့် အုပ်ချုပ်မှုအောက်တွင် ပို၍ကောင်းမည်လော၊ လူ့အုပ်ချုပ်မှုအောက်တွင် ပို၍ကောင်းမည်လော ဟူသောသံသယကို အပြီးအပိုင် ဖယ်ရှားနိုင်မည်ဖြစ်သည်။ ခွင့်ပြုလာခဲ့သည့် အချိန်ကာလသည် လူသားများအဖို့ ဘုရားသခင့် လမ်းညွှန်မှုမပါဘဲ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ဘာသာရေးစနစ် အမျိုးစုံ စမ်းသပ်ကျင့်သုံးရန် လုံလောက်ပေသည်။
မည်သည့် အကျိုးရလဒ် ထွက်ပေါ်လာသနည်း။ နှစ်ပေါင်း ထောင်နှင့်ချီ၍ ကြာညောင်းခဲ့သည့် လူ့သမိုင်းက ဆင်းရဲခက်ခဲမှုများသာ တိုး၍တိုး၍ များပြားလာကြောင်း သက်သေထူလျက်ရှိသည်။ လွန်ခဲ့သည့် ရာစုနှစ်အတွင်း လူ့မိသားစုကြီးသည် အဆိုးတကာ့ အဆိုးဆုံး ဆင်းရဲခက်ခဲမှုများကို ရင်ဆိုင်တွေ့ကြုံခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း လူသန်းပေါင်းများစွာ သေကျေပျက်စီးခဲ့သည်။ စစ်ပွဲများအတွင်း လူပေါင်း သန်း ၁၀၀ ကျော် သတ်ဖြတ်ခံခဲ့ရသည်။ ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုများ နေရာတကာ ပျံ့နှံ့နေသည်။ မူးယစ်ဆေးဝါး အလွဲသုံးမှုသည် တစ်ကမ္ဘာလုံး ပြန့်ပွားလျက်ရှိသည်။ လိင်ဆက်ဆံရာမှ ကူးစက်သည့် ရောဂါများသည်လည်း ဆက်လက် ပြန့်ပွားနေသည်။ သန်းကုဋေနှင့်ချီသော လူတို့သည် အစာရေဆာ မွတ်သိပ်ခြင်းနှင့် ရောဂါများကြောင့် နှစ်စၣ်နှင့်အမျှ သေဆုံးနေရကြသည်။ မိသားစုဘဝနှင့် ကိုယ်ကျင့်တရား တန်ဖိုးများသည် နေရာတကာတွင် ယိုယွင်းဆုတ်ယုတ်လျက်ရှိသည်။ မည်သည့် လူ့အစိုးရ၌မျှ ဤပြဿနာများကို ဖြေရှင်းနိုင်သည့်အစွမ်း မရှိချေ။ အိုခြင်း၊ နာခြင်း၊ သေခြင်းကို ပယ်ရှားနိုင်သော မည်သည့် လူ့အစိုးရမျှ မရှိပါ။
လူ့အခြေအနေမှာ ကျွန်ုပ်တို့ ခေတ်ကာလအတွက် သမ္မာကျမ်းစာ ကြိုဟောထားသည့်အတိုင်း ဖြစ်နေသည်။ ဘုရားသခင့် နှုတ်မြွက်တရားတော်က ကျွန်ုပ်တို့ခေတ်ကို ဤအစီအစၣ်စနစ်၏ “နောက်ဆုံးသော နေ့ရက်များ” ဖြစ်မည့်အကြောင်း၊ ထိုအချိန်သည် “ကိုင်တွယ်ရခဲယဉ်းသည့် ကျပ်တည်းသော ကာလ” ဖြစ်မည့်အကြောင်း ဖော်ပြထားသည်။ သမ္မာကျမ်းစာ ဆိုထားသည့်အတိုင်း “ဆိုးညစ်သောသူတို့နှင့် အယောင်ဆောင် လှည့်စားသူတို့သည် ဆိုးသည်ထက် ဆိုးရွားလာကြသည်။”—၂ တိမောသေ ၃:၁-၅၊ ၁၃၊ ကဘ။
ဆင်းရဲခက်ခဲမှု အဆုံးတိုင်လုနီးပြီ
ဘုရားသခင်ကို လူတို့ မှီခိုခြင်းမပြုဘဲ သီးခြားလွတ်လပ်စွာ စမ်းသပ်လုပ်ဆောင်ခဲ့သည့် ဝမ်းနည်းဖွယ်ရာ အခြေအနေဆိုးများသည် အဆုံးတိုင်လုနီးပြီဖြစ်ကြောင်း အထောက်အထားအားလုံးက ညွှန်ပြလျက်ရှိသည်။ ဘုရားသခင်နှင့်ကင်းကွာသည့် လူ့အုပ်ချုပ်ရေးသည် လုံးဝ အောင်မြင်နိုင်မည် မဟုတ်ကြောင်း အထင်အရှား သက်သေပြလျက်ရှိသည်။ ဘုရားသခင့် အုပ်ချုပ်ရေး တစ်ခုတည်းကသာ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှု၊ ဒေါင်ဒေါင်မြည်သော ကျန်းမာမှုနှင့် ထာဝရအသက်ကို ဆောင်ကြဉ်းပေးနိုင်ပေသည်။ ထို့ကြောင့် ဆိုးယုတ်မှုနှင့် ဆင်းရဲခက်ခဲမှုများကို ယေဟောဝါ သည်းခံခွင့်လွှတ်ထားခြင်းသည် အဆုံးသို့ တိုင်လုနီးနေပါပြီ။ များမကြာမီ ဘုရားသခင်သည် လူ့ရေးလူ့ရာတွင် ဝင်ရောက်စွက်ဖက်၍ ကျေနပ်ဖွယ်မကောင်းသော ဤအစီအစၣ်စနစ် တစ်ရပ်လုံးကို ဖျက်ဆီးပစ်တော်မူမည်။
သမ္မာကျမ်းစာ ပရောဖက်ပြုချက်က ဤသို့ဆိုသည်– “ပျက်စီးခြင်းသို့ မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများ [ယခုလက်ရှိ လူ့အုပ်ချုပ်မှုများ] လက်ထက်၌ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် [ကောင်းကင်ဘုံတွင်] တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် . . . အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှ [လက်ရှိ အုပ်ချုပ်မှုရှိသမျှ] တို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစၣ်အမြဲ တည်လိမ့်မည်။” (ဒံယေလ ၂:၄၄၊ ၄၅) ကောင်းကင်နိုင်ငံတော်အားဖြင့် ယေဟောဝါ၏ အကြီးမြင့်ဆုံးအာဏာနှင့် အုပ်ချုပ်ပိုင်ခွင့်ကို သံသယရှင်းစေရေးသည် သမ္မာကျမ်းစာ၏ အဓိကကျသော သွန်သင်ချက်ဖြစ်သည်။ “နောက်ဆုံးနေ့ရက်များ” နှင့်ဆိုင်သော နိမိတ်လက္ခဏာ၏ အဓိက အင်္ဂါရပ်တစ်ရပ်အကြောင်း ဟောကိန်းထုတ်ရာ၌ ယေရှုက ဘုရားသခင် “နိုင်ငံတော်ဆိုင်ရာ သတင်းကောင်းအကြောင်းကို ကမ္ဘာတစ်ဝန်းလုံးရှိ လူမျိုးအပေါင်းတို့အား သက်သေခံ ဟောပြောပြီးမှ ကပ်ကမ္ဘာ ကုန်ဆုံးချိန် ရောက်လိမ့်မည်” ဟု မိန့်တော်မူခဲ့သည်။—မဿဲ ၂၄:၁၄၊ သတင်းကောင်း။
အဆုံးရောက်လာသည့်အခါ၌ မည်သူတို့ အသက်ရှင်ကျန်ရစ်မည်နည်း။ “ဖြောင့်မတ်သူတို့သည် ပြည်တော် [ကမ္ဘာမြေကြီး] ၌နေ၍ စုံလင်သူတို့သည် ကျန်ကြွင်းကြရလိမ့်မည်။ ဆိုးသောသူတို့မူကား ပြည်တော် [ကမ္ဘာမြေကြီး] မှပယ်ရှားခြင်း . . . ခံရကြလိမ့်မည်။” (သု. ၂:၂၁၊ ၂၂၊ သမ္မာ) ဖြောင့်မတ်သူတို့ ဆိုသည်မှာ ယေဟောဝါ၏ အလိုတော်အကြောင်း လေ့လာသင်ကြား၍ ဆောင်ရွက်သောသူတို့ ဖြစ်ကြသည်။ ယေရှုခရစ်တော်က ဤသို့မိန့်တော်မူ၏– ‘ထာဝရအသက်ဟူသည်မှာ ဘုရားသခင်မှန်ဖြစ်သော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူလိုက်သော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။’ (ယောဟန် ၁၇:၃၊ သမ) မှန်ပါသည်၊ “လောက . . . သည် ရွေ့လျားကွယ်ပျောက်လျက် နေလေပြီ။ သို့ရာတွင် ဘုရားသခင်အလိုတော်ကို ဆောင်ရွက်သူမူကား ကာလအစၣ်အမြဲ တည်လိမ့်မည်။”—၁ ယောဟန် ၂:၁၇၊ သတင်းကောင်း။
အခြားသောအမှတ်အသား မပါရှိသည့် ကျမ်းကိုးကားချက်အားလုံးသည် ယုဒသန် ပြန်ဆိုသည့် သမ္မာကျမ်းမှဖြစ်သည်။